← Chapters

ကောင်းကင်တံခါး

Vol. 6 Ch. 536

ကောင်းကင်တံခါး

Vol. 6 Ch. 536

ဓားလျှို့ဝှက်ချက်၏ မှတ်တမ်းမှ “ကောင်းကင် တံခါး” အကြောင်းကို ကြားပြီးသည့် အချိန်မှ စ၍ ချန်းဖန်သည် မူလဝိညာဉ် အဆင့်ကို ရောက်ရောက်ချင်း ကမ္ဘာမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။ ထိုအဆင့်သို့ ရောက်ရှိရန်မှာ သာမန် လေ့ကျင့်ပင်လျှင် ငါးနှစ်မျှသာ အချိန်ယူ ရပေလိမ့်မည်။

ထို့ကြောင့် ချန်းဖန်သည် သူ မထွက်သွားခင် ဖန်ချုံး၊ အန်ရာနှင့် ဝမ်ရှောက်ယွင်တို့၏ ကျင့်ကြံခြင်း အခြေခံကို သေချာအောင် လုပ်ပေးခဲ့ချင်သည်။ သို့မှသာ ရွှေ အမြုတေအဆင့် သို့မဟုတ် အခြေတည် အဆင့်လောက်ကို ရောက်၍ ကမ္ဘာမြေသို့ ပြန်လာသည်နှင့် သူမတို့အား အဆင်သင့် ခေါ်သွားနိုင်လိမ့်မည် ဖြစ်သည်။

“ရှောင်ချုံး ... ငါနဲ့ လင်းရှု့မင်ကြားမှာ ဘာကွာတယ်လို့ နင်ထင်လဲ …”

ဖန့်ချုံး၏ နားမလည်သော ပုံစံကို ကြည့်၍ ချန်းဖန်က မေးလိုက်၏။

ဖန်ချုံးက အနည်းငယ် စဉ်းစားကာ အဖြေ ပေးလိုက်သည်။

“လင်းရှု့မင်က အရမ်း အစွမ်းထက်ပုံတော့ ပေါ်ပါတယ် ... ဒါပေမဲ့ သူ့ရဲ့ အစွမ်းတွေက သဘာဝကနေ ငှားထားသလိုပဲ... ဒါပေမဲ့ နင့်ရဲ့ စွမ်းအားတွေကတော့ ခန္ဓာကိုယ်ကနေ ကိုယ်ပိုင် စွမ်းအား အနေနဲ့ ထွက်လာတယ်လို့  ငါ ခံစားရတယ် …”

“ဟုတ်ပြီ ... ဒါဆို တန်ခိုးရှင် အဆင့်နဲ့ မြေကမ္ဘာ အဆင့်ကြားက ခြားနားချက်ကို နင်မြင်တယ်လို့ ဆိုနိုင်တယ် …”

ချန်းဖန်က ခေါင်းညိတ်ရင်း ဆက်ပြောလိုက်၏။

“တကယ်တော့ လင်းရှု့မင်ရဲ့ အဆင့်က ငါ့ထက် ပိုမြင့်တယ် ... သူက မြေကမ္ဘာ အဆင့်ကို ရောက်ဖို့ အဆင်သင့် ဖြစ်နေပြီ ... ငါက အခုမှ တန်ခိုးရှင် အလယ်ဆင့်ပဲ ရှိသေးတယ် …”

“ဘယ်လို …”

ဖန့်ချုံး၊ အန်ရာနှင့် ဝမ်ရှောက်ယွင် သုံးယောက် စလုံး ဆွံ့အသွား၏။ ထိုအရာက ချန်းဖန်၏ အစစ်အမှန် စွမ်းအား အဆင့်ကို သူတို့ ပထမဆုံးအကြိမ် ကြားသိရခြင်း ဖြစ်သည်။ ထိုမတိုင်ခင်က သူတို့ အားလုံးသည် ချန်းဖန်ကို မြေကမ္ဘာ အဆင့်ဟုပင် ကောက်ချက် ချခဲ့မိကြသည်။

