← Chapters

ငါးသေတ္တာများ

Vol. 10 Ch. 129

ငါးသေတ္တာများ

Vol. 10 Ch. 129

မနက်ခင်းအစောပိုင်းတွင် ဟဲစီ ပုံမှန်အိပ်ယာထနေကျ အချိန်ထက် နောက်ကျမှ နိုးလာခဲ့သည်။ ကြည့်ရတာ သူညက အိပ်ယာဝင်နောက်ကျသွားသောကြောင့် ဖြစ်မည်ထင်၏။

သူနိုးလာချိန်တွင် အိပ်ယာအတွင်းတွင် သူတစ်ယောက်တည်းသာ ကျန်ရှိနေခြင်း ဖြစ်သည်။ မိဘများမှာ အချိန်အတော်ကြာကတည်းက နိုးခဲ့တာဖြစ်မည်။

အိပ်ရာ၏ အပူချိန်မှာ အတော်လေး အေးစက်သည်။

ဟဲစီ အမြန်ထပြီး တံခါးကို ပြေးဖွင့်သည်။ ဤနောက် သူသည် ခြံထဲမှာ သူ့ဖခင်၏ ငါးဖမ်းပိုက်ကွန်တွေကို စစ်ဆေးနေသည့် ပုံရိပ်အား သတိထားမိလိုက်သည်။

သူ့ဖခင်အား မင်္ဂလာ နံနက်ခင်းပါ ဟု နှုတ်ဆက်ပြီးနောက် ဟဲစီသည် လာမည့်ခရီးစဉ်အတွက် လိုအပ်တာတွေကို ပြင်ဆင်သည်။ အမှန်တကယ်တော့ မနေ့ကတည်းက ပြင်ဆင်ပြီးသာ ဖြစ်သည်။ ယခုတစ်ခေါက်က ပိုမိုတိကျစွာဆိုရသော် ဘာမှမေ့မကျန်စေရန် ထပ်မံစစ်ဆေးခြင်းပင် ဖြစ်သည်။

သူ၏ ပြင်ဆင်မှုများ ပြီးဆုံးသွားခဲ့ချိန်တွင် သူ့ဖခင်ဖြစ်သူမှာလည်း ငါးဖမ်းကွန်ကို စစ်ဆေးခြင်းမှာ ပြီးဆုံးသွားသည်။

ဤနောက်ပစ္စည်းအားလုံးကို စုစည်းသယ်ယူကာ ဟဲစီသည် မိခင်ဖြစ်သူအား နှုတ်ဆက်ပြီး အိမ်မှထွက်ခွာသည်။

"နစ်... ဟဲစီ... လမ်းခရီးမှာ သတိထားကြနော်။ ဘေးကင်းကင်းနဲ့ ပြန်လာဖို့လည်း မှတ်ထားကြ..."

အိမ်တံခါးဝတွင် ဟဲစီ မိခင်က စိုးရိမ်စွာဖြင့် နှုတ်ဆက်သည်။

ဟဲစီနှင့် သူ၏ ဖခင်တို့လည်း လက်ဝေ့ပြရင်း သူတို့သင်္ဘောအခြေဆိုက်ရာ ကမ်းခြေဆီသို့ လျှောက်လှမ်းလာခဲ့တော့သည်။

ကျောက်တုံးတွေဖြင့် ခင်းကျင်းထားသည့် လမ်းမ၏ ဘေးနှစ်ဖက်မှ မြက်ပင်များက ထူထပ်စွာပေါက်ရောက်နေကြသည်။ အရွက်များပေါ်တွင် နှင်းရည်စက်လေးများက တွဲလဲခိုစီးထားကြသည်။ ရွှေနေမင်းမှာ ယခုထိတိုင် ခပ်ဝေးဝေးရေပြင်ထက်၌ ၎င်း၏ အနီရောင်ဖျော့ဖျော့ ခန္ဓာကိုယ် အစိတ်အပိုင်းကို ထုတ်ဖော်ထားသေး၏။

အနီရောင်ဖျော့ဖျော့...

