ကြီးမားသော ရိတ်သိမ်းခြင်း
Vol. 10 Ch. 134
ဖန့်ရန်သည် နက်ရှိုင်းသော ရေအောက် အမှောင်ထဲအတွင်းကနေ သူ၏ ရှေ့၌ဖြစ်ပွားနေသော တိုက်ပွဲကို စောင့်ကြည့်နေသည်။
သူ့ရှေ့ မီတာ (၁၀၀) ခန့်အကွာတွင် သတ္တဝါနှစ်ကောင် တိုက်ခိုက်နေကြသည်။
ထိုသတ္တဝါနှစ်ကောင်အနက် တစ်ကောင်မှာ ငါးကဲ့သို့သော ကိုယ်ထည်ရှိပြီး အလျားမှာ (၁၅) မီတာထက် ပိုရှည်ပေသည်။
သို့သော် ၎င်းမှာ ခေါင်းကြီး၍ မေးရိုးသေးကာ အချိုးအစား မညီမျှသော ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားသည်။
ဖန့်ရန်က ၎င်းဧရာမသတ္တဝါကို စိုက်ကြည့်နေစဉ် ၎င်းထံမှ အာဏာရှင်ဆန်သော အရှိန်အဝါကို ခံစားရသည်။
ထိုအချိန် သူ၏ စိတ်ထဲက စနစ်၏ အချက်ပေးသံကို ကြားလိုက်ရသည်။
[ပစ်မှတ် - ဝေလငါးဖြူ (Sperm Whale)၊ သွေးအေးသတ္တဝါ၊ သင်းကွဲ မျိုးစိတ်၊ စနစ်အမှတ် ၂၀၀၀၀ မှတ်ကို ရရှိနိုင်သည်]
ဤဧရာမငါးနှင့်တူသော သတ္တဝါမှာ ဝေလငါးဖြူ (Sperm Whale) ဖြစ်သည်။
ဝေလငါးဖြူများသည် သမုဒ္ဒရာထဲတွင် အကြီးဆုံးသော ဝေလငါးဖြစ်ကာ ၎င်းတို့၏ ခေါင်းသည် အထူးကြီးမားပြီး ရေငုပ်နိုင်စွမ်းလည်း အလွန်မြင့်မားပေသည်။
အရွယ်ရောက် ဝေလငါးဖြူတစ်ကောင်သည် ပင်လယ်ရေအနက် မီတာ (၂၀၀၀) အထိ ငုပ်လျို့နိုင်ပြီး နာရီနှစ်နာရီခန့် ထိုနေရာတွင် နေနိုင်လေသည်။
သို့သော် ၎င်းဝေလငါးများသည် အလွန်ရှားပါး၏။ ၎င်းတို့ ရှားပါးရသည်မှာ ၎င်းတို့၏ အူထဲမှ ထွက်သော အမ်ဘာဂရစ် ဆိုသည့် ပစ္စည်းကြောင့် အမဲလိုက်ခံရမှု များပြားခြင်း ဖြစ်သည်။
ထိုပစ္စည်းသည် ရေမွှေးနှင့် တရုတ်ရိုးရာဆေးဝါးများ ပြုလုပ်ရာတွင် အသုံးပြုသည့် အလွန်ဈေးကြီးသော အဓိက ကုန်ကြမ်းတစ်မျိုး ဖြစ်ကာ တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ (၂၀၀၀၀) အထိ တန်ဖိုးရှိသောကြောင့် ၎င်းတို့ အမဲလိုက်ခံရမှု များခြင်းမှာ အံ့သြလို့တော့ မဆိုသာပေ။
မမျှော်လင့်ဘဲ သူသည် ဝေလငါးဖြူတစ်ကောင်နှင့် ကြုံနေရပေပြီး။ ၎င်းဆေးဝါးများထက် ပို၍ အရေးကြီးသည်မှာ ၎င်းထံကနေ စနစ်အမှတ် (၂၀၀၀၀) ကို ရရှိနိုင်ခြင်းဖြစ်သည်။
