← Chapters

ချူကျိုးမြို့သို့

Vol. 6 Ch. 538

ချူကျိုးမြို့သို့

Vol. 6 Ch. 538

“ဘုန်း …”

ဝမ်ရှောက်ယွင်က အပေါ် သို့ ဦးတည်၍ လက်သီး တစ်ချက်ကို ထိုးလိုက်၏။

ထိုလက်သီးချက်က ရွှေရောင် အလင်း တစ်ခုကို ဖြစ်ပေါ်စေကာ မြောက်ပိုင်းချုံး နန်းတော်၏ ခေါင်မိုး၌ အပေါက်တစ်ပေါက်ကို ဖန်တီးသည်။

“ငါ ဘယ်လို ဒီလောက်အထိ အစွမ်းထက် လာတာလဲ …”

ဝမ်ရှောက်ယွင်က သူမ၏ လက်သီးကို ငုံ့ကြည့်လိုက်သည်။ သူမ၏ လက်မှ ယခုမျှ စွမ်းအား တစ်ခု ထွက်ပေါ်လာသည်ကို သူမ မယုံကြည်နိုင်သေးပေ။

ဝမ်ရှောက်ယွင်သည် သိုင်းပညာကို သုံးနှစ် တိုင်တိုင် လေ့ကျင့်ခဲ့သည့်တိုင် အခြေခံ တည်ဆောက်ခြင်း ပထမအဆင့်ကိုသာ ရောက်ရှိခဲ့သည်။ ထိုအဆင့်၌ သူမသည် သာမန် လူများထက် ပိုမို သန်မာသည် ဆိုသော်လည်း ယခုကဲ့သို့ အထူး စွမ်းအင်များ မရှိခဲ့ချေ။

“အဲဒါက ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်ရဲ့ စွမ်းအားလို့ ခေါ်တယ် ... အခု ဆိုရင် အမေတို့တွေက မြောက်ပိုင်းချုံးရဲ့ အစွမ်း အထက်ဆုံး အထွတ်အထိပ် အဆင့်တွေ ဖြစ်နေပြီ ... ဟွာရန်ဖန်းက လွဲလို့ ဘယ်သူမှ အမေတို့ကို အနိုင်မယူနိုင်တော့ဘူး …”

ချန်းဖန်က ပြုံး၍ ဆိုလိုက်သည်။

သူ၏ စကားကြောင့် ဝမ်ရှောက်ယွင်၊ အန်ရာနှင့် ဖန့်ချုံးတို့က တစ်ယောက်ကို တစ်ယောက် ပျော်ရွှင်စွာ ကြည့်လိုက်မိကြ၏။

နောက်ရက်များ အတွင်း၌ ချန်းဖန်သည် မြောက်ပိုင်းချုံး နန်းတော်တွင်ပင် နေထိုင်ကာ ထိုသုံးယောက်ကို အစီအရင် သုံးနည်းများ သင်ပေးနေခဲ့သည်။ အထူး သဖြင့် ယခု မော်ဒန်ခေတ်၌ အသုံးဝင်နိုင်သည့် ပုံရိပ်ယောင် အစီအရင်၊ ကိုယ်ပျောက် အစီအရင်၊ အသက်ရှူ ထိန်းချုပ်ခြင်း နည်းလမ်း စသည်တို့ကို အဓိကထား၍ သင်ကြား ပေးခဲ့သည်။

ကျောင်းဟိုင်၌ ရက်အနည်းငယ် နေထိုင် အပြီး၌ ချန်းဖန်သည် ကျင်းမြို့တော်ကို ပြန်လာခဲ့သည်။ သူသည် အဘိုးဖြစ်သူ ချန်းဟွိုက်အန်းနှင့် မတွေ့ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ချန်းဟွိုက်အန်းသည် ပုံမှန်အားဖြင့် ကျင်းမြို့တော်ကို အုပ်စိုးနေရာ သူ့အား လာရောက် တွေ့ဆုံနိုင်ခြင်း မရှိချေ။

ချန်းဖန် အရှေ့တောင်ကြားသို့ ရောက်ချိန်၌ အဘိုးအိုသည် တစ်ကိုယ်တည်း လေ့ကျင့် နေခဲ့၏။