အနီရောင်ဖျော့ဖျော့ ထိုအလင်းမှာ လူတိုင်းမျှော်မကြည့်နိုင်လောက်အောင် စူးရှမနေ...။ လူတိုင်းက ၎င်းကို မျက်စိများ မှေးကျင်ပြီး ကြည့်ရှုနိုင်၏။

ဤနေထွက်စ မြင်ကွင်းမှာ အမှန်စင်စစ် အလွန်လှပသော်လည်း ဟဲစီ သော်လည်းကောင်း၊ နစ်သော်လည်းကောင်း ၎င်းကို ကြည့်ရှုခံစားရန် စိတ်မဝင်စားကြပေ။

သူတို့သည် အနုပညာဆန်သည့် ထိုအရာများကို ဂရုမစိုက်ပေ။ သူတို့ဘဝတွင် ဤအနုပညာဆန်သည့် မြင်ကွင်းကို အကြိမ်ပေါင်းများစွာ မြင်တွေ့ဖူးပြီးသား ဖြစ်သည်။

သူတို့အတွက်တော့ အရေးအကြီးဆုံးမှာ ငါးဖမ်းခြင်းသည်သာ ဖြစ်သည်။

လမ်းတစ်လျှောက်တွင် နစ်က သားဖြစ်သူအား ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ရာတွင် သတိပြုရမည့် အရေးကြီးသော အချက်များကို ရှင်းပြသည်။ ဤစကားကို သူ့သားအား အကြိမ်ပေါင်းများစွာ ပြောဖူးသော်လည်း သူကိုယ်တိုင်ပင် မမှတ်မိလောက်သည်အထိ ထပ်ပြောဦးမည်သာ ဖြစ်သည်။

ဟဲစီသည်လည်း ၎င်းအကြောင်းအရာများကို နားငြီးသည်လို့ မမှတ်ဘဲ သေချာဂရုတစိုက် နားထောင်သည်။

နောက်ဆုံးတွင် ပင်လယ်ပြင်သို့ ခရီးထွက်ရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။ စွန့်စားခန်းဖွင့်ရန် သူ၏တောင့်တမှုက ပြင်းပြလွန်းခြင်းကြောင့် တချို့အကြောင်းအရာတွေကို ထိခိုက်စေလို့မရပေ။

"နစ်... အဲ့ဒါ မင်း... သားလေးလား"

ကမ်းခြေတွင် ငါးဖမ်းသင်္ဘောတစ်စင်း ဆိုက်ကပ်ထားပြီး ၎င်းအပေါ်တွင် လူအနည်းငယ်ရှိနေသည်။ ဟဲစီနှင့် နစ် သူ့တို့အနီး ချဉ်းကပ်လာချိန်တွင် လူတစ်ယောက်က ဦးမော့ကြည့်ပြီး လှမ်းအော်သည်။

"ဟုတ်တယ်"

နစ်က သင်္ဘောပေါ်တက်နေရင်း ပြုံးပြီးပြောတော့၏။

"သူ့အသက်က ဆယ်လေးနှစ် ရှိသေးပြီလေ။ ဒါက သူရဲ့ ပထမဆုံးပင်လယ်ထွက်ခြင်းပဲ!"

"အိုး... ဒါဆို သူ့အတွက် အရွယ်ရောက်အခန်းအနား လုပ်ပေးမလို့ပေါ့..."

သင်္ဘောပေါ်ရှိလူအားလုံးက လက်ရှိလုပ်နေသည်များကို ရပ်လိုက်ပြီး ဟဲစီကို ကြည့်ရှုလိုက်ကြသည်။

"ဟဲစီ... မင်းဘာမှ စိတ်ပူမနေနဲ့။ ဒီတစ်ခါက် ငါတို့တွေ မင်းအတွက် ငါးအများကြီးဖမ်းပေးမယ်"

"ဒီအခါ လှပတဲ့ဇနီးကောင်းတစ်ယောက်ကို မင်းသေချာပေါက် ရနိုင်မှာ..."

