← Chapters

မရှုံးနိမ့်သူ

Vol. 6 Ch. 544

မရှုံးနိမ့်သူ

Vol. 6 Ch. 544

“ဘုန်း …”

မျက်စိတစ်မှိတ် အတွင်းတွင်ပင် ချန်းဖန်သည် ဓမ္မရာဂျာစက္က၏ အရှေ့၌ ပြန်လည် ပေါ်ထွက်လာကာ တိုက်ခိုက်လိုက်သသည်။

ချန်းဖန်၏ လှုပ်ရှားမှုကား အလွန်တရာ လျင်မြန်လှရာ ဓမ္မရာဂျာစက္က အနေဖြင့် အကာအကွယ် ဓမ္မအစီအရင်ကိုသာ  ဖြန့်ကြက်ရန် အချိန်ရခဲ့သည်။

“ဟူး …”

ရုတ်တရက် ဓမ္မရာဂျာ စက္က၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်း၍ အကာအကွယ် အလင်းတစ်ခု ဖြစ်ပေါ်လာ၏။ ထိုအလင်း အတွင်း၌ ကျားနှင့် နဂါးတို့က ရစ်ခွေကာ ဓမ္မရာဂျာစက္ကအား ကာကွယ်သည်။

“ကျားနဂါး အကာအကွယ် …”

ယောင်တောက်ရီက ရေရွတ်လိုက်သည်။

ကျားနဂါး အစီအရင်သည် ဗုဒ္ဓမန္တာန်ဂိုဏ်း၏ အကာအကွယ် အစီအရင် ဖြစ်သည်။ ခင်းကျင်းသူသည် ထိုအစီအရင်ကို သုံး၍ မိမိကိုယ်ကို ကာကွယ်ရန် ကျားနှင့် နဂါးကို အမိန့်ပေးနိုင်သည်။

ဓမ္မရာဂျာစက္ကသည် ထိုအစီအရင်ကို ဗြိတိသျှ စစ်သားများ ပူတာလ ကျောင်းတော်ကို ကျူးကျော်စဉ်က တစ်ကြိမ် ထုတ်ဖော်ခဲ့ဖူးသည်။ ဗြိတိသျှ စစ်သားများသည် ပူတာလ ကျောင်းတော်ကို သုံးရက် သုံးည တိုင်တိုင် တိုက်ခိုက်ခဲ့သော်လည်း ကျားနဂါး အစီအရင်ကို ကျော်ဖြတ်၍ ထိုးဖောက်နိုင်စွမ်း မရှိခဲ့ချေ။

“ဘုန်း …”

ကျယ်လောင်သော ပေါက်ကွဲသံနှင့် အတူ ချန်းဖန်၏ လက်သီးက ရွှေရောင် အကာအကွယ်ကို အပေါက်တစ်ပေါက် ထိုးဖောက်ရန် တွန်းအားပေးသည်။ တစ်က္ကန့် အတွင်းမှာပင် အကာအကွယ် ကွဲအက်ကာ ကျားနှင့် နဂါးသည်လည်း ပျောက်ကွယ်၏။

“ဘုန်း …”

ရုတ်တရက် ဓမ္မရာဂျာစက္က၏ ခန္ဓာကိုယ်မှ ပေါက်ကွဲသံ တချို့ ထွက်ပေါ်လာကာ တောက်ပသော ရောင်ခြည်များ ကွန့်မြူးလာသည်။ ထိုအရာကား ဓမ္မရာဂျာ စက္က၏ ဒုတိယမြောက် အကာအကွယ် အစီအရင်ပင် ဖြစ်သည်။

“ဘုန်း …”

ချန်းဖန်၏ လက်သီးက ထိုအစီအရင်ကိုပါ ဖျက်ဆီး၍ ဓမ္မရာဂျာစက္က၏ ခန္ဓာကိုယ်ကို ထိသည်။ လက်သီး၏ အရှိန်တွင် ဓမ္မရာဂျာ စက္က၏ ခန္ဓာကိုယ် နောက်သို့ ပျံ့လွင့်ကာ သွေးတစ်လုတ် အန်လိုက်ရသည်။

