← Chapters

နတ်မိစ္ဆာ၏ စွမ်းအား

Vol. 6 Ch. 543

နတ်မိစ္ဆာ၏ စွမ်းအား

Vol. 6 Ch. 543

“ဘုန်း …”

ဂုရုကြီး ရာမက ချန်းဖန်အား စတင်ကာ တိုက်ခိုက်လိုက်၏။

သူက ရှေ့သို့ တစ်လှမ်းတိုးကာ လက်နှစ်ဖက်ကို ခါယမ်းလိုက်သည်။

“ဘုန်း …”

ကြီးမားသော ရွှေရောင် လက်ဝါးကြီးက ဂုရုကြီး ရာမ၏ လက်မှ ထွက်ပေါ်လာ၏။ ထိုလက်ဝါးကြီးသည် အလွန်ကြီးမားလှကား ရှေ့ဟောင်း တိုက်ဆင်ကြီး တစ်ကောင် အလားပင် ထင်မှတ်ရ၏။

“ဘုန်း ... ဘုန်း …”

ထိုလက်ဝါးကြီး ပေါ်ထွက်လာသည်နှင့် ပတ်ဝန်းကျင်ရှိ သစ်ပင်များ အားလုံး လဲပြို ကုန်တော့သည်။ ချန်းဖန်၏ ရွှေရောင် လက်ဝါးပင်လျှင် ထိုမျှသော ဖိအားကို ထုတ်ဖော်နိုင်ခြင်း မရှိချေ။

“ကမ္ဘာပေါ်မှာ ဒီလောက် အစွမ်းထက်တဲ့ ခန္ဓာကိုယ် ကျင့်ကြံသူ ရှိနေမယ်လို့ ငါ မထင်ထားခဲ့မိဘူး …”

ချန်းဖန်၏ မျက်လုံး၌ အလင်းတစ်ခု လင်းလက်သွား၏။

ဂုရုကြီး ရာမတွင် အတွင်းအား မရှိချေ။

သို့သော်လည်း သူသည် ခန္ဓာကိုယ် ကျင့်ကြံခြင်း လမ်းစဉ်ဖြင့် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို ထိတွေ့နိုင်၏။ ထိုနည်းဖြင့် သူသည် ကြီးမားသော တိုက်ခိုက်ရေး စွမ်းအားကို ဖော်ထုတ်နိုင်သည်။

ထိုအချက်များက ဂုရုကြီး ရာမသည် အလွန် အစွမ်းထက်သော ခန္ဓာကိုယ် ကျင့်ကြံသူ တစ်ယောက် ဖြစ်ကြောင်း ဖော်ညွှန်းနေ၏။ သူကား နှစ်ရာချီကြာအောင် ခန္ဓာကိုယ်ကို တစ်စိုက်မတ်မတ် လေ့ကျင့်ခဲ့သူ ဖြစ်ရာ ထုံရှန်းထက်ပင် အဆများစွာ ပိုမို အစွမ်းထက်၏။

“ဒါကို ခုခံစမ်း …”

ချန်းဖန်က လက်သီးတစ်ချက်ကို ထုတ်လွှတ်လိုက်၏။

ထိုလက်သီးချက်၌ သူသည် မည်သည့် ဆန်းကျယ် စွမ်းအားကိုမျှ သုံးမထားချေ။ သာမန် သေမျိုးခန္ဓာ သက်သက်ကိုသာ သုံးထားခြင်း ဖြစ်သည်။

“ဘုန်း …”

ပုံသဏ္ဌာန်မဲ့ လက်သီး အားလှိုင်း တစ်ခု ကောင်းကင်တွင် ဖြစ်ပေါ်လာကာ ကောင်းကင်သို့ ထိုးတက်၏။

ချန်းဖန်၏ အဇူရာ သက်ရှည် ခန္ဓာကိုယ်သည် စဦး အဆင့်ကို အောင်မြင် ပြီးခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် မီတာ ရာချီ မြင့်မားသော ကျောက်ဆောင်ကိုပင် လက်သီး သက်သက်ဖြင့် ဖျက်ဆီးပစ် နေနိုင်ပြီ ဖြစ်သည်။

“ဘုန်း …”