ဤကျွန်းငယ်လေး၏ ဓလေ့ထုံးစံမှာ အရွယ်ရောက်အခမ်းအနားကို သင်္ဘောပေါ်မှာ ကျင်းပနေချိန် ၎င်းက အဓိက ဇာတ်လိုက်ဖြစ်ပြီး ကျန်သူများမှာ ဇာတ်ပို့များသာ ဖြစ်သည်။

ထိုနောက် သင်္ဘောပေါ်ရှိ လူတိုင်းက ၎င်းအား ငါးများများဖမ်းနိုင်ရန် ကြိုးစားကူညီပေးကြလိမ့်မည်။

ဟဲစီသည် လူအများ၏ အားပေးမှုကြောင့် အနည်းငယ် ရှက်ရွံသွားကာ မျက်နှာမှာ နီရဲသွားသည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ အသားအရေမှာ ညိုနေပေသည် သို့မဟုတ်ဘဲ ဖြူနေပါက သူ၏ မျက်နှာနီရဲသွားသည်ကို ရိပ်မိသွားကြလိမ့်မည်။

နစ်က ဟဲစီ ပခုံးကို ပုတ်ပြီး သင်္ဘောပေါ်တက်ကာ ထွက်ခွာမည့်အချိန်မတိုင်မီ နောက်ဆုံးပြင်ဆင်မှုကို စတင်သည်။

သူက ကိရိယာများ၊ စက်ပစ္စည်းများကို စစ်ဆေးသည်။ ပျက်စီးနေသည်များ၊ ပျောက်နေသည်များ မရှိစေရန် သေချာစေ၏။ ပင်လယ်ပြင်မှာ အမှားအနည်းငယ်ကပင် အသက်အန္တရာယ်ဆုံးရှုံးသည်အထိ ဖြစ်နိုင်စေသည်။

ဟဲစီသည် သင်္ဘောရှေ့ဘက်တွင် ရပ်နေပြီး သင်္ဘောကို စူးစိုက်ကြည့်နေသည်။

ဤငါးဖမ်းသင်္ဘောမှာ သူ၏ ဖခင်နှင့် အခြားမိတ်ဆွေအနည်းငယ်တို့ ပေါင်းပြီးဝယ်ယူထားသည့် သင်္ဘောဖြစ်သည်။ ၎င်းကို ဘဏ်မှချေးငွေယူပြီးမှ ဝယ်နိုင်ခြင်းလည်း ဖြစ်၏။ သူ၏ ဖခင်က ဘဏ်ကြွေးပြန်ဆပ်ပြီးပြီလား မဆပ်ရသေးဘူးလား ဟဲစီက စဉ်းစားမိသည်။

ငါးဖမ်းသင်္ဘောမှာ အလျား (၂၀) မီတာခန့်ရှိပြီး အနံ (၄) မီတာ ကျော်သည်။ ၎င်းတွင် ရေခဲခန်း၊ အနားယူခန်းနှင့် စက်ပစ္စည်း ကိရိယာထားရာ နေရာတို့ ပါဝင်သည်။

"ဟဲစီရေ... သင်္ဘော ထွက်တော့မယ် အခုတက်လာခဲ့တော့..."

ရုတ်တရက် နစ်က သင်္ဘောပေါ်မှ လှမ်းအော်လာသည်။ ဟဲစီလည်း အတွေးထဲမှ နိုးထလာကာ သင်္ဘောပေါ်အမြန်ပြေးတက်လိုက်သည်။

ဤသို့ဖြင့် သင်္ဘောမှာ စက်သံဟိန်းသံနှင့် အတူ ပင်လယ်ပြင်ဆီသို့ စတင်ထွက်ခွာလာတော့သည်။

ဟဲစီသည် သူ၏ စွန့်စားခန်းကို စတင်နေချိန်တွင်.....။

လူသူကင်းမဲ့သော ကျွန်းတစ်ကျွန်း၏ ကမ်းခြေတစ်နေရာရှိ ချုံပုတ်များထဲမှာ တရှူးရှူးအသံများ ကြားလာရသည်။ မကြာမီ ထူထပ်သော ချုံပုတ်များထဲမှ တစ်စုံတစ်ယာ၏ ဦးခေါင်းထွက်လာသည်။

၎င်းမှာ ဧရာမမြွေကြီးတစ်ကောင်ပင် ဖြစ်သည်။

မြွေကြီးသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးနောက် ကမ်းခြေတစ်လျှောက် လျှောက်သွားကာ ပင်လယ်ထဲသို့ ဆင်းလိုက်သည်။

