ကျွန်းတစ်ခုကို ရှာဖွေခြင်း
Vol. 9 Ch. 124
ဖန့်ရန်သည် ပင်လယ်ထဲတွင် ငါးရက်ကြာ လှည့်လည်ခဲ့၏။ သူ့တွင် ပုံသေ ဦးတည်ချက်တော့ မရှိပေ။
ယခု သူရှိနေသော နေရာ၏ ရေအနက်သည် မီတာ (၅ဝဝ) ခန့် ရှိပေ၏။ ၎င်းသည် နက်လွန်းသည်ဟု မဆိုနိုင်သော်လည်း ဖန့်ရန်သည် ပိုမိုနက်ရှိုင်းသော နေရာများသို့ သွားစရာမလိုဟု ခံစားမိနေသည်။
သူသည် ငါးတစ်အုပ်ကို ငေးကြည့်နေမိသည်။ ထိုငါးများသည် ရှည်လျားသော နှုတ်သီးဒဏ္ဍာန် နှုတ်ခမ်းကို ပိုင်ဆိုင်ထားကာ ၎င်းတွင် ချွန်ထက်သော သွားများ ရှိပေသည်။
စနစ်၏ အသိပေးချက်အရ၊ ၎င်းသည် ငါးမိကျောင်းဖြစ်၏။
သူသည် ၎င်းတို့၏ အရေအတွက်မှာ (၃၀၀၀) ကျော် ရှိသည်ဟု အကြမ်းဖျင်း ခန့်မှန်းထားမိ၏။ ယင်းမှာ ဤကဲ့သို့ ကျယ်ပြောသော ပင်လယ်ထဲတွင် အထူးအဆန်းတော့ မဟုတ်ပေ။
၎င်းတို့၏ အကြီးဆုံး ငါးသည် အလျားတစ်မီတာ အထိရှိသော်လည်း အများစုမှာ (၃၀) စင်တီမီတာမှ (၅၀) စင်တီမီတာကြားသာ ရှိပေသည်။ ၎င်းတို့ဆီမှ ရရှိနိုင်သော စနစ်အမှတ်သည် (၃၀) မှ (၂၀၀) ကြားဖြစ်၏။
မနေ့က သူသည် ထိုငါးမိကျောင်းများကို တိုက်ခိုက်ခဲ့ပြီး အကောင်ရေ (၂ဝဝ) ကျော်စားသောက်ခဲ့၏။ ထိုမှ သူသည် စနစ်အမှတ် (၁၂၃၂ဝ) ရရှိခဲ့လေသည်။
ယခု သူ၏ စနစ်မှတ် ပမာဏသည် (၂ဝဝ၃၄ဝ) သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
ဖန့်ရန်သည် ရေအောက် မီတာ (၅ဝ) အနက်တွင် ကူးခတ်နေခဲ့ခြင်း ဖြစ်သည်။ ထိုနေရာရှိ ရေသည် စိမ်းပြာရောင်ရှိပြီး ရေအပူချိန်သည် အလွန်သက်တောင့် သက်သာ ဖြစ်စေသည်။ ဤနေရာတွင် ရေကူးနေရခြင်းကို သူအလွန် နှစ်သက်၏။
သူသည် သူ့ကိုယ်သူ ဖုံးကွယ်ရန်အတွက် “အရောင်ပြောင်း ဖုံးကွယ်ခြင်း” ကို အသုံးပြုထားသည်။ ထိုသည်က မီတာ (၃၀၀) ခန့်သာ ကွာဝေးသော ငါးမိကျောင်းများကို သူ့ကို မမြင်တွေ့စေရန် စွမ်းဆောင်နိုင်သည်။
အန္တရာယ် ကင်းစင်သွားပြီဟု ၎င်းတို့ ထင်ခဲ့ကြပေသည်။ သို့သော်ငြား ဖန့်ရန်သည် မနေ့ကတည်းက သူတို့နောက်တွင် ရှိနေသည်ကို သူတို့ မသိခဲ့ကြပေ။
ဖန့်ရန်သည် ထိုငါးမိကျောင်းများ နောက်သို့ လိုက်နေစဉ် အမဲလိုက်ရန် အကောင်းဆုံးအချိန်ကို ဆုံးဖြတ်ရန် အတွက် သူသည် ၎င်းတို့၏ အလေ့အထများကို အဓိကထား လေ့လာခဲ့၏။
