← Chapters

သေမျိုး နတ်ဘုရားနှင့် တိုက်ခိုက်ခြင်း

Vol. 6 Ch. 547

သေမျိုး နတ်ဘုရားနှင့် တိုက်ခိုက်ခြင်း

Vol. 6 Ch. 547

ယွင်ဝူတောင်ထိပ်တွင် စွမ်းအင် အကြွင်းအကျန်များ ပြန့်ကျဲနေပြီး လေများက တဟူးဟူး တိုက်ခိုက်နေ၏။

ထူထပ်နေသော တိမ်များ၊ မီးခိုးများ၏ အလယ်တွင်မူ ပုံရိပ်နှစ်ခု ရှိသည်။

တစ်ခုသည် အဇူရာရောင် အလင်း တောက်ပနေသည့် ဆံပင် အနက်ရောင် ပိုင်ရှင် လူငယ် တစ်ယောက် ဖြစ်သည်။ ကျန်ပုံရိပ် တစ်ခုမှာမူ ခရမ်းရောင်ချီများ ဝန်းရံနေသည့် တာအိုဆရာ တစ်ယောက် ဖြစ်သည်။

“မင်းက တန်ခိုးရှင် ထိပ်ဆုံး အဆင့် ခြောက်ယောက်နဲ့ အတူ ငါ့ကို တိုက်ခိုက်ဖို့ ရောက်လာခဲ့တယ် ... ဒါပေမဲ့ အခုတော့ ငါးယောက် သေပြီး တစ်ယောက် ထွက်ပြေးသွားပြီ ... မင်း အနေနဲ့လည်း သေမျိုး နတ်ဘုရားရဲ့ စွမ်းအားကို သုံးနာရီ ကနေ ငါးနာရီလောက်ပဲ သုံးနိုင်တော့မယ် ... အဲဒီအချိန် ပြီးတာနဲ့ ငါ လက်တစ်ချက် မထိရင်တောင် မင်းရဲ့ ခန္ဓာကိုယ်က ပေါက်ကွဲရတော့မှာ ... လီချန်းရှန့် ... မင်း ဘာလုပ်မှာလဲ …”

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း မေးလိုက်သည်။

သူ၏ ဓားကိုးချောင်းကမူ လီချန်းရှန့်အား ဝန်းရံကာ အပြင်းအထန် တိုက်ခိုက်ရန် ကြိုးစားနေဆဲ ဖြစ်သည်။

“ငါမင်းကို ဘယ်တုံးကမှ အထင်မသေးခဲ့ဘူး ... တန်ခိုးရှင်ချန်း ... မင်းက ငါမျှော်လင့် ထားတာထက် ပိုပြီးကို အစွမ်းထက်နေတာ ... ဓားလျှို့ဝှက်ချက်တောင် မင်းလောက် အစွမ်းထက်မှာ မဟုတ်ဘူး …”

လီချန်းရှန့်က ပြောရင်း အင်္ကျီလက်ကို တစ်ချက် ခါယမ်းလိုက်သည်။ ရုတ်တရက် ဆန်းကြယ် စွမ်းအား တစ်ခု ထွက်ပေါ်လာကာ ဓားပျံများကို  နောက်သို့ တန့်သွားစေ၏။

“ငါက ကောင်းကင် တံခါးကနေ လာတဲ့ ကျင့်ကြံသူ တစ်ယောက် မဟုတ်ဘူးလို့ မင်းကိုငါ ပြောပြီးပြီ မလား ... ဒါတောင် မင်းက လောဘကို မထိန်းနိုင်ပဲ ငါ့ကို လာပြီး တိုက်ခိုက်ခဲ့တယ် …”

ချန်းဖန်က ခေါင်းကို ခါယမ်းလိုက်သည်။

“ဘယ်သူက မသေမျိုး ဘဝကို မတပ်မက်မှာလဲ …”

လီချန်းရှန့်က အော်ဟစ် ရယ်မော လိုက်သည်။ သူ၏ ပုံစံက အလွန်အမင်း နာကျင်နေဟန် ရ၏။

“ဆရာက ငါ့ကို ဝူတန်ဂိုဏ်းရဲ့ အကျိုးကို ထာဝရ သယ်ပိုးသူ ဆိုတဲ့ အဓိပ္ပာယ်နဲ့ ချန်းရှန့်လို့ နာမည် ပေးခဲ့တယ် ... ဒါပေမဲ့ ငါက ဘယ်လို ထာဝရ နေနိုင်မှာလဲ …”

