တန်ခိုးရှင် ခုနစ်ယောက်
Vol. 6 Ch. 541
တာအိုဝတ်စုံဝတ် အဘိုးအိုသည် ကောင်းကင်တွင် ရပ်တည်လျက် ရှိသည်။ သူ၏ အဖြူရောင် မုတ်ဆိတ်ရှည်များသည် ရင်ဘတ်ကျော်အောင် ရှည်လျား ကျနေကာလေ တစ်ချက်ဝှေ့တိုင်း လိုက်ပါ ယိမ်းနွဲ့နေ၏။
သူကား လွန်ခဲ့သည့် ရက်ပိုင်းက ချန်းဖန်နှင့် လက်ဖက်ရည် အတူ သောက်ခဲ့သည့် ဝူတန်ဂိုဏ်းမှ လီချန်းရှန့်ပင် ဖြစ်သည်။
“နောက်တစ်ကြိမ် တွေ့ရတာ ဂုဏ်ယူမိပါတယ် တန်ခိုးရှင်ချန်း …”
လီချန်းရှန့်က ချန်းဖန်ကို နှုတ်ဆက်လိုက်သည်။
“ဟားဟား ... ချန့်ရှန်း ... မင်းတို့က အသက်ရှင်ဖို့ ဆန္ဒ မရှိတော့ဘူးနဲ့ တူတယ် …”
ချန်းဖန်က ရယ်မောရင်း ခေါင်းကို ခါလိုက်သည်။
ချန်းဖန်သည် မိမိ၏ အဆင့်မှာ တန်ခိုးရှင် အဆင့်သာ ဖြစ်ကြောင်း လီချန်းရှန့်ကို ပြောပြီးချိန်မှ စ၍ ဤကဲ့သို့ နေ့မျိုး ရောက်လာမည်ဟု မျှော်လင့်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ယခုကဲ့သို့ မြန်မြန်ဆန်ဆန်ကြီး ဖြစ်ပျက်လာမည်ဟု မထင်ခဲ့သည်က အမှန်ပင် ဖြစ်သည်။
“တန်ခိုးရှင်ချန်း ... မင်း သူတို့ အထဲက ကောင်းကင်သခင် ယောင်တို့လို အရှေ့ ပင်လယ် တိုက်ပွဲကို ရောက်လာတဲ့ အချို့အဝက်ကိုတော့ သိမှာပါ ... ကျန်တဲ့ သုံးယောက်ကိုတော့ ကျုပ်ပဲ မိတ်ဆက် ပေးပါ့မယ် …”
လီချန်းရှန့်က အနည်းငယ် ပြုံးရင်း ဆိုလိုက်၏။
“ကောင်းပြီလေ …”
ချန်းဖန်က အေးဆေး သက်သာစွာ လက်နှစ်ဖက်ကို နောက်ပစ်လိုက်သည်။ ရောက်ရှိလာသူ ခုနစ်ယောက်ထဲမှ လီချန်းရှန့် အပြင် သုံးယောက်အား သူ ကောင်းစွာ သိ၏။
မိုးကြိုးတံဆိပ်တုံး ကိုင်၍ ကောင်ကင်၌ ရပ်နေသူသည် ယောင်တောက်ရီ ဖြစ်သည်။ အီဒိုခေတ် ဆာမူရိုင်း ဝတ်စုံနှင့် ဓားကိုင်ထားသော အဘိုးအိုသည် ဝါတနာဘေ ဖြစ်သည်။ လက်နှစ်ဖက်ကို ပိုက်၍ သဘောကောင်းသည့် မျက်နှာထား ရှိသူကမူ ဓမ္မရာဂျာစက္က ဖြစ်၏။
ချန်းဖန်သည် ကျန်တန်ခိုးရှင် သုံးယောက်ကို မသိသော်လည်း သူတို့၏ ခန္ဓာကိုယ်မှ စီးဆင်း ထွက်ပေါ်နေသော စွမ်းအားများအရ ဆိုလျှင် ယောင်တောက်ရီထက် အားမနည်းကြောင်း ခံစားမိ၏။
“ဒါက မိန်းကလေး ကျန်းတိုင်ချင်းရွှမ်ပါ ... ဒေါက်တာ ဆွန်ယက်ဆင်က သူ့ကို လျှို့ဝှက်ဂိုဏ်းကနေ တရုတ်ကို လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ် ... ရဲ့ချင်စန်းက သူ့ကို သုံးကြိမ်အထိ သတ်ဖို့ ကြိုးစားခဲ့ပေမဲ့ အကြိမ်တိုင်း ကျရှုံးခဲ့ပါတယ် …”
