သတ်ဖြတ်ခြင်း
Vol. 6 Ch. 546
“ဂုရုကြီး ရာမ …”
သူသည် ကမ္ဘာ၏ အစွမ်းအထက်ဆုံး ခန္ဓာကိုယ် ကျင့်ကြံသူ ဖြစ်ကာ အာရှတောင်ပိုင်း၏ အရှင်သခင် ဖြစ်သည်။
သို့သော်လည်း ချန်းဖန်သည် သူ၏ နတ်မိစ္ဆာအဆင့် ရောက်လုနီးနီး ခန္ဓာကိုယ်ကို ဖျက်ဆီး ပစ်ခဲ့သည့် အပြင် သူ၏ နတ်ဘုရား ဝိညာဉ်ကိုပါ သတ်ဖြတ်ခဲ့သည်။
ပထမဆုံး တန်ခိုးရှင် တစ်ယောက်ကား သေဆုံးသွားချေပြီ ဖြစ်၏။
သို့သော် ထိုအရာကား အစမျှသာ။
“ကလန့် …”
ဝါတနာဘေ၏ နဖူး၌ အပ်ချည်ရာအလား သွေးစို့လာ၏။ ထိုအပ်ချည်ရာက နှာခေါင်း၊ ပါးစပ်၊ လည်ပင်းမှ တစ်ဆင့် သူ၏ ခန္ဓာကိုယ် အလယ်တည့်တည့် တစ်လျှောက်လုံး ပျံ့နှံ့သွားသည်။ အပ်ချည်ရာ အပြည့်အစုံ ရုပ်လုံး ပေါ်ရာတွင် သူ၏ ခန္ဓာကိုယ်သည်လည်း ထက်ဝက် ပြတ်သည်။
“မဖြစ်နိုင်ဘူး ... ငါဒီမှာ သေရမှာ မဖြစ်နိုင်ဘူး …”
ဝါတနာဘေ၏ နတ်ဘုရား စိတ်ဝိညာဉ်က သွေးရူးသွေးတန်း ပြောဆိုရင်း ခန္ဓာကိုယ်ကို အတင်း ဝင်ပူးရန် ကြိုးစားသည်။ သို့သော်လည်း ထိုဝိညာဉ်ပါ နှစ်ပိုင်းပြတ်၍ အပိုင်းပိုင်း အစစ ပေါက်ကွဲထွက်၏။
“ဝါတနာဘေ …”
“ဂျပန်ကို နှစ်ပေါင်းများစွာ စိုးမိုးခဲ့သော ဓားသူတော်စင် …”
သူကား ကျဆုံးသွားခဲ့ချေပြီ ဖြစ်သည်။
တတိယမြောက် ဓမ္မရာဂျာစက္က၏ ဝိညာဉ်မှာမူ မည်သည့် စကားမျှ မဆိုနိုင်ခင်မှာပင် တိတိကျကျ နှစ်ပိုင်းပြတ်ကာ ပေါက်ကွဲသည်။
ဓမ္မရာဂျာ စက္က၏ ခန္ဓာကိုယ်သည် ပထမ တိုက်ပွဲတွင် ကတည်းက ပျက်စီးခဲ့ပြီး ဖြစ်သည်။ သူ၏ စိတ်ဝိညာဉ်သည် အလွန် သန်မာရာ မူလ ခန္ဓာကိုယ်နှင့်မခြား တိုက်ခိုက်နိုင်ခဲ့သည်။ သို့သော်လည်း ယခုတွင်မူ သူ၏ စိတ်ဝိညာဉ်ပါ အဆုံးသတ် သွားခဲ့ရပြီ ဖြစ်သည်။
“ဘုန်း …”
ကျန်းတိုင်ချင်းရွှမ်သည် နောက်တစ်ကြိမ် ပြန်ပေါ်လာ၏။
သူ၏ ဘေးရှိ ကြာပန်းမှာမူ ပွင့်လွှာ တစ်ခုပင် မကျန်ရှိတော့ချေ။
“ကံကောင်းတာပဲ ... ဂိုဏ်းရဲ့ ရတနာက ငါ့ အသက်ကို လေးကြိမ်အထိ ကာကွယ် ပေးနိုင်ခဲ့တယ် ... ချန်းပေ့ရွှမ်းက အရမ်းကို အစွမ်းထက်လွန်းတယ် ... ငါ့အတွက် အခွင့်အရေး မရှိတော့ဘူး ... ငါ ထွက်သွားတော့မယ် …”
