မကျေနပ်ဖြစ်နေသည့် ဟဲစီ
Vol. 9 Ch. 126
ဤမိန်းကလေး၏ ပထမစကားကိုကြားပြီးနောက် လန်ဟူး စိတ်မသက်မသာဖြစ်လာခဲ့သော်လည်း ဒုတိယစကား တစ်ဝက်ကိုကြားပြီးနောက် သူ၏မျက်နှာတွင် အပြုံးတစ်ခုက ပေါ်လာခဲ့သည်။
"နောက် နှစ်ရက်ကြာရင် ငါ အဖေနဲ့အတူ ပင်လယ်ထဲကိုသွားတော့မှာ"
လန်ဟူးက ကိုဖီးနှင့် သူမ၏သူငယ်ချင်းကို ပြုံးပြလိုက်ပြီး ပြောသည်။
"ပြန်လာရင် သေချာပေါက် ငါးတွေအများကြီးယူလာမှာ"
"လန်ဟူး ဒီတစ်ခါ ငါးအလုံအလောက်သာ ဖမ်းမလာနိုင်ရင် ကိုဖီးက နင့်ကို လက်ထပ်မှာ မဟုတ်ဘူးနော်"
ကိုဖီး ဘေးမှ မိန်းကလေးက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"ကိုဖီးက ရွာထဲက အကောင်းဆုံးလူကိုပဲလက်ထပ်မှာ"
"စိတ်ချလိုက်၊ ငါ လန်ဟူးထက် ပိုကောင်းတဲ့သူ ရှိဖို့ မဖြစ်နိုင်ဘူး"
လန်ဟူးက မာန်မာနအပြည့်ဖြင့် သူ့ရင်ဘတ်ကိုပုတ်ကာ ပြောလိုက်သည်။
အနီးနားရှိ ဟဲစီသည် လန်ဟူး၏ စကားကိုကြားပြီးနောက် စိတ်လှုပ်ရှားသွားခဲ့သည်။
သူသည် သူ၏ နှစ်ပေါင်းများစွာ တိတ်တခိုးချစ်ခဲ့ရသည့် မိန်းကလေးကို သူ့မျက်စိအောက်မှာပင် လုယူသွားတော့မည်ကို တွေးမိသောအခါ ဒေါသနှင့်ဝမ်းနည်းမှုတို့က သူ့ရင်ထဲ ပြည့်လျှံလာသည်။
ထိုအချိန်တွင် လန်ဟူးနှင့် ရန်ဖြစ်လိုစိတ်ပေါ်ခဲ့သော်လည်း အဆုံးတွင် မီးပုံကိုသာ ငေးကြည့်ရင်း ထိုင်နေခဲ့လိုက်သည်။ သူက လန်ဟူး၏ ပြိုင်ဘက်မဟုတ်သလို အကြောင်းမဲ့ ရန်စလိုက်ပါက သူ၏ ဂုဏ်သတင်းပါ ထိခိုက်သွားနိုင်သည်။
ဤသို့ဖြင့် ဟဲစီသည် ဝိညာဉ်မဲ့သလို ဖြစ်သွားပြီး သူ့လက်ထဲရှိငါး အရသာကိုပင် သေချာမသိတော့ဘဲ အသိစိတ်လွတ်ကာ စားနေခဲ့သည်။ သူသည် သူ၏ သူငယ်ချင်းတွေ ပြောနေသည့် စကားများကိုပင် နားမထောင်တော့ပေ။
ဤအချိန်တွင် ဟဲစီပုံစံက ရည်စားစကားပြောစဉ် ငြင်းပယ်ခံလိုက်ရသည့် လူငယ်လေး တစ်ယောက်နှင့် တူနေခဲ့သည်။
"ငါတို့တွေ ပင်လယ်ထဲသွားပြီး ရတနာရှာကြရအောင်"
