သူက ချန်းဖန်လား
Vol. 6 Ch. 548
"ကောင်းကင် အမတေ ဓား ..."
ထိုဓားသည် တန်ခိုးရှင် စိတ်ဆန္ဒ၊ အစစ်အမှန် အမတေနှင့် အီသာချီ ဟူသော ရင်းမြစ် သုံးခုမှ လာသည်။
ချန်းဖန်သည် ထိုတိုက်ခိုက်မှုကို နောက်ဆုံး အခိုက်အတန့် အတွက် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။ သူသည် လင်းရှု့မင်နှင့် တိုက်ပွဲ၌ ပင်လျှင် ကောင်းကင် အမတေ ဓားကို အသုံးမပြုခဲ့ချေ။
သို့သော်လည်း ယခုတွင်မူ သူ့အတွက် အချိန် မရှိတော့ချေ။ ဒမွန် နောက်သို့ လိုက်ရန် အတွက် လီချန်းရှန့်ကို အလျင်မြန်ဆုံး အဆုံးသတ်ရတော့မည် ဖြစ်သည်။
"ဟူး ..."
ဓား၏ ခန္ဓာကိုယ်သည် ကမ္ဘာ လောကရှိ အရာများ အလှမ်း မီနိုင်ခြင်း မရှိသော ရွှေရောင် အလင်းကို ထုတ်လွှတ်နေ၏။
"ဟူး ..."
ဓားသည် လျင်မြန်စွာပင် လီချန်းရှန့် ထံသို့ တိုးဝင်ကာ အမတေ ချီများကို ဖျက်ဆီးသည်။ ထို့နောက် ဆက်လက်၍ ရွေ့လျားကာ အကာအကွယ် အစီအရင်များကို တစ်ခုပြီး တစ်ခု ဖျက်ဆီးသည်။
မျက်စိကန်းလောက်သော အလင်းများသည် ပြိုးပြိုးပြက်ပြက် တောက်လောင်နေရင်း လီချန်းရှန့်၏ ဝိညာဉ်ဆီသို့ ထပ်မံ ဦးတည်၏။ ထိုတိုက်ခိုက်မှုသည် အလွန် ဆန်းကြယ်လှရကား ကမ္ဘာခြားမှ လာသည့် အလား ထင်မှတ်ရ၏။
"အဲဒါက ... ဝိညာဉ်သတ် ဓားလား ..."
လီချန်းရှန့်က တန်ပြန် တိုက်ခိုက်မည့် အရေးအ လက်လွှတ်ကာ ခံစစ်ကိုသာ အပြည့်အဝ အာရုံစိုက်လိုက်၏။
ချန်းဖန်သည် ဝိညာဉ်ပင်လယ် အလယ် အဆင့်ကိုသာ ရောက်သေးသော်လည်း သူ၏ နတ်ဘုရား စိတ်အာရုံကမူ ကီလိုမီတာ ရှစ်ဆယ်ခန့် အထိ ဖြန့်ထုတ် နေနိုင်ပြီ ဖြစ်သည်။ ထိုပမာဏသည် မြေကမ္ဘာအဆင့် နတ်ဘုရား တစ်ယောက် လုပ်ဆောင်နိုင်သော ပမာဏနှင့် တူညီ၍ပင် နေပြီ ဖြစ်သည်။
ထိုကဲ့သို့သော စိတ်အာရုံဖြင့် ခိုင်းစေသော ဓားက မြေကမ္ဘာအဆင့်ကို ဒဏ်ရာ ရစေနိုင်ရာ လီချန်းရှန့် အတွက် မည်သို့ အခွင့်အရေး ရှိတော့မည်နည်း။
"ကလန့် ..."
ရုတ်တရက် လီချန်းရှန့်၏ ခန္ဓာကိုယ်သည် တစ်ချက် တုန်ခါသွားကာ သူ၏ အရောင်အဝါများ သည်လည်း မှေးမှိန်သွား၏။
"ကလန့် ..."
နတ်ဘုရား ဝိညာဉ်အား ပိုင်းဖြတ်ပြီးနောက် "ကောင်းကင် အမတေ ဓား" သည် ထိုနေရာ၏ အခြား တစ်ဖက်၌ ပြန်လည် ပေါ်ထွက်လာ၏။
"ငါ ... ငါ ရှုံးသွားပြီလား ..."