ခန့်မှန်းခြေအားဖြင့် ထိုမြွေကြီးမှာ (၃၀) မီတာကျော် ရှည်ပေလိမ့်မည်။

၎င်းဧရာမမြွေကြီးမှာ ဖန့်ရန်ပင် ဖြစ်ချေသည်။

သူ့အတွက် ရေထဲတွင် လည်ပတ်နေရတာ သက်တောင့်သက်သာ ရှိလွန်းလှသည်။ သူက နေ့စဉ်အမဲလိုက်ပြီး တစ်ခါတစ်ရံမှာ နေထွက်ချိန်၏ လှပမှုကို ခံစားသည်၊ သူပျင်းလာလျှင် ရေနေငါးငယ်များကို စနောက်ကာ ကစားသည်။

သူ၏ ဘဝမှာ အလွန်ပျော်ရွှင်ဖွယ်ကောင်းနေ၏။

ထို့အပြင် သူ၏ ဧရာမကိုယ်ထည်နှင့် ကြီးမားသော အင်အားကြောင့် ပင်လယ်ပြင်မှာ သဘာဝရန်နှင့် ရင်ဆိုင်ရမှာကို မကြောက်ရွံ့ရပေ။

၎င်းတို့ထက် အရေးကြီးဆုံးမှာ သက်တမ်း (၁၀) နှစ်သာ ရှိသည့် မြွေကဲ့သို့ သက်တမ်းတိုတောက်မှုကို စိုးရိမ်စရာမလိုတော့ခြင်း ဖြစ်သည်။

ယခု သူ့တွင် သက်တမ်း နှစ် (၁၅၀) ခန့် ရှိပြီး ကမ္ဘာပေါ်ရှိ သက်ရှိအများစုထက် အသက်ပိုရှည်ခြင်းကြောင့် စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြင့် နေထိုင်နိုင်သည်။

ထိုနေရာတစ်ဝိုက်တွင် အနည်းငယ်လှည့်ပတ်ပြီးနောက် ဖန့်ရန်က မြင်းခွာကျွန်းသို့ သွားသည်။

သို့သော် ၎င်းနေရာကို အချိန်ကြာမြင့်စွာ သားကောင်များ ရှာဖွေသော်လည်း သူ့အတွက် သင့်တော်သည့် သားကောင်ကို မတွေ့ရပေ။

ထိုကြောင့် သူလည်း ၎င်းနေရာမှာ အချိန်ဖြုန်းရန် စိတ်မပါတော့ဘဲ ကြုံရာဦးတည်ချက်တစ်ခုကို ရွေးချယ်ကာ ၎င်းအတိုင်း ကူးခတ်လာခဲ့တော့သည်။

ပင်လယ်ပြင်တွင် လမ်းမှားရန် လွယ်ကူသော်လည်း ဖန့်ရန် အတွက်တော့ စိုးရိမ်စရာမလိုပေ။ ဒဏ္ဍာရီလာ ဧရာမမြွေတစ်ကောင်အနေဖြင့် ဦးတည်ရာသိနိုင်သည့် အထူးစွမ်းရည်တစ်ခု သူ့မှာ ရှိသည်။

တစ်နည်းအားဖြင့် သူက လှုပ်ရှားသွားလာနိုင်သည့် သက်ရှိ သံလိုက်အိမ်မြှောင်တစ်လုံးလို့ ဆိုရမည်။

အချိန်ကြာမြင့်စွာ ကူးခတ်လာပြီးနောက် ဖန့်ရန်သည် ငါးအုပ်ကြီးတစ်ခုနှင့် ဆုံတွေ့ရသည်။

စနစ်၏ အသိပေးချက်အရ ထိုငါးအုပ်မှာ ငါးသေတ္တာငါးများဖြစ်ကြောင်း သိလိုက်ရသည်။ ၎င်းတို့၏ အရေအတွက်မှာ အလွန်များပြား၏။ များပြားလွန်းသောကြောင့် ဖန့်ရန်မှာ ထိုငါးအုပ်တွင် ငါးဘယ်နှစ်ကောင်ခန့် ရှိသည်ကိုပင် ခန့်မှန်းမရ ဖြစ်နေသည်။

