ရလဒ်
Vol. 9 Ch. 121
“ခေါင်းဆောင်.... ရှေ့ကို ကြည့်လိုက်အုံး....”
ရွှေရောင်ဆံပင်နှင့် လူငယ်လေးသည် ရှေ့မဝေးသောနေရာသို့ ကြည့်နေ၏။ သူ့မျက်နှာထက်မှာ ထိတ်လန့်ဟန်တို့ ရှိနေသည်။
ရွှေရောင်ဆံပင်နှင့် လူငယ်၏ အာမေဋိတ်ကိုကြားတော့ ဟွမ်ဂူးသည် အလျင်အမြန်လှည့်ကာ သူညွှန်ပြနေသည့် နေရာသို့ လှမ်းကြည့်လိုက်၏။
သူ့မျက်နှာမှာ ထိတ်လန့်ဟန်တို့ ပေါ်လာသည်။
မည်းမှောင်ပြီး အောက်ခြေကို မမြင်ရသည့် ဧရာမတွင်းကြီး တစ်တွင်းက သူတို့ ကြည့်နေသော နေရာ၌ ရှိနေသည်။
“ဂလု”
အမှောင်တွင်းကိုမြင်ပြီးနောက် ရေယာဉ်မှူးအခန်းရှိ လူများအားလုံး တံတွေးမျိုချ လိုက်ကြသည်။
ထိုတွင်းကြီးသည် ရေငုပ်သင်္ဘော၏ မီးရောင်အောက်မှာပင် ၎င်း၏ အောက်ခြေကို မမြင်ရဘဲ မှောင်မိုက်နေသေးသည်။
"ရေငုပ်သင်္ဘောကို ရှေ့ကို ဖြည်းဖြည်းချင်း မောင်းမယ်... ဖြည်းဖြည်းချင်းနော်...."
ဟွမ်ဂူးက ပြတ်ပြတ်သားသား အမိန့်ပေးခဲ့သည်။
ဤကဲ့သို့ ရေကန် တစ်ကန်၏ အောက်ခြေမှာ ဒီလိုတွင်းကြီး ရှိနေမယ်လို့ သူ မထင်ထားခဲ့ပေ။
လူငယ်သည် ဟွမ်ဂူး၏ အမိန့်အတိုင်း ရေငုပ်သင်္ဘောကို ဖြည်းဖြည်းချင်း ရှေ့သို့ ရွေ့လျားရန် ထိန်းချုပ်သည်။
သိပ်မကြာခင်မှာပင် ရေငုပ်သင်္ဘောက တွင်းကြီး၏ အထက်မှာ ရပ်တန့်သွားသည်။
အထူးပြုလုပ်ထားသည့် မှန်များမှ တဆင့် တွင်းကြီးကို ရှင်းရှင်းလင်းလင်း မြင်နေရသော်လည်း အထဲကို မမြင်ရချေ။ သူတို့ မြင်ရသည်က ထိုတွင်းကြီးထဲသို့ ရေများ စီးဆင်းနေခြင်းပင်။
လူငါးဦး၏ မျက်လုံးများသည် ထိုတွင်းကြီးကို စိုက်ကြည့်နေကြသော်လည်း အတွင်းဘက်ကို ဘာမှ မမြင်ရပေ။
ရေငုပ်သင်္ဘောမီးများသည် ရှေ့တွင်ရှိသော အခြေအနေများကိုသာ လင်းစေပြီး အောက်ဘက်ကို အလင်းရောင် သိပ်မရောက်စေနိုင်ပေ။
ရှာဖွေရေးမီးများမှ ထုတ်လွှတ်သော အလင်းရောင်နှင့် ထိုတွင်းကြီး၏ အပြည့်အဝ ပုံစံကို မြင်တွေ့ရန် မဖြစ်ပါချေ။
နက်မှောင်၍ အောက်ခြေမမြင်ရသော ထိုတွင်းကြီးသည် ၎င်းတို့ကို အလွန်ထိတ်လန့်စေခဲ့ပြီး တံတွေး မျိုချသံများ ဆူညံသွားစေခဲ့သည်။
မစ္စစ္စပီ ရေကန်၏ နက်ရှိုင်းသော အောက်ခြေတွင် လူတွေကို မျိုချရန် အဆင်သင့်ဖြစ်နေသည့် တွင်းနက်ကြီးတစ်ခု ရှိနေလိမ့်မယ်လို့ မည်သူက ထင်ထားမည်နည်း။
“ဒီကန်အောက်မှာ မြေအောက်ရေကန် ဒါမှမဟုတ် မြစ်တစ်စင်းနဲ့ ဆက်သွယ်ထားတဲ့ သဘာဝ အတိုင်း ဖြစ်နေတဲ့ နေရာတစ်ခု ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး...”