လီချန်းရှန့်က အဖြူရောင် ဝတ်ထားသော မိန်းကလေး တစ်ယောက်ကို ညွှန်ပြရင်း မိတ်ဆက် ပေးလိုက်၏။
“တွေ့ရတာ ဂုဏ်ယူပါတယ် ... တန်ခိုးရှင်ချန်း …”
ကျန်းတိုင်ချင်းရွှမ်က ယဉ်ကျေးစွာ ဆိုလိုက်သည်။
သူမ၏ ခန္ဓာကိုယ်သူ လေထဲတွင် မျောလွင့်နေပြီး သူမ၏ ခြေချောင်းများကမူ မြေပြင်အား ကိုင်းညွှတ်နေ၏။ သူ၏ ခန္ဓာကိုယ် တစ်ဝိုက်တွင်မူ စွမ်းအား အချို့က ဝိုးတဝါး စီးဆင်းနေသည်။
“ဒီတစ်ယောက်ကတော့ ဂုရုကြီး ရာမပါ ... သူက အိန္ဒိယရဲ့ အစွမ်း အထက်ဆုံး ဂုရုကြီး တစ်ယောက်လို့ ဆိုနိုင်တယ် ... သူက လွန်ခဲ့တဲ့ နှစ်တစ်ရာ ကတည်းက အာရှ တောင်ပိုင်းကို လွှမ်းမိုးခဲ့ပြီး နတ်ဘုရား သတ်မှတ်ချက်မှာ နံပါတ် ခုနစ် ချိတ်ခဲ့တယ် ... သူ့ရဲ့ ခန္ဓာကိုယ်မှာ ကြမ်းတမ်းတဲ့ စွမ်းအားတွေ ရှိတဲ့အပြင် သူ့ရဲ့ ခန္ဓာကိုယ်ကလည်း အရှိန်ပြင်းပြင်း လာနေတဲ့ သံချပ်ကာ ကားကို တားနိုင်တဲ့အထိ သန်မာတယ် …”
ဂုရုကြီး ရာမသည် အရိုးပေါ် အရေတင် ပိန်လှီသော ဆာဒူးကြီး ဖြစ်သည်။ သူ၏ ပုံစံသည် ခြိုးခြံခြင်း ပါရမီကို ဖြည့်တင်းနေသည့် ဘာသာရေး ဆရာတစ်ယောက်နှင့်ပင် တူနေသေး၏။ သူသည် ခေါင်းကို အောက်သို့ ငုံ့ရင်း သုတ္တံတစ်ခုကို အဖန်တလဲလဲ ရေရွတ်နေ၏။
“ဒါကတော့ မစ္စတာ ဒမွန်ပါ ... မင်း ဒီနာမည်ကို မကြားဖူးရင်တောင် သူ့ရဲ့ သွေးမိစ္ဆာဆိုတဲ့ အခြား နာမည်ကိုတော့ ကြားဖူးမှာပေါ့ …”
လီချန်းရှန့်က တတိယမြောက် ပုဂ္ဂိုလ်ကို ညွှန်ပြရင်း ဆိုလိုက်သည်။
ဒမွန်သည် နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးများ ရှင်းလင်းထားသည့် လူရည်သန့် တစ်ဦး ဖြစ်သည်။ သူ၏ ရုပ်ရည်က အာရှနှင့် ကော့ကေးရှန် ရောနှောထားသော ရုပ်မျိုးဖြစ်ပြီး သူ၏ ခန္ဓာကိုယ်တွင် ပွဲနေပွဲထိုင် တက်သည့် ဝတ်စုံကို ဆင်မြန်းထားသည်။
“မင်းက လွန်ခဲ့တဲ့ နှစ်တစ်ရာ နတ်ဘုရား သတ်မှတ်ချက်ရဲ့ နံပါတ်သုံး သွေးမိစ္ဆာ ဒမွန်လား …”
ချန်းဖန်က ဒမွန်ကို ကြည့်ကာ မေးလိုက်သည်။
“မင်း ကျုပ်ကို သိနေမယ်လို့ မမျှော်လင့်မိဘူး ... တကယ်ပဲ ဂုဏ်ယူမိပါတယ်”
ဒမွန်က သဘာဝ မကျစွာ ပြုံးရင်း အဖြေပေးလိုက်၏။
