ကြောက်ရွံ့နေသော ဟဲစီ
Vol. 10 Ch. 131
"ဟဲစီ ဘာမှ စိတ်ပူမနေနဲ့... "
ဟဲစီသည် ခေါင်းလှည့်လိုက်ပြီး ဖခင်ဖြစ်သူ နစ် သူ့ဆီသို့ လျှောက်လာနေသည်ကို ကြည့်နေလိုက်သည်။
"ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး သား... ။ မုန်တိုင်းက သိပ်မကြီးတဲ့အတွက် မကြာခင်မှာပဲ ဒီမိုးတိတ်သွားလိမ့်မယ်"
ဖခင် ဖြစ်သူ ပြန်ရောက်လာသည်ကို မြင်ရသော ဟဲစီသည် အနည်းငယ် လုံခြုံသွားသလို ခံစားလိုက်ရ၏။
"အဖေ... အဖေ ပင်လယ်ထဲမှာ ဒီလိုရာသီဥတုမျိုးကို မကြာခဏ တွေ့ရလေ့ရှိတာလား"
ဟဲစီက နစ်ကို မေးနေသော်လည်း ပြတင်းပေါက် အပြင်ကို မကြာခဏ လှမ်းကြည့်နေဆဲ ဖြစ်သည်။
နစ်က ဟဲစီ၏ ထိတ်လန့်နေသော မျက်နှာကို မြင်လိုက်ရခြင်းကြောင့် ပြုံးလိုက်ပြီး သူ၏ ခေါင်းအား ပွတ်သပ်ပေးနေရင်း ပြောလေသည်။
"အများအားဖြင့် ရာသီဥတုတွေက ဆိုးပေမယ့် ဒီလိုမုန်တိုင်းတွေက မရှားပါးဘူး။ အဖေလည်း အကြိမ်များစွာ ကြုံဖူးမှ သိလာတာ"
"ဘာမှမဖြစ်ဘူး သား... ။ နောက်ထပ် ခရီးအနည်းငယ် ထွက်ပြီးသွားရင် ဒီလိုရာသီဥတုက ဘာမှမဟုတ်ဘူးဆိုတာ မင်း သိလာလိမ့်မယ်"
ထိုစကားကို ပြောပြီးနောက် နစ်က ပခုံးတစ်ချက် တွန့်လိုက်လေသည်။ သူ့ ကြည့်ရတာ အလွန်အေးဆေးနေပုံ ပေါက်သည်။
ဖခင်၏ အေးဆေးတည်ငြမ်သော မျက်နှာကို ကြည့်ရင်း ဟဲစီမှာ တဖြည်းဖြည်း စိတ်သက်သာရာ ရလာလေသည်။
သားဖြစ်သူ၏ စိတ်ခံစားချက် တည်ငြိမ်လာသည်ကို သတိထားမိလိုက်သည့် နစ်ဟာ ပြုံးလိုက်ပြီး နံရံဘေးသို့ သွားကာ သူ၏ အလုပ်ကို ဆက်လုပ်သည်။
ဟဲစီကမူ ပြတင်းပေါက် အပြင်ကို မကြာခဏ လှမ်းကြည့်နေဆဲဖြစ်ပြီး သူ့မျက်နှာက အနည်းငယ် တင်းမာနေဆဲ ဖြစ်သည်။
ဂျိန်း!
ရုတ်တရက် ဝေးကွာသော တိမ်တိုက်များထဲမှ ခရမ်းရောင်လျှပ်စီးတစ်ခု ထွက်ပေါ်လာကာ တစ်ချိန်တည်းမှာပင် ကျယ်လောင်အသံကြီးတစ်ခု ထွက်ပေါ်လာသည်။
ဟဲစီသည် မိုးချုန်းသံကို ကြားလိုက်ရစဉ် တုန်လှုပ်သွားပြီး လည်ပင်းကို ချုံ့ထားလိုက်မိသည်။
မိုးချုန်းသံ ပျောက်သွားပြီးနောက် ဟဲစီသည် သူ့မျက်လုံးများကို ကျယ်ပြန့်စွာ ဖွင့်လိုက်ကာ လှိုင်းလေပြင်းထန်နေသော ပင်လယ်ပြင်အား ကြည့်လိုက်သည်။
မိုးချုန်းသွားသည့် အခိုက်တွင် ပင်လယ်ထဲတွင် အရိပ်တစ်ခုကို သူမြင်ခဲ့သော်လည်း ယခုပြန်ကြည့်လိုက်သည့်အခါ ဘာမှ ရှိမနေခဲ့ပေ။
ဟဲစီ စိတ်ရှုပ်ထွေးနေစဉ် နောက်ထပ် လျှပ်စီးတစ်ခုက ထွက်ပေါ်လာသည်။
ဤအချိန် ပြတင်းပေါက်အပြင်ဘက်ရှိ အမှောင်ထုက ရှင်းလင်းသွားသည်။
ဟဲစီ စိတ်ထဲ ရုတ်တရက် ဗလာဖြစ်သွားလေသည်။
"အဲ့တာ ဘာကြီးလဲ?"