ကျန်းတိုင်ချင်းရွှမ်က အခြား တန်ခိုးရှင်များကို ကြည့်ကာ ပြောလိုက်သည်။ သို့သော်လည်း အခြား တန်ခိုးရှင်များက သူမအား သွေးပျက်နေသော အကြည့်များဖြင့် ကြည့်နေသည်ကို သတိထားလိုက်မိ၏။
“ဘာလဲ ... ဘာလို့ ငါ့ကို အဲဒီလိုကြီး ကြည့်နေကြတာလဲ …”
ကျန်းတိုင်ချင်းရွှမ် တွေးနေစဉ်မှာပင် သူမ၏ နဖူး၌ အနီစင်းကြောင်း တစ်ခု ပေါ်လာ၏။ သူမ မည်သည်ကိုမျှ သတိမထားမိစဉ်မှာပင် သူမ၏ ခန္ဓာကိုယ်က နှစ်ပိုင်းပြတ်ကာ ကောင်းကင်မှ ကျသည်။
“ဓမ္မ ရတနာက ခင်ဗျားကို လေးကြိမ်အထိ ကာကွယ် ပေးခဲ့ပါတယ် …”
ချန်းဖန်က ခေါင်းခါရင်း ရေရွတ်လိုက်သည်။
အမတေ ဓားပိုးမျှင်သည် မြေကမ္ဘာ အဆင့်ကိုပင် သတ်နိုင်သည်အထိ အစွမ်းထက်သည်။ ထို့ကြောင့် ကျန်းတိုင်ချင်းရွှမ်၏ နတ်ဘုရား ဝိညာဉ်ပင်လျှင် ထိုတိုက်ခိုက်မှု၌ ခန္ဓာကိုယ်နှင့် အတူ ထက်ဝက်ပြတ်ကာ ပျက်စီးသွား၏။
“ငါ့စွမ်းအားက မလုံလောက်သေးလို့ မင်းတို့အထဲက လေးယောက်ပဲ သတ်နိုင်ခဲ့တယ် ... ငါသာ တန်ခိုးရှင် နောက်ဆုံး အဆင့်ကို ရောက်နေရင် မင်းတို့ သုံးယောက် အခုအချိန်မှာ အသက်ရှင်တော့မှာ မဟုတ်ဘူး …”
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း ဖြူရော်နေသော မျက်နှာများအား ကြည့်လိုက်၏။
ထိုအချိန်၌ ကျန်ရှိနေသော တန်ခိုးရှင် သုံးယောက်၏ မျက်နှာများကား ဖြူရော် နေချေပြီ ဖြစ်သည်။
ချန်းဖန်၏ တိုက်ခိုက်မှုသည် အလွန်အမင်း ကြောက်စရာ ကောင်းလွန်းသည်။ မြေကမ္ဘာ အဆင့်ကိုပင် ယှဉ်နိုင်သည့် နတ်ဘုရား သတ်ဖြတ်ခြင်း ကဲ့သို့သော အစီအရင်ပင်လျှင် ထိုဓားချက်၏ အောက်၌ ခုခံနိုင်စွမ်း ကင်းမဲ့ရသည်။
“ငါတို့ ခုနစ်ယောက်ပေါင်းက မြေကမ္ဘာ အဆင့်ကိုတောင် သတ်ဖြတ်နိုင်စွမ်း ရှိတယ် ... ဒါပေမဲ့ မင်းကိုတော့ မနိုင်ခဲ့ဘူး ... ချန်းပေ့ရွှမ်း ... မင်းက ဘယ်သူလဲ …”
လီချန်းရှန့်က ချန်းဖန်ကို ကြည့်ရင်း မေးလိုက်၏။ ထို လူသား နတ်ဘုရား အဆင့်ကား မိမိကိုယ်ကို ယုံကြည်မှုများ ကင်းမဲ့နေပြီ ဖြစ်သည်။
