နတ်ဘုရား သတ်ဖြတ်ခြင်း
Vol. 6 Ch. 545
ချန်းဖန်သည် ကိုယ်ပိုင် စွမ်းအားကို သုံးကာ ကြောက်မက်ဖွယ် ဓားချက်ကို ထုတ်ဖော်ခဲ့သည်။
လင်းရှု့မင် နောက်ဆုံး ဖော်ထုတ်ခဲ့သော ဓားသည်ပင်လျှင် ချန်းဖန်၏ တိုက်ခိုက်မှုနှင့် ယှဉ်ပါက မှေးမှိန် ရ၏။
လင်းရှု့မင်သည် နောက်ဆုံး တိုက်ခိုက်မှုကို ဖော်ထုတ်ရန် နှစ်ခြောက်ဆယ် လုံးလုံး စုဆောင်းထားခဲ့သော ချီစွမ်းအားကို ရင်းနှီးခဲ့ရသည်။ သို့သော်လည်း ချန်းဖန်ကမူ မူလ အမတေကိုသာ အသုံးပြုခဲ့သည်။
ထိုအရာကား ဓားကျင့်စဉ်များ၏ အကြားမှ ကွာခြားမှုပင် ဖြစ်သည်။
“ကလန့် …”
တိုက်ခိုက်မှု အပြီး၌ ချန်းဖန်၏ ခန္ဓာကိုယ်သည် ကောင်းကင်တွင် ပြန်ပေါ် လာခဲ့သည်။
သူထုတ်ဖော်ခဲ့သော ဓားကား မူလဝိညာဉ် (မြေကမ္ဘာ) အဆင့် ဖြစ်သည်။ ထိုကျင့်စဉ်ကို ထိန်းချုပ်ရန် အတွက် ကျင့်ကြံသူသည် မူလ ဝိညာဉ် အဆင့် ဖြစ်နေရန် လိုအပ်သည်။ အဇူရာ သက်ရှည် ခန္ဓာကိုယ်ကြောင့်သာ မဟုတ်လျှင် ချန်းဖန်သည် ထိုဓား တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်မည် မဟုတ်ချေ။
“ငါ အဲဒီ ဓားနဲ့ တစ်နေ့လုံး တိုက်ခိုက်နိုင်တယ် ... ဒါပေမဲ့ မင်းတို့က ဘယ်လောက်ကြာအောင် တားနိုင်မှာလဲ …”
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း မောက်မာစွာ မေးလိုက်သည်။
လီချန်းရှန့်သည် တိတ်တဆိတ်သာ ရပ်နေခဲ့၏။ သူ၏ မျက်နှာမှာမူ မည်းမှောင် နေခဲ့ပြီ ဖြစ်သည်။
ယောင်တောက်ရီသည် ကောင်းကင်တွင် ရပ်နေဆဲ ဖြစ်သည်။ သူကား သေဘေးမှ လွတ်မြောက်လာသလို ခံစားနေရသည်။ မိုးကြိုး တံဆိပ်တုံး၏ ကာကွယ်မှုကြောင့်သာ မဟုတ်ပါက ချန်းဖန်၏ တိုက်ခိုက်မှု၌ သူ သေဆုံးနေလောက်ပြီ ဖြစ်သည်။
“ချန်းပေ့ရွှမ်း ... မင်း တကယ်ပဲ ငါတို့နဲ့ အဆုံးထိ တိုက်ခိုက်တော့မှာလား …”
လီချန်းရှန့်က သူ၏ အင်္ကျီလက်များကို ခါယမ်းရင်း မေးလိုက်သည်။
“ဒီနေ့က စလို့ အရှေ့တိုင်းမှာ တန်ခိုးရှင် အဆင့် ရှိတော့မှာ မဟုတ်ဘူးလို့ ငါမပြောခဲ့ဘူးလား …”
ချန်းဖန်က ထူးမခြားနားစွာပင် ပြောလိုက်သည်။
“ဘုန်း …”