သာမာန် အချိန်များတွင် ထိုငါးမိကျောင်းများသည် အလွန်ပေါ့ဆသော်လည်း သားကောင် သို့မဟုတ် ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့ရသောအခါတွင် ၎င်းတို့သည် လျင်မြန်စွာ စုဝေးကြလိမ့်မည်။
သားကောင်ကို တွေ့ကြုံရပါက ၎င်းတို့သည် ခရုပတ်ပုံသဏ္ဍာန်ကို ယူ၍ သားကောင်ကို အလယ်သို့ ပို့ဆောင်ပြီးနောက် အမဲလိုက်သည်။ ခြိမ်းခြောက်ခံရလျှင်တော့ ၎င်းတို့သည် ဘောလုံးပုံသဏ္ဍာန် စုဝေးမည် ဖြစ်သည်။
ဤနည်းဗျူဟာသည် ထိရောက်မှုရှိသည်ဟု ဆိုနိုင်၏။ ဝေလငါး သို့မဟုတ် ငါးမန်းကဲ့သို့ သတ္တဝါနှင့် ကြုံတွေ့ခဲ့ရလျှင် ၎င်းတို့သည် ဘောလုံးသဏ္ဍာ စုဝေးနေသော ငါးမိကျောင်းများကို အထင်လွဲမှားကာ လွှတ်ပေးမိနိုင်လေသည်။
သို့သော် ၎င်းသည် ဖန့်ရန် အတွက်တော့ အသုံးမဝင်ချေ။ ထိုနည်းဗျူဟာသည် သူ့မျက်လုံးတွေကို လှည့်စားလို့ မရနိုင်ပေ။
အမှန်တကယ်တော့ ထိုအတိုင်း စုဝေးတာက သူ့အတွက် ပိုလို့တောင် အဆင်ပြေသည်။ မနေ့က သူတို့ကို တိုက်ခိုက်တဲ့အခါ၊ တိုက်ခိုက်မှုတိုင်းက ငါးတွေ အများကြီး ဖမ်းမိခဲ့သည်။
ငါးမိကျောင်းများသည် ပေါ့ပေါ့ပါးပါး ကူးခတ်နေပြီး သတိလက်လွတ် ဖြစ်နေဟန်ပင်။ ထိုကြောင့် ဖန့်ရန်သည် သူ၏ အရှိန်ကို မြှင့်လိုက်ပြီး ဖြည်းဖြည်းချင်းနှင့် အမြန်ချဉ်းကပ်ခဲ့၏။
ဤငါးမိကျောင်းများ အနားယူတော့မယ်ဆိုတာ သူသိနေသည်။
ငါးမိကျောင်းများနှင့် မီတာ (၃ဝ) လောက်အကွာကို ရောက်သောအခါ သူသည် ချက်ချင်း အရှိန် မြှင့်လိုက်ပြီး ပြေးဝင်သွားခဲ့သည်။
ရုတ်တရက် တိုးဝင်လာသော ရေလှိုင်းက ငါးမိကျောင်းအုပ်စုကို ကြောက်လန့်စေသည်။ ၎င်းတို့၏ သတိပြေလျော့နေသော ပုံသဏ္ဍာန် ပျောက်ကွယ်သွားပြီ.. ငါးမိကျောင်းများသည် ချက်ချင်း စုဖွဲ့သွားကာ ကြီးမားသော ဘောလုံးသဏ္ဍာန် ဖြစ်လာသည်။
သို့သော်လည်း ဖန့်ရန်သည် ၎င်းကြောင့် အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ရှေ့သို့ အရှိန်ပြင်းပြင်းဖြင့် ငါးမိကျောင်းအုပ်ထဲ တိုးဝင်သွားသည်။
အကြိမ်များစွာ ဆင့်ကဲပြောင်းလဲလာပြီးနောက် သူ၏ အရှိန်က အလွန်အမင် တိုးတက်လာသည်။ သူသည် ပင်လယ်ထဲတွင်တောင် တစ်နာရီ ကီလိုမီတာ (၁၅ဝ) နှုန်းဖြင့် သွားလာနိုင်၏။
သူ၏ အလွန်လျင်မြန်သော အရှိန်ကြောင့် ငါးမိကျောင်းအုပ် ဆီသို့ ချက်ချင်း ရောက်သွား၏။ ဖန့်ရန်သည် သူ၏ ဧရာမ ပါးစပ်ကို ဖွင့်ဟကာ ငါးမိကျောင်း (၇) ကောင် သို့မဟုတ် (၈) ကောင် ခန့်ကို တစ်ခါတည်း ကိုက်စားလိုက်သည်။
