မုန်တိုင်း
Vol. 10 Ch. 130
ဟဲစီသည် သင်္ဘောဘေးတစ်ဖက်နံရံကို မှီထားပြီး လက်ထဲက မှန်ပြောင်းဖြင့် အဝေးကို စူးစမ်းနေသည်။
သင်္ဘောပေါ်တွင် ဖျော်ဖြေရေးစနစ်မှာ မရှိသလောက် ဖြစ်ပြီး လူတိုင်းမှာလည်း ၎င်းတို့၏ ကိုယ်ပိုင်တာဝန်များဖြင့် မအားလပ်ကြသောကြောင့် သူ့ကို အချိန်ပေး စကားပြောပေးမည့်သူ မရှိပေ။
အစောပိုင်းကာလတွင် ဟဲစီသည် စိတ်အားတတ်ကြွစွာဖြင့် သင်္ဘောပေါ်မှာ စိတ်ဝင်တစား လှည့်လည် ကြည့်ရှုခဲ့သော်လည်း ရက်အနည်းငယ်ကြာလာချိန်တွင် အသစ်အဆန်းဟူသော ခံစားချက်များ ကုန်ခန်းသွားပြီး အနီးတစ်ဝိုက်ရှိ ထပ်တူညီသော ရှုခင်းများကြောင့် ပျင်းရိလာခဲ့သည်။
ယခု အချိန်မှာ...။
သူက မှန်ပြောင်းဖြင့် ပင်လယ်ပြင်ကို ကြည့်နေခြင်းဖြစ်သော်လည်း လှပသောရှုခင်းကို ခံစားလိုသည်ထက် အချိန်ကုန်လွန်စေရန် ရည်ရွယ်ချက်သက်သက်ဖြင့် ကြည့်နေခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ဘာမှမလုပ်ဘဲနေမည်ဆိုလျှင် ပျင်းလွန်း၍ သေတော့မည်ကဲ့သို့ သူခံစားရသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဟဲစီသည် အလုပ်အချို့ကို ကူညီခဲ့သော်လည်း ရိုးရှင်းသော အလုပ်များသာ ဖြစ်ပြီး အဓိကခက်ခဲသော တာဝန်များကို ထမ်းဆောင်ရန် သူက အရည်အချင်း မပြည့်မီသေးပေ။
ရိုးသားစွာ ဆိုရလျှင် ငါးဖမ်းခြင်းတွင် အလွန်ရှုပ်ထွေးသော လုပ်ငန်စဉ်များ သိပ်မရှိလှပေ။
သူတို့လုပ်ရမည့်အလုပ်မှာ ငါးမျှောကိုချပြီး တစ်နေ့လုံး သို့မဟုတ် တစ်ညလုံး ဆွဲယူရုံသာ ဖြစ်သည်။
တကယ့်ခက်ခဲသည့် အလုပ်မှာ ငါးမျှောထဲမှ ငါးများကို ထုတ်ယူကာ အမျိုးအစားခွဲပြီး ရေခဲသေတ္တာထဲသို့ ထည့်ရခြင်းဖြစ်ပြီး အရေးအကြီးဆုံးတာဝန်မှာတော့ သင်္ဘောမောင်းနှင်ရခြင်းပင် ဖြစ်သည်။ အကယ်၍ အရည်အချင်းပြည့်ဝသော သင်္ဘောကပ္ပိတိန်သာ မရှိခဲ့လျှင် မတော်တဆမှုများ အလွယ်တကူ ဖြစ်ပွားသွားနိုင်လေသည်။
သူ့ကဲ့သို့ စွမ်းအင် ပြည့်ဝနေသည့် လူငယ်သည်ပင် သင်္ဘောပေါ်တွင် ရက်အနည်းငယ်ကြာ နေပြီးနောက် အသက်ရှူကျပ်လာသလို ခံစားခဲ့ရသည်။
ထိုကြောင့် သူသည် ရေထဲခုန်ချပြီး ကစားချင်ပေသည်။ သို့သော် သူ၏ ဖခင်က လာရောက် ဟန့်တားခဲ့၏။
ထို့ကြောင့် ဟဲစီသည် ငေးငိုင်နေရုံမှ လွဲ၍ မတတ်နိုင်ပေ။ အခုနောက်ပိုင်း သူ၏ နေ့စဉ် အချိန်ဖြုန်းခြင်းမှာ လက်ထဲရှိ မှန်ပြောင်းဖြင့် ဟိုးအဝေးက ပင်လယ်ရှုခင်းများကို ကြည့်ရှုခြင်းပင် ဖြစ်သည်။
ရုတ်တရက် သူသည် ယခင် အာရုံစိုက်ကြည့်ရှုနေသည့်နေရာမှ အခြားနေရာသို့ ပြောင်းရွေ့ အာရုံစူးစိုက်လိုက်သည်။
မှန်ပြောင်းဖြင့် ဝေးကွာသော နေရာတစ်ခုမှ အရိပ်တစ်ခုကို သူမြင်လိုက်ရ၏။
ဟဲစီက မျက်လုံးတစ်ဖက်ကို ပိတ်လိုက်ပြီး မှန်ပြောင်း၏ အနီးဝေးကို ချိန်ညှိလိုက်သည်။
မြင်ကွင်းမှာ ပိုမိုရှင်းလင်းလာ၏။
၎င်းက သင်္ဘောတစ်စင်း ဖြစ်သည်။
၎င်းသင်္ဘော၏ ဦးပိုင်းတွင် ကြီးမားသော ချိတ်တစ်ခုကို တပ်ဆင်ထားပြီး သင်္ဘောပေါ်တွင် လူအများအပြား လှုပ်ရှားသွားလာနေကြသည်။ ၎င်းတို့အထဲက အထင်ရှားဆုံးမှာ ကြီးမားသော ငါးတစ်ကောင်ပင် ဖြစ်သည်။
"ဝေလငါးလား"
"ဒါက ဝေလငါးဖမ်းသင်္ဘောပဲ!!"