“အဲဒီမေးခွန်းကို ငရဲရောက်မှ မေးလိုက် …”
ချန်းဖန်က နှာခေါင်းရှုံ့ရင်း ပြန်ပြောလိုက်သည်။
“ချန်းပေ့ရွှမ်း ... ခုနကလို တိုက်ခိုက်မှုမျိုး မင်းနောက်တစ်ကြိမ် ထပ်မတိုက်ခိုက်နိုင်တော့ပါဘူး ... ငါတို့ ငြိမ်းချမ်းရေး ယူရအောင်... ဘယ်လိုလဲ …”
ယောင်တောက်ရီက မိုးကြိုး တံဆိပ်တုံးကို လက်တွင် ဆော့ကစားရင်း မေးလိုက်သည်။
“ဟီးဟီး …”
ချန်းဖန်က ရယ်မောလိုက်၏။
“ညှိုနှိုင်းဖို့ အချိန်က နောက်ကျ သွားပြီကွ ... မင်းတို့ကို သတ်မယ်လို့ ပြောပြီးမှတော့ ဘာလို့ ငါက စကားကို ပြန်ရုပ်သိမ်း ရမှာလဲ …”
စကားဆုံးသည်နှင့် ချန်းဖန်က ဓားအားဖြည့် ကျောက်မျက်ကို လက်ဖြင့် ပုတ်လိုက်သည်။
“ကလန့် …”
အလင်းတန်း ကိုးခုက ဓားအားဖြည့် ကျောက်မျက်၌ လင်းလက်လာကာ ချန်းဖန်၏ ရှေ့၌ ဓားကိုးချောင်း ထွက်ပေါ်လာ၏။
“ကောင်းပြီလေ ... ဒါဆိုလည်း ဆက်တိုက်ခိုက်ကြတာပေါ့ …”
လီချန်းရှန့်၏ မျက်နှာက လေးနက်သွားကာ သူ၏ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင်များသည်လည်း တစ်ဟုန်တည်း တိုးတက်လာ၏။ ထိုစွမ်းအားများက သူ၏ ဆန္ဒအတိုင်း ကောင်းကင်နှင့် မြေကြီးများ၏ စွမ်းအားကို ချိတ်ဆက်ကာ နတ်ဘုရား တစ်ပါး၏ အရှိန်အဝါကို ထုတ်ဖော်သည်။
“ငါကြောင့် ကောင်းကင်သခင်ဂိုဏ်း ဘိုးဘေးတွေရဲ့ ဂုဏ်သိက္ခာ မှေးမှိန်ရပြီ …”
ယောင်တောက်ရီက ခေါင်းကို ခါရင်း မိုးကြိုး တံဆိပ်တုံး အပေါ်သို့ သွေးတစ်လုတ် အန်ထုတ်လိုက်သည်။
“ဘုန်း …”
မိုးကြိုး တံဆိပ်တုံးက သွေးများကို စုပ်ယူပြီးသည်နှင့် အနီရောင် စတင် လင်းလက် လာ၏။ ထိုတံဆိပ်တုံးက ကောင်းကင်သို့ နောက်တစ်ကြိမ် ပျံတက်ကာ ၎င်း၏ အနီရောင်စဉ် သည်လည်း ပိုမို လင်းလက်သည်။ သို့သော်လည်း ယောင်တောက်ရီ၏ မျက်နှာမှာမူ ပိုမို ဖြူရော် လာနေခဲ့သည်။
“ဟူး …”
ချန်းဖန်က အင်္ကျီလက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။
ဓားကိုးချောင်းက မြစ်တစ်စင်းအလား အစီအစဉ်တကျ ရွေ့လျားကာ ချန်းဖန်၏ ခန္ဓာကိုယ်အား လှည့်လည်သည်။
“သွား …”