“ဟူး ... ဟူး …”

ချန်းဟွိုက်အန်းသည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးများသည် မီးခိုးရောင် သန်းနေကာ ရင်ဘတ်အထိ ရှည်လျား ကျနေခဲ့၏။

သူသည် သစ်ပင်အောက်၌ ရိုးရှင်းစွာသာ  လှုပ်ရှားနေသည့်တိုင် သူ၏ လှုပ်ရှားမှု တစ်ခုချင်းစီက နဂါးပျံသန်းခြင်း၊ မျောက်လက်ဟန် စသည့် နည်းစနစ် တစ်ခုချင်းစီကို ကိုယ်စားပြုနေသည်။

“အဘိုးရဲ့ သိုင်းပညာက တစ်နေ့တခြား တိုးတက်နေတာပဲ...”

ချန်းဖန်က တွေးလိုက်မိသည်။

ချန်းဟွိုက်အန်းသည် အခြေခံ တည်ဆောက်ခြင်း နောက်ဆုံး အဆင့်အထိ ရောက်ရှိနေပြီ ဖြစ်သည်။

ဆယ်စုနှစ်များစွာ ရှင်သန်ခဲ့သည့် အကျိုးဆက် အဖြစ် သူ၏ စိတ်သည် အလွန် ခိုင်မာနေပြီ ဖြစ်ကာ ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်ရန် အဆင်သင့် ဖြစ်နေခဲ့၏။ ထို့ကြောင့် သူ၏ တိုးတက်မှုက ယခုအထိ လျင်မြန်ခြင်း ဖြစ်သည်။

“ရှောင်ဖန် ... မြေး ပြန်လာပြီလား …”

ချန်းဖန်ကို တွေ့သည်နှင့် ချန်းဟွိုက်အန်းက မေးလိုက်၏။ သူ၏ အမူအရာက တည်ငြိမ် နေသေးသော်လည်း မျက်လုံးများကမူ တလက်လက် တောက်ပနေခဲ့၏။

“မြေးမိဘတွေနဲ့ တွေ့ပြီးပြီလား …”

ချန်းဟွိုက်အန်းက လက်များကို ဆေးကြောရင်း မေးလိုက်သည်။

“ကျွန်တော် အခုပဲ ကျောင်းဟိုင်က လာခဲ့တာ ... နောက်ရက်အတွင်း အဖေ့ကို တွေ့ဖို့ ချူကျိုးကို သွားလည်ဦးမယ် …”

ချန်းဖန်က အဖြေပေးလိုက်သည်။

“ဒီနှစ်ပိုင်း အတွင်းမှာ မြေးရဲ့ မြောက်ပိုင်းချုံးဂိုဏ်းနဲ့ မြောက်ပိုင်းချုံး လုပ်ငန်းစုက အရမ်းကို မြင့်တက် နေခဲ့တာပဲ ... မြေးရဲ့ ကောင်မလေး ဖန့်ချုံးနဲ့ တပည့် ယူကီရှီရိုဆာတို့ နှစ်ယောက်စလုံးက အရမ်းကို ထူးချွန်ကြတယ် ... သူတို့က အသက် နှစ်ဆယ်ပဲ ရှိသေးပေမဲ့ အဖွဲ့အစည်းကြီး နှစ်ခုကို ဦးစီး နေနိုင်ပြီ …”

ချန်းဟွိုက်အန်းက ခဏမျှ ရပ်ကာ အလေး အနက် ဆက်ပြောလိုက်၏။

“ရှောင်ဖန် ... မြေးက အသက်နှစ်ဆယ် ပြည့်ပြီးပြီ ဆိုတော့ စေ့စပ်ထားသင့်တယ်လို့ အဘိုးထင်တယ် …”

“စေ့စပ်ဖို့လား …”

ချန်းဖန်က အနည်းငယ် စဉ်းစားရင်း ကတိပေးလိုက်သည်။

“လုပ်မယ်လေ ... နေ့ကောင်းရက်မြတ် ရွေးပြီး လုပ်ကြတာပေါ့ …”

“အရမ်း ကောင်းတယ် …”

