ငယ်ရွယ်သူလေး ဟဲစီ
Vol. 9 Ch. 125
ဖန့်ရန် ဤနေရာတွင် နေထိုင်ရန် ဆုံးဖြတ်ရခြင်း၏ အကြောင်းရင်းမှာ ဤနေရာတွင် အမဲလိုက်စရာ ငါးများစွာရှိသောကြောင့်ဖြစ်သည်။
ဤနေရာတွင် ငါးကြီးမျိုးစိတ်များစွာကို သူမြင်တွေ့ခဲ့ရပြီး အခြားငါးအမျိုးအစားများလည်း များပြားလှသည်။ ငါးမန်းအချို့ကိုပင် သူမြင်ခဲ့ရသေး၏။
စနစ်၏ အသိပေးချက်အရ ဤငါးမန်းများကို Whitetip ငါးမန်း ဟုခေါ်ပြီး အကြီးဆုံးမှာ (၂) မီတာသာရှိသော်လည်း ထိတ်တန်းသားရဲတစ်မျိုးဖြစ်ပြီး စနစ်အမှတ်များစွာကို ပေးနိုင်လေသည်။
(၂) မီတာရှည်သော Whitetip ငါးမန်း တစ်ကောင်သည် စနစ်အမှတ် (၁၂၀၀) ကို ပေးစွမ်းနိုင်သည်။ ဤသည်မှာ အလားတူအရွယ်အစားရှိသည့် အခြားငါးများထက် သာလွန်သော စနစ်အမှတ် ဖြစ်သည်။
ထိုအချိန်က ဖန့်ရန်သည် Whitetip ငါးမန်း တစ်ကောင်ကို အရသာမြည်းစမ်းရန် အမဲလိုက်ခဲ့လေသည်။ သို့သော် ထိုအချိန်တွင် သူသည် အမဲလိုက်ရန် အဓိကအာရုံမထားသောကြောင့် ကျန်ငါးမန်းများကို လိုက်လံဖမ်းဆီးခြင်း မပြုခဲ့ပေ။
အမဲလိုက်စရာ သားကောင် ပမာဏကို လေ့လာနေစဉ် ဖန့်ရန်သည် နေထိုင်ရန် သင့်တော်သော နေရာတစ်ခုကိုလည်း တွေ့ရှိခဲ့၏။
၎င်းမှာ လူသူမနေသော သဲကန္တာရကျွန်းတစ်ခုဖြစ်ပြီး ဧရိယာကြီးမားလေသည်။ ဤကျွန်းပေါ်တွင် အုန်းပင်နှင့် အမျိုးအမည်မသိ အပင်များ ထူထပ်စွာပေါက်ရောက်နေပေသည်။
သူ၏ ကြီးမားသော ကိုယ်ခန္ဓာအတွက်ပင် ဤထူထပ်သော အပင်များက လွယ်ကူစွာ ဖုံးအုပ်ပေးနိုင်သည်။
နောက်ထပ်သတိပြုစရာတစ်ခုမှာ ဤလူသူမနေသော ကျွန်းသည် လူသူနေထိုင်ရာ ကျွန်းနှင့် အလွန်ဝေးကွာပြီး အနီးဆုံးကျွန်းမှာ အလွန်သေးငယ်သော ကျွန်းတစ်ခုဖြစ်ကာ ဖန့်ရန် အစောပိုင်းတွင် မြင်ခဲ့သည့် ကျွန်းထက်ပင် သေးငယ်လေသည်။
သူတို့ကြား အကွာအဝေးမှာ ကီလိုမီတာ (၁၀၀) နီးပါးပင် ရှိပေသည်။
ထိုသေးငယ်သောကျွန်းကို ဖန့်ရန်က ရှောင်ကျဲဟု အမည်ပေးခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်ထိ သူမြင်ဖူးသမျှထဲတွင် အသေးဆုံးဖြစ်သောကြောင့် ဖြစ်သည်။ ရှောင်ကျဲမှ မဝေးသောနေရာတွင် အလွန်ကြီးမားသော ကျွန်းတစ်ကျွန်း ရှိပေသည်။