ရုတ်တရက်ဆန်စွာဖြင့် ကိုဖီးဘေးမှာ ထိုင်နေသည့် လန်ဟူးက ထလိုက်ပြီး ဟဲစီနှင့် အခြားယောင်္ကျားလေးများကို ကြည့်ကာ ပြောလိုက်သည်။
"လျို့မြောင်းထဲက ရေအောက်စီးကြောင်းလှုပ်ရှားလို့ အပြီးမှာ ကျွန်းအနားက ရေအောက်မှာ ပစ္စည်းကောင်းတွေ အများကြီး ရနိုင်နေပြီ"
သူ၏ စကားပြီးသွားသောအခါ အခြားလူငယ်လေးများသည် စိတ်လှုပ်ရှားစွာ အော်ဟစ်လျက် ကမ်းခြေဆီသို့ ပြေးသွားကြသည်။
"လာ... ဟဲစီ ငါတို့လည်း လိုက်သွားကြရအောင်"
လီကုံးက သူ့ဘေးတွင် အတွေးလွန်နေသည့် ဟဲစီကို ပုတ်ကာ ကမ်းခြေဆီသို့ ပြေးသွားခဲ့သည်။
ဤတွင် ဟဲစီမှာ အတွေးထဲက နိုးထလာပြီး အလျင်အမြန် သူ့ သူငယ်ချင်းတွေနောက်ကို လိုက်သွားခဲ့သည်။
"လန်ဟူး... လီကုံး နင်တို့တွေ သတိထားကြနော်!"
အရိပ်ထဲရှိ ကိုဖီးနှင့် ကျန်ရှိသည့် သူမ သူငယ်ချင်းတို့က လန်ဟူးနှင့် လီကုံးတို့ကို လှမ်းအော်ပြောလိုက်ကြသည်။
"ဟေး... ကိုဖီး.. ငါပြန်လာရင် နောက်ထပ်ပုလဲတစ်လုံး လက်ဆောင် ငါနင့်ကိုပေးမယ်"
လန်ဟူး၏ စကားသံသည် ဝေးကွာသောနေရာမှ ကိုဖီးတို့အနီး ရောက်လာချိန်တွင် သူတို့က ကမ်းခြေသို့ ရောက်နှင့်ပြီ ဖြစ်သည်။
သူတို့သည် ပင်လယ်ထဲသို့ တိုက်ရိုက် ခုန်ချမသွားကြဘဲ ဆိပ်ကမ်းတွင် ရပ်ထားသည့် ငါးဖမ်းလှေဆီအပေါ် တစ်ယောက်ပြီးတစ်ယောက် ခုန်တက်သွားလိုက်ကြသည်။
ဤငါးဖမ်းလှေသည် လန်ဟူး၏ မိသားစုမှ သိမ်းဆည်ထားသည့် လှေဖြစ်ပြီး အလွန်ဟောင်းနွမ်းနေသော်လည်း အသုံးပြုနိုင်ဆဲဖြစ်သည်။ သို့သော် ၎င်းကို ကမ်းနီးပိုင်းတွင်သာ အသုံးပြုနိုင်ပေသည်။
လန်ဟူးသည်လည်း ဤလှေဖြင့် ပင်လယ်ပြင်အနက်ထဲသို့ သွားရန် မစဉ်းစားထားပေ။ ထိုသို့လုပ်သူသည် မိုက်မဲသူသာ ဖြစ်ပေလိမ့်မည်။
သူတို့သည် ဤငါးဖမ်းလှေဖြင့် ကမ်းစပ်မှ (၁)၊ (၂) ကီလိုမီတာခန့် သွားပြီးနောက် ပင်လယ်ထဲသို့ ခုန်ချကြမည် ဖြစ်သည်။
ဤသို့ဖြင့် လူငယ်လေးတို့သည် ငါးဖမ်းလှေကို မောင်းနှင်ကာ မကြာမီ သူတို့၏ ဦးတည်ရာသို့ မောင်းနှင်လိုက်ကြသည်။
ပင်လယ်ပြင်ပေါ်တွင်...။
