လျှို့ဝှက်တံခါး
Vol. 6 Ch. 537
“ကောင်းကင်တံခါး …”
ချန်းဖန်၏ မျက်နှာ၌ အလင်းရောင် တစ်ခု ပေါ်လာခဲ့၏။
ထိုအရာက “ကောင်းကင်တံခါး”
ဆိုသော နာမည်ကို ဒုတိယ အကြိမ်မြောက် ကြားဖူးခြင်း ဖြစ်သည်။ ဓားလျှို့ဝှက်၏ ပုရပိုက်မှ တစ်ဆင့် ထိုနာမည်ကို ပထမဆုံးအကြိမ် သူ မှတ်သားဖူးခဲ့သည်။
ချန်းဖန်၏ အမူအရာကို ကြည့်၍ လီချန်းရှန့်က သူ၏ ပေါင်းအား ရိုက်လိုက်၏။
“ကျုပ် ထင်ထားတဲ့ အတိုင်းပဲ ... မင်းလည်း ကောင်းကင် တံခါးအကြောင်း သိနေတာကိုး ... မင်းရဲ့ ကျင့်စဉ် တိုးတက်မှုအရ မင်းဟာ ကောင်းကင် တံခါး အပြင်ဘက်က တစ်ယောက် ဖြစ်မယ်လို့ ကျုပ် မှတ်ချက်ချဖူးတယ် …”
ချန်းဖန်က လက်ဖက်ရည် တစ်ခွက်ကို ကောက်ကာ မှုတ်ရင်း အနည်းငယ် ပြုံးလိုက်သည်။
“ဟုတ်လား ... ခင်ဗျားက ကျုပ် အကြောင်း ဘာတွေ သိထားလဲ ပြောပါဦး …”
လီချန်းရှန့်က အနည်းငယ် စဉ်းစားလိုက်၏။
“တန်ခိုးရှင် တစ်ယောက် ဘယ်လောက်ပဲ အစွမ်းထက်ပါစေ ... မြေကမ္ဘာ အဆင့်ကို အနိုင်တိုက်နိုင်မှာ မဟုတ်ဘူး ... ကျုပ်ဖြစ်ဖြစ်ရဲ့ ချင်စန်းဖြစ်ဖြစ် မင်းနေရာမှာ ဆိုရင် လင်းရှု့မင်ရဲ့ နောက်ဆုံး တိုက်ခိုက်မှုနဲ့တင် သေမှာပဲ ... ဒါပေမဲ့ မင်းကတော့ လွတ်မြောက်ခဲ့တယ် ... ဒီအချက်တွေ အရ မင်းရဲ့ ကျင့်စဉ်က ကောင်းကင်တံခါး အပြင်ဘက်က လာတယ် ဆိုတာ သေချာတယ် …”
ချန်းဖန်သည် လက်ဖက်ရည်ကို ဖြည်းညင်းစွာ သောက်ရင်း လီချန်းရှန့်၏ စကားကို ငြိမ်သက်စွာ နားထောင်နေ၏။ ထို့နောက် သူက လက်ဖက်ရည်ခွက်ကို ချရင်း မေးလိုက်သည်။
“ခင်ဗျား လေသံကို နားထောင်ရတာ ကောင်းကင် တံခါး အကြောင်း သိထားတယ် ထင်တယ် …”
“ကျုပ် မင်းကို လျှို့ဝှက်ချက် တစ်ခု ပြောပြမယ် ... ကျုပ်ရဲ့ ဝူတန်ဂိုဏ်းက ကောင်းကင် တံခါးက လာတဲ့ ကျင့်ကြံသူ တစ်ယောက်ရဲ့ အမွေအနှစ်နဲ့ တည်ထောင် ထားခဲ့တာ ... ဒါပေမဲ့ ဂိုဏ်းက ထွန်းတောက် မလာခဲ့တာတော့ ရှက်စရာပဲ... ကျုပ်တို့ရဲ့ ဘိုးဘေး ကျန်းစန်းဖုန်းတောင်မှ မြေကမ္ဘာ အဆင့်ကို မရောက်ခဲ့ဘူး …”
လီချန်းရှန့်က အားနည်းသော အပြုံးဖြင့် ဆိုလိုက်သည်။