ထိုကြီးမားသောကျွန်းပေါ်တွင် ကျေးရွာတစ်ရွာရှိပြီး ဖန့်ရန်သည် ကမ်းခြေတွင် စိုက်ထူထားသော မြင်းခွာကျွန်း အမည်ရှိ ဆိုင်းဘုတ်တစ်ခုကို မြင်တွေ့ခဲ့ရသည်။
ဤအမည်မှာ သင့်လျော်မှုရှိပေသည်။ ဤကျွန်း၏ ပုံသဏ္ဍာန်မှာ မြင်းခွာပုံသဏ္ဍာန်နှင့် တူညီနေသောကြောင့် ဖြစ်သည်။
ဖန့်ရန်သည် မြင်းခွာကျွန်း၏ အနီးသို့ မကြာခဏ ရေကူးသွားလေ့ရှိသည်။
ထိုနေရာတွင် ငါးအရေအတွက် အများဆုံးရှိပြီး Whitetip ငါးမန်းကိုပင် တွေ့ခဲ့ရသေး၏။
ယနေ့ သူဤနေရာသို့ ရောက်ရှိလာပြီး တစ်နေ့တာ အမဲလိုက်ခြင်းကို စတင်ခဲ့လေသည်။
...
နေ့လယ်ခင်း နေရောင်မှာ အလွန်ပူပြင်းလှသည်။
သို့သော် သူသည် ပင်လယ်ရေမျက်နှာပြင်အောက် (၃၀) မီတာခန့်တွင် ရှိနေခြင်းကြောင့် ရာသီဥတု မည်မျှပူပြင်းသည်ကို မခံစားရပေ။ အကယ်၍ သူသည် ပင်လယ်ရေမျက်နှာပြင်ပေါ် တက်သွားခဲ့လျှင်ပင် ၎င်းအပူချိန်ကို သူခံစားရမည် မဟုတ်ပေ။
ဖန့်ရန်သည် ရှောင်ကျဲ ကျွန်းနှင့် မြင်းခွာကျွန်းကြားရှိ ရေပြင်တွင် လည်ပတ်နေခဲ့သည်။
လက်ရှိတွင် သူက ရှေ့ရှိ သန္တာကျောက်တန်းတစ်ခုကို ကြည့်နေသည်။
ဤသန္တာကျောက်တန်းမှ ငါးများသည် ရေကူးသွားလာနေသည်ကို သူမြင်နေရ၏။ ၎င်းတို့ထဲတွင် ငါးကြီးမျိုးစိတ်မှာ အများဆုံးဖြစ်သည်။
ဤငါးကြီးမျိုးစိတ်တွေကို လူတိုင်း အလွယ်တကူ မှတ်မိနိုင်လေသည်။ ၎င်းတို့၏ အကြေးခွံများမှာ အရောင်တောက်ပပြီး အနီနှင့် အညိုရောင်များ ဖြစ်ကာ အစင်းကြောင်းများ သို့မဟုတ် အစက်အပြောက်များ ပါရှိသည်။
၎င်းတို့၏ အစင်းကြောင်းများနှင့် အစက်အပြောက်များသည် အကောင်းဆုံးသော ဖုံးကွယ်နိုင်စွမ်းကို ပေးစွမ်းထားသည်။ အကယ်၍ ၎င်းတို့သည် ကျောက်တန်းဘေးတွင် ငြိမ်သက်စွာ နေထိုင်နေမည်ဆိုပါက ၎င်းတို့ကို ရှာဖွေရန် ခက်ခဲပေသည်။
သို့သော် ဤသည်မှာ ဖန့်ရန် အတွက် ပြဿနာ မဟုတ်ပေ။ ၎င်းတို့အနေဖြင့် မည်မျှပင် ကောင်းမွန်စွာ ဖုံးအုပ်ထားပါစေ...။ သူသည် သူ၏ သဘာဝအာရုံခံ ကိရိယာဖြစ်သည့် လျှာကို အသုံးပြုပြီး ၎င်းတို့ကို အလွယ်တကူ ရှာဖွေနိုင်ပေသည်။