ဟွမ်ဂူးက ငြိမ်သက်သွားပြီးနောက် တိုးတိုးလေး ရေရွတ်လိုက်သည်။
အခုချိန်ထိ သူ့နှလုံးသားက တုန်ခါနေဆဲပင်။
“ရေနက်ပြာ” ကုမ္မဏီ၏ ထိတ်တန်း အရာရှိတစ်ဦး အနေဖြင့် သူသည် နေရာအတော်များများသို့ စူးစမ်းလေ့လာခဲ့ဖူးသည်။
ဤကဲ့သို့ တွင်းကြီးမျိုး သူ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ သို့သော်လည်း ဤတွင်းကြီးသည် မြေအောက်ရေကန် သို့မဟုတ် မြစ်တစ်စင်းနှင့် ဆက်စပ်နေမှန်း သူပြောနိုင်ပေသည်။
"ခေါင်းဆောင်... ငါတို့ အခု ဘာလုပ်သင့်လဲ.... မင်း.. ငါတို့ကို အပြင်ထွက်ပြီး အဲဒီတွင်းကြီးကို စူးစမ်းစေချင်လား"
ရွှေရောင်ဆံပင်နှင့် လူငယ်က ဤသို့ပြောလိုက်သော်လည်း သူ၏ အတွင်းစိတ်ထဲမှာမူ မည်သည့်အကြောင်းပြချက်ဖြင့် ငြင်းပယ်ရမယ် ဆိုတာ တွေးတော နေခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် ဝမ်းနည်းမှု အနည်းငယ် ခံစားခဲ့ရ၏။ ထိုမျှ မိုက်မဲသော အကြံဉာဏ်ကို သူအဘယ့်ကြောင့် ပြောလိုက်မိသည်နည်း။
ကံကောင်း ထောက်မစွာဖြင့်၊ အဖွဲ့ခေါင်းဆောင် ဟွမ်ဂူးက ခေါင်းခါပြီး သူ၏ အဆိုပြုချက်ကို ပယ်ချခဲ့ပေသည်။
စူးစမ်းဖို့ အပြင်ထွက်သည်က သေလမ်းရှာနေခြင်းပင်။ အပြင်ထွက်လိုက်ရင် ဘာတွေဖြစ်လာမယ် ဆိုတာ ပြောရခတ်ပေ၏။
အကယ်၍ ထိုတွင်းကြီးထဲမှာသာ ၎င်းတို့ ပြောသည့် ဧရာမမြွေကြီး ပုန်းနေလျှင် အပြင်သို့ ထွက်ခြင်းက ဝံပုလွေတစ်ကောင်အား သိုးအုပ်ထဲ လွှတ်ပေးလိုက်တာထက် ဆိုးပေမည်။
ထိုသို့ မဟုတ်လျှင်တောင်....စူးစမ်နေစဥ် မြေကြီးပြိုကျခြင်း၊ ရေအောက် ရေဝဲစုတ်ယူခြင်း တို့က သူတို့၏ အသက်ကို အလွယ်တကူ နှုတ်ယူသွားနိုင်သည်။
ထို့အပြင် ဤရေငုပ်သင်္ဘောသာ ရေကန်အောက်ခြေတွင် ဆင်းသက်လိုက်မည်ဆိုလျှင် အခန့်မသင့်သည်နှင့် ကြုံပါက မြေပြိုမှု ဖြစ်စေပြီ လူအားလုံး၏ အသက်အား ဆုံးရှုံးသွားနိုင်စေသည်။
"ဓာတ်ပုံအနည်းငယ်ရိုက်ပြီး တခြားနေရာကို ဆက်သွား ကြည့်ရအောင်..."
ဟွမ်ဂူးသည် ထိုဆုံးဖြတ်ချက်ကို မချခင် ခဏကြာ စဉ်းစားခဲ့ရ၏။ ထိုနောက် အောက်ခြေမမြင်ရသော တွင်းကြီး၏ ဓာတ်ပုံအချို့ကို ရိုက်ယူခဲ့သည်။
ထို့နောက် ရေငုပ်သင်္ဘောသည် ရွေ့လျားသွားပြီး ရေကန် အနှံ့ကို ဆက်လက်ရှာဖွေခဲ့သည်။
သို့သော် နှစ်ကျော့ပြန် ရှာဖွေပြီးသည့်တိုင် ဧရာမမြွေကြီး၏ အရိပ်ကိုပင် မတွေ့ခဲ့ရပေ။ သူတို့သည် အရှုံးပေးပြီး ရေမျက်နှာပြင်ပေါ်သို့ ပြန်တက်ရုံသာ တက်နိုင်သည်။
ရေကန်၏ ကမ်းစပ်တွင်..... နီကယ်ယန်၊ မိုက်ကယ်နှင့် အိုင်ဇင် တို့သည် စကားပြောရင်း ဟွမ်ဂူး ပေးလာမည့် သတင်းကောင်းအား စောင့်မျှော်နေကြသည်။
ရုတ်တရက် ရေပြင်သည် ကွဲထွက်သွားပြီ ရေငုပ်သင်္ဘောလေး တစ်စင်း ပေါ်လာသည်။
...