သွေးမိစ္ဆာ ဒမွန်သည် လွန်ခဲ့သည့် နှစ်ရာခန့်က နတ်ဘုရား သတ်မှတ်ချက် နံပါတ်သုံး နေရာ၌ ရဲ့ချင်စန်း၊ ခရစ်ယာန် ဘုရားကျောင်း စီရင်သူတို့၏ နောက်တွင် ရပ်တည် နိုင်ခဲ့သည်။ သူသည် ကလေး ဘဝကပင် တိဗက် ဘုရားကျောင်း တစ်ခု၏ မြှောက်စားခြင်းကို ခံခဲ့ရပြီး ငယ်ငယ်ရွယ်ရွယ်နှင့် သွေးစွမ်းအား နိုးထခဲ့သည်။ သူသည် အာရှ၊ အရှေ့ ဥရောပ၊ မြောက်အာဖရိက စသည့် နယ်ပေါင်းများစွာကို သွားရောက်ကာ လူပေါင်း တစ်သောင်းကျော်ကို သတ်ဖြတ်ခဲ့သည်။
“လီချန်းရှန့် ယောင်တောက်ရီ ဝါတနာဘေ ဓမ္မရာဂျာစက္က ကျန်းတိုင်ချင်းရွှမ် ဂုရုကြီး ရာမ ဒမွန် …”
ချန်းဖန်က အနည်းငယ် ပြုံးလိုက်၏။
“နတ်ဘုရား သတ်မှတ်ချက် ထိပ်ဆုံး တစ်ဆယ်ယောက်ရဲ့ တစ်ဝက်က တစ်ချိန်တည်း ရောက်လာကြတာပါလား ... ကျုပ် ဂုဏ်ယူမိပါတယ် …”
ရောက်ရှိလာသော တန်ခိုးရှင် ခုနစ်ယောက်ထဲတွင် လီချန်းရှန့်နှင့် ကျန်းတိုင်ချင်းရွှမ်တို့သာ နတ်ဘုရား သတ်မှတ်ချက် ထိပ်ဆုံး ဆယ်ယောက်၌ မဝင်ခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့ နှစ်ယောက်၏ စွမ်းအားက အခြားလူများအောက် လျော့နည်းခြင်း မရှိချေ။
ထိုအင်အားစုတွင် ရဲ့ချင်စန်းနှင့် လင်းရှု့မင် မပါသည်မှ လွဲလျှင် အာရှ၏ အစွမ်း အထက်ဆုံး တန်ခိုးရှင် အဆင့်များ စုံလင်နေပြီ ဖြစ်သည်။ ထိုခုနစ်ယောက်ထဲရှိ လီချန်းရှန့် ဆိုလျှင် လူသား နတ်ဘုရား အဆင့်သို့ပင် ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ကျန်းချူရန်ကား ကြောက်လန့်နေခဲ့ပြီ ဖြစ်သည်။ သူမသည် ထိုလူများကို သိရှိခြင်း မရှိသည့်တိုင် သူတို့၏ လျှပ်စီး၊ အမှောင် စွမ်းအားများကို ကြည့်၍ အလွန် ကြောက်စရာ ကောင်းကြောင်း ကောင်းစွာ သတိထားမိ၏။
ယောင်တောက်ရီက သူ၏ မိုးကြိုးတံဆိပ်ကို မြှောက်ရင်း ဗုံးတစ်လုံး ပေါက်ကွဲ သကဲ့သို့ အော်ဟစ် ဆိုလိုက်၏။
“လိုရင်း တိုရှင်းပဲ ပြောရအောင် ... ချန်းပေ့ရွှမ်း ... မင်းရဲ့ တန်ခိုးရှင် ကျင့်စဉ်ကို လက်လွှဲပေးစမ်း ... ငါတို့ မင်းရဲ့ အသက်ကို ချမ်းသာပေးမယ် …”
“မင်းတို့က ဒါကြောင့် လာတာကိုး …”
ချန်းဖန်က ခေါင်းကို ခါရင်း လီချန်းရှန့်ကို တစ်ချက် လှမ်းကြည့်လိုက်၏။
“ကောင်းကင် တံခါး နောက်တစ်ကြိမ် ပွင့်တဲ့ အချိန်မှာ ရောက်လာမယ့် ဧည့်သည်ကို မင်းတို့ ဘာကြောင့် သွားမရှာတာလဲ …”