“ရရှိတဲ့ အဆင့်နဲ့ ပိုင်ဆိုင်ထားတဲ့ စွမ်းအားကအမြဲ အချိုးညီ မနေဘူး …”

ချန်းဖန်က ဆက်လက် ရှင်းပြလိုက်သည်။

“လင်းရှု့မင်က ကျွန်တော့်ထက် ပိုပြီး စွမ်းအား အဆင့်မြင့်တယ် ဆိုပေမဲ့ တကယ် ပိုင်ဆိုင်ထားတဲ့ အစွမ်းမှာတော့ အားနည်းတယ် ... ကျွန်တော်သာ တန်ခိုးရှင် နှောင်းပိုင်း အဆင့်ကို ရောက်ရင် ဒီကမ္ဘာပေါ်က မြေကမ္ဘာ အဆင့်တွေနဲ့တောင် ယှဉ်တိုက်နိုင်ပြီ ... အဲဒါက သမာရိုးကျ ကျင့်ကြံသူတွေနဲ့ တန်ခိုးရှင် ကျင့်ကြံသူတွေ အကြားက အဓိက ခြားနားချက်လို့ ပြောနိုင်တယ် …”

“တန်ခိုးရှင် ကျင့်ကြံသူ …”

ဖန့်ချုံးက ရေရွတ်လိုက်၏။

“ဟုတ်တယ် …”

ချန်းဖန်က ခေါင်းညိတ်ရင်း တန်ခိုးရှင် ကျင့်ကြံသူများ၏ အဆင့်များ အပြည့်အစုံကို ရှင်းပြလိုက်သည်။

“ဒါဆို နင်က ဉာဏ်အလင်း စုဆောင်းခြင်း အစောပိုင်း အဆင့်မှာ ကတည်းက အထွတ်အထိပ် ထိပ်ဆုံး အဆင့်ကို သတ်နိုင်နေတာပေါ့ ... ဟုတ်လား …”

ဖန့်ချုံးက မေးလိုက်၏။ သူမသည် ချန်းဖန်၏ ရှင်းပြမှုတွင် အနည်းငယ် နားလည် သဘောပေါက်လာခဲ့ပြီ ဖြစ်သည်။

“ဟုတ်တာပေါ့ …”

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။

“ငါကျင့်တဲ့ ကျင့်စဉ်က သူတို့ထက် ပိုပြီး အစွမ်းထက်တဲ့ အပြင် ငါ့မှာ ဓမ္မရတနာတွေလည်း ရှိသေးတယ်လေ ... ဆေးလုံးကို သုံးပြီး ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်ကို ရောက်တာနဲ့ နင့်ကို အနိုင်ယူနိုင်တဲ့ အထွတ်အထိပ် အဆင့်ကမ္ဘာပေါ်မှာ မရှိတော့ဘူး …”

“ဒီဆေးတွေက တော်တော့်ကို တန်ဖိုးကြီးတာပဲ …”

ဖန့်ချုံးက ရေရွတ်ရင်း တစ်စုံတစ်ခုကို သတိရဟန် တစ်ဆက်တည်း မေးလိုက်သည်။

“နင့် အဘိုးနဲ့ အဖေ အတွက်ရော ... သူတို့ကို ဘာမှ မပေးဘူးလား …”

“ဟုတ်တယ် ... ရှောင်ဖန် အဲဒီလိုမျိုး ငါလည်း မလုပ်ချင်ဘူး …”

အန်ရာကလည်း အလောတကြီး ဝင်ပြောလိုက်သည်။

“အဲဒီ အတွက် စိတ်မပူပါနဲ့ ... ကျွန်တော် သူတို့အတွက် အခြား စီစဉ်ထားတာတွေ ရှိပါတယ် …”

ချန်းဖန်က ပြုံးရင်း ဆိုလိုက်သည်။

“ဒါဆိုလည်း ကောင်းပြီလေ …”