လီချန်းရှန့်က တီးတိုး ရေရွတ်ကာ မျက်လုံးများကို ပိတ်လိုက်၏။ ထိုခဏတွင်ပင် သူ၏ ခန္ဓာကိုယ်က ခရမ်းရောင် အမှုန်အမွှားများ အဖြစ် ပြောင်းလဲကာ ရန်ကူး ရေကန် အတွင်း ပျော်ဝင်သည်။
သေမျိုး နတ်ဘုရား တစ်ယောက်ကား အသတ်ခံလိုက်ရချေပြီ။
ချန်းဖန်သည် လေထုတွင် မျောလွင့်နေပြီး သူ၏ လက်များက နောက်ကျောတွင် ချိတ်ထားသည်။ သူသည် ယခင်ကလိုပင် မောက်မာနေဆဲ ဖြစ်သည်။
"နှစ်ခဲ့တဲ့ သုံးနှစ်လောက် ကတည်းကသာ ငါ့မှာ ကောင်းကင် အမတေဓား ရှိခဲ့ရင် သမန်း ဝံပုလွေ နှစ်ကောင်နဲ့ တိုက်ပွဲကို လွယ်လွယ်ကူကူ အဆုံးသတ် နိုင်ခဲ့မှာ ... ဒါပေမဲ့ ဒီ နည်းစနစ်ကို ထုတ်ဖော်ဖို့က စွမ်းအင် အများကြီး လိုတယ် ... တစ်ချက်လေး တိုက်ခိုက်ဖို့ကိုတောင် သုံးလလောက် စုထားတဲ့ စွမ်းအားတွေ ဖြုန်းတီးလိုက်ရတယ် ...."
ချန်းဖန် စဉ်းစားရင်း ကောင်းကင် အမတေ ဓားကို ပြန်လည် သိမ်းယူလိုက်၏။ ယခု အချိန်၌ သူ၏ ဓားသည် မူလကထက် သုံးစင်တီမီတာခန့် ပို၍ တိုနေခဲ့ကြောင်း သူ သတိထားမိလိုက်၏။
ထိုအချိန်၌ တိုက်ပွဲကို အဝေးမှ ကြည့်နေသည့် လီရီချန်းနှင့် အခြားလူများကား ဆွံ့အ နေကြပြီ ဖြစ်သည်။
အဇူရာ အလင်း၊ ခရမ်းရောင် အလင်း၊ ကောင်းကင်၌ ပျံသန်းနေသော လူရိပ်များ၊ ရွှေရောင်ဓား စသည့် အရာများကား သူတို့၏ မျက်စိ ရှေ့မှောက်တွင်ပင် ဖြစ်ပျက်သွားခြင်း ဖြစ်သည်။
"ဘုရား ဘုရား ... မြန်မာမှာ သူတော်စင် ပေါ်တဲ့ အကြောင်း ဗီဒီယိုတွေ တက်လာတုံးက ငါ မယုံကြည်ခဲ့ဘူး ... အဲဒီ သူတော်စင်က အပြင်မှာ တကယ် ရှိနေမယ်လို့ ဘယ်သူက တွေးမိမှာလဲ ..."
ဟန်မိန်က ကြောက်ကြောက်လန့်လန့်ဖြင့် တီးတိုး ရေရွတ်လိုက်သည်။
"ဟုတ်တယ် ... အဲဒါက တကယ်ကြီး ဖြစ်ခဲ့တာပဲ... အစိုးရက ဗီဒီယိုကို မပျံ့အောင် နည်းအမျိုးမျိုးနဲ့ ပိတ်ပင်ခဲ့ကြောင့် ငါတို့ သေချာ သတိမထားမိတာ..."
ကျန့်ယွီမုန့်က ပင့်သက်ရှိုက်ကာ ပြောရင်း ဘေးနားရှိ သူငယ်ချင်းများကို စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"အဲဒီ အဇူရာ အလင်းက မြန်မာမှာ ပေါ်ခဲ့တဲ့ သူတော်စင်နဲ့ တူနေတယ်လို့ နင်တို့ မတွေးမိဘူးလား..."
"ဟုတ်တယ် ... တွေးမိတယ် ..."