ဟဲစီသည် ပြတင်းပေါက် အပြင်ဘက်ကို မျက်လုံးများကျယ်ကြီးများဖြင့် ကြောင်ကြည့်နေပြီး သူ၏ နှလုံးသားကို တစ်စုံတစ်ယောက်က ဖြစ်ညှစ်နေ၍ အသက်ရှူကျပ်သလို ခံစားနေရသည်။
သူ၏ ခန္ဓာကိုယ်သည် အချိန်အနည်းငယ်ကြာမှ ပြန်ပြီးသက်သာလာသည်။
ကောင်းကင်သည် မှောင်မိုက်နေပြီး လှိုင်းကြီးများက သူတို့သင်္ဘောကို ရိုက်ခတ်နေသည်။
ဤအချိန် ရုတ်တရက် ရေပေါ်၌ အရိပ်ကြီးတစ်ခု ပေါ်လာပြီး ပျောက်ကွယ်သွားသည်။
လျှပ်စီးလက်သွားသည့် အခိုက်တွင် ၎င်း၏ အလင်းရောင်ဖြင့် သူသည် အကြေးခွံတွေ တစ်ကိုယ်လုံး ဖုံးလွှမ်းနေသော သတ္တဝါကြီးတစ်ကောင်ကို မြင်ခဲ့ရသည်။
ထိုအကြေးခွံများသည် အလွန်ထူးဆန်းပြီး အားလုံးက မည်းနက်သည်။ ၎င်းသည် ငါးတစ်ကောင်နှင့် မတူဘဲ ပိုကြောက်မက်ဖွယ်ကောင်းသည့်.....
"မြွေကြီးလား..."
ဟဲစီက တံတွေး မျိုချလိုက်သည်။ ပင်လယ်ထဲတွင် မြွေကြီးတစ်ကောင် ရှိနေရသည့် အကြောင်းရင်းကို သူနားမလည်နိုင်ပေ။ ထို့အပြင် မယုံကြည်နိုင်လောက်အောင် ကြီးမားသော မြွေကြီး ဖြစ်သည်။
'ပင်လယ်သားရဲ'
ထိုစကားလုံးနှစ်လုံးက ရုတ်တရက်ဆန်စွာ သူ၏ စိတ်ထဲ၌ ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် သူသည် လွန်ခဲ့သော ရက်အနည်းငယ်က ရတနာရှာဖွေနေစဉ် လျို့မြောင်းအနီးမှာ မြင်ခဲ့ရသည့် အရိပ်ကြီးကို သတိရလာခဲ့သည်။ ထိုအချိန်က မှုန်ဝါးနေသော အရိပ်ကြီးသည် ယခုအခါ အလွန်ရှင်းလင်းလာသလို ထင်ရ၏။
"အဲ့တာ ဟိုသတ္တဝါကြီးပဲ!"
ဟဲစီ ထိတ်လန့်နေစဉ် ထိုမြွေကြီးက ရေထဲမှ နောက်တစ်ကြိမ် ခုန်ထွက်သွားပြန်သည်။ ဤတစ်ကြိမ်တွင် သူက ထိုသတ္တဝါ၏ ကြီးမားသော ခေါင်းကြီးကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။
ထိုခေါင်းကြီးသည် တစ်မီတာခန့် ကျယ်ပြန့်ပြီး ကြည့်လိုက်မိရုံမျှဖြင့် ဟဲစီ၏ ခြေထောက်တွေကို ပျော့ခွေသွားစေသည်။
သူသည် အလွန်အမင်း တုန်လှုပ်နေပြီး သူ့နှလုံးသားထဲမှာ အေးစက်စက်အငွေ့အသက်တစ်ခုကို ခံစားမိသည်။
"အဖေ!... အဖေ!... အဖေရေ!!..."
ဟဲစီက အလွန်အမင်း ကြောက်ရွံ့သည့်အသံဖြင့် အော်လိုက်ရာ အခြားဘက်တွင် ထိုင်နေသော နစ်ခ်မှာ အံ့အားသင့်သွားသည်။
"ဟဲစီ ဘာဖြစ်တာလဲ"
"အဖေ!..."
ဟဲစီက ပြတင်းပေါက်ကို ညွှန်ပြရင်း.....
"ပင်လယ်သားရဲ! ကျွန်တော် ကျွန်တော် ပင်လယ်သားရဲတစ်ကောင်ကို မြင်လိုက်တယ်! လျို့မြောင်းထဲမှာ မြင်ခဲ့ရတဲ့အကောင်ကြီး... ဒီကိုလာနေပြီ! အဲ့တာကို သင်္ဘောအနားမှာ မြင်လိုက်တာ!"