ဖန့်ချုံး၊ ဝမ်ရှောက်ယွင်၊ အန်ရာတို့က နောက်ဆုံးတွင် အလျှော့ပေးကာ ခေါင်းညိတ်လိုက်သည်။

“ကျွန်တော် အခု သင်ပေးမဲ့ ကျင့်စဉ်က ဘယ်သူ့ကိုမှ ပြလို့ မရဘူးနော် ... အဲဒီ ကျင့်စဉ်က ကောင်းကင် တာအိုကို ဖွင့်ဖို့ လျှို့ဝှက်ချက်လို့ ပြောလို့ ရတယ် ... အဲဒီ ကျင့်စဉ် ပျံ့နှံ့သွားတာနဲ့ ကမ္ဘာကြီး ပျက်စီးသွားတဲ့အထိ ဖြစ်နိုင်တယ် …”

ချန်းဖန်က လေးနက်စွာ ဆိုလိုက်၏။ ယခု သူ သင်ကြားပေးမည့် ကျင့်စဉ်သည် အစစ်အမှန် သိုင်းပညာဂိုဏ်း၏ အစွမ်းအထက်ဆုံး ကျင့်စဉ်များထဲမှ တစ်ခု ဖြစ်သည်။

“အစစ်အမှန် နတ်ဘုရား ကျင့်စဉ် ... ချီသန့်စင်ခြင်း အဆင့်”

ထိုကျင့်စဉ်ကို အစစ်အမှန် သိုင်းပညာဂိုဏ်းတွင်ပင်လျှင် အဓိက တပည့်များသာ သင်ကြားခွင့် ရရှိကြသည်။ အကယ်၍ ထိုကျင့်စဉ်သာ ပျံ့နှံ့သွားပါက အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း၏ တပည့်များ ရောက်ရှိလာကာ ဂြိုလ်တစ်ခုလုံးကို ဖျက်ဆီးပစ် ပေလိမ့်မည်။

ထို့နောက် ချန်းဖန်က ထိုကျင့်စဉ်ကို လေ့ကျင့်ရမည့် ပုံစံနှင့် ကြုံတွေ့ ရတတ်သည့် အကျိုးဆက်များ အကြောင်းကို သေချာစွာ ရှင်းပြလိုက်သည်။  ချန်းဖန်၏ ပါးစပ်မှ ထွက်လာသော စကားလုံး တစ်ခုချင်းစီက မိန်းကလေး သုံးယောက်၏ စိတ်သို့ မပျောက်ပျက်စွာ စွဲထင်၏။

အစစ်အမှန် နတ်ဘုရား ကျင့်စဉ်၏ ချီသန့်စင်ခြင်း အဆင့်တွင် စကားလုံးပေါင်း သုံးရာ ခြောက်ဆယ့်ငါးလုံး ပါဝင်၏။ ထို စကားလုံး တစ်လုံးချင်းစီသည် စာကြည့်တိုက် တစ်ခုရှိ စာအုပ် အားလုံးပေါင်း၏ ဗဟုသုတ ထက်ပင် ပိုမို ကြွယ်ဝသည်။

“အာစုံစိုက်ပြီး စိတ်ကို ဖြေလျှော့ထား ... ကျင့်ကြံဖို့ အတွက် အသင့်ပြင် …”

ချန်းဖန်က ညင်သာစွာ ဆိုလိုက်၏။ သူ၏ အသံတွင် စိတ်ဖမ်းညှို့ခြင်း အစီအရင် တစ်ခု ခင်းကျင်းထားရာ ကြားရသူတိုင်း ထို စကား၌ စီးမျောသွား စေနိုင်စွမ်း ရှိသည်။