ချန်းဟွိုက်အန်းက ခေါင်းညိတ်လိုက်သည်။

ချန်းဖန်သည် ချန်းမိသားစု၏ အထူးချွန်ဆုံးပုဂ္ဂိုလ် ဖြစ်သည်။ ထို့အပြင် ချန်းဖန်သည် သာမန် လူပုဂ္ဂိုလ် တစ်ယောက် မဟုတ်ရာ သူ၏ လက်ထပ်ပွဲသည်လည်း သာမန်သာ လုပ်၍ မဖြစ်ချေ။ ထိုလက်ထပ်ပွဲကို သေချာ အချိန်ယူ၍ ပြင်ဆင်ရပေမည်။

“သွား မင်းအဖေကို သွားတွေ့ချေ ... အဘိုးက ဒီမှာ အေးဆေးပဲ ... အဆင်ပြေတယ် …”

ချန်းဟွိုက်အန်းက ချန်းဖန်အား ပြောလိုက်သည်။

“ဟုတ်ကဲ့ ... အဘိုး …”

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူက ထွက်မသွားခင် အဘိုးအိုကို ဝိညာဉ် ဆေးလုံးများ ပေးထားခဲ့သည်။ ထိုဆေးလုံးများဖြင့် ဆိုလျှင် အဘိုးအိုသည် အထွတ်အထိပ် အဆင့်ကို လွယ်ကူစွာ တက်လှမ်းနိုင်လိမ့်မည် ဖြစ်သည်။

အရှေ့တောင်မှ ထွက်ခွာလာပြီးနောက် ချန်းဖန်သည် ကျင်းတက္ကသိုလ် စီးပွာရေးကျောင်း ရှိရာသို့ တစ်ချက် သွားကြည့်ခဲ့သည်။

သတင်းများ အရဆိုလျှင် ချီဝမ်စန်းနှင့် ချင်ရီလန်းတို့သည် ကျောင်းထွက် သွားကြပြီ ဖြစ်သည်။ ကျောင်း၌ ကျန်ရစ်ခဲ့သူ ဟူ၍ ဖက်တီး ကျန်းမူ တစ်ယောက်သာ ရှိတော့၏။

ယခု အချိန်၌ ကျန်းမူသည် အရပ်ရှည်ကာ ပိန်သွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူသည် လှပသော ကောင်မလေး တစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားသေး၏။

ချန်းဖန်သည် သူတို့၏ ပျော်ရွှင်နေသော မျက်နှာများကို အဝေးမှသာ ငေးကြည့်ခဲ့သည်။ ထို့နောက် သူက ကျန်းမူကို မနှောင့်ယှက်တော့ဘဲ ပြန်လည် ထွက်ခွာ လာခဲ့သည်။

သာမန် ရှင်သန်မှုများသည် လက်ရှိ ချန်းဖန်၏ ဘဝနှင့် အလှမ်းကွာလွန်းသည်။

သို့သော်လည်း ချန်းဖန်သည် ပြန်လည် မထွက်ခွာခင် ကျန်းမူ၏ ခေါင်းအုံးအောက်၌ စာတစ်စောင်ကို ချန်ရစ်ခဲ့သည်။ ထိုစာထဲ၌ တစ်ခုခု လိုအပ်ပါက မြောက်ပိုင်းချုံး လုပ်ငန်းစုကို လာရောက် အကူအညီ တောင်းနိုင်ကြောင်း ရေးသားထား၏။

ချန်းဖန်သည် ကျင်းမြို့ အတွင်း  တစ်ပတ် ပြည့်အောင် မောင်းနှင်ပြီးနောက် ချူကျိုးမြို့ဘက် ဆီသို့ ထွက်ခွာလာခဲ့သည်။

“ကျန်းချူယန် ရှု့ယုံဖေး ယန်ချောင် လီရီချန်း ဝေ့မိသားစု …”

ထိုလူများ အားလုံးသည် ချန်းဖန် ချူကျိုးမြို့တွင် ရှိစဉ်က ပတ်သက်ခဲ့ဖူးသူများ ဖြစ်ကြသည်။