အခြားလူများက သူမ၏ စကားကို ခေါင်းညိတ် လိုက်သည်။
"ချူယန် ... နင်ပြောတော့ ချန်းဖန် တိုက်ခိုက်ခံရတယ်ဆို ... အဲဒါက ဘာ အဓိပ္ပာယ်လဲ ..."
လီရီချန်းက ကျန်းချူရန် ဘက်သို့ လှည့်ရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဟုတ်တယ် ယန်ယန် ... ယွင်ဝူ တောင်ထိပ်မှ ဖြစ်နေတဲ့ မိုးကြိုးတွေ ပေါက်ကွဲတာတွေက အရမ်းကို အန္တရာယ် များလွန်းတယ် ... အဲဒါက စစ်မြေပြင်လိုပဲ ... ချန်းဖန် အဲဒီမှာ ရှိနေတယ် ဆိုတာ တကယ်ပဲလား ..."
ကျန့်ယွီမုန့်ကလည်း မေးသည်။
"ချန်းဖန်သာ အဲဒီမှာ ရှိနေတယ် ဆိုရင်တော့ သေမှာ သေချာတယ် ..."
စီယင်းရှာက ခေါင်းခါရင်း ရေရွတ်လိုက်သည်။
"အင်း ... ဟုတ်တယ် ... သူတော်စင်တွေရဲ့ တိုက်ပွဲမှာ တောင်ထိပ်တောင် ပျက်စီးရတာ ... သာမန် လူတွေက ဘယ်လို လွတ်နိုင်မှာလဲ ..."
"သူတော်စင်တွေရဲ့ တိုက်ပွဲမှာ ဝင်ပါမိတာ သူမှားတာပဲ ..."
အခြားလူများကလည်း ထောက်ခံလိုက်သည်။
သူတို့အထဲရှိ မည်သူ တစ်ဦး တစ်ယောက်ကမျှ ထိုသူတော်စင်သည် ချန်းဖန် ဖြစ်လိမ့်မည်ဟု မထင်ခဲ့ကြချေ။ သူတို့သည် ချန်းဖန်၏ "ကျန်းပေ့နယ် ဆရာချန်း" ဟူသော ဂုဏ်ပုဒ်ကို သိကြသည့်တိုင် ထိုဂုဏ်ပုဒ်က သူတော်စင် များနှင့် ယှဉ်ပြိုင်နိုင်သော အရာ မဟုတ်ချေ။
"ဒါဆို စီနီယာ ချန်းဖန်က သေပြီလား ..."
လင်းလုလု၏ မျက်နှာ၌ စိတ်မကောင်းခြင်းများက ကြီးစိုးလာ၏။
သူမသည် ချန်းဖန်ကို မြင်မြင်ချင်းပင် ခင်မင်ခဲ့ပြီး ချန်းဖန်၏ ဂုဏ်ပုဒ်များ အကြောင်း ကြားရသည့် အချိန်တွင်လည်း အထင်ကြီး လေးစားခဲ့သည်။ ထို့ကြောင့် ချန်းဖန်၏ သေဆုံးမှုကို သူမ လက်မခံနိုင်ပေ။
"အဲဒါ ... သူ ... ဟုတ်တယ် ..."
ရုတ်တရက် ကျန်းချူယန်က အဝေးမှ လင်းလက်နေသော အဇူရာ အလင်းကို ငေးကြည့်ရင်း ရေရွတ်လိုက်၏။
သူမ၏ စကားကြောင့် ကျန်းယွီမုန့်၏ မျက်နှာက ဖြူရော်သွားကာ မေးလိုက်သည်။
"ယန်ယန် ... နင် ပြောချင်တာ ဘာအဓိပ္ပာယ်လဲ ... မြန်မာမှာ တိုက်ခိုက်ခဲ့တဲ့ သူတော်စင်က ချန်းဖန်လား ..."
"မဖြစ်နိုင်ဘူး ..."