ချန်းဖန်က အမိန့်ပေးလိုက်ရာ ဓားကိုးချောင်းက ဓားအလင်းများ အသွင်သို့ ပြောင်းလဲကာ ရွေ့လျားသည်။ ထိုဓား တစ်ချောင်းချင်း စီသည် အမတေ ဖြည့်တင်းခြင်းဓားနှင့် တန်းတူ အစွမ်း မထက်သည့်တိုင် သူတို့၏ ပူးပေါင်းမှုက အလွန်အမင်း ပြင်းထန်၏။
“ကျုပ်က သူ့ရှေ့ကို သွားမယ် ... ဒမွန် ခင်ဗျားက တိုက်ရိုက် တိုက်ခိုက် ... တောက်ရီ မင်းက ငါတို့ကို ကာပေးထား …”
လီချန်းရှန့်က ပြောရင်း မီတာ တစ်ရာခန့် ရှည်လျားသော ခရမ်းရောင်ချီကို လွှဲခုတ်သည်။ ထိုအရာက အကာအကွယ် အစီအရင် တစ်ခုအလား ကောင်းကင်ကို ဖုံးလွှမ်း၍ ဓားကိုးချောင်းကို တားဆီးသည်။
သို့သော်လည်း ဓားကိုးချောင်းက စက်ဝိုင်း သဏ္ဌာန် ဝိုင်းပတ်ကာ လီချန်းရှန့်ဆီသို့ တိုးဝင်သည်။
“ဘုန်း …”
ယောင်တောက်ရီက သွေးရောင် မိုးကြိုးကို ဆင့်ခေါ်ကာ ချန်းဖန်ဆီသို့ ပစ်လွှတ်သည်။
“ကလန့် …”
ထိုအချိန်တွင်ပင် သွေးမိစ္ဆာက အသံ၏ အမြန်နှုန်းကို ချိုးဖောက်ကာ ချန်းဖန်ထံ တိုးဝင် တိုက်ခိုက်၏။
“ဘုန်း …”
ချန်းဖန်က သွေးမိုးကြိုးများကို ချီအကာအကွယ်ဖြင့် ခုခံကာ နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်သည်။
ထိုသွေးမိုးကြိုးများသည် အလွန် အစွမ်းထက်ပြီး လင်းရှု့မင်၏ သေမျိုး နတ်ဘုရား စွမ်းအား တိုက်ခိုက်မှုနှင့်ပင် ယှဉ်နိုင်၏။
သွေးမိုးကြိုးကို ရှောင်တိမ်းပြီး ချက်ချင်းပင် သွေးမိစ္ဆာက သွေးအရိပ် ကိုးခုအဖြစ် ပြောင်းလဲကာ တိုးဝင်လာ၏။
“မင်းတို့ သုံးယောက် ဘယ်လောက် ကြာကြာ တိုက်ခိုက်နိုင်မလဲ ကြည့်ရသေးတာပေါ့ …”
ချန်းဖန်က နှာခေါင်းရှုံ့ရင်း သွေးမိစ္ဆာကို တန်ပြန် တိုက်ခိုက်လိုက်သည်။ သူ၏ လှုပ်ရှားမှုတိုင်းက အသံ၏ အမြန်နှုန်းကို ချိုးဖောက်ထားရာ အရိပ်တစ်ခုအလား ဖမ်းမရအောင် လျှင်မြန်လှသည်။
ထိုပညာရှင်ကား လွန်ခဲ့သည့် နှစ်တစ်ရာခန့်ကပင် နတ်ဘုရား သတ်မှတ်ချက်၌ ထိပ်ဆုံးသုံးယောက် ဝင်ခဲ့သူ ဖြစ်သည်။ သူသည် အရှေ့တိုင်းနှင့် အနောက်တိုင်း နှစ်ခုစလုံးရှိ လျှို့ဝှက် ကျင့်စဉ်များကို လေ့လာခဲ့ကာ တန်ခိုးရှင် ထိပ်ဆုံး အဆင့်ထိ တက်လှမ်းခဲ့သည်။ သို့သော်လည်း ချန်းဖန်ကား သူ့ထက် အဆများစွာ ပိုမို အစွမ်းထက်၏။