ပထမဆုံး တိုက်ခိုက်မှု အပြီးတွင်ပင် ဓမ္မရာဂျာစက္က၏ မျက်နှာကား သွေးမရှိ သကဲ့သို့ ဖြူရော်နေခဲ့ပြီ ဖြစ်သည်။ သူ၏ ရင်ဘတ်တွင်မူ သုံးစက်တီမီတာခန့် ရှိသော လက်သီးရာ အပေါက်တစ်ခု ဖြစ်ပေါ်နေ၏။ သူ၏ အင်္ကျီများမှာမူ အပိုင်းပိုင်း ပြတ်ကာ စုတ်ပြဲ နေခဲ့ပြီ ဖြစ်သည်။

ဓမ္မရာဂျာ စက္ကသည် ခန္ဓာကိုယ် ကျင့်ကြံခြင်း၌ အလွန်မြင့်မားသော အဆင့်ကို ရောက်နေသူ ဖြစ်သော်လည်း ချန်းဖန်၏ ခန္ဓာကိုယ် သက်သက် တိုက်ခိုက်မှု၌ အသတ်ခံရမလိုပင် ဖြစ်ခဲ့ရသည်။ ထိုအချက်က ချန်းဖန်၏ ခန္ဓာကိုယ် သန့်စင်မှု မည်မျှ မြင့်မားနေကြောင်း ဖော်ညွှန်းနေသည်။

တိုက်ပွဲ ရလဒ်ကြောင့် အခြား တန်ခိုးရှင်များသည် ပင့်သက်ရှိုက် လိုက်မိကြ၏။ ကျားနဂါး အစီအရင်နှင့် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ် နှစ်ခုပေါင်းပင်လျှင် ချန်းဖန်၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှု၌ ကျရှုံးခဲ့ရသည်။

အဘယ်ကြောင့် ထိုသတ္တဝါ၏ ခန္ဓာကိုယ်က အလွန် အစွမ်းထက် နေရသနည်း။

သွေးမိစ္ဆာ ဒမွန်၏ မျက်လုံးများကား သွေးရောင် လွှမ်းနေပြီ ဖြစ်သလို အခြား တန်ခိုးရှင်များသည်လည်း မျက်နှာပျက် နေကြပြီ ဖြစ်သည်။

အားအနည်းဆုံး တန်ခိုးရှင် ကျန်းတိုင်ချင်းရွှမ် ဆိုလျှင် ရင်များပင် တဒိတ်ဒိတ် ခုန်နေခဲ့ပြီ ဖြစ်သည်။ ထိုတိုက်ခိုက်မှုသာ သူမ အပေါ်သို့ ကျရောက်ခဲ့လျှင် ယခု အချိန်၌ သူမ အသက်ရှိနေတော့မည် မဟုတ်ချေ။

“မင်း ဘယ်နှကြိမ် တားနိုင်မလဲ ကြည့်ရတာပေါ့ …”

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း မောက်မာစွာ ရပ်လိုက်၏။ သူ၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်တွင် အေးစက်သော အငွေ့အသက်များ ထုတ်လွှတ်နေ၏။

သူ၏ ရှည်လျားသော အနက်ရောင် ဆံပင်များက လေထုတွင် ကခုန်နေကာ ကြီးမားသော အင်္ကျီလက်များက လေဝှေ့တိုင်း တဖျတ်ဖျတ် လွင့်ပါနေသည်။ ခန္ဓာကိုယ် တစ်ဝိုက်တွင်မူ အဇူရာ အလင်း တစ်ခုက လင်းလက်နေကာ သူ့အား နတ်ဘုရားကဲ့သို့ အရှိန်အဝါကို ပေးသည်။

“သူ့ရဲ့ တိုက်ခိုက်မှုတွေက အရမ်းကို အစွမ်းထက်လွန်းတယ် ... သူ့မှာ တိုက်ခိုက်ဖို့ မအားလပ်တဲ့ အထိ ငါတို့ သူ့ကို ဖိအားပေးမှ ဖြစ်မယ် …”

လီချန်းရှန့်က အင်္ကျီလက်များကို ကြမ်းတမ်းစွာ ဝှေ့ယမ်းရင်း ခရမ်းရောင် ချီများကို ဆင့်ခေါ်လိုက်၏။ ထိုခရမ်းရောင် ချီများက လေပြင်းမုန်တိုင်း၏ အင်အားကို ယူဆောင်ကာ ချန်းဖန်ထံသို့ တိုးဝင်သည်။