ထိုအချိန်မှာပင် ကျန်းတိုင်ချင်းရွှမ်၏ ခန္ဓာကိုယ်သည် ကောင်းကင်၌ ပြန်ပေါ်လာ၏။ သူမ၏ ဘေးရှိ ကြာပန်းတွင်မူ ပွင့်လွှာ နှစ်ချပ်သာ ကျန်တော့သည်။ ထိုအရာက ဓမ္မရတနာသည် သူမကို နောက်ထပ် နှစ်ကြိမ်သာ ကာကွယ်ပေးနိုင်တော့မည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ထိုအခိုက်တွင်ပင် ဓမ္မရာဂျာစက္က၏ နတ်ဘုရား ဝိညာဉ် ကောင်းကင်၌ ပြန်လည် ပေါ်ထွက်လာ၏။ သူတွင် အစွမ်းထက်သော အကာအကွယ် ဓမ္မရတနာ ပိုင်ဆိုင်ထားခြင်း မရှိရာ သူ၏ ခန္ဓာကိုယ်သည် ချန်းဖန်၏ တိုက်ခိုက်မှု၌ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
ကောင်းကင် တစ်နေရာ၌ သွေးမိစ္ဆာ ဒမွန်၏ ခန္ဓာကိုယ်သည်လည်း သွေးများ အဖြစ်မှ လျင်မြန်စွာ ပြန်လည် ဖွဲ့စည်း၍ ထွက်ပေါ်လာသည်။ သူကား ချန်းဖန်၏ ဓားချက်၌ ဒဏ်ရာ အနည်းငယ်သာ ရခဲ့ပုံ ပေါ်သည်။
ချန်းဖန်၏ တိုက်ခိုက်မှုသည် အလွန်အမင်း အစွမ်းထက်သည့်တိုင် ရန်သူ တစ်ယောက်ကိုမျှ သတ်ဖြတ် နိုင်ခဲ့ခြင်း မရှိချေ။
သို့သော်လည်း ချန်းဖန်ကမူ ထိုအတွက် အံ့အားသင့်ခြင်း မရှိချေ။ သူ၏ ရန်သူများကား တန်ခိုးရှင် ထိပ်ဆုံးအဆင့်တွင် ရှိနေသည့် အလွန် အစွမ်းထက်သော လူများ ဖြစ်ကြသည်။ သူတို့အား သတ်ဖြတ်ရန် အတွက် တိုက်ကွက် တစ်ကွက်က လုံလောက်ခြင်း ရှိမည် မဟုတ်ချေ။
“နောက်တစ်ကြိမ် လာစမ်း …”
ချန်းဖန်က ရေရွတ်ရင်း သူ၏ စွမ်းအားများကို ဓားအပေါ်သို့ သွန်းလောင်း လိုက်ပြန်၏။ ဓားသည် ခဏ အတွင်းမှာပင် ထွန်းတောက်လာကာ အသံ၏ အမြန်နှုန်းကို ငါးဆအထိ ချိုးဖောက် သွားပြန်၏။
“ဘုန်း …”
ဓားက ဒုတိယ အကြိမ်မြောက် ပျံတက်ကာ တိုက်ခိုက် လိုက်ပြန်၏။ ထိုတိုက်မှု၌ ဂုရုကြီး ရာမ၏ လက်မောင်း ပြတ်ထွက်သွားသလို ကျန်းတိုင်ချင်းရွှမ် သည်လည်း တတိယ အကြိမ်မြောက် သေဆုံးရသည်။ သွေးမိစ္ဆာ ဒမွန်၏ ခန္ဓာကိုယ်သည်လည်း ပထမအကြိမ် ကလိုပင် သွေးများအဖြစ် ပြောင်းလဲကာ ပျက်စီးသည်။
ယောင်တောက်ရီ၊ ဓမ္မရာဂျာစက္က၊ ဝါတနာဘေတို့သည် ထိုတိုက်ခိုက်မှု၏ အောက်၌ ကြီးကြီးမားမား မထိခိုက်သည့်တိုင် ဒဏ်ရာများ ရနေကြပြီ ဖြစ်သည်။ လီချန်းရှန့် တစ်ယောက်သာ ချန်းဖန်၏ တိုက်ခိုက်မှုကို ခရမ်းရောင်ချီ၏ အကူအညီဖြင့် ကြံ့ကြံ့ခံ နေနိုင်ခဲ့၏။
“ဘုန်း …”
ကျန်းတိုင်ချင်းရွှမ်သည် ကောင်းကင်၌ နောက်တစ်ကြိမ် ပြန်လည် ဖြစ်ပေါ်လာသည်။ သူမ၏ ဘေးရှိ ကြာပန်းလွှာတွင်မူ ပွင့်ဖတ်ကား တစ်ခုသာ ကျန်ရှိတော့သည်။