ဖန့်ရန်၏ တိုးဝင်မှုကြောင့် ငါးမိကျောင်းများ ဖန်တီးထားသည့် ဘောလုံးသဏ္ဍာန် အစုအဝေးတွင် အပေါက်တစ်ခု ဖြစ်လာသော်လည်း၊ နောက်အခိုက်အတန့်တွင် ၎င်းသည် ဘောလုံးသဏ္ဍာန် ပြန်ဖြစ်သွားခဲ့၏။
ဤနည်းဖြင့် ဖန့်ရန်သည် အကြိမ်ပေါင်းများစွာ ထိုးဖောက် ဝင်ရောက် စားသောက်ပြီးနောက် သူသည် ပင်လယ်ကြမ်းပြင်သို့ ကူးခတ်ကာ သူနှင့် တိုက်မိသည့် အရှိန်ကြောင့် မေ့လဲသွားသော ငါးမိကျောင်းများကို ရှာဖွေခဲ့သည်။
မေ့လဲသွားသည့် ငါးမိကျောင်းတွေက သူထိုးဖောက် ဝင်ရောက် စားသောက်ခဲ့သော ငါးမိကျောင်းတွေ ထက်တောင် များနေခဲ့သည်။
တိုက်ခိုက်မှုအပြီး။
သူသည် ငါးမိကျောင်းနှစ်ရာကျော်ကို စားပြီး စနစ်အမှတ် (၁၀၀၀၀) ရရှိခဲ့ပေသည်။
ပင်လယ်ကြမ်းပြင်မှ တချို့သော ငါးမိကျောင်းများကို ဖမ်းယူနေစဥ် ငါးမိကျောင်းအုပ်က ထွက်ပြေးသွားသော်လည်း ဖန့်ရန်က ဂရုမစိုက်ခဲ့ပါချေ။ သူသည် သူ၏ လျှာဖြင့် ဤပင်လယ် ရေအောက်တွင်ပင် ၎င်းတို့ ထွက်ပြေးရာ လမ်းကြောင်းကို အလွယ်တကူ ဆုံးဖြတ်နိုင်သည်။
ကုန်းမြေပေါ်တွင် သူ၏ မျက်လုံးများကို အများဆုံး အသုံးပြုသော်လည်း ဤပင်လယ်ထဲတွင်မူ သူ၏ မျက်လုံးများထက် သူ၏ လျှာက ပို၍ ကြီးမားသော အခန်းကဏ္ဍမှ အသုံးဝင်သည်။
ပင်လယ်ပြင်သည် ကျယ်ပြန့်လွန်းသဖြင့် မျက်လုံးဖြင့် မြင်နိုင်သော အကွာအဝေးမှာ အကန့်အသတ်ရှိသည်။
ဖန့်ရန်သည် သူ၏ ကြီးမားသောခန္ဓာကိုယ်ကို လှုပ်ယမ်းလိုက်ရာကာ ဦးတည်ရာ တစ်ခုဆီ ကူးခတ်သွားသည်။ (၁ဝ) ကီလိုမီတာခန့် အကွာတွင် ငါးမိကျောင်းအုပ်ကို လိုက်မှီသွားခဲ့သည်။
မဆိုင်းမတွပင် ဖန့်ရန်သည် ငါးမိကျောင်းအုပ်ကို တိုက်ခိုက်ခဲ့သည်။
ဤတစ်ကြိမ်တွင် သူသည် စနစ်အမှတ် (၁၅၂၀၀) ရရှိခဲ့သည်။
အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံရပြီးနောက် ထိတ်လန့်တကြားဖြင့် ငါးမိကျောင်းများသည် လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။
ဖန့်ရန်သည် ၎င်းတို့နောက် မလိုက်ဘဲ ပစ်မှတ်အသစ်ကို ရှာဖွေတော့သည်။
သို့သော်ငြား ထိုအချိန်မှသာ ဖန့်ရန်သည် ငါးမိကျောင်းအုပ်ကို လိုက်ရာမှ ကျွန်း တစ်ကျွန်း အနီးရောက်နေမှန်း သတိပြုမိလိုက်သည်။
“....”