တိုက်ခိုက်မှု သုံးကွက် အတွင်းမှာပင် ချန်းဖန်သည် သွေးမိစ္ဆာကို နှစ်ပိုင်း ဖြတ်တောက်လိုက်နိုင်၏။
ငါးကွက်အထိ တိုက်ခိုက်ပြီးချိန်တွင်မူ ချန်းဖန်သည် သွေးမိစ္ဆာ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဖြတ်တောက် နိုင်ခဲ့သည်။
ခုနစ်ကွက်မြောက် အပြီးတွင်မူ သွေးမိစ္ဆာ၏ ခန္ဓာကား ချန်းဖန်၏ တာအို လက်သီးအောက်၌ ပေါက်ကွဲသည်။
“မရတော့ဘူး ... ငါ တောင့်မခံနိုင်တော့ဘူး …”
သွေးမိစ္ဆာ၏ ခန္ဓာကိုယ်က မီတာ ရာချီသော နေရာ၌ နောက်တစ်ကြိမ် ပြန်လည် ပေါ်လာ၏။ သူကား အလွန်တရာ မောပန်းနေရာ အသက်ကိုပင် လု၍ ရှူနေရတော့သည်။
“သွားစမ်း …”
ယောင်တောက်ရီက မိုးကြိုး တံဆိပ်တုံး အပေါ်သို့ သွေးများကို နောက်တစ်ကြိမ် ထွေးထုတ်လိုက်သည်။
“မင်းက မီးနဲ့မှ ကစားချင်တာကိုး …”
ချန်းဖန်က ရေရွတ်လိုက်ရင်း အသံ၏ အမြန်နှုန်းကို ချိုးဖောက်လိုက်၏။ သူ၏ ခန္ဓာက အသံ၏ နှစ်ဆနှုန်းဖြင့် ရွေ့လျားကာ ယောင်တောက်ရီထံ တိုးဝင်သည်။
“ဘုန်း …”
ပထမ လက်သီးချက်တွင် ချန်းဖန်သည် မိုးကြိုး တံဆိပ်တုံးကို ဖျက်ဆီးလိုက်၏။
“ဘုန်း …”
ဒုတိယ လက်သီးချက်တွင် ချန်းဖန်သည် အကာအကွယ် အလင်းကို ဖောက်ထွက်ကာ ယောင်တောက်ရီ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးသည်။
“ဘုန်း …”
တတိယ လက်သီးချက်၌ ချန်းဖန်သည် ယောင်တောက်ရီ၏ နတ်ဘုရား ဝိညာဉ်ကို ဖျက်ဆီးသည်။
လက်သီးချက် သုံးချက် အတွင်းမှာပင် ကောင်းကင်သခင် မူလ တာအိုဂိုဏ်း၏ ခေါင်းဆောင်ကား ကျရှုံးသွားခဲ့ရပြီ ဖြစ်သည်။
ထိုမြင်ကွင်းအား တွေ့သည်နှင့် သွေးမိစ္ဆာ ဒမွန်၏ ခန္ဓာကိုယ်က သွေးအလင်းတန်း အသွင်ပြောင်းကာ အဝေးသို့ ထွက်ပြေး၏။
တစ်ဆယ် မိနစ်အတွင်းမှာပင် တန်ခိုးရှင် အဆင့် ငါးယောက် သေဆုံးကာ တစ်ယောက် ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။ စစ်မြေပြင်၌ လီချန်းရှန့် တစ်ယောက်သာ ကျန်ရစ်တော့၏။
***