ဤသို့ဖြင့် သူသည် ၎င်းနေရာတစ်ဝိုက်တွင် လည်ပတ်ကာ ငါးကြီးမျိုးစိတ် (၁၀၀) ခန့်ကို စားသုံးခဲ့ပြီး စနစ်အမှတ် (၃၀၀၀) ကျော်ကို ရရှိခဲ့သည်။
ထို့နောက် သူသည် သူ၏ အမဲလိုက်မည့် တည်နေရာကို ပြောင်းလဲကာ မြင်းခွာကျွန်းဆီသို့ ရွေ့လျားခဲ့လိုက်သည်။
ရှောင်ကျဲကျွန်းနှင့် မြင်းခွာကျွန်းကြားရှိ ပင်လယ်ရေပြင်သည် အနည်းငယ်နက်ရှိုင်းပြီး သာမန်နေရာများတွင် မီတာ (၁၀၀) ခန့်သာ ရှိသော်လည်း မြင်းခွာကျွန်းနှင့် နီးကပ်သည့် နေရာတွင် လျို့မြောင်းပုံစံ ဧရိယာတစ်ခုရှိပေသည်။
၎င်းလျို့မြောင်းသည် အလွန်နက်ရှိုင်းပြီး သူ၏ ခန့်မှန်းချက်အရ အနက် (၇၀၀) မှ (၈၀၀) မီတာအထိ ရှိပြီး ၎င်းအတွင်းတွင် အရွယ်အစား ကြီးမားသည့် ရေနေသားရဲများ နေထိုင်နိုင်ချေများပေသည်။
သူအရင်ကြုံတွေ့ခဲ့ရသော Whitetip ငါးမန်းသည် ဤလျို့မြောင်းမှ ထွက်လာခြင်း ဖြစ်သည်။ ထို့အပြင် သူသည် ဤနေရာတွင် လည်ပတ်နေစဉ် လိပ်ကြီးတစ်ကောင်ကိုလည်း မြင်တွေ့ခဲ့ရသေးသည်။
ဖန့်ရန်၏ သွားများသည် မာကျောပြီး ချွန်ထက်နေပြီ ဖြစ်သော်လည်း ၎င်းလိပ်၏ အခွံကိုတော့ ဖြတ်တောက်နိုင်ခြင်း မရှိသေးပေ။
အကယ်၍ သူသာ ၎င်းလိပ်ကို မျိုချလိုပါက ၎င်း၏ ဦးခေါင်းကို အရင်ဆုံးကိုက်ဖြတ်ရမည် ဖြစ်ပြီး သူ၏ အားကောင်းသော အစာခြေစနစ်ဖြင့် အစာအဖြစ် ကျေညပ်သွားအောင် ချေဖျက်ရမည် ဖြစ်သည်။
တိုက်ရိုက်မျိုချ၍ ရနိုင်သော်လည်း သူ၏ ဗိုက်ထဲမှာ အသက်ရှင်နေသည့် လိပ်တစ်ကောင် ရှိနေမည်ကို သူမလိုလားပေ။
ဤသို့ဖြင့် ဖန့်ရန်သည် လျို့မြောင်းအတွင်းသို့ ဝင်ကာ ရေနေသားရဲများကို အမဲလိုက်ခြင်းကို စတင်ခဲ့တော့သည်။
ဖန့်ရန်က လျို့မြောင်းအတွင်းသို့ အမဲလိုက်ရန် ဝင်ရောက်နေစဉ် မြင်းခွာကျွန်း၏ ကမ်းခြေတွင် ဆယ်ကျော်သက်များ အုပ်စုတစ်စု အတူတကွ ကစားနေကြလေသည်။
၎င်းအုပ်စုဝင်များမှာ အသက် (၁၃) သို့မဟုတ် (၁၄) နှစ်ရှိပြီး စုစုပေါင်း (၇) ယောက်ရှိပေသည်။
လက်ရှိတွင် သူတို့က အရိပ်တစ်ခုအတွင်း ထိုင်နေခဲ့ပြီး မီးပုံတစ်ခုကို ဖို့ထားခဲ့သည်။