“အဆုံးမှာတော့ ဘိုးဘေးက ကောင်းကင် တံခါးကို ရှာဖွေဖို့ ထွက်သွားခဲ့တယ် ... သူက ထွက်မသွားခင်မှာ မျိုးဆက်တွေ အတွက် စကားတစ်ခု ချန်ထားခဲ့တယ် ... အဲဒီ စကားက ဒီကမ္ဘာမှာပဲ ကျင့်ကြံရင် ဘယ်တော့မှ မသေမျိုး အဆင့်ကို မရောက်နိုင်ဘူးတဲ့ …”
“ကောင်းကင်တံခါးက ဘယ်နေရာမှာလဲ ဆိုတာ ခင်ဗျား သိလား …”
ချန်းဖန်က စိတ်ဝင်တစား မေးလိုက်၏။
ကောင်းကင်တံခါးကို ရှာဖွေ မတွေ့ပါက သူ့ အတွက် ကမ္ဘာမြေမှ ထွက်ခွာရန် လွယ်ကူတော့မည် မဟုတ်ချေ။ အာကာသ ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ပျံသန်းရန်မှာ အလွန်ပင် အန္တရာယ် များလွန်းသည်။
မြောက်ပိုင်း ကောင်းကင် အရှင်၏ မှတ်ဉာဏ်များနှင့်ပင် ထိုသို့ စွန့်စားရန် အတွက် အနည်းဆုံး ရွှေအမြုတေ အဆင့်သို့ ရောက်နေရန် လိုသည်။
“အတိအကျ မှတ်တမ်းရယ်လို့တော့ မရှိဘူး ... ဒါပေမဲ့ ခွန်းလွန်တောင်တန်း အရှေ့ပင်လယ် ရှု့တောင်တန်းနဲ့ ချင်တောင်တန်း တစ်နေရာရာမှာတော့ ကောင်းကင်တံခါး တစ်ခု ရှိနေနိုင်တယ် …”
လီချန်းရှန့်က မျက်မှောင်ကြုတ်ရင်း ဆက်ပြောလိုက်သည်။
“ကျုပ်တို့ ဘိုးဘေး ကျန်းစန်းဖုန်းက ကောင်းကင်တံခါး အကြောင်း အချိန်ယူပြီး လေ့လာခဲ့ဖူးတယ် ... သူပြောပုံ အရဆို ကောင်းကင် တံခါးက ခုနက ပြောတဲ့ လေးနေရာထဲက တစ်နေရာမှာတော့ ရှိမှာ သေချာတယ်တဲ့ …”
“ခွန်းလွန်တောင်တန်း အရှေ့ပင်လယ် ရှု့တောင်တန်း ချင်တောင်တန်း …”
ချန်းဖန်က တီးတိုး ရေရွတ်လိုက်သည်။
ထိုနေရာ တစ်ခုချင်းစီသည် အလွန် ကျယ်ပြန့်ပြီး လျှို့ဝှက်ချက် များစွာနှင့် ပြည့်နှက်နေသော နေရာများ ဖြစ်သည်။ သာမန်သာ ရှာဖွေမည် ဆိုပါက နှစ်ရာချီ ကြာလျှင်ပင် ကောင်းကင်တံခါးကို တွေ့လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း မူလဝိညာဉ် အဆင့်သို့ ရောက်လျှင် ချန်းဖန်သည် နတ်ဘုရား စိတ်ဝိညာဉ်ကို ကီလိုမီတာ ရာချီအောင် ဖြန့်ကြက် နိုင်မည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် သူ့အတွက် ကောင်းကင် တံခါးကို ရှာဖွေရန်မှာ ခက်ခဲတော့မည် မဟုတ်ချေ။
“ကျုပ်တို့မှာ ကောင်းကင်တံခါးရဲ့ တည်နေရာကို မှတ်တမ်း မရှိဘူး ဆိုပေမဲ့လည်း ကောင်းကင် တံခါးကနေ ဒီကမ္ဘာကို ဝင်လာတဲ့ တန်ခိုးရှင်တွေ အကြောင်းတော့ မှတ်တမ်းတွေ ရှိပါတယ် …”