ရွှေရောင် လက်ဝါးနှင့် သဏ္ဌာန်မဲ့ လက်သီးလှိုင်းတို့ ကောင်းကင်တွင် တွေ့ဆုံကြ၏။

“ဘုန်း …”

လက်သီး လှိုင်း၏ တိုက်စားမှုတွင် ရွှေရောက် လက်ဝါး ပျက်စီးရသလို ဂုရုကြီး ရာမ၏ ခန္ဓာကိုယ်သည်လည်း တဆတ်ဆတ် တုန်ရီသွား၏။

“ခရက် ... ခရက် …”

အားလုံး၏ အကြည့်များ အောက်တွင်ပင် ဂုရုကြီး ရာမ၏ အင်္ကျီများ အပိုင်းပိုင်း ပြတ်ကာ ပျက်စီး သွားသလို ဂုရုကြီး ရာမ၏ ခန္ဓာကိုယ်သည်လည်း နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရ၏။

“မင်းမှာ နတ်မိစ္ဆာရဲ့ စွမ်းအား ရှိတာလား …”

ဂုရုကြီး ရာမက ချန်းဖန်အား အံ့အားသင့်စွာ ကြည့်လိုက်သည်။

သူ ပိုင်ဆိုင်ထားသော စွမ်းအားသည် ဆင် နတ်ဘုရား၏ စွမ်းအား ဖြစ်သည်။ ထိုစွမ်းအားသည် အရှိန်ဖြင့် လာနေသော ရထားကို ရပ်တန့်နိုင်းစွမ်း ရှိသလို ရေနဂါး တစ်ကောင်ကိုလည်း အနိုင်ယူနိုင်စွမ်း ရှိသည်။

သို့သော်လည်း ချန်းဖန် ဖော်ထုတ်ခဲ့သော ခန္ဓာကိုယ် တိုက်ခိုက်မှုသည် သူ့ထက် များစွာ ပိုမို၍ အစွမ်းထက်နေသည်။ နတ်မိစ္ဆာ၏ စွမ်းအားမှ လွဲလျှင် မည်သည့် စွမ်းအားကမျှ ထိုမျှလောက် မသန်မာနိုင်ချေ။

“နတ်မိစ္ဆာရဲ့ ခန္ဓာကိုယ် …”

ဂုရုကြီး ရာမ၏ မျက်လုံးများက တလက်လက် တောက်ပသွား၏။

“ငါသာ သူ့သွေးတွေကို စုပ်ယူပြီး ကျင့်ကြံမယ် ဆိုရင် ရှေးဟောင်း ဒဏ္ဍာရီထဲက နတ်မိစ္ဆာ အဆင့်ကို ချိုးဖျက်နိုင်မှာ သေချာတယ် …”

“ဆရာကြီး ... ခင်ဗျား သူ့ကို ခန္ဓာကိုယ် သက်သက်နဲ့ မတိုက်ခိုက်နိုင်ဘူး ... ချန်းပေ့ရွှမ်းရဲ့ ခန္ဓာကိုယ်က မြေကမ္ဘာ အဆင့်ကို ရောက်နေပြီ …”

လီချန်းရှန့်က အော်ဟစ် သတိပေးရင်း ခရမ်းရောင် ချီစွမ်းအားကို ဖော်ထုတ်လိုက်သည်။

ထိုခရမ်းရောင်ချီ စွမ်းအင်သည် လီချန်းရှန့် နှစ်တစ်ရာ့ လေးဆယ်တိုင်တိုင် ကျင့်ကြံထားခဲ့သော စွမ်းအား ဖြစ်သည်။ ထိုစွမ်းအားသည် ဆန်းကျယ်ချီထက် ပိုမို အစွမ်းထက်ကာ ကျင့်ကြံသူ တစ်ယောက်၏ ဆန်းကျယ် စွမ်းအားနှင့်ပင် ယှဉ်နိုင်၏။

“ဟမ့် …”

ချန်းဖန်က နှာခေါင်းရှုံ့ကာ ဆန်းကျယ် စွမ်းအားဖြင့် အဇူရာ အလင်းကို ဆင့်ခေါ်လိုက်၏။

တစ်ချိန်တည်းတွင်ပင် ဝါတနာဘေက ဓာအား လွှဲခုတ်လိုက်၏။ သူ၏ ဓားက တစ်ဆယ် မီတာခန့် ရှည်လျားသော အလင်းကို ဖန်တီးသည်။