လူငယ်တစ်ယောက်စီတွင် သစ်သားတုတ်တစ်ချောင်းစီကိုင်ထားပြီး ငါးတစ်ကောင်စီကို တံစိုး ထိုးထားလေသည်။
ဤငါးများကို ပင်လယ်ထဲမှ ဖမ်းယူထားခြင်းဖြစ်သည်။ ကမ်းခြေတွင် ကြီးပြင်းလာသော ဤလူငယ်လေးများအတွက် ၎င်းမှာ ဘာမှမဟုတ်ပေ။
သူတို့သည် ငယ်ရွယ်စဉ်ကတည်းက ငါးဖမ်းနည်းနှင့် ပိုက်ကွန်သုံးနည်းကို သင်ယူထားခဲ့ကြ၏။
သူတို့သည် ပင်လယ်ထဲသို့ တိုက်ရိုက်ခုန်ချပြီး လက်ဖြင့်ပင် ငါးများကို ဖမ်းဆီးနိုင်ကြသည်။
ဟဲစီသည် ဤကဲ့သို့ အကြိမ်အနည်းငယ် ပြုလုပ်ဖူးသည်။
နောက်ဆုံးအကြိမ် သူငါးဖမ်းခဲ့သည်မှာ မနှစ်က ဖြစ်ပြီး သူ့အသက် (၁၃) နှစ်အရွယ်တွင် ဖြစ်သည်။
သူသည် ယခုနှစ်တွင် (၁၄) နှစ်ရှိပြီးဖြစ်ကာ မြင်းခွာကျွန်းပေါ်ရှိ တစ်ခုတည်းသော ကျောင်းမှာ အတန်းပညာ ပြီးဆုံးခဲ့ပြီ ဖြစ်သည်။ သို့သော် သူ့တွင် မြင်းခွာကျွန်းမှ ထွက်ခွာပြီး အဆင့်မြင့် ပညာရေး သွားရောက်သင်ယူရန် ရည်ရွယ်ချက် မရှိပေ။
သူ့ကဲ့သို့ ငါးဖမ်းသမားများ၏ ကလေးအများစုမှာ အဆင့်မြင့် ပညာရေး သင်ယူနိုင်မည့် အခွင့်အလမ်းများကို မလိုလားကြပေ။ ကျွန်းပေါ်ရှိ ကျောင်းမှ ဘွဲ့ရပြီးနောက် (၁၃) သို့မဟုတ် (၁၄) နှစ်အရွယ်မှာ ရွာတွင် လူကြီးတစ်ယောက်အဖြစ် သတ်မှတ်ခံရပေမည်။
ယောင်္ကျားလေးအများစုမှာ လူကြီးများနှင့်အတူ ငါးဖမ်းရန် သွားကြပြီး မိန်းကလေးများမှာ ၎င်းတို့၏ မိခင်များနှင့်အတူ ပိုက်ကွန်ရက်ခြင်း သင်ယူပြီး အိမ်ထောင်ပြုရန် ပြင်ဆင်ကြသည်။
ဟဲစီသည် သူပင်လယ်ပြင်သို့ မည်သည့်အချိန်တွင် သွားရောက်ရမည်ကို မသိပေ။ သူ၏ ဖခင်မှာ ပြီးခဲ့သည့်လကတည်းက ပင်လယ်သို့ ထွက်ခွာသွားပြီး (၁၀) ရက်ကြာညောင်းသွာပြီ ဖြစ်သော်လည်း အိမ်ပြန်မလာသေးပေ။
သူသည် သူ၏ ဖခင်ပြန်လာပါက ဤကိစ္စကို သူနှင့် တိုင်ပင်ရမည် ဖြစ်ပြီး သူ၏ လူကြီးဖြစ်သည့် အခမ်းအနားကို မည်သည့်အချိန်တွင် ကျင်းပမည်နှင့် ပင်လယ်ပြင်သို့ ပထမဆုံးအကြိမ်အဖြစ် ဘယ်အချိန်မှာ သွားရောက်ရမည်ကို ဆွေးနွေးရမည် ဖြစ်သည်။
"ကိုဖီး၊ နင့်လည်ပင်းမှာ ပုလဲလေးက လန်ဟူး ပေးတာလား?"