လီချန်းရှန့်က လေးနက်သော အမူရာဖြင့် ဆက်လက် ပြောလိုက်သည်။
“တကယ်ပဲလား …”
ချန်းဖန်က စိတ်ဝင်တစား မေးလိုက်၏။
အကယ်၍ အခြား တစ်ဖက်မှ ကျင့်ကြံသူများ ဝင်လာနိုင်သည် ဆိုပါက ပြန်လည်၍လည်း ထွက်ခွာနိုင်လိမ့်မည်။ ဤသို့ဆိုလျှင် ထိုတည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်သည် ပျက်စီးသေးပုံ မပေါ်ချေ။
“အမှန်ပါပဲ ... မှတ်တမ်းတွေ အရ ကျုပ်တို့ ဘိုးဘေးဟာ ကောင်းကင်တံခါး တစ်ဖက်က လူတွေနဲ့ ချိတ်ဆက်မိဖူးတယ်တဲ့ ... အဲဒီလူတွေက အရမ်းကို အစွမ်းထက်ကြတယ်တဲ့ ... အထွတ်အထိပ် အဆင့် ရှိတဲ့လူကတောင် တန်ခိုးရှင် အဆင့်ရဲ့ စွမ်းအားတွေကို ပိုင်ဆိုင် ထားတယ်တဲ့ ... နောက်ပြီး သူတို့ သုံးတဲ့ ကျင့်စဉ်တွေ လက်နက်တွေကလည်း မင်း ပိုင်ဆိုင်ထားတဲ့ အရာတွေလိုပဲ ... သာမန်ထက် ပိုထူးခြားသလို ပိုပြီးလည်း အစွမ်းထက်တယ်တဲ့ …”
လီချန်းရှန့်က ခဏမျှ ရပ်ကာ ချန်းဖန်အား စူးစိုက် ကြည့်လိုက်သည်။
“နောက်ပြီး သူတို့က သူတို့ကိုယ် သူတို့ တန်ခိုးရှင် ကျင့်ကြံသူတွေလို့ ခေါ်တယ် …”
“တန်ခိုးရှင် ကျင့်ကြံသူ …”
ချန်းဖန်၏ မျက်နှာ၌ အပြုံတစ်ခု ပေါ်လာ၏။
ချန်းဖန်၏ အမူအရာက လီချန်းရှန့်၏ သံသယကို ပိုမို ခိုင်မာလာစေသည်။
“မင်းက သူတို့ထဲက တစ်ယောက်ဆိုတာ ကျုပ် သိတယ် …”
လီချန်းရှန့်က အခိုင်အမာ ဆိုလိုက်သည်။
“ဒါပေမဲ့ အဲဒီကိစ္စက အရေးမပါတော့ပါဘူး ... မင်း ခုလောက် အစွမ်း မထက်သေးတဲ့ အချိန်ကဆို မင်းဆီက လျှို့ဝှက်ချက်ကို ငါ ရအောင် ယူနိုင်ရင် ယူနိုင်မှာ …”
“ခင်ဗျား စိတ်ပါရင် ကြိုးစားကြည့်လို့ ရတယ် …”
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း အနည်းငယ် ပြုံးလိုက်၏။
“ဟာဟား ... ကျုပ်ရဲ့ ခြေလေးတွေ လက်လေးတွေက အားနည်းပါတယ်လေ ... မင်းကို တိုက်ခိုက်တာက ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံတာနဲ့ အတူတူပါပဲ …”
လီချန်းရှန့်က ရယ်မောရင်း ခေါင်းခါလိုက်သည်။
“ဒါနဲ့ ခင်ဗျား နှင်းနတ်ဘုရား နန်းတော် ဆိုတဲ့ ဂိုဏ်းတစ်ခု အကြောင်းကို ကြားဖူးလား …”
ချန်းဖန်က ရုတ်တရက် မေးလိုက်သည်။