ဓမ္မရာဂျာ စက္ကကလည်း ပုတီးတစ်ကုံးကို ထုတ်ယူ လိုက်သည်။ ပုတီးလုံး တစ်ခုချင်းစီက လင်းတောက်ပသော စွမ်းအားများကို သယ်ဆောင်ကာ ချန်းဖန်ထံ တိုးဝင်သည်။

ကျန်းတိုင်ချင်းရွှမ်ကလည်း ပါးစပ်ထဲမှ ကြားပန်းများကို ထွေးထုတ်သည်။ ထိုကြာပန်းများက များပြားရကား ပန်းပင်လယ် တစ်ခု ဖြစ်ပေါ်လာ၏။

ယောင်တောက်ရီက မိုးကြိုး တံဆိပ်တုံးကို ကိုင်ဆောင်သည်နှင့် ကောင်းကင်က တုန်ခါလာ၏။

စက္ကန့်ပိုင်း အတွင်းတွင်ပင် တန်ခိုးရှင်များသည် သူတို့၏ အစွမ်း အထက်ဆုံး နည်းစနစ်များကို ထုတ်ဖော် လိုက်ကြပြီ ဖြစ်သည်။

“ဓားအလင်း အဖြူရောင် ကြာပန်း ပုတီးလုံး မိုးကြိုး ခရမ်းရောင်ချီ …”

ချန်းဖန်၏ မျက်နှာကား လေးနက် နေချေပြီ ဖြစ်သည်။

တိုက်ခိုက်လာ သူများထဲမှ အားအနည်းဆုံးဟု ဆိုနိုင်သည့် ကျန်းတိုင်ချင်းရွှမ်ပင်လျှင် တန်ခိုးရှင် နောက်ဆုံး အဆင့် ဖြစ်သည်။

ထို့ကြောင့် သူတို့ ဖော်ထုတ်သော စွမ်းအားသည် ကောင်းကင်ကို အနက်ရောင် ချယ်ကာ တောင်တန်းကိုပင် စတင် တုန်ခါစေ၏။

“ဟူး …”

သွေးများသည် ချန်းဖန်၏ ခန္ဓာကိုယ်၌ မြစ်တစ်စင်း အလား ကြမ်းတမ်းစွာ စီးစင်းနေ၏။ မဟာအဇူရာ အလင်းများကလည်း သူ၏ အရိုးများတွင် တောက်ပလာကာ ပတ်ဝန်းကျင်ကို ရိုက်ခတ်သည်။

“ပွင့်စမ်း …”

ချန်းဖန်က ကောင်းကင်သို့ ဦးတည်၍ လက်သီး တစ်ချက် ထိုးလိုက်၏။ ထိုလက်သီးသည် ဆန်ကျယ်စွမ်းအားနှင့် ခန္ဓာအင်အား နှစ်ခု စလုံးကို သယ်ဆောင်၍ ကောင်းကင်သို့ ပျံတက်သည်။

“ဘုန်း …”

တိုက်ခိုက်မှုများ ထိပ်တိုက် တွေ့ကြရာ ကမ္ဘာ ပျက်မတတ် ပေါက်ကွဲသံများ ပေါ်ထွက်လာ၏။ မိုးကြိုးများနှင့် အဇူရာ အလင်းများက ကောင်းကင်၌ မြူးထူး၍ တိမ်များကိုပင် ကျော်ဖြတ်ကာ လင်းလက်ကြသည်။

“ဘယ်သူ နိုင်တာလဲ …”

ကျန်းချူရန်က ရေရွတ်လိုက်သည်။ ထိုခဏ၌ သူမ၏ မျက်စိများ၊ နားများကား မမြင်နိုင် မကြားနိုင် တော့ချေ။

ထိုအချိန်၌ ချန်းဖန်သည် သူမ၏ ရှေ့၌ မားမားမတ်မတ် ရပ်နေဆဲ ဖြစ်သည်။ တန်ခိုးရှင် အဆင့် ခုနစ်ယောက်မှာမူ ကောင်းကင်တွင် လေထုကို နင်း၍ မျောလွင့်နေကြ၏။