"ဟဲစီ ရော့... ဒီမှာ မင်းရဲ့ ရေငုပ်မျက်မှန်"
ဟဲစီ ဘေးရှိ လီကုံးက ရေငုပ်မျက်မှန်နှင့် လေပြွန်တစ်စုံကို သူ့ထံ လှမ်းပေးလိုက်ပြီး သူကိုယ်တိုင်လည်း ဝတ်လိုက်သည်။
ဟဲစီက ကျေးဇူးတင်စကားပြောလိုက်ပြီး လီကုံးဆီက ရေငုပ်မျက်မှန်နှင့် လေထုတ်ပြွန်ကို ယူက ဝတ်ဆင်သည်။
ဤသို့ဖြင့် လီကုံးနှင့် ဟဲစီသည် ရေအောက်အခြေအနေကို စောင့်ကြည့်နေကြသည်။
သူတို့ရှိရာနေရာက ရေအနက်သည် (၁၀) မီတာခန့်ရှိပြီး ရေပြင်မှာ ကြည်လင်ကာ ရေအောက်အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။
ရေအောက်က ကျောက်တန်းများ၊ ရေညှိပင်၊ ပုစွန်လေးများနှင့် ငါးတွေ ရေကူးသွားလာနေသည်ကို တွေ့မြင်နေရသည်။
အချို့နေရာများတွင် ကျောက်ဆောင်တွေရှိပြီး လက်တဝါးခန့် ငါးတွေ ကစားနေသည်ကိုလည်း မြင်နေရပေသည်။
"ငါလှေကို ကျောက်ခဲမှာ ချိတ်လိုက်မယ်၊ မင်းတို့ အရင်ဆင်းကြ"
ဟဲစီသည် ကြည်လင်သော ရေအောက်ကိုကြည့်နေစဉ် လန်ဟူး၏ အသံက ပေါ်လာခဲ့သည်။
ဟဲစီက လှည့်ကြည့်လိုက်ချိန်တွင် လန်ဟူးက ရေထဲဆင်းပြီး ကျောက်တုံးဆီသို့ သွားနေသည်ကို တွေ့လိုက်ရသည်။
ရေပြင်ပေါ်တွင် လေတိုက်နေသောကြောင့် လှေကိုသာ မြန်မြန်မချိတ်ခဲ့လျှင် ပျောက်သွားနိုင်ပေသည်။
"ဟဲစီ... ငါအရင်ဆင်းပြီ"
လီကုံးသည် ဟဲစီကို လှည့်ပြောပြီးနောက် ပြန်ဖြေသည်ကို မစောင့်တော့ဘဲ ရေထဲသို့ ခုန်ချလိုက်သည်။
လီကုံးက ဦးဆောင်ဆင်းသွားသည်နှင့် တပြိုင်နက် အခြားလူငယ်လေးနှစ်ယောက်လည်း ရေထဲသို့ ခုန်ချသွားကြပြီး လှေပေါ်တွင် ဟဲစီ တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။
"ဘာလဲ.. ဟဲစီ ပင်လယ်ထဲဆင်းရမှာကို မင်း ကြောက်နေတာလား"
ရေအောက်ရှိ ကျောက်တုံးတွင် ကြိုးချိတ်ပြီး ပြန်တက်လာသော လန်ဟူးသည် လှေပေါ်တွင် ဟဲစီကို တွေ့လိုက်ရခြင်းကြောင့် ချက်ချင်းဆိုသလို သရော်စကားပြောလိုက်သည်။