“နှင်းနတ်ဘုရား နန်းတော် အကြောင်း မင်းလည်း ကြားဖူးတာလား …”
လီချန်းရှန့်က အနည်းငယ် အံ့အားသင့် သွား၏။ သို့သော်လည်း သူက ထိုစိတ်ကို ပြန်လည် သိမ်းဆည်းကာ ရှင်းပြလိုက်သည်။
“နှင်းနတ်ဘုရား နန်းတော် ဆိုတာက ကောင်းကင်တံခါး အပြင်ဘက်က လူတွေ တည်ထောင်ထားတာ ... သူတို့ ဂိုဏ်းခေါင်းဆောင် မျိုးဆက်တိုင်းက တန်ခိုးရှင် အဆင့်တွေ ချည်းပဲတဲ့ ... ကျုပ်ရဲ့ ဘိုးဘေး ကျန်းစန်းဖုန်းက သူတို့ထဲက တစ်ယောက်နဲ့ ရင်းနှီးဖူးတယ် တဲ့ …”
“အင်း သိပြီ …”
ချန်းဖန်က ခေါင်းညိတ်လိုက်သည်။
“လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကျုပ်ရဲ့ မိတ်ဆွေ တစ်ယောက်ကို နှင်းနတ်ဘုရား နန်းတော်က ခေါ်သွားတယ်လေ …”
“ဘယ်လို …”
ချန်းဖန်၏ စကားကြောင့် လီချန်းရှန့်၏ မျက်လုံးများ အနည်းငယ် ပြူးကျယ် သွားသည်။
“သူတို့ ပေါ်လာတာလား ... ဒါဆိုရင် ကောင်းကင် တံခါးက တကယ်ပဲ ပွင့်တော့မှာပေါ့ ... မသေမျိုးခြင်းကို ရရှိမယ့် အချိန် လာနေပြီ …”
လီချန်းရှန့်၏ မျက်နှာပြင်က ပန်းအလား အပြုံးများဖြင့် ဖူးပွင့်လာ၏။ သူ၏ မူလ တည်ငြိမ်ခြင်းများကား လေလွင့် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။
“တန်ခိုးရှင်ချန်း ... ကျုပ်တို့ ကောင်းကင်တံခါးကို ရှာမှ ဖြစ်မယ် ... မဟုတ်ရင် နောက်နှစ် တစ်ရာအထိ ထပ်စောင့်ရလိမ့်မယ် …”
လီချန်းရှန့် အလောတကြီး ဆိုလိုက်သည်။
သို့သော်လည်း ချန်းဖန်ကမူ ဆိတ်ငြိမ် နေဆဲပင်။ သူသာ မူလဝိညာဉ် အဆင့်ကို တက်လှမ်းပြီးပါက “တည်နေရာ ပြောင်းရွှေ့ခြင်း အစီအရင်” ကို အချိန်မရွေး အသက်သွင်းနိုင်သည်။
သူ၏ ကောင်းကင် တံခါးကို ရှာဖွေရန် ရည်ရွယ်ချက်မှာ ကမ္ဘာမြေမှ ထွက်ခွာရန်သာ ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ ကောင်းကင် တံခါးသည် လုယန်ရွယ်ကို ခေါ်သွားသည့် လူများနှင့် ပတ်သက်နေပုံ ရသည်။
“မင်းတို့ ဘယ်သူလဲ ငါဂရုမစိုက်ဘူး ... ဒါပေမဲ့ လုယန်ရွယ် ဆံပင်တစ်ချောင်း ကျွတ်အောင် လုပ်တာနဲ့ မင်းတို့ဂိုဏ်း တစ်ခုလုံးကို ငါဖျက်ဆီး ပစ်မယ် …”
ချန်းဖန်က မျက်မှောင်ကြုတ်လိုက်၏။