သူမ နည်းတူ ပြန်လည် ပေါ်ထွက်လာသော ဂုရုကြီး ရာမ၏ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင် အလင်းသည်လည်း မှေးမှိန် နေခဲ့ပြီ ဖြစ်သည်။
“ငါတို့ ဆက်ပြီး တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး ... ဒီအတိုင်းသာ ဆက်သွားရင် ငါတို့ သေရလိမ့်မယ် …”
သွေးမိစ္ဆာ၏ ခန္ဓာကိုယ်က သွေးများမှ ပြန်လည် ဖွဲ့စည်းလာကာ အော်ဟစ် ပြောလိုက်သည်။
သူကား ပထမ တစ်ကြိမ်ကထက် ပိုမို အားနည်းနေပုံ ရသည်။ နိုးထပြီးခဲ့သော သွေးစွမ်းအား၏ အထူး စွမ်းရည်ဖြစ်သော ပြန်လည် ဖွဲ့စည်းခြင်းကြောင့်သာ မဟုတ်ပါက သူသေဆုံး နေလောက်ပြီ ဖြစ်သည်။
“နောက်တစ်ကြိမ် လာစမ်း …”
ချန်းဖန်က ဓားတိုက်ခိုက်မှုကို တတိယ အကြိမ်မြောက် ဖော်ထုတ် လိုက်ပြန်၏။
“ဘုန်း …”
ဓားက လင်းလက်လာသည်နှင့် ကောင်းကင်၌ မိုးကြိုးသံများ ထွက်ပေါ်လာသည်။ ထိုဓားကား ပထမ တိုက်ခိုက်မှုများထက် ပိုမို စွမ်းအားကြီးပုံ ပေါ်၏။
“အစီအရင် ... မြန်မြန်လုပ် …”
လီချန်းရှန့်က အော်ဟစ်လိုက်သည်။
အခြားတန်ခိုးရှင် ခြောက်ယောက်က သူတို့၏ စွမ်းအားများကို ဖြန့်ကြက်ကာ ဓမ္မ အစီအရင် တစ်ခုကို ဖန်တီး လိုက်ကြ၏။
“ဘုန်း …”
ကောင်းကင်၌ အလင်းတစ်ခု ပေါ်ထွက်လာကာ ထိုအလင်းက လီရှန်းချန့်နှင့် အခြား တန်ခိုးရှင်များကို ချိတ်ဆက်သည်။
အစီအရင် ဖွဲ့စည်းပြီးသည်နှင့် ကောင်းကင်တွင် ကြယ်ခုနစ်ပွင့် ပေါ်လာသည်။ ထိုကြယ်ခုနစ်ပွင့်က တန်ခိုးရှင် ခုနစ်ယောက်၏ စွမ်းအားကို စုပ်ယူကာ နတ်ဘုရားများ အလား လေထု၌ တောက်ပသည်။
“ဘုန်း …”
ချန်းဖန်၏ တိုက်ခိုက်မှုက တန်ခိုးရှင် ခုနစ်ယောက်ထံ တိုးဝင်ရာ အကြား၌ တစ်စုံတစ်ခု၏ တားဆီးခြင်းကို ခံရသည်။
“အဲဒါက ဘာလဲ …”
ချန်းဖန်က ဓားကို ပြန်လည် ရုပ်သိမ်းရင်း မျက်မှောင်ကြုတ် လိုက်သည်။
တန်ခိုးရှင် ခုနစ်ယောက်သည် ခုနစ်စင်ကြယ်၏ နေရာယူပုံ အတိုင်း နေရာယူ ထားကြခြင်း ဖြစ်သည်။ သူတို့၏ အပေါ်၌ ကြယ်များက ထွန်းလင်းနေကာ အလင်းလွှာ တစ်ခုကို ထုတ်လွှတ်နေ၏။
ထိုအလင်းလွှာကို ကြည့်ရင်း ကမ္ဘာတစ်ခုလုံးကို ရင်ဆိုင်ရသည့် အလား ချန်းဖန် ရုတ်တရက် ခံစားလိုက်ရသည်။
“ချန်းပေ့ရွှမ်း ... ငါတို့က မင်းကို ဘာအားကိုးနဲ့ ရင်ဆိုင်ရဲ့တာလဲလို့ မင်း မေးသေးတယ် မလား ... ဒါက ငါတို့ရဲ့ အဖြေပဲလေ …”