ငါးသေတ္တာများမှာ အတော်လေးသေးငယ်ပြီး အများစုမှာ (၁၀) စင်တီမီတာမှ (၂၀) စင်တီမီတာအထိသာ ရှည်သည်။ စနစ်အမှတ်လည်း ရရှိနိုင်မူ နည်းပါးပြီး တစ်ကောင်လျှင် ဂဏန်း (၁) ခုမှ ဂဏန်း (၁၀) ကြားသာ ရရှိနိုင်သည်။

သို့သော်လည်း အရေအတွက်မှာ အလွန်များ၏။ ထိုကြောင့် ဖန့်ရန်သည် ငါးသေတ္တာအုပ် နောက်ကို လိုက်ပြီး မကြာခဏတိုက်ခိုက်သည်။

ငါးသေတ္တာတစ်ကောင်လျှင် စနစ်အမှတ် အနည်းငယ်သာ ရနိုင်သော်လည်း အရေအတွက်များပြားလွန်းပြီး စုပေါင်းလိုက်လျှင် စနစ်အမှတ် များစွာရရှိနိုင်ခြင်းနှင့် အခြားသားကောင်လိုက်ရှာရန် ပျင်းရိခြင်းတို့ကြောင့် ထိုငါးအုပ်ကို ဆက်လိုက်ရန် ဖန့်ရန်က ဆုံးဖြတ်လိုက်ခြင်းဟု ဆိုလို့ရသည်။

ဤငါးသေတ္တာ ငါးအုပ်မှ စနစ်အမှတ် (၃၀၀၀၀) ကျော်ကို နေ့စဉ် သူရရှိသည်။ ပုံမှန် အမဲလိုက်ရာမှ ရရှိသည့် စနစ်အမှတ်ထက် ပိုများသည်။

လွယ်ကူစွာ ဖမ်းနိုင်ခြင်းနှင့် စနစ်အမှတ် များပြားစွာ ရရှိနိုင်ခြင်းဆိုသည့် အကြောင်းပြချက်တို့ကြောင့် ငါးသေတ္တာ ငါးအုပ်နောက်ကို သူက ဆက်လိုက်နေခြင်းဖြစ်သည်။

သုံးရက်ကြာပြီးနောက်တွင် ဖန့်ရန်က ငါးသေတ္တာ ငါးအုပ်နောက်ကို ဆက်လိုက်နေဆဲဖြစ်ပြီး မိုင်ပေါင်းများစွာ ဖြတ်သန်းလာခဲ့ပြီ ဖြစ်သည်။

ဤကာလအတွင်း ငါးမန်းအုပ်စု တစ်စုက သူ့နောက် လိုက်လာခဲ့သည်။

ထိုအုပ်စုတွင် စုစုပေါင်း ငါးမန်းသုံးကောင်ရှိသည်။

၎င်းငါးမန်းအုပ်စုမှာ သူ့ကျန်ရစ်ခဲ့သည့် ငါးသေတ္တာတွေကို စားသောက်သည်။ ဖန့်ရန်၏ ငါးသေတ္တာ ငါးအုပ်ကို ဝင်တိုက်မိပြီး ငါးများစွာ အမဲလိုက်စဉ် ရေအောက်ကြမ်းပြင်သို့ ကျဆင်းသွားတတ်သည့် ငါးအားလုံးကို သူက လိုက်မစားစဉ် ငါးမန်းအုပ်စုက အခွင့်ကောင်းယူတတ်သည်။

ဤငါးမန်းသုံးကောင်မှာ သူ့နောက်လိုက်လာသည့် ခရီးလမ်းတစ်လျှောက်လုံးမှာ သင့်တောင့်သက်သာဖြင့် အခွင့်အရေး အမြောက်အမြား ရရှိခဲ့သည်။

ဖန့်ရန်က ၎င်းတို့အား တိုက်ခိုက်ခြင်းမပြုပေ။

ငါးမန်းအုပ်စု ကြီးထွားလာပြီး ငါးသေတ္တာ ငါးများကုန်လွန်ချိန်တွင် ငါးမန်းစားတော်ပွဲကြီးတစ်ခု ပြင်ဆင်ရန် သူက ကြံရည်ရွယ်ထားသည်။

.....

All Chapters