“ချန်းပေ့ရွှမ်း ... မင်းက အရမ်း အစွမ်းထက်တယ် ဆိုတာ ငါတို့ သိပါတယ် ... မင်းက ငါတို့ ခုနစ်ယောက်ပေါင်း တိုက်ခိုက်မှုကို ရင်ဆိုင်နိုင်တာ ဆိုလို့ ကမ္ဘာပေါ်မှာ တစ်ယောက်တည်းပဲ ရှိလိမ့်မယ် ... ဒါပေမဲ့ ငါတို့ရဲ့ တိုက်ခိုက်မှုကို မင်း ဘယ်လောက်ကြာကြာ ရင်ဆိုင်နိုင်မှာလဲ …”

ယောင်တောက်ရီက မေးလိုက်သည်။

“လက်လျှော့လိုက်ပါ... မောင်ငယ်ချန်း ... မင်းရဲ့ လျှို့ဝှက် ကျင့်စဉ်ကို ပေးတာနဲ့ ငါတို့ ချက်ချင်း ထွက်သွားပေးမှာပါ …”

ကျန်းတိုင်ချင်းရွှမ်ကလည်း ဖျောင်းဖျလိုက်၏။

“ခရက် …”

ရုတ်တရက် အက်ကွဲသံ တစ်ခု ပေါ်ထွက်လာ၏။

“ဘုန်း …”

တောင်ထိပ်ရှိ အဆောက်အဦကား တိုက်ပွဲဒဏ်ကြောင့် ပြိုပျက် ကျသွားခဲ့ပြီ ဖြစ်သည်။ ကျန်းချူရန်သည် ချန်းဖန်၏ အကာအကွယ် အောက်၌ ရှိနေရာ ထိခိုက်မှု မရှိခဲ့ချေ။

“မင်းတို့ရဲ့ အင်အားက အခုထက် နှစ်ဆ ဖြစ်နေရင်တောင် ငါ့ကို အညံ့ခံခိုင်းဖို့ မမျှော်လင့်နဲ့ …”

ချန်းဖန်က ပြောရင်း ကျန်းချူရန်၏ ခန္ဓာကိုယ်ကို လက်ဝါးဖြင့် ထိလိုက်သည်။ ဆန်းကျယ် စွမ်းအား တစ်ခုက သူမ၏ ခန္ဓာကိုယ်ကို သယ်ဆောင်ကာ ကောင်းကင်သို့ မျောလွင့်သည်။

“အန်တီထန်ဆီကို သွား...”

ပျံ့လွင့်လာသော အသံ တစ်ခုနှင့် အတူ ကျန်းချူရန်၏ ခန္ဓာကိုယ်က အဇူရာ အလင်းတန်း အသွင်သို့ ပြောင်းကာ ယွင်ဝူတောင်မှ ရန်ကူး ရေကန်ဆီသို့ ကျသည်။

သူမအား မည်သူကမျှ ကြားဖြတ်ကာ တားဆီးခြင်း မရှိချေ။ လီချန်းရှန့်၊ ဝါတနာဘေ စသည့် တန်ခိုးရှင် အဆင့်များ အတွက် ကျန်းချူရန် ကဲ့သို့သော သာမန်လူများ၏ သေရေး၊ ရှင်ရေးက အရေးမပါချေ။

“ဒကာကြီး ပေ့ရွှမ်း ... မင်းရဲ့ ဆုံးဖြတ်ချက်က ဘာလဲ …”

ဓမ္မရာဂျာ စက္ကက လက်အုပ်ချီရင်း မေးလိုက်သည်။

“ဟီးဟီး …”

ချန်းဖန်က ရယ်မောရင်း အကြောဆန့်လိုက်သည်။ မိုးကြိုးအလား ဆူညံသော အသံများက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။

“ငါ့မှာ ကာကွယ်စရာ လူမရှိတော့ဘူး ဆိုတော့ လွတ်လွတ်လပ်လပ် သတ်လို့ ရပြီ ပေါ့ကွာ ... မင်းက ပထမဆုံး တစ်ယောက်ပဲ …”

ထိုခဏတွင်ပင် ချန်းဖန်၏ ခန္ဓာကိုယ်က အသံ၏ အမြန်နှုန်းကို ချိုးဖောက်သွား၏။ ရုတ်တရက် အဇူရာ အလင်းတစ်ခု ကောင်းကင်၌ ဖြန့်ကြက်ကာ ဖြစ်ပေါ်လာတော့သည်။

***

All Chapters