လီချန်းရှန့်က အနည်းငယ် ပြုံးရင်း ဆက်ပြောလိုက်သည်။
“ဒီဓမ္မ အစီအရင်ကို နတ်ဘုရား သတ်ဖြတ်ခြင်းလို့ ခေါ်တယ် ... ငါတို့ ဘိုးဘေး ကျန်းစန်းဖုန်းက ကောင်းကင်တံခါးကနေ ဝင်လာတဲ့ ဧည့်သည်တွေကို ရင်ဆိုင်ဖို့ အတွက် ဒီအစီအရင်ကို တီထွင်ခဲ့တာ ... ဒီအစီအရင်က မြေကမ္ဘာ အဆင့်ကိုတောင် သတ်ဖြတ်နိုင်စွမ်း ရှိတယ် ... နတ်ဘုရား သတ်ဖြတ်ခြင်းနဲ့ တိုက်ခိုက်ခံရတဲ့ အတွက် မင်း အနေနဲ့ ဂုဏ်ယူသင့်တယ် …”
“ဟားဟား ... နတ်ဘုရား သတ်ဖြတ်ခြင်း ... သောက်ရေး မပါတာ ... အဲဒါက နည်းနည်း အစွမ်းထက်တဲ့ အစီအရင်လေး တစ်ခုပါပဲကွာ …”
ချန်းဖန်က ဂရုမစိုက်သည့် ပုံစံဖြင့် အော်ဟစ် ရယ်မောလိုက်သည်။
“မင်းတို့သာ နေနဲ့လရဲ့ စွမ်းအားတွေနဲ့ အစီအရင် ခင်းကျင်းပြီး တိုက်ခိုက်မယ် ဆိုရင်တော့ ငါဒူးထောက်မိရင် ထောက်မိလိမ့်မယ် ... ဒါပေမဲ့ ဒီအစီအရင်လေးက ဘာအသုံးကျလဲ ... ဟမ့် …”
ရုတ်တရက် ချန်းဖန်၏ ခန္ဓာကိုယ်က အလင်းတန်း တစ်ခု အသွင်သို့ ပြောင်းလဲကာ ဓားအလား ဖွဲ့စည်း၏။
“ဖွဲ့စည်းစမ်း …”
တန်ခိုးရှင် ခုနစ်ယောက်က အော်ဟစ်ရင်း သူတို့၏ အစစ်အမှန်ချီများကို ကြယ်များသို့ ထပ်မံ ပို့လွှတ်ကြသည်။ သူတို့၏ ထိန်းချုပ်မှုတွင် အလင်းလွှာသည် ပိုမို အားကောင်းလာကာ လမ်းကြောင်းရှိ အရာ အားလုံးကို တိုက်စား၏။
ရုတ်တရက် ချန်းဖန်ပင်လျှင် ဘက်ပေါင်းစုံမှ တိုးဝင်လာသော ဖိအားများကို ခံစားလိုက်ရသည်။
ထိုတန်ခိုးရှင် ခုနစ်ယောက်ပေါင်း၏ တိုက်ခိုက်မှုသည် မြေကမ္ဘာ အဆင့်ကိုပင် ယှဉ်နိုင်နေပြီ ဖြစ်သည်။ ယခု အစီအရင်၏ အကူအညီကိုပါ ရယူထားရာ သူတို့၏ တိုက်ခိုက်မှုကား မြေကမ္ဘာ အဆင့်ကိုပင် သတ်နိုင်သည် အထိ အစွမ်းထက် နေပြီ ဖြစ်၏။
ထိုအချိန်၌ တောင်ကြားရှိ လူများကား ထူးဆန်းသော မြင်ကွင်းများကြောင့် ဆွံ့အနေကြပြီ ဖြစ်သည်။
နေ့အချိန်တွင်ပင် ကြယ်ခုနစ်စင်းက နေများအလား ထွန်းတောက် နေသည်။ ထို့အပြင် အဇူရာ အလင်းရောင်များကလည်း ပြိုးပြိုးပျက်ပျက်ဖြင့် တိမ်များကို အလင်းရောင် ချယ်သနေ၏။
“အဲဒါက မိုးနတ်မင်းများလား …”
လူတစ်ယောက်က ထိုမြင်ကွင်းကို ကြည့်ရင်း တီးတိုး ရေရွတ်လိုက်သည်။
“သတ် …”
ချန်းဖန်သည် ရန်သူများ၏ ဖော်ထုတ်လိုက်သော စွမ်းအားကြောင့် တုန်လှုပ်သွားခြင်း မရှိချေ။