တစ်ချိန်တည်းတွင်ပင် ဝါတနာဘေနှင့် ယောက်တောက်ရီ တို့ကလည်း သူတို့၏ အစွမ်း အထက်ဆုံး နည်းစနစ်များကို ထုတ်ဖော်လိုက်သည်။

ယခု တစ်ကြိမ်တွင်မူ ချန်းဖန်သည် သူ၏ နည်းဗျူဟာကို ပြောင်းလဲကာ တိုက်ရိုက် ရင်ဆိုင်ခြင်းမှ ရှောင်ရှားရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ သူသာ ရှောင်တိမ်းရန် ဆန္ဒရှိလျှင် မည်သူကမျှ သူ့အား ထိအောင် တိုက်ခိုက်နိုင်မည် မဟုတ်ချေ။

“ဘုန်း …”

ချန်းဖန်သည် အသံ၏ အမြန်နှုန်းကို ချိုးဖျက်ကာ ကျန်းတိုင်ချင်းရွှမ်၏ အနားသို့ မျက်တောင်တစ်ခတ်အတွင်း ရွေ့လျားသွား၏။

တန်ခိုးရှင် ခုနစ်ယောက်တွင် ကျန်းတိုင်ချင်းရွှမ်သည် အားအနည်းဆုံး တစ်ယောက် ဖြစ်သည်။ သူမသည် တန်ခိုးရှင် ထိပ်ဆုံး အဆင့်သို့ ရောက်သည်မှာ သိပ်ကြာပုံ မပေါ်သေးချေ။

“ဟမ် …”

ကျန်းတိုင်ချင်းရွှမ်၏ မျက်နှာက ဖြူရော်သွားကာ အကာအကွယ် အစီအရင်ကို ချက်ချင်းပင် ဆင့်ခေါ်လိုက်၏။ ရုတ်တရက် ကြီးမားသော အဖြူရောင် ကြာပန်း တစ်ခုက သူမ၏ ဘေးကို ဝန်းရံ၍ ပေါ်ထွက်လာ၏။

သို့သော်လည်း မည်သည်က ချန်းဖန်၏ တိုက်ခိုက်မှုကို တားဆီး နိုင်မည်နည်း။

“ဘုန်း …”

ချန်းဖန်၏ လက်သီးက ကြာပန်း အကာအကွယ်ကို ဖျက်ဆီးကာ ကျန်းတိုင်ချင်းရွှမ်၏ ခန္ဓာကိုယ်ကို လွင့်စဉ် သွားစေသည်။

“ဟမ် …”

ချန်းဖန်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွား၏။ တစ်စုံတစ်ခုကား လွဲချော်နေသည်။

စောစောက သူ တိုက်ခိုက်လိုက်သော ကျန်းတိုင်ချင်းရွှမ်ကား ပုံရိပ်ယောင် တစ်ခုသာ ဖြစ်သည်။

ချန်းဖန်သည် နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက်ကာ ကျန်းတိုင်ချင်းရွှမ် အစစ်၏ တည်နေရာကို ရှာဖွေလိုက်သည်။ သူမသည် ချန်းဖန်နှင့် မီတာရာချီသော နေရာ တစ်ခု၌ ရပ်ကာ ကြာပန်း ပွင့်လွှာများကို စီးနင်းထားသည်။ ထိုအထဲမှ တစ်ခုကား ပျက်စီး နေခဲ့ပြီ ဖြစ်၏။

“ဒါက ဓမ္မ လက်နက် ... မဟုတ်သေးဘူး ဝိညာဉ်လက်နက်တောင် ဖြစ်ချင် ဖြစ်နိုင်တယ် ... ဘာပဲဖြစ်ဖြစ် အဲဒါက မင်း အသက်ကို ဘယ်နှကြိမ် ကာကွယ် ပေးနိုင်မှာ မလို့လဲ …”

ချန်းဖန်က နှာခေါင်းရှုံ့လိုက်သည်။

ထိုအချိန်၌ ကျန်းတိုင်ချင်းရွှမ်ကား အလွန် ကြောက်လန့် နေခဲ့ပြီ ဖြစ်သည်။ ဓမ္မလက်နက် အကာအကွယ်သာ မရှိပါက ချန်းဖန်၏ လက်သီးချက်၌ သူမ သေဆုံး သွားလောက်ပြီ ဖြစ်သည်။ သို့သော်လည်း ဓမ္မလက်နက်သည် သူမကို နောက်ထပ် သုံးကြိမ်သာ ကာကွယ်ပေးနိုင်စွမ်း ရှိတော့သည်။