မိန်းကလေး သုံးယောက်ထဲတွင် အန်ရာ၏ အခြေခံသည် အခိုင်မာဆုံး ဖြစ်သည်။ သူမသည် လွန်ခဲ့သည့် သုံးနှစ်အတွင်း အားလပ်တိုင်း ကျင့်ကြံခဲ့ရာ အခြေခံ တည်ဆောက်ခြင်း အလယ်ဆင့်သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ဝမ်ရှောက်ယွင်မှာမူ ကျင့်ကြံခြင်းတွင် အနည်းငယ်သာ အောင်မြင်သေးပြီး ဖန့်ချုံးကား ယခုမှ စရမည့်သူ ဖြစ်သည်။

“သွား …”

ချန်းဖန်က ဆေးသုံးလုံးကို ထုတ်ယူကာ မိန်းကလေး သုံးယောက်ကို ယူရန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူက အစစ်အမှန် အမတေကို သုံးကာ မိန်းကလေး သုံးယောက်၏ ခန္ဓာကိုယ် အတွင်းရှိ ချီစီးဆင်းမှုနှင့် ချိတ်ဆက်လိုက်သည်။

“ဘုန်း …”

ဆေးလုံးအား သောက်သုံး ပြီးသည်နှင့် မိန်းကလေး သုံးယောက်၏ ခန္ဓာကိုယ်က စတင် တုန်ခါလာ၏။ သူမတို့၏ ခန္ဓာကိုယ် အတွင်းပိုင်းတွင်မူ အစစ်အမှန် မီးတောက်များက လောင်ကျွမ်းကာ အရာရာကို သန့်စင်သည်။

ထိုအရာက သူမတို့၏ ဆန္ဒနှင့် စိတ်ဝိညာဉ် ကြံ့ခိုင်မှုကို စစ်ဆေးခြင်း ဖြစ်သည်။

ဖန့်ချုံးသည် ထိုစစ်ဆေးမှုကို အကောင်းဆုံး တောင့်ခံနိုင်သူ ဖြစ်ပြီး အန်ရာနှင့် ဝမ်ရှောက်ယွင်တို့က ဒုတိယနှင့် တတိယ လိုက်သည်။

“ဟူး …”

မိန်းကလေး သုံးယောက်ကို စွမ်းအားများ ကိုယ်တိုင် ထိန်းချုပ်နိုင်သည်အထိ ထိန်းကြောင်း ပေးပြီးနောက် ချန်းဖန် အတွက် အနားယူရန် အချိန် တချို့ရခဲ့သည်။ ထို သုံးယောက်၏ ကျင့်ကြံခြင်း၌ ကူညီရခြင်းသည် လင်းရှု့မင်နှင့် တိုက်ခိုက်ခြင်းထက်ပင် ပိုမို ပင်ပန်းလှသည်။

“ဟူး …”

ချန်းဖန်က အခန်း အတွင်းမှ ထွက်ကာ မြောက်ပိုင်းချုံး နန်းတော်၏ အမိုးပေါ်သို့ ပျံတက်လိုက်၏။ ထိုနေရာမှ ဆိုလျှင် ကျောင်းဟိုင် တစ်ခုလုံးကို အထက်စီးမှ ရှင်းလင်းစွာ တွေ့မြင်နိုင်သည်။

“ရောက်နေမှတော့ ဘာလို့ ထွက်မလာသေးတာလဲ …”

ချန်းဖန်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ လက်ဖက်ရည်အိုးနှင့် ခွက်နှစ်ခွက်ကို ခင်းကျင်းလိုက်သည်။

သူက ထိုအိုး အတွင်းသို့ ဆေးပင် အချို့ထည့်ကာ ဝိညာဉ်ရေဖြင့် ဖြည့်တင်းလိုက်သည်။ ထို့နောက် အစစ်အမှန် မီးတောက်အား သုံး၍ ရေများကို ဆူပွက် စေလိုက်၏။

“မွေးလိုက်တဲ့ လက်ဖက်ရည် ... ကောင်းလိုက်တဲ့ လက်ဖက်ရည် ကျိုနည်း …”