ထိုစကားကို ပြောနေစဉ် သူ၏ မျက်နှာတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေပြီး ခြေထောက်နှင့် အသံမှာ ထပ်တူညီစွာ တုန်ရင်နေသည်။
သူ့သား၏ စကားကို ကြားလိုက်ရသော နစ်သည် အစပိုင်းတွင် ရှုပ်ထွေးသွားသော်လည်း ခရီးမထွက်မီ ညက သူ့သား ပြောခဲ့သော စကားများကို အမှတ်ရလိုက်သည်။
ဟဲစီ လျို့မြောင်းထဲမှာ သားရဲတစ်ကောင်ကို မြင်ခဲ့တာကို ဆိုတာလား...။
နစ်က ရယ်သည်။ ဟဲစီက စိတ်လှုပ်ရှားလွန်းသည့်အတွက် စိတ်ကူးယဉ်လွန်သွားသည်လို့ သူထင်သည်။
ငယ်စဉ် ကလေးဘဝတုန်းက "သားရဲ" ဆိုသည့် အကောင်၏ အရိပ်အယောင်ကို မမြင်ဖူးသူ ဘယ်သူရှိမည်နည်း။
သို့သော် အဆုံးတွင် ယင်းသည် စိတ်ကူးယဉ်မှုသာ ဖြစ်သည်။
ကလေးများသည် "သားရဲ" မျိုးစုံတိုင်းကို တွေးဖူးပြီးကြပြီ လူကြီးဖြစ်လာသည့်အခါ တကယ့်ဘဝ၏ ဖိအားများကြောင့် ထိုစိတ်ကူးယဉ် သားရဲများကို မြင်ရတော့မည် မဟုတ်ပေ။
သူကိုယ်တိုင်လည်း ဤအဆင့်ကို ဖြတ်သန်းဖူးခဲ့သည်။
"ဟဲစီ စိတ်အရမ်း မလှုပ်ရှားနဲ့ ကိုယ့်စိတ်ကိုထိန်းစမ်း"
နစ်သည် ဟဲစီကို အရင်ဆုံး စိတ်တည်ငြိမ်အောင် လုပ်ပြီးနောက် ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်သည်။
"ကြည့်လေ... ဘာမှမရှိဘူး။ တွေ့လား အရာအားလုံးက မင်းစိတ်ကူးထဲမှာပဲ ရှိတာ"
"မဟုတ်ဘူး အဖေ... ကျွန်တော် တကယ်ပြောနေတာ သားတို့ ငါးဖမ်းသင်္ဘောဘေးမှာ ဧရာမသားရဲ တစ်ကောင် ရှိနေတယ်"
ဟဲစီသည် ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်လိုက်ပြီး ခေါင်းကို အပြင်းအထန် ခါယမ်းကာ သူ့ဖခင်ကို အပြင်ဘက်တွင် သားရဲကြီး တစ်ကောင်ရှိနေကြောင်း ဆက်လက်ပြောဆိုနေသည်။ သူ၏ မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အရောင်က မပြယ်သေးပေ။
သူ သစ္စာဆိုပြီးတောင် ပြောနိုင်သည်။ သူလုံးဝ လိမ်နေတာ မဟုတ်ပေ။ ရေထဲမှာ တကယ့်ကြီး သားရဲတစ်ကောင်အား မြင်ခဲ့ရခြင်း ဖြစ်သည်။
သူ့သား၏ ကြောက်ရွံ့နေသော မျက်နှာကို မြင်နေရသော နစ်၏ မျက်နှာမှာ ရုတ်တရက် တင်မာလာပြီး အလွန်တည်ကြည်သွားသည်။
ဟဲစီသည် သူ့ဖခင်က သူ့စကားကို ယုံကြည်သွားပြီဟု ထင်မိသည့်အချိန်တွင် နစ်က ရုတ်တရက် ပြုံးပြီး ပြောလာသည်။
"ကောင်းပြီ၊ လောလောဆယ် သက်သာလာအောင် လိမ္မော်ရည်လေး တစ်ခွက်အရင် သောက်လိုက်"
"အဖေ... !!!!"
ဟဲစီက မျှော်လင့်ချက်ကင်းမဲ့စွာ အသံကုန် အော်ဟစ်လိုက်စဉ် နစ်က ပြုံးရယ်ကာ သူ၏ ပခုံးကို ပုတ်ပြီး ပြောလေသည်။
"အဖေ ယုံပါတယ်ကွာ အခုတော် အိပ်လိုက်အုံး။ ပြီးတော့ မအိပ်ခင် ဆုတောင်းနော် ငါးမျှောမှာ ငါးတွေ လုံလုံလောက်လောက် ဖမ်းမိနေပါစေလို့..."
နစ်၏ စကားမပြီးဆုံးခင်မှာ သင်္ဘောက ရုတ်တရက် အပြင်းအထန် လှုပ်ခါလာသည်။
"အား... !!!"
"ဘာတွေ ဖြစ်သွားတာလဲ"
ကြောက်လန့်တကြား အော်သံ ရေရွတ်သံနှင့် တစ်ချိန်တည်းလိုလို နစ်နှင့် ဟဲစီတို့၏ ခန္ဓာကိုယ်က ယိမ်းယိုင်ပြီး မြေပြင်ပေါ် လဲကျလုနီးပါး ဖြစ်သွားသည်။
ဟဲစီ မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်နေပြီး နစ်၏ မျက်နှာတွင်တော့ အလွန်အံ့အားဟန်တို့ ရှိနေသည်။
.....