ထိုဝေလငါးကို မြင်လိုက်ရသည်နှင့် ဟဲစီသည် ချက်ချင်းပင် သဘောပေါက်သွားသည်။ သူ့ဖခင် ပြောပြဖူးသော ပုံပြင်များထဲတွင် ဤကဲ့သို့ သင်္ဘောများအကြောင်း ပါရှိပြီး ဝေလငါးတွေကို ဖမ်းဆီးရန် နှစ်သက်သော လူစုတစ်စုရှိကြောင်း သူသိထားလေသည်။
သို့သော် သူ့ဖခင်ကဲ့သို့ ငါးဖမ်းသမားများသည် ဝေလငါးများကို မည်သည့်အခါမျှ မသတ်ဖြတ်ကြပေ။ ၎င်းလုပ်ရက်သည် အလွန်ခက်ခဲ၍ အကျိုးအမြတ်မရှိသောကြောင့်ဖြစ်ကာ သတ်ဖြတ်ပြီးလျှင်လည်း ၎င်းဝေလငါးကို စားသုံး၍မရသလို ဝယ်ယူမည့်သူလည်း မရှိသော်ကြောင့် ဖြစ်သည်။
ထိုသင်္ဘောကို စက္ကန့်အနည်းငယ်ကြာ ငေးကြည့်ပြီးနောက် ဟဲစီသည် ပျင်းလာကာ အခြားနေရာများကို လှည့်ကြည့်နေတော့သည်။
"ဟဲစီ"
ဟဲစီ သင်္ဘောဘေးနံရံထက် လဲလျောင်းနေစဉ် သူ၏ ဖခင်က သူ့ကို ခေါ်ရင်းလျှောက်လာသည်။
"စားဖို့အချိန်ရောက်ပြီ လာလိုက်ခဲ့..."
ဟဲစီက ဖခင်ဖြစ်သူနောက်သို့ လိုက်သွားရင်း မေးသည်။
"အဖေ... ဒါနဲ့ ငါးမျှောထဲမှာ ငါးတွေရဲ့အခြေအနေက ဘယ်လိုရှိလဲဟင်..."
ဟဲစီ၏ အမေးစကားကို ကြားလိုက်ရသော နစ်သည် ခဏတာ ရပ်တန့်သွားပြီး မျက်နှာမှည အနည်းငယ်မဲမှောင်သွားသော်လည်း...
