ကျန်းချူယန်နှင့် ပြန်လည် ဆုံစည်းခြင်း
Vol. 6 Ch. 539
မိန်းကလေးအား တွေ့သည်နှင့် လင်းလုလုက ပြောလိုက်၏။
“စီနီယာဟန် ... ဒါက စီနီယာ ချန်းဖန်ပါ ... သူကလည်း နှစ်ပတ်လည် ပွဲတော်အတွက် လာတာတဲ့ ... နောက်ပြီး စီနီယာချန်းက စီနီယာစီတို့နဲ့ တစ်သုတ်တည်း ... သူတို့ အချင်းချင်းလည်း သိကြတယ် …”
“စီနီယာချန်းဖန် ... ဒီနာမည်ကို ဧည့်သည် စာရင်းမှာ ငါမတွေ့မိပါဘူး …”
မိန်းကလေးဟန်၏ မျက်ခုံးများက အနည်းငယ် တွန့်ကွေးသွား၏။
ချန်းဖန်၏ ရုပ်ရည်သည် များစွာ ထူးခြားနေခြင်းမျိုး မရှိချေ။ သို့သော်လည်း သူ စီးနင်းလာသည့် လန်ဘော်ဂီနီ၊ အန်ရာ ဆင်ပေးလိုက်သော အထက်တန်း အဝတ်အစားတို့က သူ့အား သူဌေးပေါက် တစ်ယောက်၏ ပုံပေါက် စေ၏။
Ivy အထက်တန်း ကျောင်း၏ နှစ်ပတ်လည် ပွဲတော်သို့ ဖိတ်ခေါ်ခံရသူ အားလုံးသည် နယ်ပယ်ဒေသ အသီးသီး၌ အောင်မြင်နေကြသည့် ကျောင်းသားဟောင်းများသာ ဖြစ်သည်။ ချန်းဖန်သည် အလွန် ကျော်ကြားသည့်တိုင် Ivy အထက်တန်းကျောင်း၏ အဆင့်အတန်းက သူ၏ ကျော်ကြားမှုကို သိရှိလောက်အောင် မြင့်မားခြင်း မရှိချေ။ ၂၀၀၈ ခုနစ် အတန်း၏ ကျောင်းသားဟောင်းများသာ သူ့အား မှတ်မိနိုင်လောက်၏။
“ဟန်မိန် ... ကျောင်းကောင်စီ ဥက္ကဌ ... မင်း လီရီချန်းကို သိလား …”
ချန်းဖန်က မိန်းကလေး၏ ရင်ဘတ်ရှိ ကဒ်ပြားကို ဖတ်ရင်း မေးလိုက်သည်။
“ဟုတ်ကဲ့ရှင့် …”
မိန်းကလေးက အဖြေ ပေးလိုက်သည်။
“စီနီယာလီက ၂၀၀၈ ခုနစ် အတန်းရဲ့ ကျောင်းကောင်စီ ဥက္ကဌပါ ... သူက Ivy ကျောင်းရဲ့ သမိုင်းကြောင်းမှာ အတော်ဆုံး ကျောင်းကောင်စီ ဥက္ကဌ ဆိုလည်း ဟုတ်ပါတယ် ... သူက အခု ရန်ကျင်း တက္ကသိုလ်မှာ ပညာသင်ကြား နေပါတယ် ... စီနီယာလီက ဒီနေ့ ပွဲတော်ကို တက်ရောက်မယ် ပြောပါတယ် ... ဒါနဲ့ စီနီယာချန်းက သူ့ရဲ့ သူငယ်ချင်းလား …”
“ရီချန်းက ရန်ကျင်း တက္ကသိုလ်ကို ဝင်ခွင့်ရတာလား …”
ချန်းဖန်က တအံ့တဩ ရေရွတ်လိုက်မိသည်။ အတိတ်ဘဝ၌ လီရီချန်းနှင့် ကျန်းချူယန်တို့သည် နှစ်ယောက် အတူ ကျောင်းဟိုင် တက္ကသိုလ်သို့ ဝင်ရောက်ခဲ့သည်။ ယခုဘဝတွင် ထိုမျှ ပြောင်းလဲ သွားလိမ့်မည်ဟု ချန်းဖန် မမျှော်လင့်ခဲ့မိချေ။