ဖန့်ရန်သည် ရေအောက်မှ ခေါင်းထွက်လိုက်ပြီး သူ့ပတ်ဝန်းကျင် မြင်ကွင်းကို စစ်ဆေးကြည့်လိုက်သည်။
မလှမ်းမကမ်း၌ ကျွန်း တစ်ကျွန်း ရှိနေသည်။ ဤကျွန်းသည် အလွန်သေးငယ်၏။ ၎င်းသည် ဧကတစ်ထောင်ဝန်းကျင် ခန့်သာ ကျယ်ဝန်းသည်။ ထိုကျွန်းသည် ချုံနွယ်နှင့် သဘာဝအလျောက် ပေါက်ရောက်နေသော အသီးအရွက်များ ရှိသော်လည်း သစ်ပင် အနည်းငယ်သာ ရှိသည်။
ထိုကျွန်းတွင် လူသားများ၏ လှုပ်ရှားမှု ခြေရာများကို မတွေ့ရပေ။
ကျွန်းပေါ်တက်ရင်း ဖန့်ရန်သည် ကျွန်းအနှံ့ လှည့်ပတ်ကြည့်ခဲ့သည်။ ၎င်းတွင် ငှက်ငယ်အချို့မှလွဲ၍ အခြားသတ္တဝါများ မရှိပေ။
မူလက သူသည် ဤကျွန်းငယ်လေးကို သူ၏ နေထိုင်ရာ နေရာအဖြစ် အသုံးပြုရန် စီစဥ်ထားသော်လည်း ၎င်းသည် သေးငယ်လွန်းပြီး ဖုံးကွယ်ရန် ချုံနွယ်အနညးငယ်နှင့် သဘာဝအလျောက် ပေါက်ရောက်နေသော အသီးအရွက် အနည်းငယ်သာ ရှိသည်။
သူသာ ဤနေရာတွင် နေမည်ဆိုလျှင် ဖြတ်သန်း သွားသည့် လှေ ဒါမှမဟုတ် ရဟတ်ယာဉ်က အလွယ်တကူ မြင်နိုင်သည်။
ထိုအကြောင်းကို စဉ်းစားပြီးနောက် ဖန့်ရန်သည် ပင်လယ်ထဲသို့ ပြန်လည်ဝင်ရောက်ကာ ထိုနေရာ တစ်ဝိုက်တွင် လှည့်လည်သွားလာရင်း သင့်တော်သော ကျွန်းတစ်ခုကို ရှာဖွေခဲ့သည်။ များမကြာမီ သူသည် ထိုကျွန်းနှင့် (၁၀) ကီလိုမီတာအကွာ၌ ကျွန်းအသေးလေး တစ်ခုကို ရှာတွေ့ခဲ့သည်။
သူသည် မသင့်တော်သော ကျွန်းများစွာကို ရှာဖွေတွေ့ရှိခဲ့သည်။
ထိုကျွန်းအများစုသည် ယေဘူယျအားဖြင့် (S) ပုံသဏ္ဍာန်ရှိပြီး အရွယ်အစားကွဲပြားသော ကျွန်းများစွာလည်း ရှိပေသည်။
အချို့သောကျွန်းများသည် သူမြင်ခဲ့ရသော ပထမဆုံးကျွန်းကဲ့သို့ သေးငယ်သော်လည်း.... မြို့ငယ်လေး သို့မဟုတ် မြို့ကြီးတစ်မြို့လောက် ကြီးမားသောကျွန်းများလည်း ရှိပေသည်။
ထို့အပြင် ကျွန်းကြီးအချို့တွင် လူသားများကို တွေ့ခဲ့သည်။
ယင်းနေရာမှလူများသည် အသက်မွေး ဝမ်းကြောင်းပြုရန် တံငါလုပ်ကြပုံရ၏။ ထိုကျွန်းများအနားတွင် ငါးဖမ်းလှေ များစွာရှိပေသည်။
ခဏလောက်စဉ်းစားပြီးနောက် ဖန့်ရန်သည် ထိုနေရာ တစ်ဝိုင်းက ကျွန်းတစ်ခုတွင် ခဏတာ နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။
.....