“တန်ခိုးရှင်ချန်း ... မင်းက ကောင်းကင်တံခါး အကြောင်း သိပြီးသား ဆိုတော့ ကျုပ်မှာ ထပ်ပြောစရာ မရှိတော့ပါဘူး ... မင်း ကောင်းကင် တံခါးကို ရှာဖွေတော့မယ် ဆိုရင်တော့ ကျုပ်ကိုပါ ခေါ်ပါ …”
လီချန်းရှန့်က ထိုင်ရာမှ ထရင်း ပြောလိုက်သည်။
“ကောင်းပါပြီ …”
ချန်းဖန်က ခေါင်းညိတ် လိုက်သည်။
လီချန်းရှန့် ပြန်လည် ထွက်ခွာ သွားပြီးနောက် ချန်းဖန် တွေဝေကာ စဉ်းစား နေမိ၏။ သို့သော်လည်း အဆုံး၌ ခေါင်းကိုသာ ခါယမ်းမိ၏။
သူ့ အနေဖြင့် ယခု အာရုံစိုက်ရန်မှာ မူလဝိညာဉ် အဆင့်သို့သာ အမြန်ဆုံး တက်လှမ်းရန် ဖြစ်သည်။ သို့မဟုတ်လျှင် ကောင်းကင် တံခါးမှ လာသည့် မြေကမ္ဘာ အဆင့်များကို သူ ကိုင်တွယ်နိုင်မည် မဟုတ်ချေ။
ထို့နောက် ချန်းဖန်သည် အမိုးပေါ်မှ ဆင်းကာ စတင် ကျင့်ကြံလိုက်၏။ သူ၏ အစစ်အမှန် အမတေများက စက်ဝိုင်း တစ်ခုအလား စတင် လှည့်ပတ်ကာ တဖြည်းဖြည်း များပြားလာ၏။
“ဘုန်း …”
သိပ်မကြာခင်မှာပင် ပေါက်ကွဲသံ တစ်ခု သူ၏ နားစည်သို့ လာရောက် ရိုက်ခတ်ကာ ပေါ်ထွက်လာ၏။
ထိုအသံကြောင့် ချန်းဖန်သည် ထိုင်ရာမှ ထရပ်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က မူလ နေရာမှ ပျောက်ကွယ်ကာ ကျင့်ကြံနေသော မိန်းကလေး သုံးယောက်၏ အနား၌ ပြန်လည် ပေါ်လာသည်။
ထိုအချိန်မှာပင် အန်ရာသည် ကျင့်ကြံနေရာမှ မျက်လုံးများကို ဖွင့်လိုက်သည်။ သူမသည် ဉာဏ်အလင်း စုဆောင်းခြင်း အလယ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
“ရှောင်ဖန် …”
အန်ရာက ချန်းဖန်ကို ကြည့်ရင်း စိတ်လှုပ်ရှားစွာ ခေါ်လိုက်သည်။
“ဂုဏ်ယူပါတယ် ... အစ်မအန် …”
ချန်းဖန်က ပြုံးလိုက်သည်။
အန်ရာသည် မူလကတည်းကပင် အခြေခံ တည်ဆောက်ခြင်း အလယ် အဆင့်ကို ရောက်ရှိနေသူ ဖြစ်သည်။ ထို့ကြောင့် သူမသည် အခြား နှစ်ယောက်ထက် ပိုမို လျင်မြန်စွာ ကျင့်ကြံမှု အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
ခဏမျှ အကြာ၌ ဝမ်ရှောက်ယွင်နှင့် ဖန့်ချုံးတို့ နှစ်ယောက်၏ ကျင့်ကြံခြင်းများလည်း အောင်မြင်သွား၏။ သူတို့ နှစ်ယောက် စလုံးကား ဉာဏ်အလင်း စုဆောင်းခြင်း အလယ် အဆင့်သို့ ရောက်ရှိနေခဲ့ကြပြီ ဖြစ်သည်။
***