ဟဲစီ အတွေးနက်နေစဉ် သူ့ဘေးမှ ဆယ်ကျော်သက် တစ်ယောက်က ဟဲစီ အရှေ့မှာထိုင်နေသည့် မိန်းခလေးတစ်ယောက်ကို မေးလိုက်သည်။ သူ၏ မျက်လုံးများက ထိုမိန်းကလေး၏ လည်ပင်းကို ကြည့်နေလေသည်။
ထိုမိန်းကလေး၏ လည်ပင်းတွင် အလွန်လှသည့် လက်မအရွယ် ပန်းရောင်ပုလဲလေးတစ်လုံး ရှိနေပေသည်။
"နင်ပြောတာ မှန်တယ်၊ ဘာလဲ... လီကုံး နင်ကလည်း ငါ့ကို ပုလဲလေးတစ်လုံး လက်ဆောင် ပေးချင်လို့လား?"
လီကုံးလို့ ခေါ်သည့် လူငယ်ကို ကိုဖီးလို့ ခေါ်သည့် မိန်းကလေးက မျှော်လင့်တကြီးနှင့် ကြည့်လိုက်သည်။
လီကုံးက ချက်ချင်းပဲ ခေါင်းခါသည်။
"ငါက လန်ဟူး မဟုတ်ဘူးလေ။ သူက ဒီပုလဲလေးကို လျို့မြောင်းနားမှာ တွေ့ခဲ့တယ်ဆိုတာ ကြားလိုက်လို့။ အဲဒါ ဟုတ်လား သိချင်လို့ မေးလိုက်တာ"
"မင်းပြောတာ မှန်တယ်"
ကိုဖီး၏ ညာဘက်မှာ ရှိနေသည့် အရပ်ရှည်ရှည် လူငယ်လေးက ဂုဏ်ယူစွာနဲ့ ခေါင်းညိတ်လိုက်သည်။
"အဲဒီတုန်းကဆို ငါ လျို့မြောင်းနဲ့ ၁၀၀ မီတာပဲ ဝေးတော့တာ...။ အန္တရာယ်တွေ ကြားထဲက စွန့်စားပြီးမှ ဒီပုလဲလေးကို ရခဲ့တာလေ"
"ဝိုး... လန်ဟူး မင်းက တကယ့်ကို ရဲစွမ်းသတ္တိရှိလှချည်းလား!"
လီကုံးက လန်ဟူးကို လက်မထောင်ပြလိုက်ပြီး ကိုဖီးကို ကြည့်ကာ...