ဟွမ်ဂူးတို့ အဖွဲ့၏ တွေ့ရှိချက်သည် နီကယ်ယန်၊ မိုက်ကယ်နှင့် အိုင်ဇင် တို့အား အံ့အားသင့်စေခဲ့သည်။ သို့သော်ငြား ဧရာမစပါးအုံးမြွေကြီးကို ရှာမတွေ့ခြင်းက သူတို့အား အမှန်တကယ် စိတ်ပျက်စေပေသည်။
သို့သော် ရေကန်အောက်ခြေရှိ တွင်းကြီးက သူတို့အား အားတက်စေသည်။
သူတို့၏ ထင်မြင်ယူဆချက်အရ ဤမစ္စစ္စပီ ရေကန်အောက်တွင် မြေအောက်ရေကန် သို့မဟုတ် မြစ်တစ်ခုနှင့် စပ်ဆက်သည့် လမ်းကြောင်း ရှိရပေမည်။
ဤရှာဖွေတွေ့ရှိမှုသည် နီကယ်ယန်နှင့် အခြား သူများအား ထိုဧရာစပါးအုံးမြွေကြီးသည် ထိုတွင်းကြီးမှတဆင့် ထွက်သွားကြောင်း တညီတညွတ်တည်း သဘောတူညီစေခဲ့သည်။
အိုင်ဇင် ဧရာမစပါးအုံးမြွေကြီးကို ရှာဖွေတွေ့ရှိသည့် နေ့မှစတင်ကာ နီကယ်ယန်သည် မစ္စစ္စပီ ရေကန်ကို စောင့်ကြည့်ရန် လူတစ်စုကို စေလွှတ်ထားခဲ့သည်။
ဧရာမစပါးအုံးမြွေကြီး ထွက်ခွာခြင်းကို မမြင်တွေ့ခဲ့ရသောကြောင့် ဖြစ်နိုင်ခြေ တစ်ခုသာ ရှိတော့၏။ ၎င်းသည် ထိုတွင်းကြီးမှ တဆင့် ထွက်သွားခြင်းသာ ဖြစ်ရမည်။
...
နီကယ်ယန်သည် ထိုအကြောင်းကို အွန်လိုင်းတွင် ဓာတ်ပုံနှင့်တကွ တင်ခဲ့သလို သတင်းစာ ရှင့်လင်းပွဲ လုပ်ပြီ မီဒီယာများကိုလည်း ပြောကြားခဲ့၏။
သို့သော်ငြား လူတော်တော်များများက ထိုစကားတွေကို ငြင်းဆိုခဲ့ကြပေသည်။
နီကယ်ယန်သည် ပူဂါဒါသစ်တော ပန်းခြံ၏ ခရီးသွား အစီစဥ်ကို ကြော်ငြာနေစဉ် မစ္စစ္စပီ ရေကန်၏ အောက်ခြေတွင် မကောင်းဆိုးဝါးများ ရှိကြောင်း အရွှန်းဖောက်ပြောဆိုခဲ့သည်။
ထိုနောက် ရေငုပ်သမား အိုင်ဇင်က မီတာ သုံးဆယ် ခန့် ရှိသည့် ဧရာမစပါးအုံးမြွေကြီးကို ရေအောက်မှာ အမှန်တကယ် တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ထိုမြွေကြီးသည် ရေငုပ်သမားကို တွေ့လိုက်သော်လည်း မတိုက်ခိုက်ဘဲ လွှတ်လိုက်၏။ ၎င်းသည် တိရစ္ဆာန်အများစု လုပ်သည့်အတိုင်း မတိုက်ခိုက်ခဲ့ပေ။
ထိုနောက် ဧရာမစပါးအုံးမြွေကြီးကို ရှာဖွေချိန်တွင် ၎င်းသည် ရေကန်အောက်ခြေရှိ တွင်းကြီးမှ တဆင့် ထွက်ခွာသွားခဲ့သည်။
၎င်းတို့၏ ရှင်းပြချက်များက သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေနှင့် တူလှသည်။ အရူးများသာ ယုံပေမည်။
~" ပူဂါဒါသစ်တော ပန်းခြံရဲ့ သရုပ်ဆောင်မှုက ယုံချင်စရာပဲ.... တစ်ယောက်ယောက်က သူတို့ကို ရွှေတံဆိပ်ဆု ပေးသင့်တယ်”~