“စီနီယာချန်းရဲ့ နာမည်က ဧည့်သည် စာရင်းမှာတော့ မပါဘူး ... ဒါပေမဲ့ စီနီယာ ခဏလောက် စောင့်ပေးပါလား ... ကျွန်မ ကျောင်းအုပ်ကြီးကို ပြောပြီး ထိုင်ခုံတစ်ခု စီစဉ်ပေးပါ့မယ် …”
ဟန်မိန်က ချန်းဖန်အား တောင်းပန်သော အကြည့်ဖြင့် ကြည့်ရင်း ပြောလိုက်သည်။
“ရတယ် ... မလုပ်နဲ့တော့ ... ငါက လမ်းကြုံလို့ ဝင်ကြည့်ရုံ သက်သက်ပဲ …”
ချန်းဖန်က တားလိုက်သည်။
သူကား Ivy အထက်တန်းကျောင်း၌ ခြောက်လသာ နေခဲ့ရသည်။ ရှု့ယုံဖေးနှင့် ကျန်းထန်ချိုးတို့မှ လွဲ၍ သူနေရာ၌ သူခင်တွယ် စရာ မရှိချေ။
ချန်းဖန် ပြန်လည် ထွက်ခွာရန် ဟန်ပြင်လိုက်စဉ်မှာပင် ဆူညံသော အသံများ ထွက်ပေါ်လာ၏။
“စီနီယာ စီယင်းရှာ ရောက်လာပြီတဲ့ဟေ့ …”
“သူ တကယ် ကြီးလာတာပဲ …”
“ဟုတ်တယ် ... စီနီယာ ယန်ချောင်လည်း ပါတာပဲ ... သူက မကြာခင်မှာ နိုင်ငံ လက်ရွေးစင်ဖြစ်မှာ သေချာတယ် …”
“စီနီယာရှု့ မလာတာ တကယ် စိတ်မကောင်းဘူး ... သူကမှ ငါ့ရဲ့ အိုင်ဒေါအစစ် …”
ကျောင်းသား ကျောင်းသူများစွာက ဝိုင်ပတ်ရင်း ရောက်လာသူများအား ကြိုဆို လိုက်ကြ၏။
“စီနီယာလီတို့ ရောက်လာပြီပဲ …”
ဟန်မိန်က ရေရွတ်ရင်း ချန်းဖန်၏ ဘေးမှ ထွက်ခွာသွားသည်။ သူမကား ချန်းဖန်ကို မေ့လျော့၍ သွားပုံ ပေါ်၏။
“သူ့ကို စိတ်မဆိုးပါနဲ့ စီနီယာ ... သူက အမြဲ အဲဒီလိုပဲ မေ့တတ်တယ် …”
လင်းလုလုက ချန်းဖန်ကို အားနားစွာ တောင်းပန်လိုက်သည်။
“ရပါတယ် ... ကလေးမ မင်းလည်း သွားလေ ... ငါက ပြန်တော့မှာ... သွားစရာ ရှိသေးလို့ …”
ချန်းဖန်က ပြုံးရင်း ဆိုလိုက်သည်။
“ဒါဆို စီနီယာ ... ကျွန်မတို့ ဘယ်တော့ ပြန်တွေ့ကြဦးမှာလဲ …”
လင်းလုလုက မေးလိုက်သည်။
“တစ်နေ့နေ့ပေါ့ …”
ချန်းဖန်က မိန်းကလေးကို လက်ရမ်းပြရင်း အတန်းဖော် ဟောင်းများကို ကျော်ဖြတ်၍ အပြင်သို့ ထွက်လာခဲ့သည်။
သူတို့ အားလုံးကား ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို နှုတ်ဆက် နေရရာ ချန်းဖန်ကို သတိထားမိပုံ မပေါ်ကြချေ။