"ဒါနဲ့ ကိုဖီး... လန်ဟူးက နင့်ကို ဒီလိုလှပတဲ့ ပုလဲလေးပေးဆိုတော့ နင်သူ့ကို လက်ထပ်ဖို့ စဉ်းစားထားသေးလား"
လို့ မေးလိုက်သည်။
ဤမေးခွန်းကို ကြားလိုက်သည့် အုပ်စုထဲက လူငယ်လေး (၅) ယောက်ဟာ ကိုဖီးလို့ ခေါ်သည့် မိန်းကလေးကို စိုက်ကြည့်လိုက်ကြသည်။
ဟဲစီလည်း အလားတူပင် ဖြစ်သည်။
သို့ပေမယ့် ကောလဟာလတွေကို နားထောင်ချင်သည့် လူတွေနဲ့မတူဘဲ ဟဲစီမှာ စိတ်မသက်မသာ ဖြစ်နေလေသည်။ ဤအုပ်စုအတွင်းမှာ သူ ကိုဖီးကို သဘောကျနေတယ်ဆိုတာ ဘယ်သူမှ မသိကြပေ။
ငယ်စဉ်ကတည်းက အတူတူ ကြီးပြင်းလာခဲ့သူမို့ ကိုဖီး အပေါ် သူ၏ အချစ်စိတ်တွေ အစောကတည်းက ရှိနေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ကိုဖီးက ပိုပိုလှပလာခဲ့သည်။
သူမ၏ နှုတ်ခမ်းထူထူလေးတွေက အထူးသဖြင့် ဆွဲဆောင်မှု ရှိလွန်း၏။
ထို့အပြင် ရွာထဲက မိန်းကလေးတွေနဲ့မတူဘဲ ကိုဖီးက မြို့ထဲရှိ မိန်းကလေးတွေလို နူးညံ့ပြီး သိမ်မွေ့သည်။
သူ့အနေဖြင့် ကိုဖီးနဲ့ လက်ထပ်ဖို့ နေ့တိုင်းအိပ်မက်မက်နေသော်လည်း ဒါက သူ့အတွက် အိပ်မက်သက်သက်ပဲဆိုတာ သူသိသည်။
ဒီလူငယ်အုပ်စုလေးထဲမှာတောင် ကိုဖီးကို ချစ်တဲ့ လူဟာ သူတစ်ယောက်တည်း မဟုတ်ပေ။
လန်ဟူးလည်း ကိုဖီးကို ချစ်သည့် လူတွေထဲက တစ်ယောက် ဖြစ်သည်။
ဒါမှမဟုတ်ရင် ဘယ်သူက အသာလွတ်ကြီး ကိုဖီးကို လှပတဲ့ ပုလဲတစ်လုံး ဘာလို့ပေးမှာလဲ...။
လန်ဟူးနဲ့ ယှဉ်လိုက်လျှင် သူက အရပ်ပုသည်၊ ရုပ်လည်းမချောသလို အားလည်းနည်းသေးသည်။ သို့ပေမယ့် လန်ဟူးရဲ့ မိသားစုက သူ့မိသားစုထက် ပိုချမ်းသာပြီး ဩဇာလည်းပိုကြီးသည်။
ထို့အပြင် လန်ဟူးက ကိုဖီးကိုချစ်သည့် လူတွေထဲက တစ်ယောက်ပဲဖြစ်ပြီး သူတို့တွေနဲ့ ယှဉ်လိုက်လျှင် သူက အရမ်းသာမန်ဆန်သည်။
လန်ဟူးလည်း ကိုဖီးကို မျှော်လင့်တကြီးနဲ့ ကြည့်နေလိုက်သည်။
လူအများ၏ အာရုံစိုက်မူကို ခံလိုက်ရသော ကိုဖီးရဲ့ မျက်နှာလေးဟာ အနည်းငယ် ရှုံ့မဲ့သွားပြီး သူမက မကျေမနပ်ဖြစ်သွားသည်။
ဤအချိန်မှာပဲ သူမဘေးမှာထိုင်နေသည့် အခြားမိန်းကလေးတစ်ယောက်က စကားစပြောလိုက်သည်။
"နင်တို့မေ့နေတာလား... လန်ဟူးက အခုအချိန်မှာ ကိုဖီးနဲ့ လက်ထပ်လို့ မရသေးဘူး။ သူ့ရဲ့ အရွယ်ရောက်အခမ်းအနားကို မကျင်းပရသေးဘူးလေ"
.....