"ဟမ့် ... လန်ဟူး!! ငါဆိုတဲ့ ကောင်က ပင်လယ်ထဲကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ဆင်းဖူးတယ်ကွ၊ ဘာလို့ကြောက်နေရမှာလဲ"
ဟဲစီက ဒေါသထွက်ပြီး အော်ပြောလိုက်သည်။ သူသည် ငါးဖမ်းသမား၏ သားဖြစ်ပြီး ကျွန်းပေါ်တွင်နေထိုင်သူအနေဖြင့် ပင်လယ်ထဲသို့ အကြိမ်ရေ မည်မျှ ဆင်းဖူးသည်ကိုပင် သူကိုယ်တိုင် မမှတ်မိတော့ပေ။
သူ့ကို အလွန်စိတ်ဆိုးစေသည်မှာ သူ၏ တိတ်တခိုးချစ်သူကို လုယူမည့်သူက သူ့ကို မထီမဲ့မြင်ပြုနေခြင်း ဖြစ်သည်။
"ငါ မင်းကို အရှုံးမပေးနိုင်ဘူး"
ဟဲစီသည် စိတ်ထဲတွင် မကျေမနပ်ဖြစ်ရေရွတ်ကာ ရေထဲသို့ ခုန်ချခဲ့လိုက်သည်။
သူသည် ရေအောက်တွင် လှည့်လည်ကြည့်ရှုပြီးနောက် ရေပြင်ပေါ်သို့ အလျင်အမြန် ကူးတက်လာခဲ့သည်။ ပတ်ဝန်းကျင်ကို ကြည့်ရှုပြီးချိန်တွင် လန်ဟူးက လျို့မြောင်းဆီသို့ ကူးခတ်သွားနေသည်ကို မြင်လိုက်ရသည်။
သူတို့သည် လျို့မြောင်းနှင့် (၁) ကီလိုမီတာအကွာခန့်မှာ ရှိနေခဲ့ခြင်း ဖြစ်သည်။
လျို့မြောင်းနှင့် နီးကပ်လာလေလေ၊ အန္တရာယ်များလာလေလေ ဖြစ်သည်။ သို့သော် ရတနာများလည်း ပိုမိုတွေ့နိုင်ပေ၏။
ဉပမာ... အရောင်အသွေးစုံလင်သည့် လှပသောကျောက်များနှင့် ခရုခွံတို့ ဖြစ်သည်။
ကံကောင်းခဲ့လျှင် ခရုခွံအတွင်းမှ လှပသည့် ပုလဲများကိုပင် တွေ့နိုင်ပေသည်။
သို့သော်လည်း ဟဲစီမှာ ရေငုတ်သည့် အကြိမ်ပေါင်းများစွာ ရှိပြီဖြစ်သော်လည်း ပုလဲတစ်လုံးမှ မရဖူးသေးပေ။
ခေါင်းငုံ့ပြီး ဟဲစီက ရေအောက်အခြေအနေကို ကြည့်ရှုနေသည်။ သူ၏ လေပြွန်မှာ ရေမျက်နှာပြင်ပေါ်ကို ထွက်နေပြီး ရေအောက်အခြေအနေကို ကြည့်ရှုရန်နှင့် အသက်ရှူရန် အဆင်ပြေစေသည်။
ဤနေရာရှိ ရေပြင်မှာ အလွန်ကြည်လင်ခြင်းကြောင့် ရေအောက်အခြေအနေကို အလွယ်တကူ မြင်နိုင်ပေသည်။
သူသည် ငါးငယ်လေးများနှင့် သန္တာကျောက်တန်းငယ်တွေကိုပင် မြင်နေရ၏။
"ငါအနေနဲ့ ခရုခွံတစ်ခုခုကို ကောက်မှရမယ်၊ ရွှေရောင်ဖြစ်ဖြစ်၊ ပန်းရောင်ဖြစ်ဖြစ်..."
"အထူးသဖြင့် ခရမ်းရောင်ခရုခွံကို ရှာတွေ့ရင် အကောင်းဆုံးပဲ..."