အသံနှင့်အတူ တာအို ဝတ်စုံဝတ် လူအိုကြီး တစ်ဦး တိမ်များ အကြား၌ ပေါ်ထွက်လာသည်။ ထို့နောက် သူက ညင်သာစွာပင် မြောက်ပိုင်းချုံး နန်းတော်၏ အမိုးပေါ်သို့ ဆင်းသက်သည်။

“ကျုပ်က ဝူတန်ဂိုဏ်းရဲ့ လီချန်းရှန့်ပါ …”

အဘိုးအိုက လက်ဘက်ရည် တစ်ခွက်ကို ကောက်ကိုင်ရင်း ပြောလိုက်သည်။

“တရုတ်ရဲ့ တန်ခိုးရှင်တိုင်းက သီးခြား အကျင့်စရိုက်တွေနဲ့ ကျော်ကြားတယ်တဲ့ ... ယောင်တောက်ရီက သူ့ရဲ့ မာနကြောင့် ကျော်ကြားတယ် ... ဓမ္မရာဂျာစက္ကက  စကားနည်းမှုနဲ့ ကျော်ကြားတယ် ... ရဲ့ချင်စန်းက သီးခြားနေမှု အတွက် ကျော်ကြားတယ်  ... ခင်ဗျားကတော့ ရဲရင့်မှု အတွက် ကျော်ကြားတယ် …”

ချန်းဖန်က လက်ဖက်ရည်ကို မှုတ်ရင်း ဖြည်းညင်းစွာ ဆိုလိုက်သည်။

“ပြောတာ ကောင်းတယ် ... တစ်ခွက် သောက်ရအောင် …”

လီချန်းရှန့်က ရယ်မောရင်း တစ်ခွက်ကို မော့ချလိုက်သည်။

ချန်းဖန်ကလည်း ခွက်ကို မြှောက်ကာ သောက်လိုက်၏။ ထို့နောက် သူက လက်ဖက်ရည်ခွက်ကို အမိုးပေါ်သို့ ပြန်လည်ချရင်း မေးလိုက်သည်။

“လီချန်းရှန့် ... ခင်ဗျား ဒီကို ဘာကိစ္စ လာတာလဲ ... ခင်ဗျား အခြားလူတွေကို အရူးလုပ်လို့ ရရင် ရမယ် ... ဒါပေမဲ့ ကျုပ်ကိုတော့ မရဘူး ... ခင်ဗျား လူသား နတ်ဘုရား အဆင့်ကို ရောက်နေတာ ကျုပ်သိတယ် …”

ချန်းဖန်၏ စကားကြောင့် လီချန်းရှန့်သည် အနည်းငယ် အံ့ဩသွား၏။ ထို့နောက် သူက ခြောက်ကပ်စွာ ပြုံးလိုက်သည်။

“မင်းကို စိတ်တိုကြီးလို့ ခေါ်ကြတာ အံ့ဩစရာ မရှိဘူးပဲ ... ကျုပ် သတိထားနေတဲ့ ကြားကတောင် ရှာတွေ့ခဲ့တယ် …”

လီချန်းရှန့်က ခေါင်းကို ခါရင်း ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ လူသား နတ်ဘုရား အဆင့်က ကမ္ဘာပေါ်မှာ ကျုပ် တစ်ယောက်တည်း မဟုတ်ဘူး ... အခြားလူတွေလည်း ရှိပါသေးတယ် ... ရဲ့ချင်စန်းတောင် ကျုပ်ထက် အရင် လူသား နတ်ဘုရား အဆင့်ကို ရောက်ခဲ့တယ်လေ ... တကယ်တော့ လူသား နတ်ဘုရား အဆင့် ဆိုတာက တန်ခိုးရှင် အဆင့်နဲ့ မကွာခြား လှပါဘူး ... ဒါပေမဲ့ မြေကမ္ဘာ အဆင့်ကတော့ လုံးဝကို ကွာခြားသွားပြီ ... ကျုပ် နှစ်ပေါင်း ရာချီပြီး ကျင့်ကြံခဲ့တာတောင် မြေကမ္ဘာ အဆင့် လမ်းစကို အခုထိ မဆုပ်ကိုင်နိုင်သေးဘူး …”