"အခုထိတော့ မရသေးဘူး သား...၊ ဒါပေမယ့် မကြာခင်မှာ ရလာလိမ့်မယ်" လို့ ပြန်ဖြေလိုက်သည်။
နစ်သည် ဟဲစီ၏ ခေါင်းကို ပွတ်သပ်ပေးနေစဉ် သူ့စိတ်ထဲမှာ လေးလံနေခဲ့သည်။
ဤသည်မှာ ဟဲစီ၏ ပထမဆုံးအကြိမ် ပင်လယ်ထဲကို ငါးဖမ်းထွက်လာခြင်းဖြစ်ပြီး အကယ်၍ သူသာ ဘာမှမဖမ်းမိခဲ့လျှင် ဟဲစီ အတွက် အခြေအနေများ အလွန်ဆိုးရွားသွားမည်ဖြစ်သည်။
ရွာထဲရှိ လူတွေက ဟဲစီသည် ကံကောင်းခြင်း နတ်ဘုရားမှ ကောင်းချီးအပေးမခံရသောကြောင့် ဇနီးကောင်းရရန် အခက်အခဲရှိမည်ဟု ပြောဆိုကြမည် ဖြစ်သည်။
ပင်လယ်ထဲသို့ ထွက်လာခဲ့သည်မှာ သုံးရက်ကြာညောင်းခဲ့ပြီ ဖြစ်သော်လည်း မနေ့ကမှ ငါးအနည်းငယ်သာ ဖမ်းမိခဲ့လေသည်။ ထို့အပြင် ၎င်းက (၅၀၀) ကီလိုဂရမ်ခန့်သာ ရှိ၏။
ဤပမာဏမှာ လုံလောက်မှု မရှိပေ။
သို့သော် ဟဲစီက ထိုအရာများနှင့် ပတ်သက်၍ စိုးရိမ်နေခြင်း မရှိခဲ့ပေ။ သူ၏ စိတ်ထဲတွင်တော့ ကစားရန်နှင့် သူကြိုက်နှစ်သက်သည့် မိန်းကလေးကို သူ့အား သဘောကျသွားအောင် လုပ်ဖို့ စိတ်ကူးသာ ရှိနေသည်။
နှစ်ဦးသားသည် သင်္ဘောပေါ်ရှိ စားသောက်ခန်းသို့ သွားရောက်ကာ သင်္ဘောပေါ်ရှိ အခြားလူ (၉) ဦးနှင့်အတူ ညစာ စားကြသည်။
ညစာစားပြီးနောက် ဟဲစီသည် သင်္ဘောကပြင်ပေါ်တွင် အနည်းငယ်ကစားပြီး သူ၏ အိပ်ခန်းသို့ ပြန်လာခဲ့သည်။ ထိုအချိန်တွင် ညရောက်နေခဲ့ပြီ ဖြစ်သည်။
ရှပ့်...
ဟဲစီက ခါးအနည်းငယ် ကုန်းကာ လက်ကို ဆန့်တန်းလိုက်ပြီး အိပ်ရာရှေ့ရှိ မီးအိမ်ကို ထွန်းညှိလိုက်သည်။ ထိုနောက် ဗီရိုထဲမှ ရုပ်ပြစာအုပ်တစ်အုပ်ကို ထုတ်ယူ၏။
ရုပ်ပြစာအုပ်၏ အဖုံးတွင် လှိုင်းလေပြင်းထန်သည့် ပင်လယ်ပြင်ပေါ်တွင် ရွေ့လျားနေသော ငါးဖမ်းသင်္ဘောတစ်စင်းရှိနေပြီး ၎င်းအောက်၌ ပုန်းအောင်းနေသော ကြောက်စရာကောင်းသည့် သတ္တဝါတစ်ကောင်၏ ပုံကို ရေးဆွဲထားသည်။
ဟဲစီက ရုပ်ပြစာအုပ်ကို ဖွင့်လိုက်သည်။ စာအုပ် အတွင်း၌ မတူညီသော သတ္တဝါများ၏ ရုပ်ပုံများနှင့် တိုတိုနှင့် လိုရင်းရောက်သည့် စာသားများ ပါဝင်သည်။
အလွန်လှပသော အရာများ မပါဝင်သော်လည်း ဟဲစီက ထိုစာအုပ်ကို နှစ်သက်သဘောကျစွာ ဖတ်ရှုနေဆဲ ဖြစ်သည်။
သူတို့၏ ကျွန်းပေါ်တွင် စာအုပ်များမှာ ရှားပါးလွန်းလှသည်။
"ညရောက်နေပြီ၊ အိပ်တော့..."
နစ်က ဟဲစီကို ကြည့်ပြီး အိပ်ရန် ပြောကာ အခန်းထဲမှ ထွက်သွားသည်။
"ဟုတ်... သားသိပါတယ်။ အဖေ..."