ယန်ချောင်နှင့် စီယင်းရှတို့က ခေါင်းကို ခါလိုက်သည်။
မြန်မာသူတော်စင်သည် လူမဟုတ်သည့် နတ်ဘုရား ဖြစ်သည်။ သူ၏ တိုက်ပွဲ တစ်ခုကပင်လျှင် တစ်ကမ္ဘာလုံးကို တုန်ဟည်း စေခဲ့သည်။
သို့သော်လည်း ချန်းဖန်ကမူ ကျန်းပေ့၏ သာမန် သိုင်းပညာရှင် တစ်ယောက်သာ ဖြစ်သည်။ သူ၏ အဆင့်အတန်းနှင့် ပိုင်ဆိုင်ထားသော စွမ်းအားက မြန်မာသူတော်စင်နှင့် နှိုင်းယှဉ်နိုင်စရာ အကြောင်း မရှိချေ။
ကျန်းချူယန် ရှင်းပြရန် ဟန်ပြင်လိုက်စဉ်မှာပင် အဝေးရှိ အဇူရာ အလင်းသည် သူတို့ ရှိရာသို့ လျင်မြန်စွာ ပျံသန်းလာ၏။
"နေဦး ... မြန်မာသူတော်စင်က ငါတို့ဆီ ဘာလို့ လာနေတာလဲ ... သူက တကယ်ပဲ ချန်းဖန်လား ..."
လီရီချန်ကား စိတ်များ ကပြောင်းကပြန် ဖြစ်သွားသလိုပင် ခံစားနေရသည်။
ထိုစဉ်မှာပင် အလင်းတန်းက သူတို့ အရှေ့သို့ ကျကာ ပုံရိပ် တစ်ခု အဖြစ် ပြောင်းလဲသွား၏။
ထိုပုံရိပ်သည် အသက် နှစ်ဆယ်ခန့် ရှိသည့် လူငယ် တစ်ယောက် ဖြစ်ကာ အနက်ရောင် ဆံပင်နှင့် အနက်ရောင် မျက်လုံးများ ရှိသည်။ သူ၏ ပိုးသားကဲ့သို့ နူးညံ့သော ဆံပင်များက ပခုံးထက်၌ ယိမ်းနွဲ့ကျနေကာ သူ၏ အသားအရေကလည်း ကျောက်စိမ်း အလား ချောမွေ့နေ၏။
"ရှပ် ... ရှပ် ..."
ချန်းဖန်က ကျန်းချူရန် ရှိရာသို့ ဦးတည်ရင်း ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။ ထိုနေရာ တစ်ခုလုံးကား အလွန် တိတ်ဆိတ်နေရာ ချန်းဖန်၏ တိုးညင်းသော လမ်းလျှောက်သံပင် ကျယ်လောင်စွာ ထွက်ပေါ်နေခဲ့သည်။
"ဒီပြဿနာမှာ ပါဝင်စေခဲ့မိတဲ့ အတွက် ဆောရီးနော် ..."
ချန်းဖန်က ပြောလိုက်သည်။ သူ၏ အသံက ရှင်းလင်းကာ သိမ်မွေ့၏။
"ရပါတယ် ... နင် ဘေးကင်းတာပဲ ငါဝမ်းသာ လှပါပြီ ..."
ကျန်းချူရန်က ပြန်ပြောလိုက်သည်။
"အန်တီထန်ကိုလည်း ငါက တောင်းပန်တယ်လို့ ပြောပေးပါ ... ငါ သူ့အတွက် အိမ်တစ်လုံး ပြန်ဆောက်ပေးမှာပါ ..."
ချန်းဖန်က ကျန်းချူရန်ကို မှာကြားပြီးနောက် လင်းလုလုဘက်သို့ လှည့်ကာ ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်သည် အဇူရာ အလင်းတစ်ခု တောက်ပလာကာ ကောင်းကင်သို့ ထိုးတက် ပျောက်ကွယ်သွား၏။
သူကား ယန်ချောင်တို့ တစ်သိုက်ကို လှည့်ပင် မကြည့်ခဲ့ချေ။
ချန်းဖန် ပျောက်ကွယ်သွားပြီ ဖြစ်သည့်တိုင် လူတိုင်းကား နေရာ၌ပင် ဆွံ့အ နေကြဆဲ ဖြစ်သည်။
တစ်ခဏမျှ ကြာပြီးနောက်မှ ကျန့်ယွီမုန့်က မေးခွန်းတစ်ခုဖြင့် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။
"ယန်ယန် ... အဲဒါက တကယ်ပဲ ချန်းဖန်လား ..."