“သူ့ကို တားကြစမ်း …”

ကျန်းတိုင်ချင်းရွှမ်၏ အကျပ်အတည်းကို သတိထားမိသည်နှင့် လီချန့်ရှန်းက တလောတကြီး အော်ဟစ် ဆော်ဩလိုက်၏။

ဂုရုကြီး ရာမက ရှေ့သို့ တိုးကာ ချန်းဖန်အား တိုက်ခိုက်လိုက်သည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် ချန်းဖန်၏ စည်းကမ်းမဲ့သော တိုက်ခိုက်မှုများ အောက်၌ ကြာမြင့်စွာ ခုခံနိုင်ခြင်း မရှိချေ။

“ဘုန်း …”

“ဘုန်း …”

“ဘုန်း …”

ချန်းဖန်၏ တတိယမြောက် လက်သီးချက်တွင် ဂုရုကြီး ရာမ၏ ခန္ဓာကိုယ်ကား နောက်သို့ လွင့်စဉ် ရ၏။

ထိုအရာကား အဇူရာ သက်ရှည် ခန္ဓာကိုယ်၏ အစွမ်း ဖြစ်သည်။ ထိုအရာကို ဂုရုကြီး ရာမ ကဲ့သို့သော သာမန် ခန္ဓာကိုယ် ကျင့်ကြံသူ ကလေးက မည်ကဲ့သို့ ခုခံနိုင်မည်နည်း။

“ဘုန်း …”

တစ်ဆက်တည်းပင် ချန်းဖန်က မိုးကြိုးများကို ဆင့်ခေါ်ကာ ဝါတနာဘေ၏ ဓားအလင်းကို ဖျက်ဆီးလိုက်သည်။ သူက ရှေ့သို့ ဆက်တိုးကာ ဝါတနာဘေအား သတ်ဖြတ်ရန် ပြင်သည်။

သို့သော်လည်း နောက်ကျောမှ တိုက်ခိုက်လာသော အသံတစ်ခုကြောင့် ချန်းဖန်သည် ခန္ဓာကိုယ်ကို တစ်ရာ့ရှစ်ဆယ် ဒီဂရီ လှည့်လိုက်ရသည်။ အံ့အားသင့်စွာပင် အတင့်ရဲကာ တိုက်ခိုက်လာသူကား ခရမ်းရောင် စွမ်းအားများ ဝန်းရံနေသည့် လီချန်းရှန့် ဖြစ်၏။

“ဝူတန်ဂိုဏ်းရဲ့ သိုင်းဓမ္မ ကျင့်စဉ်က အရမ်း အစွမ်းထက်တယ်လို့ ငါ မကြာခဏ ကြားဖူးတယ် ... မင်း ဘယ်လောက် ကြာကြာ တိုက်ခိုက်နိုင်မလဲ ကြည့်ရသေးတာပေါ့ …”

ချန်းဖန်က ကျယ်လောင်စွာ အော်ဟစ် ရယ်မောရင်း လီချန်းရှန့်အား စတင်ကာ တိုက်ခိုက်လိုက်၏။

“ဘုန်း …”

လီချန်းရှန့်သည် လေထဲတွင် ပျံဝဲရင်း တိမ်တိုက်များ ကဲ့သို့ ကောင်းကင်၌ လှုပ်ရှားသည်။

သူ၏ အစစ်အမှန်ချီသည် အလွန် နူးညံ့ကာ အစစ်အမှန် အမတေနှင့်ပင် ယှဉ်နိုင်သည်။ သူ၏ လက်များက ညင်သာစွာ ကခုန်ရာ၌ လှိုင်းများ ဖြစ်ပေါ်လာကာ ချန်းဖန်၏ တိုက်ခိုက်မှုများကို ကာကွယ်သည်။ သူ၏ လှုပ်ရှားမှုတိုင်းက စမ်းချောင်း တစ်ခု စီးဆင်းနေ သကဲ့သို့ လိုက်လျော ညီထွေရှိကာ ရှေ့ဟောင်းဆန်သော အငွေ့အသက်ကို သယ်ဆောင်ထား၏။