ယန်ချောင် တစ်ယောက်သာ ဝေးကွာသွားသော ချန်းဖန်၏ နောက်ကျောကိုသာ လှမ်းမြင်လိုက်၏။
“အဲဒီတစ်ယောက်ကို ရင်းနှီးနေသလိုပဲကွ …”
သူက အနည်းငယ် မျက်မှောင်ကြုတ်ရင်း ဆိုလိုက်သည်။
“ဘယ်သူလဲကွ …”
လီရီချန်း၊ စီယင်းရှာနှင့် ကျိရှင်းယွိတို့က မေးရင်း လှမ်းကြည့်လိုက်၏။ သို့သော်လည်း ချန်းဖန်ကား သူ၏ မြင်ကွင်းမှ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။
“ငါ မမှတ်မိဘူးကွ ... ဒါပေမဲ့ အဲဒီပုံစံကို ရင်းရင်းနှီးနှီးကို သိနေတယ် …”
ယန်ချောင်က ခေါင်းကို ခါလိုက်သည်။
“မင်းက ဘတ်စကက်ဘော ကစားသမား တစ်ယောက် ဆိုတော့ လူတွေ အများကြီး တွေ့ဖူးနေတာပဲလေ ... အဲဒီ အထဲက တစ်ယောက် ဖြစ်ချင် ဖြစ်မှာပေါ့ …”
လီရီချန်းက စဉ်းစားရင်း ဖြစ်နိုင်ချေရှိသည်ကို ပြောလိုက်သည်။
“သူငယ်ချင်းထဲက တစ်ယောက်လည်း ဖြစ်ချင် ဖြစ်မှာပေါ့ ... သူက သိပ်အဆင်မပြေလို့ ငါတို့နဲ့ မတွေ့ချင်တာ ဖြစ်နိုင်တယ် ... သူ့ကို တွန်းအား မပေးဘဲ ထားလိုက်ပါ …”
ကျန့်ယွီမုန့်ကလည်း ယန်ချောင်၏ လက်ကို ကိုင်ရင်း ဆိုလိုက်၏။ သူမကား လေးနှစ် အကြာ၌ ပိုမို ဆွဲဆောင်မှု ရှိလာကာ ပိုမို၍လည်း လှပလာ၏။
“ဒါနဲ့ မုန့်မုန့် ... ချူယန် လာပြီလား …”
လီရီချန်းက မေးလိုက်သည်။
“သူ ချူကျိုးကိုတော့ ပြန်ရောက်နေတယ် ကြားတယ် ... ဒါပေမဲ့ ဒီကို လာမယ် မထင်ဘူး …”
ကျန့်ယွီမုန့်က အဖြေပေးလိုက်သည်။
“ငါတို့ တစ်နေ့လောက် စုံပြီး ချူယန်နဲ့ အတူတူ နေ့လယ်စာ စားကြရအောင်လေ ... တို့အဖွဲ့ လူမစုံဖြစ်တာ အတော့်ကို ကြာနေပြီ …”
ကျိရှင်းယွိက ဆိုလိုက်သည်။
သူမ၏ ဘေး၌ ရှိသော ဟန်မိန်ကမူ ချန်းဖန်အကြောင်း ပြန်လည် တွေးနေမိ၏။ သူမက စောစောက လာသွားသော စီနီယာမှ ချန်းဖန် ဖြစ်ကြောင်း ပြောပြချင်သော်လည်း ချီတုံချတုံ ဖြစ်နေခဲ့သည်။
“စီနီယာချန်းက အောင်မြင်နေတဲ့ သူ့ အတန်းဖော်ဟောင်းတွေကို တွေ့ဖို့ ရှက်နေတာ ဖြစ်ရမယ်... ငါ သူ့အကြောင်းကို မပြောပြတာပဲ ကောင်းမယ် ထင်ပါတယ်...”