ဟဲစီသည် နစ်ကို ခေါင်းညိတ်ပြလိုက်သည်။ သို့သော် သူက ဤစာအုပ်ကို နောက်ထပ် မိနစ်နှစ်ဆယ်ခန့် ဖတ်ပြီးမှ အိပ်ရန် စဉ်းစားထား၏။
သို့သော် ဆယ်မိနစ်ခန့် ဖတ်ပြီးနောက် ပြတင်းပေါက်အပြင်ဘက်မှ လေတိုက်သံများကို စတင်ကြားလာရသည်။ အစောပိုင်းတွင် ဟဲစီက ၎င်းကို ဂရုမစိုက်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ လေတိုက်သံမှာ ပိုမိုကျယ်လောင်လာခဲ့သည်။
ပိုအရေးကြီးသည်မှာ ငါးဖမ်းသင်္ဘောက စတင်လှုပ်ခါလာခြင်း ဖြစ်သည်။
"ဘာတွေဖြစ်နေတာလဲ"
ပထမဆုံးအကြိမ် ဤကဲ့သို့ အခြေအနေကို ကြုံတွေ့ရသော ဟဲစီမှာ အလွန်တုန်လှုပ်သွားခဲ့သည်။ သူသည် ချက်ချင်းပင် အိပ်ရာမှ ထပြီး ပြတင်းပေါက်ဘေးသို့ ပြေးသွားလိုက်၏။
ထိုအချိန်တွင် ကောင်းကင်သည် လုံးဝမှောင်မည်းနေပြီ ဖြစ်သည်။ သူတို့၏ ငါးဖမ်းသင်္ဘောပေါ်တွင် ထွန်းညှိထားသော မီးအလင်းရောင်များမှာ ဆယ်မီတာခန့်သာ အလင်းရောက်နိုင်လေသည်။
ထို့ထက်ဝေးသော နေရာများတွင် လုံးဝမှောင်မည်းနေပေသည်။
ကောင်းကင်သည် မှောင်မည်းနေပြီး ထူထဲသော တိမ်တိုက်များသည် ဆက်လက်စုဝေးနေသည်။ ပြင်းထန်သော လေပြင်းသည် ငါးဖမ်းသင်္ဘောကို ဖြတ်သန်းကာ တိုက်ခတ်နေပြီး တချိန်တည်းတွင် လှိုင်းကြီးတွေက သင်္ဘောကို တိုက်ခိုက်နေကာ တစ်ဖက်မှ အခြားတစ်ဖက်သို့ ပုခတ်လွှဲနေသလို လှုပ်ခါစေသည်။
သူခံစားရသော လှုပ်ရှားမှုမှာ ဤလှိုင်းကြီးများကြောင့်ပင် ဖြစ်ရချေမည်။
"မိုးရွာတော့မယ်..."
ဟဲစီ မျက်နှာမှာ တင်းမာနေသည်။ အပြင်ဘက် မြင်ကွင်းမှာ အနည်းငယ် ကြောက်စရာကောင်းနေသည်။
ပုခတ်လွှဲသလို လှုပ်ခတ်နေသည့် သင်္ဘောမှာ မည်သည့်အချိန် မှောက်သွားမည်ကို မသိနိုင်သည်က ပို၍ပင် ကြောက်စရာဖြစ်နေပေသည်။
ကြည့်ရတာ မုန်တိုင်းတစ်ခု ရောက်ရှိလာတော့မည် ပုံဖြစ်၏။
သူတို့ ပင်လယ်ထဲ ထွက်လာခဲ့သည်မှာ ရက်အနည်းငယ်သာ ကြာသေးသော်လည်း ဤကဲ့သို့ ရာသီဥတုကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်သဖြင့် သူ၏ နှလုံးခုန်သံများ ပြင်းထန်စွာ တုန်ခါနေပေသည်။
အမှောင်ထု၏ ခပ်ဖျော့ဖျော့ ဝန်းရံခံလိုက်သည့် ပတ်ဝန်းကျင်တွင် မှောင်မည်းနေသော ပင်လယ်ပြင်သည် အလွန်ကြောက်စရာကောင်းနေပြီး သူတို့၏ ငါးဖမ်းသင်္ဘောသည် ကုန်းမြေမရှိသော ပင်လယ်ပြင်လယ်ထဲတွင် တစခုတည်းသာ တည်ရှိနေသည်။
ဟဲစီသည် မကောင်းသော ခံစားချက်များ ရရှိနေသည်။
ရုတ်တရက် သူအရင်က လူကြီးများထံမှ ကြားဖူးခဲ့သော သင်္ဘောမတော်တဆမှုများ သို့မဟုတ် ပျောက်ဆုံးသွားသော ပုံပြင်များသည် သူ၏ စိတ်ထဲတွင် လျင်မြန်စွာဖြတ်သန်းသွားခဲ့သည်။
ထိုပုံပြင်များထဲမှ ငါးဖမ်းသင်္ဘောအများစုသည် မုန်တိုင်းကြောင့် မတော်တဆမှုများ ဖြစ်ပွားခဲ့ကြဖူးကြသည်။
ဤပုံပြင်အားလုံးကို ပြန်သတိရမိလိုက်သော ဟဲစီသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသလို ခံစားရသည်။
တဖြည်းတဖြည်း သူ၏ စိတ်ထဲတွင် အမျိုးမျိုးသော ကြောက်မက်ဖွယ်ရာ အတွေးများနှင့် မတော်တဆမှုများ ပေါ်ပေါက်လာကာ စိတ်ထဲရှိ အကြောက်တရားမှာ ပိုမိုပြင်းထန်လာလေခဲ့သည်။
.....