ဝေ့မိသားစုသည် ချန်းဖန် ပြန်လည် မွေးဖွားပြီးနောက် ပထမဆုံး ဆုံခဲ့သည့် မိသားစု ဖြစ်သည်။ အဘိုးကြီးဝေ့နှင့် ဝေ့ကျိချင်တို့သည် သူ၏ မိတ်ဆွေကောင်းများ ဖြစ်ပြီး တတိယ သခင်ကြီးဝေ့သည် သူ၏ လက်အောက်ငယ်သား တစ်ယောက် ဖြစ်သည်။

သို့သော်လည်း လွန်ခဲ့သည့် နှစ်နှစ်ခန့် သူရုရှားသို့ ရောက်နေခိုက်၌ ဝေ့မိသားစုသည် ဟောင်ဂိုဏ်းထံ၌ သစ္စာခံခဲ့သည်။ ထိုအရာက ဝေ့မိသားစု တစ်ခုလုံး၏ ဆုံးဖြတ်ချက်လား တတိယ သခင်ကြီးဝေ့၏ ဆုံးဖြတ်ချက်လား ချန်းဖန် သေချာ မသိရသေးချေ။

“ဝေ့မိသားစု မင်းတို့ ဘယ်လို  ရှင်းပြမလဲ နားထောင်ရဦးမှာပေါ့ …”

“ဟူး ... ဟူး …”

နှစ်နာရီမျှ ကြာအောင် မောင်းနှင်ပြီးနောက် ချန်းဖန်၏ ငွေရောင် လန်ဘောဂီနီ ကားလေးသည် ချူကျိုး မြို့အတွင်း ဝင်လာခဲ့သည်။

ချန်းဖန်သည် ယွင်ဝူတောင်ထိပ်ရှိ အိမ်သို့ တန်းမသွားဘဲ သူတက်ခဲ့သည့် lvy အထက်တန်းကျောင်း ရှိရာဘက်သို့ လှည့်လာခဲ့သည်။

“ဟင် ... ဘာလို့ ကားတွေ အများကြီး ရှိနေတာလဲ …”

ကျောင်းရှေ့သို့ ရောက်သည်နှင့် ကားများစွာ ရပ်ထားသည်ကို ချန်းဖန် တွေ့လိုက်ရ၏။ ထိုကားများတွင် ကျင်းမြို့၊ ကျောင်းဟိုင် စသည့် မြို့လိုင်စင်ပြားများ ကပ်ထားသည့် ကားများပင် ပါဝင်နေ၏။

ချန်းဖန် ကားအတွင်းမှ ဆင်းသည်နှင့် ကျောင်း ယူနီဖောင်း ဝတ်ထားသည့် မိန်းကလေး တစ်ယောက်က လာရောက် ကြိုဆိုသည်။

“စီနီယာက ဆယ်ကြိမ်မြောက် နှစ်ပတ်လည် ပွဲတော်အတွက် ရောက်လာတာလား …”

“နှစ်ပတ်လည် ပွဲတော် ... အဲဒါက ဒီနေ့လား …”

ချန်းဖန်က အနည်းငယ် အူကြောင်ကြောင် ဖြစ်သွား၏။

ကျောင်း၏ နှစ်ပတ်လည် ပွဲတော် ဆိုလျှင် သူ၏ အတန်းဖော်ဟောင်းများ သည်လည်း ရောက်လာနိုင်သည်။ ကံကောင်းပါက ရှု့ယုံဖေး၊ ကျန်းချူယန် တို့နှင့်ပင် ပြန်လည် ဆုံစည်းရပေလိမ့်မည်။

“စီနီယာ ... ကျွန်မနဲ့ လိုက်ခဲ့မလား ... ခန်းမဆီကို ခေါ်သွားပေးမယ်လေ …”

ကောင်မလေးက ချန်းဖန်အား မေးလိုက်၏။

“အင်း ...”