“စကြဝဠာကို မကျော်လွှားဘဲ ... ဘေး ဒုက္ခတွေကို မခံစားဘဲ ... ဘယ်လို ထာဝရ ရှင်သန် နေနိုင်မှာလဲ …”

ချန်းဖန်က တီးတိုး ရေရွတ်လိုက်၏။

သူ၏ မျက်လုံးများက ရုတ်တရက်ပင် ပြန်လည် ထက်ရှသွားသည်။

“ဒီနေ့ ယွင်ဝူတောင်ထိပ်မှာ ကျုပ် ချန်းပေ့ရွှမ်း ဝူတန်ဂိုဏ်းချုပ် လီချန်းရှန့်ကို သတ်မယ် …”

သူ၏ အသံက မိုးကြိုးအလား ကျယ်လောင်စွာ ထွက်ပေါ်လာ၍ မိုင်ပေါင်းများစွာသို့ ပျံ့နှံ့သွား၏။

ချူကျိုး တစ်မြို့လုံးရှိ လူအများ ထိုအသံကြောင့် ကြက်သီးများပင် ထလာခဲ့သည်။ သူတို့က တွန့်ဆုတ်သော မျက်လုံးများဖြင့် ယွင်ဝူ တောင်ထိပ်သို့ မျှော်ကြည့်လိုက်ကြ၏။

“ဘုန်း …”

သေမျိုး နတ်ဘုရား အဆင့် တိုက်ပွဲကား စတင်ချေပြီ ဖြစ်သည်။

***

ထိုအချိန်၌ ရန်ကူး ရေကန်ဘေးနား သီးသန့်ကလပ်ရှိ လူများသည် လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့ကြ၏။

ရန်ကူး ရေကန်သည် ယွင်ဝူတောင်၏ ဘေးတွင် တည်ရှိသည်။ ထို့ကြောင့်ပင် တောင်ပေါ်မှ အဆက်မပြတ် ထွက်ပေါ်နေသော ပေါက်ကွဲသံများကို သူတို့ ကြားနေရ၏။

“ယွင်ဝူတောင်ထိပ်မှာ ဘာတွေ ဖြစ်နေတာလဲ ... ဘာလို့ မိုးကြိုးသံတွေ ဆူညံနေတာလဲ …”

ယန်ချောင်က နားမလည်စွာ ရေရွတ်လိုက်သည်။

“ယန်ချောင် ... အဲဒီ နေရာက အိမ်က ဘယ်သူ့ အိမ်လဲ ဆိုတာ မင်း မှတ်မိလား …”

ရီချန်းက မေးလိုက်သည်။

“မင်းပြောချင်တာက ... ချန်းဖန် …”

ယန်ချောင်နှင့် စီယင်းရှာ နှစ်ယောက်စလုံးက တောင်ထိပ် ရှိရာဆီသို့ ကြောက်ရွံ့စွာ ကြည့်လိုက်ကြသည်။

ကျန့်ယွီမုန့် တစ်ယောက်မူကား လုံးဝ အံ့အားသင့် နေခဲ့ပြီ ဖြစ်သည်။

“သူ တကယ်ပဲလား …”

“စီနီယာ ချန်းဖန်က ဘယ်လို လူမျိုးလဲ …”

ဟန်မိန်က နားမလည်စွာ မေးလိုက်သည်။

လီရီချန်း၊ ယန်ချောင်၊ စီယင်းရှာတို့ သုံးယောက် စလုံးသည် ချူကျိုး၏ ထိပ်တန်း မိသားစုများမှ လူများ ဖြစ်ကြသည်။ သို့သော်လည်း သူတို့ သုံးယောက်၏ ပုံစံက ချန်းဖန် ဆိုသော တစ်ယောက်ကို အလွန်အမင်း ကြောက်ရွံ့နေကြပုံ ပေါ်သည်။

“သူ့ကို ကျန်းပေ့ရဲ့ ဆရာချန်းလို့လည်း သိကြတယ် …”

စီယင်းရှာက ခြောက်ကပ်သော လေသံဖြင့် ပြောလိုက်သည်။

“ကျန်းပေ့ရဲ့ ဆရာချန်း …”

ဟန်မိန်က ပါးစပ်ကို ပိတ်လိုက်၏။

“ကျန်းပေ့၏ ဆရာချန်း …”

သူကား ချူကျိုးမြို့၏ ဒဏ္ဍာရီ ဖြစ်သည်။ သူ ကျန်းပေ့တွင် ပေါ်မလာသည်မှာ အချိန်ကာလ ကြာမြင့်ပြီ ဖြစ်သော်လည်း ကျန်းပေ့သား အားလုံးကမူ သူ့အား အမှတ်ရနေဆဲ ဖြစ်သည်။