ထိုအချိန်၌ ချန်းဖန်ကမူ Ivy အထက်တန်း ကျောင်းမှ ထွက်ခွာ၍ ယွင်ဝူ တောင်ရှိရာသို့ မောင်းနှင်လာခဲ့သည်။
သူသည် အန်တီထန်၏ အိမ်ရှေ့တွင် ခဏမျှ ရပ်ခဲ့သေးသည်။ သို့သော်လည်း အိမ်တစ်အိမ် လုံးသည် လူသူ မရှိသည့်မလား တိတ်ဆိတ် နေရာ ချန်းဖန်သည်လည်း အထဲသို့ မဝင်ခဲ့တော့ချေ။
“အန်တီထန်က အရင်ဘဝမှာ ငါ့အပေါ် အရမ်း ကောင်းခဲ့တာ ... ငါ သူ့ကို တတ်နိုင်သလောက် ပြန်ကောင်းပေးရမယ် …”
ချန်းဖန်သည် တွေးရင်း အိမ်ဝယ်ပေးမည်ဟု အန်တီထန်ကို ပေးခဲ့သော ကတိအား ပြန်လည် သတိရမိသွားသည်။ ယခု ယွင်ဝူ တောင်ထိပ်ရှိ သူ၏ အိမ်မှာ အားလပ်နေပြီ ဖြစ်ရာ အန်တီထန်အား ပေးရန် ချန်းဖန် ဆုံးဖြတ်လိုက်သည်။
ချန်းဖန်သည် အန်တီထန် အကြောင်း စဉ်းစားရင်း တောင်ထိပ် ရှိရာဆီသို့ ရောက်လာခဲ့၏။
သူသည် ချူကျိုးသို့ နောက်ဆုံးအကြိမ် ရောက်ရှိစဉ်က ယွင်ဝူ တောင်ထိပ်ရှိ အစီအရင်ကို ဖျက်ဆီးပစ်ခဲ့သည်။ သို့သော်လည်း တောင်တန်း၏ ဖွဲ့စည်းပုံသည် များစွာ ပြောင်းလဲခြင်း မရှိရာ ဝိညာဉ်ချီများ ရှိနေဆဲ ဖြစ်၏။
“လေးနှစ်တောင် ရှိပြီပဲ …”
ချန်းဖန်က ရေရွတ်ရင်း တံခါးကို ဖွင့်လိုက်သည်။
အချိန်ကာက ကြာမြင့်ပြီ ဖြစ်ရာ ဖုန်များ ထူထပ်ကာ ညစ်ပတ် နေသင့်ပြီ ဖြစ်သော်လည်း ယခုတွင်မူ အဆောက်အဦ တစ်ခုလုံး သန့်ရှင်းနေသည်ကိုသာ ချန်းဖန် တွေ့လိုက်ရသည်။
“ဘယ်သူက လာပြီး သန့်ရှင်းရေး လုပ်ထားတာလဲ ... အိမ်ဖော်တွေလား ... ဝေ့မိသားစုက တစ်ယောက်ယောက်လား ... ဒါမှမဟုတ် အိမ်ရှင် အသစ်များလား …”
ချန်းဖန် ဇဝေဇဝါ ဖြစ်သွားမိသည်။
ထိုအရာကား ကျန်းပေ့နယ် ဆရာချန်း၏အိမ် ဖြစ်သည်။ မည်သူက အခွင့်မရှိဘဲ ကျူးကျော်ရဲ သနည်း။
ချန်းဖန် မျက်မှောင်ကြုတ် လိုက်စဉ်မှာပင် အိမ်အတွင်းမှ ရင်းနှီးသော ပုံရိပ်လေးတစ်ခု ထွက်ပေါ်လာခဲ့၏။
“သူလား …”
ချန်းဖန်က အနည်းငယ် အံ့ဩသွားသည်။