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။

မိန်းကလေးကား ရဲကာ သွက်လက်ပုံ ပေါ်သည်။ သူမက ချန်းဖန်ဆီသို့ လျှောက်လာကာ လက်မောင်းကို ကိုင်လိုက်သည်။

“စီနီယာ ... ကျွန်မက ဆယ်တန်းကျောင်းသူ လင်းလုလုပါ ... စီနီယာရဲ့ နာမည်က ဘယ်သူလဲ …”

လင်းလုလုသည် ကလေးသာသာ အရွယ်သာ ရှိသေးရာ သူမ၏ ကလေးဆန်မှုက ပျောက်ကွယ်ခြင်း မရှိသေးချေ။ ချန်းဖန် အတွက် သူမကို မြင်ရသည်က ကိုယ့်ညီမလေးကို တွေ့မြင်ရသည့် အလား ခံစားလိုက်မိသည်။

ထို့ကြောင့် သူက နွေးထွေးစွာ ပြုံးပြရင်း အဖြေပေးလိုက်၏။

“အစ်ကိုက ၂၀၀၈ ခုနစ် အတန်းက ချန်းဖန်ပါ …”

ချန်းဖန်၏ အဖြေကို လင်းလုလုက ပါးစပ်ကို ပိတ်ရင်း လိုက်လံ ရေရွတ်လိုက်သည်။

“၂၀၀၈ ခုနစ် အတန်း …”

“အဲဒီနှစ်မှာ ထူးချွန်တဲ့လူတွေ အများကြီး ပေါ်ထွက်ခဲ့တာပဲ ... စီနီယာ စီယင်းရှာက တက္ကသိုလ် ဝင်ခွင့် စာမေးပွဲမှာ ထိပ်ဆုံး ဆယ်ယောက် ဝင်ခဲ့တယ် ... စီနီယာ ယန်ချောင်ကတော့ နိုင်ငံ လက်ရွေးစင် လူငယ် ဘက်စကက်ဘော အသင်းဝင် ဖြစ်လာခဲ့တယ် ... စီနီယာ ကျိရှင်းယွိကတော့ တက္ကသိုလ်များ ပြိုင်ပွဲမှာတောင် တိုက်ကွမ်ဒို ချန်ပီယံ ဖြစ်ခဲ့တယ် ... နောက် အများကြီးပါပဲ …”

လင်းလုလုက ခဏမျှ ရပ်နားပြီးနောက် မမောနိုင် မပန်းနိုင် ဆက်ပြောလိုက်သည်။

“အားလုံးထဲမှာ အထူးချွန်ဆုံးက စီနီယာ ရှု့ယုံဖေးပဲ ... သူက အခုဆိုရင် စူပါစတား တစ်ယောက်တောင် ဖြစ်နေခဲ့ပြီ ... စီနီယာ ... စီနီယာ သူတို့ကို သိတယ်လား …”

လင်းလုလုက ချန်းဖန်ကို မျှော်လင့်တကြီး ကြည့်ရင်း မေးလိုက်သည်။

“စီယင်းရှာ ယန်ချောင် ကျိရှင်းယွိ …”

ချန်းဖန်သည် အနည်းငယ် အံ့ဩသွား၏။ သူ၏ ရန်သူ သို့မဟုတ် မိတ်ဆွေဟောင်းများ ထိုမျှ အောင်မြင် နေလိမ့်မည်ဟု ချန်းဖန် လုံးဝ မျှော်လင့် မထားမိခဲ့ပေ။ သို့သော်လည်း သူတို့၏ အောင်မြင်မှုများသည် ချန်းဖန်နှင့် ယှဉ်လျှင်မူ အားနည်းနေဆဲ ဖြစ်သည်။

“သူတို့နဲ့လား သိတာပေါ့ …”

ချန်းဖန်က ပြုံးရင်း ပြန်ဖြေလိုက်သည်။ ထိုအချိန်တွင်ပင် ဆယ့်ရှစ်နှစ်အရွယ် မိန်းကလေး တစ်ယောက် အထဲမှ ထွက်လာခဲ့၏။

“လင်းလုလု ... ငါ နင့်ကို စီနီယာ စီယင်းရှာကို ကြိုခိုင်ထားတာမလား ... အဲဒါက ဘယ်သူလဲ …”

မိန်းကလေးက ချန်းဖန်အား အကဲခတ်ရင်း ကြည့်လိုက်သည်။

***

All Chapters