“စီနီယာချန်းဖန်က တကယ်ပဲ ကျန်းပေ့ရဲ့ ဆရာချန်းလား …”

လင်းလုလု၏ မျက်လုံးများကား ဝိုင်းစက် သွားခဲ့၏။

ယဉ်ကျေးသိမ်မွေ့ပြီး ချောမောသော လူငယ်လေးက လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သော ဆရာချန်း ဖြစ်ကြောင်း သူမတို့ မယုံကြည်နိုင်ကြချေ။

“အဲဒါက သူ့ရဲ့ သာမန် ခေါင်းစဉ် တစ်ခုပဲ ရှိသေးတာ ... နောက်အများကြီး ကျန်သေးတယ် …”

လီရီချန်းက ကြောက်ရွံ့သည့် လေသံဖြင့် ဆိုလိုက်သည်။

ရုတ်တရက် ကျန့်ယွီမုန့်က ထိတ်လန့်တကြား အော်လိုက်၏။

“ဟိုကို ကြည့်စမ်း ... ရေထဲကို ကောင်းကင်က တစ်ခုခု ကျလာတယ် ... နေဦး ... အဲဒါက ချူရန် မလား …”

လူတိုင်းက ရေကန် ရှိရာသို့ ကြည့်လိုက်ကြ၏။ ထိုနေရာတွင် အမှန်တကယ်ပင် မိန်းကလေး တစ်ယောက် ရှိနေခဲ့သည်။ သူမကား ကျန်းချူရန်မှ လွဲ၍ မည်သူ ဖြစ်နိုင်မည်နည်း။

***

“ဘုန်း …”

သေမျိုး နတ်ဘုရား၏ သာမန် လှုပ်ရှားမှု တစ်ခုပင်လျှင် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ဆင့်ခေါ်နိုင်သည်။

ထို့ကြောင့်ပင် လီချန်းရှန့်သည် တိုက်ပွဲ၌ အနည်းငယ် အသာစီး ရနေခဲ့၏။

သူ အင်္ကျီလက်ကို တစ်ခါ ဝှေ့ယမ်းတိုင်း စွမ်းအင် လှိုင်းများက အတိုင်းအဆမဲ့ ထွက်လာကာ ချန်းဖန်၏ ဓားပျံများကို လွင့်စဉ် သွားစေသည်။

“လီချန်းရှန့် ... မင်း ဘယ်လောက် တောင့်ခံ နိုင်မှာလဲ …”

ချန်းဖန်က သူ့ဆီသို့ ရောက်လာသည့် ခရမ်းရောင် ချီကို လက်သီးဖြင့် ထိုးကာ ခွဲလိုက်၏။

“ငါ ဘယ်လောက် နေနိုင်မလဲ စိတ်မပူပါနဲ့ ... အရင်ဆုံး မင်း အသက်ကို မင်း ဂရုစိုက် ... ငါ မင်းကို သေအောင် သတ်မယ် …”

လီချန်းရှန့်က ပြောရင်း အရိပ်တစ်ခု အသွင် ပြောင်းလဲ၏။

“လင်းရှု့မင်တောင် ငါ့ကို မသတ်နိုင်တာ ... မင်းက သတ်နိုင်မှာ မလို့လား …”

ချန်းဖန်က ဓားအလင်းကို ကိုင်ဆွဲလိုက်သည်။

“မြေကမ္ဘာ နတ်ဘုရားရဲ့ ခန္ဓာကိုယ်က သန်မာတယ် ဆိုပေမဲ့ ဘယ်တော့မှ မသေနိုင်တာ မဟုတ်ဘူး ... ငါ မင်းကို ဖမ်းဆီးပြီး တောင်တစ်ခုလုံးနဲ့ ဖိသတ်မယ် ... ဒါမှမသေသေးရင် မိုးကြိုးတွေနဲ့ ပစ်ပြီး ချော်ရည်ပူထဲကို ပစ်ချမယ် ... မင်းကို သတ်နိုင်တဲ့ နည်းလမ်းတွေ ငါ့မှာ ရှိပါတယ် …”

လီချန်းရှန့်က တည်ငြိမ်စွာ ပြောလိုက်၏။

ထို့နောက် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ တိမ်များကို ဆင့်ခေါ်လိုက်၏။

“ဝေါ …”

ရုတ်တရက် ကောင်းကင် တစ်ခုလုံး၌ တိမ်မည်းများဖြင့် မည်းမှောင် လာကာ မိုးများ ရွာသွန်းလာ၏။

“ဟမ့် …”