သို့သော်လည်း ချန်းဖန်သည် သူ့ထက် ပိုမိုကာ အစွမ်းထက်၏။

သူ၏ တိုက်ခိုက်မှု တစ်ခုချင်းစီက အလွန်အမင်း ပြင်းထန်ကာ ခန့်မှန်း၍ မရနိုင်အောင် လျင်မြန်လှသည်။ သူစ လှုပ်ရှားမှုတိုင်းက သာမန် သေမျိုး သိုင်းသမားတို့၏ အကန့်အသတ်ကို ကျော်လွန် နေခဲ့ပြီ ဖြစ်သည်။

“ဘုန်း ... ဘုန်း ... ဘုန်း …”

မျက်စိတစ်မှိတ်တွင်းမှာပင် သူတို့ နှစ်ယောက်သည် ဆယ်ကြိမ်ထက်မက တိုက်ခိုက် ပြီးသွားကြပြီ ဖြစ်သည်။

“ဘုန်း …”

ဆယ့်တစ်ကြိမ်မြောက် တိုက်ခိုက်မှု၌ လီချန်းရှန့်၏ ခံစစ်သည် တဖြည်းဖြည်း ယိုယွင်းလာကာ စွမ်းအားများ မတည်မငြိမ် ဖြစ်လာခဲ့သည်။

လီချန်းရှန့်က ချန်းဖန်၏ တိုက်ခိုက်မှု အရှိန်ကို ယူကာ နောက်သို့ ဆုတ်ခွာသည်။ သူ၏ ခြေလှမ်း တစ်ခုချင်းစီ၏ အောက်၌ ပေါက်ကွဲမှုများက ဆက်တိုက် ဖြစ်ပေါ်ကာ အောက်သို့ ကျခြင်းမှ ထိန်းသိမ်းသည်။

လီချန်းရှန့်သည် ခြေဆယ်လှမ်း ဆက်တိုက် ဆုတ်ခွာပြီးမှ ခန္ဓာကိုယ် ဟန်ချက်ကို ပြန်ထိန်း လိုက်နိုင်သည်။ သို့သော်လည်း ကြီးမားသော ဖိအား၏ အောက်၌ သူ၏ မျက်နှာသည် ရဲရဲနီနေခဲ့၏။

“သူ့ကို တားကြမယ်ဟေ့ ... အစ်ကိုလီကို အနားပေးလိုက်ဦး …”

အခြားသော တန်ခိုးရှင်များက အချင်းချင်း သတိပေးရင်း ချန်းဖန်ထံ ပြေးဝင် လာကြသည်။

ဂုရုကြီး ရာမက ရှေ့ဆုံးမှ ဦးဆောင်၍ ချန်းဖန်အား တိုက်ခိုက်လိုက်သည်။ သို့သော်လည်း ချန်းဖန်၏ လက်သီးချက် အောက်၌ သူ၏ ခန္ဓာကိုယ်သာ နောက်သို့ လွင့်စဉ် ရသည်။

သို့သော်လည်း သူသည် ချက်ချင်းပင် ပြန်ထလာ၏။ သူကား ယခု တိုက်ခိုက်နေသည့် တန်ခိုးရှင်များတွင် ချန်းဖန် အတွက် စိတ်အရှုပ်ရဆုံး တစ်ယောက် ဖြစ်သည်။

သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုက ချန်းဖန်ထက် အားနည်းသည် ဆိုသော်လည်း သူ လေ့ကျင့်သော ယောဂ ကျင့်စဉ်က သူ့အား အနှိုင်းမဲ့သော ပြန်လည် ကုသနိုင်စွမ်းကို ပေးထားသည်။ သူ့အား သတ်ရန် အတွက် အတက်မပြတ် ဖိအားပေးကာ တိုက်ခိုက်ရန် လိုသည်။ သို့သော်လည်း ချန်းဖန်သည် အခြား တန်ခိုးရှင် ခြောက်ယောက်ကိုလည်း ရင်ဆိုင် ရသေးရာ သူတစ်ယောက်တည်းကို ဖိအားပေး တိုက်ခိုက်နိုင်ခြင်း မရှိသေးချေ။

“ဓား ... လာစမ်း …”

ချန်းဖန်သည် သူ၏ နည်းဗျူဟာကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။

“ကလန့် …”