“ကောင်းကင် တံခါးကို ရှာဖို့က ဆင်ကန်း တောတိုး သလိုပါပဲ ... အဲဒါ တကယ် ရှိရဲ့လားတောင် ကျုပ်တို့ အတွက် မသေချာဘူး ... နောက်ပြီး နှင်းနတ်ဘုရား နန်းတော် အကြောင်းက မင်းလိမ်နေတာလည်း ဖြစ်ချင် ဖြစ်မှာပေါ့ …”
လီချန်းရှန့်က ပြုံးရင်း ဆိုလိုက်၏။
တန်ခိုးရှင် အဆင့်များအတွက် မြေကမ္ဘာ အဆင့်၏ တည်ရှိမှုပင်လျှင် ယောင်ဝါးဝါး ဖြစ်ရာ ကောင်းကင် တံခါးဆိုလျှင် ဝေလာဝေး ဖြစ်သည်။ လီချန်းရှန့်သည် ပါးနပ်သော မြေခွေးအိုကြီး ဖြစ်သည်။ သူသည် ချန်းဖန်၏ စကားကို လွယ်လွယ်ကူကူ ယုံကြည်လိမ့်မည် မဟုတ်ချေ။
လီချန်းရှန့်က ချန်းဖန်ကို ကြည့်ရင်း လေးနက်သော အသံဖြင့် ဆက်ပြောလိုက်၏။
“ဒါပေမဲ့ မင်းရဲ့ စွမ်းအားတွေကတော့ လက်တွေ့ မြင်နေရတဲ့ အရာပဲလေ ... မင်းသုံးတဲ့ တိုက်ခိုက်မှုတွေက ရှေ့ဟောင်း မှတ်တမ်းတွေမှာ ပါတဲ့ ကောင်းကင်တံခါးရဲ့ ဧည့်သည်တွေ အကြောင်းနဲ့ တော်တော်လေး တူညီနေတယ် …”
“ဒါပေမဲ့ ငါတို့ မင်း အကြောင်းကို အကုန်အစင် မသိဘူး ဆိုတာတော့ ဝန်ခံပါတယ် ... မင်းက ရှေ့ဟောင်း နတ်ဘုရား ပြန်ဝင်စားတဲ့လူ ဒါမှမဟုတ် အစစ်အမှန် တန်ခိုးရှင် ဖြစ်ချင် ဖြစ်မှာပဲ ... မင်း ဘယ်သူပဲ ဖြစ်ဖြစ် ဒါက ကိစ္စ မရှိပါဘူး ... တကယ်သို့ မင်းသာ တန်ခိုးရှင် ကျင့်စဉ်ကို လက်လွှဲပေးပြီး ကောင်းကင်တံခါး အကြောင်း ပြောပြမယ် ဆိုရင်တော့ ကျုပ်တို့ မင်းကို ထွက်သွားခွင့် ပေးမယ် …”
“ဟမ့် …”
ချန်းဖန်က နှာခေါင်းရှုံ့လိုက်၏။
“လီချန်းရှန့် ... မင်းက သူရဲဘောကြောင်တဲ့ လူပဲ ... မင်းက ကျုပ်ကို တစ်ယောက်တဲ့ မတိုက်ရဲတဲ့ အတွက် အပေါင်း အဖော်တွေကိုပါ ခေါ်လာခဲ့တယ်ပေါ့ …”
“အမှန်ပါပဲ ... ကျုပ်က နှစ်ပေါင်း တစ်ရာ့ လေးဆယ် နေထိုင် ရှင်သန်ခဲ့ပြီး သိုင်းနဲ့ ဓမ္မ လမ်းနှစ်ခုကို လျှောက်လှမ်းခဲ့တယ် ... ဒါပေမဲ့ ကျုပ် ပိုင်ဆိုင်ခဲ့တဲ့ စွမ်းအားက မင်းနဲ့ ယှဉ်ရင် ပမွှားလေးပါပဲ ... ဒါကြောင့် မလို့ ကျုပ်တို့ ခုနစ်ယောက် ပူးပေါင်းပြီး မင်းဆီကို လာခဲ့တာ”
လီချန်းရှန့်က တည်ငြိမ်စွာ ပြန်လည် ပြောလိုက်၏။
“မင်းတို့ ခုနစ်ယောက်ပဲလား …”
ချန်းဖန်က ထိုအုပ်စုကို တစ်ချက် ဝှေ့ကြည့်ရင်း မေးလိုက်၏။
သူသည် အဇူရာ သက်ရှည် ခန္ဓာကို ရရှိပြီး ဖြစ်သလို ဝိညာဉ်ပင်လယ် အဆင့် အထိသို့ပါ ရောက်ရှိ နေခဲ့သူ ဖြစ်သည်။ အထူး ဝှက်ဖဲ တစ်ခုခု မရှိဘဲ ထိုခုနစ်ယောက်သည် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။