ချန်းဖန်အား တွေ့သည်နှင့် မိန်းကလေး၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ရီသွားသလို လက်ထဲမှ တံမြက်စည်းသည်လည်း အောက်သို့ လွတ်ကျသွား၏။ ကြောက်ရွံ့ခြင်း၊ ရှက်ခြင်း၊ ဝမ်းသာခြင်းများက သူမ၏ လှသော မျက်နှာ၌ ရောပြွမ်းနေ၏။
“ချူယန် ... နင်လား …”
ချန်းဖန်က မိန်းကလေးအား ဝမ်းသာအားရ နှုတ်ဆက်လိုက်၏။ သူမကား အန်တီထန်၏ သမီး၊ သူ၏ အတိတ်ဘဝက တစ်ဖက်သတ် ချစ်ရသူ ကျန်းချူယန်ပင် ဖြစ်သည်။
“ဟုတ်တယ် ... ငါ …”
ကျန်းချူယန်က ရှက်ရွံ့စွာ ရှင်းပြလိုက်သည်။
“ငါ ချူကျိုးကို ပြန်ရောက်တုန်း ဒီကို လာကြည့်တာ ... အဲဒါ တစ်အိမ်လုံး ညစ်ပေနေတာနဲ့ ငါ သန့်ရှင်းလေး လုပ်ပေးနေတာ …”
“အင်းပါ ... ငါ အဲဒီ အိမ်ကို အန်တီထန်ကို ပေးဖို့ စီစဉ်ထားတယ် ... ငါ့မှာ ပိုက်ဆံ ရှိတဲ့ အချိန်မှာ သူ့ကို အိမ်တစ်လုံး ဝယ်ပေးမယ်လို့ ကတိပေးထားတယ်လေ …”
ချန်းဖန်က ပြုံးရင်း ပြောလိုက်သည်။
“နင်က ကတိကို မှတ်မိနေသေးတာပဲ …”
ကျန်းချူယန်က မယုံကြည်နိုင်စွာဖြင့် ပါးစပ်ကို ပိတ်လိုက်မိသည်။
ထိုအချိန်က ကျန်းချူယန်သည် ချန်းဖန်ကို ကြွားဝါ၍ လျှောက်ပြောသည်ဟု အထင် သေးခဲ့မိသည်။ အန်တီထန်ပင်လျှင် ချန်းဖန်၏ စကားကို အလေးအနက် သိပ်မထားခဲ့ချေ။ သို့သော်လည်း ချန်းဖန်ကား ထိုကတိကို ယခုထိပင် မှတ်မိနေသေးပုံ ပေါ်၏။
“နင်က ကျောင်းဟိုင်နဲ့ ကျင်းမြို့မှာ အရေးပါတဲ့ ပုံရိပ်တစ်ခုတောင် ဖြစ်နေပြီ ... ဒါကြောင့်ပဲ ဘဝင်မြင့်ပြီး ငါတို့ဆီ အလည်တောင် မလာတာ မလား …”
ကျန်းချူယန်က ချန်းဖန်အား ကြည့်ရင်း မကျေမနပ် မေးလိုက်၏။
“ဟုတ်ချင်လည်း ဟုတ်မှာပေါ့ …”
ချန်းဖန်က ရယ်မောလိုက်သည်။
ထိုအချိန်တွင်ပင် ကျန်းချူယန်၏ ဖုန်းက ဝင်လာခဲ့၏။ သူမက ဖုန်းကို ကိုင်ရင်း နားထောင်လိုက်သည်။
“ငါ မုန့်မုန့်ရယ် ... ငါတို့ အခု နှစ်ပတ်လည် တွေ့ဆုံပွဲကို ရောက်နေတယ် ... နင် မလာဘူးလား …”
***