ရွှေရောင် ဓားအလင်းက ကောင်းကင်တွင် လှည့်ပတ် ပျံသန်း နေရာမှ ချန်းဖန်ထံသို့ ပြန်လည် ရောက်ရှိလာ၏။

ချန်းဖန်က ထိုဓားကို အလိုက်သင့် ဖမ်းယူကာ ရေရွတ်လိုက်သည်။

“လူတိုင်းက လင်းရှု့မင်ရဲ့ ဓားကျင့်စဉ်ကို ကမ္ဘာရဲ့ အကောင်းဆုံးလို့ မှတ်ယူကြတယ် ... ဒါပေမဲ့ လင်းရှု့မင်က ဓားတာအိုရဲ့ အပေါ်ယံ ခြစ်ရာ လောက်ကိုပဲ သဘောပေါက်သေးတာ ဘယ်သူမှ မသိကြဘူး ... အစစ်အမှန် ဓားကျင့်စဉ်က ဘယ်လိုမျိုးလဲ ဆိုတာ ဒီနေ့ မင်းတို့ကို ငါ သင်ပြပေးမယ်...”

ချန်းဖန်၏ ခန္ဓာကိုယ်က တစ်ချက် တုန်ခါသွားကာ အမတေ ဖြည့်တင်းခြင်း ဓားနှင့် တစ်သားတည်း ဖြစ်တည်လာသည်။

“ကလန့် …”

ရုတ်တရက် ကောင်းကင်တွင် ရွှေရောင် ဓားအလင်းတစ်ခု ပေါ်ထွက်လာကာ တိမ်များကို ထက်ဝက် ဖြတ်သန်း၍ တောက်ပ၏။ ထို ဓားအလင်းသည် ကမ္ဘာကို ထပ်ဝက် ပိုင်းဖြတ်မည့် အလား ထက်ရှကာ ဟင်းလင်းပြင်ကိုပင် ဖျက်ဆီးနိုင်ပုံ ရသည်။

“ဘုန်း …”

ရွှေရောင် ဓားအလင်းက လေထုကို အမှတ်အသားတစ်ခု ချန်ရစ်ကာ စတင် လှုပ်ရှား၏။ ထိုအလင်းကား အလွန် လျင်မြန်ရာ အသံထက်ပင် ငါးဆ အထိ ပိုမို မြန်ဆန် နေခဲ့ပြီ ဖြစ်သည်။

ချန်းဖန်သည် ထိုဓား၌ မူလ အမတေကို ပေါင်းစပ် အသုံးပြုထားသည်။ ထို့ကြောင့် ဓားလှုပ်ရှားသည်နှင့် လေယာဉ်တင် သင်္ဘောကြီး တစ်စင်းပင်လျှင် ထက်ဝက် ပိုင်းပြတ် ရလိမ့်မည် ဖြစ်သည်။

“ဘုန်း ... ဘုန်း ... ဘုန်း …”

မည်သည့် အရာများ ဖြစ်ပျက်သွားကြောင်း သတိမထားမိ လိုက်ခင်မှာပင် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာ၏။

ထိုတခဏမျှ အချိန် အတွင်းမှာပင် ဓားသည် ဝါတနာဘေ၏ ခန္ဓာကိုယ်ကို ဖြတ်သန်း ခဲ့သလို ဂုရုကြီး ရာမ၏ ရင်ဘတ်ကိုလည်း ဖောက်ထွင်းခဲ့ပြီး ဖြစ်သည်။

ထိုဓားချက်၌ ဓမ္မရာဂျာစက္က၊ သွေးမိစ္ဆာ ဒမွန်နှင့် ကျန်းတိုင်ချင်းရွှမ် တို့သည်လည်း မလွတ်မြောက်ခဲ့ချေ။ လီချန်းရှန့်နှင့် ယောင်တောက်ရီတို့ နှစ်ယောက်သာ တိုက်ခိုက်မှုမှ ပွတ်ကာသီကာ လွတ်မြောက်ခဲ့သည်။

ချန်းဖန်သည် ဓားတစ်ချက် တစ်ချက် အတွင်းမှာပင် တန်ခိုးရှင် ငါးယောက်ကို အသာစီး ယူလိုက်ပြီ ဖြစ်သည်။

***

All Chapters