သူက ကျယ်လောင်စွာ အော်ဟစ်ရင်း လက်တစ်ချောင်း အရွယ်အစားရှိသည့် ရွှေရောင် မျဉ်းတစ်ကြောင်းကို ဖော်ထုတ်လိုက်သည်။ ထိုရွှေရောင်မျဉ်းကား စူးရှသော ရောင်စဉ်များကို ထုတ်လွှတ်နေရာ သာမန် လူတစ်ယောက်သာ ကြည့်မိပါက မျက်စိပင် ကန်းသွားလောက်၏။
ရွှေရောင်မျဉ်းက ရုတ်ခြည်းပင် လှုပ်ရှားကာ တန်ခိုးရှင် ခုနစ်ယောက်ထံသို့ တိုးဝင်သွား၏။
“ရှဲ ... ရှဲ ... ရှဲ …”
ဓား၏ ဖြတ်သန်းမှုတွင် သံချောင်းပူကို ရေအေးထဲသို့ နှစ်လိုက်သည့် အလား အသံများ ထွက်ပေါ်လာသည်။
ရွှေရောင်အလင်းသည် အလင်းလွှာကို ထောပတ်လှီး သကဲ့သို့ ဖြတ်သန်း၏။ ထိုရာက တစ်ဆက်တည်းပင် တန်ခိုးရှင် ခုနစ်ယောက်၏ ခန္ဓာကိုယ်များကိုပါ ဖြတ်သန်း၍ စစ်မြေပြင်၏ အခြား တစ်ဖက်၌ ပြန်လည် ပေါ်လာခဲ့သည်။
ချန်းဖန်၏ မျက်နှာကား အနည်းငယ် ဖြူရော်နေခဲ့ပြီ ဖြစ်သည်။ သူသည် ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းသိမ်းရန် စက္ကန့်ပိုင်းမျှသော အချိန်အား ယူလိုက်ရသည်။ သူ၏ အမတေ ဖြည့်တင်းခြင်း ဓားသည်လည်း စက္ကန့် မရွေး ကျိုးပျက်နိုင်သည့် အလား တုန်ရီ နေခဲ့တော့သည်။
“အမတေ ဓားပိုးမျှင် …”
ထိုအရာကား ရွှေအမြုတေ အဆင့်များသာ အသုံးပြုနိုင်သည့် ဓားတာအို ဖြစ်သည်။ ဓားတန်ခိုးရှင် တစ်ယောက်သည် ထိုဓားကျင့်စဉ်အား အောင်မြင်ပါက ရန်သူကို ရိုးရှင်းသော ဓားချက် တစ်ခုဖြင့်ပင် အနိုင်ယူ နိုင်သည်။ ထိုဓားကျင့်စဉ် ကြောင့်ပင်လျှင် ဓားတန်ခိုးရှင်များသည် ဓမ္မအစီအရင်များကို သိပ်အမှု့မထားခြင်း ဖြစ်၏။
ချန်းဖန်သည် ယခုမှ ဝိညာဉ် ပင်လယ်အဆင့် အလယ်ကို ရောက်သေးရာ အမတေ ဓားပိုးမျှင်၏ အစွမ်းကို အကုန်အစင် ထုတ်သုံးနိုင်သေးခြင်း မရှိချေ။ သို့သော်လည်း ထိုစွမ်းအားလောက်က ပင်လျှင် နတ်ဘုရား သတ်ဖြတ်ခြင်း အစီအရင်ကို ကျော်ဖြတ်ရန် လုံလောက်နေပြီ ဖြစ်သည်။
“ခရက် …”
အက်ကွဲသံများနှင့် အတူပင် ခုနစ်စင်ကြယ်ဖြင့် ဖန်တီးထားသော အလင်းလွှာသည် ပြိုပျက်၏။ ထိုအရာ ပျက်စီးသည်နှင့် ခုနစ်စင် ကြယ်များသည်လည်း ပေါက်ကွဲသည်။
“ရှက်စရာ ကောင်းလိုက်တာ …”
ဂုရုကြီး ရာမက ဖြူရော်စွာ ပြုံးရင်း မျက်လုံးများကို ပိတ်လိုက်သည်။ ခဏအတွင်းမှာပင် သူ၏ ခန္ဓာ ပြိုပျက်ကာ နတ်ဘုရား စိတ်ဝိညာဉ်သည်လည်း ပျက်စီးသွား၏။
***