~“အင်း.... သူတို့ရဲ့ မားကတ်တင်းဗျူဟာက အောင်မြင်တယ်လို့ ဆိုရမယ်... အခုဆို၊ ကမ္ဘာတစ်ဝှမ်းလုံးက လူအတော်များများက "ပူဒါဂါသစ်တော ပန်းခြံအကြောင်း" ကြားဖူးသွားကြပြီလေ..... သွားတဲ့လူတွေကတော့ အရူးတွေ ဖြစ်ရမယ်.... ငါကတော့ ဒီလူလိမ်တွေရဲ့ ပန်းခြံကို တစ်သက်လုံး မသွားဘူး...."~
~"အန်ဂေါလ် နိုင်ငံသား တစ်ယောက်အနေနဲ့ ဒီလူတွေကို သတ်ပစ်ချင်လိုက်တာ၊ သူတို့က နိုင်ငံကို အရှက်ရစေတာပဲ.."~
~"ဒါက အလွန် ကောင်းမွန်တဲ့ စျေးကွက်ချဲ့ထွင်မှုတစ်ခုပဲ... ဆိုးတာက ဒီလူတွေရဲ့ ဦးနှောက်က ချောင်နေတာပဲ..."~
~“ဟား.... ဟား... ဟား....၊ စပါးအုံးမြွေက မြေအောက်မြစ်ထဲက ထွက်သွားတာ ဟုတ်လား.... အဲ့ဒီအစား လိပ်ပြာ ဖြစ်သွားပြီး ပျံပြေးသွားတယ်လို့ ပြောလိုက်ပါလား..."~
ဆိုရှယ်မီဒီယာ ပလက်ဖောင်း၊ အွန်လိုင်းနှင့် ဝီချက်များတွင် "ပူဂါဒါသစ်တော ပန်းခြံ" အား လှောင်ပြောင်လှောင်ပြောင်မှုများဖြင့် ပြည့်နေသည်။
ရံဖန်ရံခါတွင်တော့ လူအချို့က ၎င်းသည် အမှန်ဖြစ်နိုင်ကြောင်း ဆိုပေမည်။
သို့သော် ထိုသို့ မှတ်ချက်များ သတင်းများ ပေါ်လာသည်နှင့် ချက်ချင်းပင် အလှောင်ခံရလေသည်။
မြစ်လေး သို့မဟုတ် မြေအောက်ရေကန်များတွင် ကြီးမားသော သက်ရှိများ မရှင်သန်နိုင်ချေ။ ၎င်းသည် ဘာကို စားမည်နည်း။
ပို၍ အရေးကြီးသည်မှာ မြေအောက်၌ အပူချိန်လျော့ပါးသလို အောက်ဆီဂျင်တို့ မရှိနိုင်ချေ။ ရှိလျှင်လည်း အနည်းငယ်သာ ဖြစ်၍ မည်သို့ လုံလောက်မည်နည်း။
ထိုကဲ့သို့ အခြေအနေတွင် အသက်ရှင်သန်ဖို့ရန် မဖြစ်နိုင်ကြောင်း ပညာရှင်များကို ဆိုထားပေသည်။
လူအချို့က ထိုနေရာကို စစ်ဆေးရန် ရေငုပ်သမားများစေလွှတ်ရန် အဆိုပြုထားသည်။
သို့သော်လည်း ကန်၏ အောက်ခြေသည် နက်လွန်းသလို မတော်တဆမှုများ ဖြစ်နိုင်ပေသည်။
ကြီးမားသော လူထု၏ အမြင်ကြောင့် နီကယ်ယန်၊ မိုက်ကယ်နှင့် အိုင်ဇင် တို့၏ နေ့ရက်များသည် အလွန် စိတ်မချမ်းမြေ့ဖွယ် ဖြစ်နေခဲ့သည်။
သူတို့၏ ရေကန်အောက်ခြေတွင် ဧရာမစပါးအုံးမြွေကြီး အမှန်တကယ် ရှိခဲ့ကြောင်းနှင့် ဓာတ်ပုံသည် အတုမဟုတ်ကြောင်း အခိုင်အမာ ပြောဆိုမှုများကို လူအနည်းငယ်သာ ယုံကြည်ခဲ့၏။
တစ်ကမ္ဘာလုံးက လူတွေမသိခဲ့သည်မှာ ၎င်းတို့ပြောနေကြသည့် ဧရာမမြွေကြီးသည် ယဲ့ဇီး မြစ်တစ်လျှောက် သမုဒ္ဒရာဆီ ဦးတည် သွားနေခြင်းပင်။
.....