လီချန်းရှန့်၏ စကားကို ချန်းဖန်က ခေါင်းညိတ်မိသည်။ ဤမြေကမ္ဘာ၌ ဝိညာဉ်ချီ ရင်းမြစ်ကား အလွန်ပင် ရှားပါးလွန်း၏။ လင်းရှု့မင် ဆိုလျှင် မြေကမ္ဘာ အဆင့်၏ ဉာဏ်အလင်းကို ပိုင်ဆိုင်ခဲ့သည့်တိုင် နောက်ဆုံး ခြေလှမ်းကို မလှမ်းနိုင်ခဲ့ချေ။

သို့သော်လည်း ချန်းဖန်ကမူ အဇူရာ သက်ရှည် ခန္ဓာကိုယ် စဦးအဆင့်ကို အောင်မြင်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူ၏ ဝိညာဉ်ချီသည် မြေကမ္ဘာ အဆင့်ကို မတက်လှမ်း နိုင်သေးလျှင်ပင် ခန္ဓာကိုယ် ကြံ့ခိုင်မှု သက်သက်ဖြင့် သက်တမ်း ငါးရာခန့်အထိ နေထိုင် ရှင်သန်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

“လိုရင်းကို သွားရအောင် ... ရိုးရိုးသားသား ဆိုရရင် ငါက မြေကမ္ဘာ အဆင့်ကို မရောက်သေးဘူး ... ဒါပေမဲ့ ငါ ပိုင်ဆိုင်ထားတဲ့ ကျင့်စဉ်က ကမ္ဘာပေါ်က ကျင့်စဉ်တွေထက် ပိုပြီး အစွမ်းထက်တယ် ... ဒါကြောင့်ပဲ ငါက မြေကမ္ဘာ အဆင့်တွေနဲ့ ယှဉ်နိုင်စွမ်း ရှိနေတာ …”

ချန်းဖန်က ပွင့်လင်းစွာပင် ပြောပြလိုက်၏။ ထိုအရာကား သူ့အတွက် လျှို့ဝှက်ထားစရာ မဟုတ်တော့ချေ။

ဤကမ္ဘာ၌ တန်ခိုးရှင် အဆင့်သည် လက်တစ်ဆုပ်စာသာ ရှိသည်။ အကယ်၍ ထိုတန်ခိုးရှင်များက သူ၏ ကျင့်စဉ်ကို မက်မော၍ လာရောက် တိုက်ခိုက်လျှင်ပင် သူ့အား ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ချေ။

“ကျုပ် ခန့်မှန်းမိသားပါ …”

လီချန်းရှန့်က ခေါင်းညိတ် လိုက်သည်။

“ကျုပ် ဝူတန်တောင်မှာ နှစ်ပေါင်း တစ်ရာ့လေးဆယ် တိုင်အောင် ကျင့်ကြံခဲ့တယ် ... ဒါပေမဲ့ မြေကမ္ဘာ အဆင့်ကို ရောက်ဖို့က အခုထိ ဝေဝါးနေတုံးပဲ ... မြေကမ္ဘာ အဆင့်ကို ရောက်ဖို့ ဆိုရင် ကျုပ် အတွက် အခြေအနေ တစ်ခုပဲ ရှိလိမ့်မယ် …”

“ဘာလဲ …”

ချန်းဖန်က မေးလိုက်သည်။

“ဒီကမ္ဘာမြေက ထွက်ခွာဖို့ပေါ့ …”

လီချန်းရှန့် အနည်းငယ် ပြုံးရင်း ပြန်ဖြေလိုက်သည်။

ထို့နောက် သူက ချန်းဖန်၏ မျက်လုံးများကို သေချာကြည့်ရင်း မေးလိုက်၏။

“တန်ခိုးရှင်ချန်း ... မင်း ကောင်းကင်တံခါး အကြောင်း ကြားဖူးလား …”

***

All Chapters