“ချန်းပေ့ရွှမ်း ... မင်းရဲ့ လျှို့ဝှက်ချက်ကို ငါတို့ကို ပြောပြပေးပါလား ... ငါတို့ မင်းကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လွှတ်ပေးပါ့မယ် …”
ဓမ္မရာဂျာစက္ကက ချန်းဖန်ကို ညင်သာစွာ ကြည့်ရင်း ဆိုလိုက်၏။
“ဟုတ်ပါတယ် ... ငါတို့ ကြားမှာ သွေးစွန်းတာမျိုး မဖြစ်ချင်ပါဘူး ... ငါတို့က မသေမျိုး ဘဝကိုပဲ လိုချင်တာပါ ... လင်းရှု့မင်က ငါတို့ အားလုံးထက် ပိုပြီး ပါရမီပါတယ် ... သူတောင် ကျဆုံးခဲ့ရတယ် ဆိုတော့ ငါတို့ အတွက်လည်း အခွင့်အရေး ရှိမယ် မထင်ဘူး ... ဒါကြောင့် မလိုဘဲ မြင်တွေ့နေရတဲ့ အခွင့်အရေးလေးကို ဖမ်းဆုပ်ချင်တာပါ …”
ကျန်းတိုင်ချင်းရွှမ်ကလည်း ဆိုလိုက်သည်။
“မင်းရဲ့ လျှို့ဝှက်ချက်တွေကို လက်လွှဲပေး …”
ဝါတနာဘေကမူ တိုက်ရိုက်သာ ဆို၏။
“မစ္စတာချန်း ... ခင်ဗျားသာ ကျုပ်တို့ကို ကူညီမယ် ဆိုရင် ကျုပ်တို့ မိတ်ဆွေတွေ အနေနဲ့ ဆက်ရှိ နေနိုင်ပါတယ် ... ခင်ဗျားမှာ ရဲ့ချင်စန်းလို အမေရိကန်လို ရန်သူကြီးတွေ ရှိသေးတယ် ဆိုတာ မမေ့ပါနဲ့ ... ကျုပ်တို့ အချင်းချင်း တိုက်ခိုက်ကြရင် သူတို့ အတွက် ဝမ်းသာစရာ ဖြစ်သွားလိမ့်မယ် …”
သွေးမိစ္ဆာ ဒမွန်ကလည်း ဖျောင်းဖျလိုက်၏။
“ဟားဟား …”
ချန်းဖန်က ရယ်မောလိုက်၏။
ထိုခုနစ်ယောက် ပေါင်းထားသော အင်အားစုသည် အမှန်တကယ်ပင် အစွမ်းထက်ကာ လင်းရှု့မင်၊ ရဲ့ချင်စန်း တို့ကိုပင် အနိုင်ယူနိုင်စွမ်း ရှိသည်။ သို့သော်လည်း ချန်းဖန်၏ မျက်လုံးတွင်မူ ထိုလူများကား အားနည်းလွန်း၏။
သူသည် မြောက်ပိုင်း ကောင်းကင် အရှင်သခင် အဖြစ် စကြဝဠာကို အုပ်စိုးခဲ့ဖူးသူ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို ဆန့်ကျင်ရဲလျှင် သူကလည်း ထိုလူ၏ ကံကြမ္မာကို အဆုံးသတ်ပေးမည် ဖြစ်၏။
“ချန်းပေ့ရွှမ်း အသက်ကို ဝအောင် ရှူထားစမ်း …”
အားလုံးထဲတွင် ယောင်တောက်ရီသည် စိတ်မြန်လက်မြန် အရှိဆုံးသူ ဖြစ်သည်။ သူက အော်ဟစ်ရင်း ချန်းဖန်ကို စတင် တိုက်ခိုက်လိုက်၏။
“ဘုန်း …”
ရုတ်တရက် မိုးကြိုး လျှပ်စီးအလင်း တစ်ခု ကောင်းကင်တွင် ဖြစ်တည်လာ၏။ ထိုမိုးကြိုးသည် တိုက်တန်၏ စွမ်းအားကို သယ်ဆောင်ကာ ချန်းဖန်ထံသို့ တိုးဝင်၏။