ချန်းဖန်က နှာခေါင်းရှုံ့လိုက်သည်။

သူ၏ အဇူရာ သက်ရှည် ခန္ဓာသည် စဦးအဆင့်ထိ အောင်မြင်ခဲ့ပြီး ဖြစ်သည်။ သူ့အား ကမ္ဘာပေါ်တွင် ထိခိုက်အောင် လုပ်နိုင်သည့် အရာ သူ၍ နျူကလိယဗုံး၊ လျှပ်စစ် အမြောက်၊ လေဆာ လက်နက် စသည်တို့ လောက်သာ ရှိသည်။

“လီချန်းရှန့် ... မင်း ပြောတာ များနေပြီ ... သေလိုက်တော့ …”

ချန်းဖန်၏ မျက်လုံးများက ထက်ရှသွားကာ လီချန်းရှန့်ထံသို့ တိုးဝင်၏။ ဓားကိုးချောင်း ကလည်း စက်ဝိုင်းသဏ္ဌာန် ဖွဲ့စည်းကာ လည်ပတ်၍ လီချန်းရှန့်အား ပြိုင်တူ တိုက်ခိုက်သည်။

“ဘုန်း ... ဘုန်း …”

သူတို့ နှစ်ယောက် စလုံးသည် သားရဲများအလား အပြင်းအထန် တိုက်ခိုက်ကြ၏။

သူတို့၏ လှုပ်ရှားမှုတိုင်း၌ ကျောက်တုံးများ ပျံ့လွင့်နေသလို သစ်ပင်များလည်း ပြိုကျ ပျက်စီး နေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း သူတို့ နှစ်ယောက်ကား ဆက်လက် တိုက်ခိုက် နေကြဆဲ ဖြစ်သည်။

သူတို့က တောင်ထိပ်မှ နေ၍ တောင်ခြေ အဆင်း တစ်လျှောက်လုံး တိုက်ခိုက်ကြသည်။ ထိုနေရာများ တစ်လျှောက်ရှိ များစွာသော အိမ်များ၊ ခြံများကား အပျက်အစီးပုံများ ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ကံကောင်းစွာပင် ထိုခြံဝင်းများ၌ နေထိုင်ကြသူများမှာ မိုးကြိုး ပစ်သံများ ကြားရကတည်းက လမ်းမများ ပေါ်သို့ ရောက်နေခဲ့သည်။ ထို့ကြောင့်ပင် တစ်ယောက်မျှ ထိခိုက်မိခြင်းမျိုး မရှိပေ။

သို့သော်လည်း ထိုလူများကား တိုက်ခိုက်နေသော လူနှစ်ယောက်ကို ကြည့်ရင်း အလွန်အမင်းပင် ကြောက်လန့် နေခဲ့၏။

“သူတို့က ... တန်ခိုးရှင်တွေ ဖြစ်မယ် …”

တစ်ယောက်က အထစ်ထစ် အငေါ့ငေါ့ ရေရွတ်လိုက်သည်။

“ဘုန်း …”

လီချန်းရှန့်က လက်သီးဖြင့် ထိုးကာ ချန်းဖန်၏ ဓားချီကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် ဖျက်ဆီး ပစ်လိုက်၏။

လီချန်းရှန့်၏ တိုက်ခိုက်ရေး နည်းစနစ်များသည် လင်းရှု့မင်လောက် အစွမ်း မထက်သော်လည်း သူ၏ ချီစွမ်းအားမှာမူ အလွန် သန်မာကာ ထူထဲသည်။ ထို့ကြောင့်ပင် သူသည် ချန်းဖန်ကို ယခုထိ ခုခံတိုက်ခိုက် နေနိုင်ခြင်း ဖြစ်သည်။

“ငါဒီလို ဆက်ပြီး တိုက်ခိုက်လို့ မဖြစ်တော့ဘူး ... နောက်ဆုံး လှုပ်ရှားမှုကို သုံးမှ ဖြစ်မယ် …”

ချန်းဖန်ကား အနည်းငယ် စိုးရိမ်နေပြီ ဖြစ်သည်။

သွေးမိစ္ဆာ လွတ်မြောက် သွားခြင်းကြောင့် ချန်းဖန်သည် ယခုတိုက်ပွဲကို အပြည့်အဝ အာရုံ စိုက်နိုင်ခြင်း မရှိချေ။  တန်ခိုးရှင် ထိပ်ဆုံး အဆင့် တစ်ယောက် လွတ်မြောက် သွားခြင်းက ကြီးမားသော ကိစ္စများကို ဖြစ်ပေါ် လာစေနိုင်သည်။