ကျန်းချူရန်သည် ကျန့်ယွီမုန့်၏ မေးခွန်းကိုပင် ကြားပုံ မပေါ်ချေ။ သူမသည် ချန်းဖန် ပျံသန်း ပျောက်ကွယ်သွားရာ မိုးကုပ်စက်ဝိုင်းသို့ ငေးမော ကြည့်နေဆဲ ဖြစ်သည်။
သူမ မဖြေသော်လည်း အခြားလူများ အတွက် ထိုအဖြေက ရှင်းလင်း နေချေပြီ။
"ချန်းဖန်က မြန်မာ သူတော်စင်လား ..."
"ဒါဆို သူက နတ်ဆိုးကို သတ်ပြီး ကမ္ဘာကို တုန်လှုပ်စေတဲ့ တစ်ယောက်ပေါ့ ..."
"ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ ... လွန်ခဲ့တဲ့ လေးနှစ်လောက်မှာ သူက အစီအရင်ကို ကျွမ်းကျင်တဲ့ သာမန် ပညာရှင်လေး တစ်ယောက်ပဲဟာ ..."
ယန်ချောင်နှင့် အခြားလူများကား အမှန်တရားကို ယုံကြည်ရန် ခက်ခဲ နေကြဆဲ ဖြစ်သည်။
သူတို့၏ စိတ်အတွင်းတွက်မူ မနာလိုမှု၊ အားကျမှု၊ အံ့အားသင့်မှု၊ သံသယ စသည့် ခံစားချက် များစွာက စိုးမိုးနေ၏။
လီရီချန်းက ချန်းဖန်ထွက်သွားရာ ကောင်းကင်သို့ ငေးမောကြည့်နေသည့် ကျန်းချုယန်ကို လှမ်း၍ ကြည့်လိုက်မိသည်။ သူ၏ မျက်လုံး အတွင်းရှိ မျှော်လင့်ချက် အလင်းရောင်မှာမူ တဖြည်းဖြည်း မှေးမှိန်လာခဲ့၏။
"စီနီယာချန်းက တကယ်ပဲ သူတော်စင် ဖြစ်နေတာကိုး ... နှစ်တစ်ထောင် ကြိုးစားရင်တောင် မမှီနိုင်ဘူး ဆိုတဲ့ စီနီယာယန်ရဲ့ စကားက အံ့ဩစရာ မရှိဘူးပဲ ..."
လင်းလုလု တစ်ယောက်မှာမူ ခေါင်းငုံ့ရင်း စဉ်းစားနေမိတော့သည်။
***
ချန်းဖန်သည် ထိုနေရာမှ ပြန်လည် မထွက်ခွာခင် မှတ်တမ်းတင် ကင်မရာများ၊ ဖုန်းများကို တွေ့သလောက် ဖျက်ဆီးခဲ့သော်လည်း တချို့တလေကမူ ကျန်ရှိနေဆဲ ဖြစ်သည်။
ချန်းဖန်သည် သွေးမိစ္ဆာ၏ နောက်သို့ လိုက်ရန် အလျင်လိုနေရာ အသေးစိတ်ကို မစစ်ဆေးလိုက်နိုင်ချေ။
တိုက်ပွဲပြီး၍ ချန်းဖန် ထွက်ခွာသွားချိန်မှာပင် ထိုဗီဒီယို မှတ်တမ်းများသည် အင်တာနက် ပေါ်သို့ ခေါင်းစဉ် မျိုးစုံဖြင့် ရောက်ရှိ သွားတော့၏။
"မြန်မာသူတော်စင် ပြန်ထွက်ပေါ်လာပြီ ..."
"မြန်မာသူတော်စင်က ချူကျိုးမှာ ပြန်ပေါ်လာပြီး ခရမ်းရောင် မိစ္ဆာကို သတ်ဖြတ်ခဲ့တယ် ..."
အရှိန်အဟုန်ဖြင့် တောက်လောင်နေသော တောမီးလိုပင် ထိုသတင်းများ၊ ဗီဒီယိုဖိုင်များက အရှေ့ပိုင်း အနောက်ပိုင်း နိုင်ငံများစွာသို့ အချိန်တို အတွင်း ပျံ့နှံ့သွားတော့သည်။
***