ကျန်းချူရန်၏ မျက်နှာကား ဖြူရော်နေပြီ ဖြစ်သည်။ သူမသည် သာမန် မိန်းကလေး ဖြစ်ရာ ထိုကဲ့သို့ ကြောက်စရာ မြင်ကွင်းမျိုးကို မမြင်တွေ့ခဲ့ဖူးချေ။
“နေသာနေတဲ့ အချိန်မှာတောင် မိုးကြိုးတွေက ဘယ်လို ပေါ်လာတာလဲ ... သူ ... သူတို့က နတ်ဘုရားတွေများလား …”
“မဟုတ်ဘူး ... လှည့်ကွက်လေးတွေပါ …”
ချန်းဖန်က နောက်နှစ်ဖက်ကို နောက်ပစ် ထားရင်းကပင် အကာအကွယ် အလင်းကို ဖြန့်ကျက်လိုက်သည်။
“ဘုန်း …”
မိုးကြိုးက ကျယ်လောင်သော ထစ်ချုန်းသံကို သယ်ဆောင်ကာ ချန်းဖန်၏ ခန္ဓာကိုယ် တစ်ဝိုက်ရှိ အဇူရာ အလင်းပေါ်သို့ ကျသည်။ အလင်းက အနည်းငယ် တုန်ခါသွားသည့်တိုင် တည်ငြိမ်နေဆဲ ဖြစ်၏။
“အခုချက်ချင်း ထွက်သွား ... ငါ မင်းတို့ရဲ့ အသက်တွေကို ချမ်းသာပေးမယ် ... မဟုတ်ရင် မင်းတို့ အားလုံး အပြင် မင်းတို့ရဲ့ တပည့်တွေကိုပါ ငါသတ်မယ် …”
ချန်းဖန်က အေးစက်သော အသံဖြင့် ကောင်းကင်ရှိ လူများကို ကြည့်ရင်း ဆိုလိုက်၏။
“သတ်စမ်း …”
သို့သော်လည်း ယောက်တောက်ရီက သူ၏ စွမ်းအားကို နှစ်ဆ တိုးမြှင့်လိုက်ကာ မိုးကြိုး တံဆိပ်တုံးနှင့် ချိတ်ဆက်လိုက်၏။
“ဘုန်း …”
ပိုမို အားကောင်းသော မိုးကြိုး စွမ်းအား တစ်ခု ကောင်းကင်တွင် ဖြစ်တည်လာကာ ချန်းဖန်ထံသို့ ကျဆင်းလာ၏။ ထိုတိုက်မှုသည် အလွန် ကြီးမားသော အားအင်ကို ထုပ်ပိုးထားရာ ထိုအရာကို ကြည့်၍ အခြား တန်ခိုးရှင် အဆင့်များပင် ဆွံ့အ သွားကြ၏။
“ကောင်းကင်သခင်ဂိုဏ်းရဲ့ မိုးကြိုး တံဆပ်တုံးက ကမ္ဘာပေါ်မှာ အစွမ်း အထက်ဆုံး ဓမ္မ ရတနာ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ် ညီတာပဲ …”
ကျန်းတိုင်ချင်းရွှမ်က ယောင်တောက်ရီကို မနာလိုစွာ ကြည့်လိုက်သည်။ ယောင်တောက်ရီသည် တန်ခိုးရှင် အဆင့်သာ ရှိသေးသော်လည်း ထိုဓမ္မ ရတနာ၏ အကူအညီဖြင့် သေမျိုး နတ်ဘုရား၏ စွမ်းအားကိုပင် ထုတ်ဖော် နေနိုင်နေပြီ ဖြသ်သည်။ မိုးကြိုး တံဆိပ်တုံး၏ ကျော်ကြားမှုကား အံ့ဩစရာ မရှိတော့ချေ။
“ဘဝင်မြင့်နေတဲ့ အရူးပဲ …”
ချန်းဖန်က ယောင်တောက်ရီ၏ တိုက်ခိုက်မှုကို ကြည့်ရင်း နှာခေါင်းရှုံ့လိုက်၏။
“ကောင်းပြီလေ ... မင်းတို့ရဲ့ သွေးတွေနဲ့ ယွင်ဝူတောင် တစ်ခုလုံးကို ဆေးခြယ် ရမှာပေါ့ ... ဒီနေ့က စလို့ အာရှမှာ တန်ခိုးရှင် အဆင့် မရှိတော့ဘူးလို့သာ မှတ်လိုက်တော့ …”
***