“လီချန်းရှန့် ... ငါ့ရဲ့နောက်ဆုံး တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရတဲ့ အတွက် နောင်တမရဘဲ သေလိုက်တော့ …”

ချန်းဖန်က လေးနက်သော မျက်နှာဖြင့် ပြောလိုက်၏။

“ဘာလဲ …”

လီချန်းရှန့်၏ မျက်လုံးများ ကျဉ်းမြောင်း သွားသည်။ သူ၏ စိတ်တွင်မူ ကြီးမားသော အန္တရာယ် တစ်ခုကို ခံစား နေမိ၏။

“ဘုန်း …”

ရုတ်တရက် ချန်းဖန်၏ နဖူးမှ ရွှေရောင် အလင်းလုံး တစ်ခု ထွက်လာ၏။

ထိုအလင်းက ကောင်းကင်သို့ တက်သည်နှင့် ပေါက်ကွဲကာ ရွှေရောင်ဓား အဖြစ်သို့ ပြောင်းလဲသည်။ ဓားသည် လက်မ အနည်းငယ်ခန့်သာ ရှည်လျားပြီး ထူးဆန်းသော သင်္ကေတများဖြင့် ပြည့်နှက်နေ၏။

“ဒါက တန်ခိုးရှင် စိတ်ဆန္ဒ အစစ်အမှန် အမတေ အီသာချီတွေနဲ့ ဖန်တီးထားပြီးတော့ နတ်ဘုရား ဝိညာဉ်တွေကို ဖျက်ဆီးနိုင်တဲ့ ဓားပဲ ... ဓားရဲ့ နာမည်က ကောင်းကင် အမတေတဲ့ ... ငါ ဒီဓားကို တစ်ခါမှ ထုတ်မသုံးခဲ့ဖူးဘူး ... ဒီနေ့တော့ ကောင်းကင် အမတေနဲ့ သေမျိုး နတ်ဘုရား တစ်ယောက်ကို သတ်ပြီး ငါအောင်ပွဲ ခံရတော့မှာပေါ့ …”

ချန်းဖန်က တည်ငြိမ်စွာ ဆိုရင်း အင်္ကျီလက်ကို ခါယမ်းလိုက်သည်။

“သွား …”

ကောင်းကင် အမတေဓားက ကောင်းကင်သို့ ပျံတက်၍ ရွှေရောင် အလင်းကို ထုတ်လွှတ်၏။ ထိုအလင်းသည် အလွန် ထက်ရှရကား ကမ္ဘာကြီးကိုပင် နှစ်ပိုင်း ပိုင်းပစ်တော့မည်ဟန် ထင်မှတ်ရသည်။

***

“ချူရန် ... တကယ်ပဲ နင်လား …”

ယန်ချောင်နှင့် အခြားလူများက လျင်မြန်စွာပင် ကျန်းချူရန် ရှိရာ ရေကန်သို့ ရောက်လာကြသည်။

“ချန်းဖန် ယွင်ဝူ တောင်ထိပ်မှာ ရောက်နေတယ် ... သူ့ကို ကြောက်ဖို့ ကောင်းတဲ့သူ ခုနစ်ယောက်က ဝိုင်းပြီး တိုက်ခိုက်နေတယ် ... သူ အန္တရာယ် ရှိနေပြီ …”

ကျန်းချူရန်က ငိုယိုရင်း ပြောလိုက်၏။

“ဘယ်လို …”

အားလုံး ဆွံ့အ သွားကြ၏။ ထို့နောက် သူတို့က တောင်ထိပ် ရှိရာဆီသို့ အလျင်စလို လှမ်းကြည့် လိုက်ကြသည်။

သူတို့၏ အကြည့်များ အောက်တွင်ပင် ယွင်ဝူ တောင်ထိပ်၌ အဇူရာ အလင်းများ၊ ခရမ်းရောင် အလင်းများက တလက်လက် တောက်ပနေ၏။ ရုတ်တရက် ထိုအလင်းများကို ဖြတ်သန်း၍ ရွှေရောင် အလင်းတစ်ခု ကောင်းကင်တွင် ထွန်းတောက် လာသည်။

ထိုရွှေရောင် အလင်းက အလွန်အမင်း ထက်ရှရကား တန်ခိုးရှင်များကိုပင် သတ်ဖြတ်နိုင်ပုံ ပေါ်၏။

“အဲဒါက ဘာလဲ …”

လီရီချန်းနှင့် အခြားလူများ၏ မျက်လုံးများကား ဝိုင်းစက် သွားတော့၏။

***

All Chapters