ထိုသို့သော ခရမ်းရောင် ခရုခွံများသည် ပုလဲများကဲ့သို့ ရှားပါးကာ တန်ဖိုးကြီးသည်။
ဟဲစီနှင့် အနည်းငယ် အလှမ်းဝေးသောနေရာမှ လီကုံးနှင့် အခြားလူငယ်လေးနှစ်ယောက်က ရပ်လိုက်ကြတော့သည်။ လက်ရှိမှာ သူတို့အနေဖြင့် လျို့မြောင်းနှင့် (၅၀၀) မီတာသာ ကွာဝေးတော့ပေသည်။ ရှေ့ဆက်သာ တိုးသွားခဲ့လျှင် အန္တရာယ်ရှိလာနိုင်ပေသည်။
သို့သော် ဟဲစီက လန်ဟူးသည် အခြားသူတွေကဲ့သို့ မရပ်တန့်ဘဲ ဆက်သွားနေမှန်း သတိထားမိလိုက်သည်။
"ကြည့်ရတာ ဒီကောင် နောက်ထပ်ပုလဲတစ်လုံး ရှာဖို့ စိတ်ကူးထားတာပဲဖြစ်မယ်"
လန်ဟူး၏ လျို့မြောင်းဆီသို့ ဆက်ချဉ်းကပ်နေတာကို မြင်လိုက်ရသည့် ဟဲစီသည် မကျေမနပ်ဖြစ်နေခဲ့သည်။
တကယ်လို့ လန်ဟူးသာ နောက်ထပ်ပုလဲတစ်လုံး ရှာတွေ့ခဲ့လျှင် ကိုဖီးက သူ့ကို တိုက်ရိုက်လက်ထပ်သွားနိုင်လေသည်။
"ငါ ကိုဖီးကို ပုလဲတစ်လုံး ဒီကောင်ရှာမတွေ့ခင် ရှာပြီး ရှာပေးရမယ်။ ပြီးရင် အဖေနဲ့အတူ ပင်လယ်ထဲသွားပြီး ငါးတွေအများကြီးဖမ်းရမယ်"
ဟဲစီက စိတ်ကူးထဲမှာ တခဏတာ မြင်ယောင်ကြည့်လိုက်သည်။ ထိုအတိုင်းသာ လုပ်ဆောင်ပြီးသွားလျှင် ကိုဖီးက သူ့ကို အမြင်ပြောင်းသွားနိုင်လေသည်။
ထို့အပြင် ကိုဖီးက လန်ဟူးကိုလည်း လက်ထပ်မှာ မဟုတ်တော့ပေ။
"ဟဲစီ အဝေးကြီး မသွားနဲ့!"
ရေအောက်ကြမ်းပြင်ကို ကြည့်နေသည့် လီကုံးက ခေါင်းမော့လိုက်ချိန်တွင် သူ့သူငယ်ချင်း ဟဲစီက လျို့မြောင်းဆီ ကူးသွားနေတာ မြင်လိုက်ရခြင်းကြောင့် အံ့အားသင့်သွားပြီး၊ လေပြွန်ကို ပါးစပ်ထဲမှ ထုတ်ပစ်လိုက်ပြီး လှမ်းအော်လိုက်သည်။
သူ၏ အော်သံကို ကြားလိုက်ရသည့် ဟဲစီက ရပ်လိုက်ပြီး...
"ဟေ့..... ငါ ပုလဲတစ်လုံးကို ရှာနေတာ၊ စိတ်မပူနဲ့၊ လျို့မြောင်းထဲ ဆင်းမသွားဘူး"
ထို့နောက် သူက ရှေ့ဆက်ကူးခတ်သွားသည်။
အနောက်ဘက်မှ လီကုံးသည် အံ့အားသင့်နေခဲ့သည်။ ပုံမှန်အားဖြင့် လျို့မြောင်းနားကို မသွားရဲသည့် ဟဲစီက လျို့မြောင်းဆီ ချည်းကပ်သွားသည်ကို သူနားမလည်နိုင်ခဲ့ပေ။
.....