ယခုအချိန်ထိ သူတွေ့ရှိခဲ့သမျှ သားကောင်တွေထဲ ၎င်းက စနစ်အမှတ် အများဆုံး ပေးစွမ်းနိုင်သော သတ္တဝါ ဖြစ်သည်။
ဝေလငါးဖြူကို စစ်ဆေးပြီးနောက် ဖန့်ရန်သည် အခြားဧရာမသတ္တဝါအား ကြည့်လိုက်သည်။
၎င်းက ရေဘဝဲကြီး တစ်ကောင်ဖြစ်သည်။
ဧရာမရေဘဝဲ၏ ရှည်လျားသော လက်တံ (၁၀) ချောင်းသည် ဝေလငါးဖြူကို ပတ်ထားခဲ့ပြီး စုပ်ခွက်များဖြင့် ၎င်း၏ အသားကို စုတ်ညှစ်ထားပေရာ ဝေလငါးဖြူတွင် ဒဏ်ရာများနှင့် ဒဏ်ရာသေးသေးများ ရနေခဲ့ပေသည်။
ယခင်က သူရနံ့ရခဲ့သော သွေးအနံ့မှာ ဤဒဏ်ရာသေးလေးများမှ ထွက်လာခြင်းဖြစ်မည်ဟု သူကောက်ချက်ချမိသည်။
ဝေလငါးဖြူသည် လူးလှိမ့်ကာ ခုခံနေရပြီး ကော်နဲ့ကပ်ထားသလို ကပ်နေသော ရေဘဝဲကို ခါချရန် ကြိုးစားနေလေသည်။
ထိုလှုပ်ရှားမှုများကြောင့်ပင် ရေထဲတွင် မမြင်နိုင်သော လှိုင်းများစွာက ဖြစ်ပေါ်နေပေသည်။
ဖန့်ရန်သည် ဝေလငါးဖြူနှင့် ကပ်နေသော ရေဘဝဲကြီး၏ သဘောသဘာဝကို ချက်ချင်းသိလိုက်သည်။
ဧရာမရေဘဝဲက သမုဒ္ဒရာထဲတွင် ဒုတိယအကြီးဆုံး သာမာန်ရိုးကျ မဟုတ်သည့် သတ္တဝါဖြစ်ပြီး၊ ပထမအကြီးဆုံးမှာ ၎င်းနှင့် မျိုးရိုးတော်စပ်သည့် Colossal Squid ဖြစ်သည်။
ဧရာမရေဘဝဲသည် အလွန်ကြီးမားပြီး သူ၏ ခန့်မှန်းချက်အရ ၎င်းသာ လက်တံများကို ဆန့်ထုတ်လိုက်လျှင် ဝေလငါးဖြူထက် ပိုရှည်နိုင်လေသည်။
စနစ်၏ အသိပေးချက်အရတော့ ဧရာမရေဘဝဲထံကနေ စနစ်အမှတ် (၁၅၀၀၀) ရရှိနိုင်ပေသည်။
သူသာ ၎င်းဧရာမသတ္တဝါ နှစ်ကောင်ကို မျိုချနိုင်ခဲ့လျှင် စနစ်အမှတ် ၃၅၀၀၀ ကို တင်္ဏဟအတွင်း ရရှိနိုင်ပေမည်။
၎င်းသည် သူ့အား စိတ်လှုပ်ရှားစေပြီး၊ မဝေးလှသော နေရာက ဧရာမသတ္တဝါနှစ်ကောင်ကို ပို၍ အာရုံစိုက်မိစေသည်။
ဝေလငါးဖြူတွင် အလင်းထုတ်လွှတ်လေ့ရှိသည့် ကပ်ပါးကောင်များ ရှိနေခြင်းကြောင့် ဖန့်ရန်သည် မှောင်မဲနေသော ရေအောက်တွင် ဧရာမနှစ်ကောင် တိုက်ခိုက်နေသည်အား ရှင်းလင်းစွာ မြင်နေရလေသည်။
ဧရာမသားရဲ နှစ်ကောင်လုံးသည် သမုဒ္ဒရာထဲတွင် ထိတ်တန်းအဆင့် အမဲလိုက်သတ္တဝါများဖြစ်သော်လည်း ဝေလငါးဖြူက ပိုသန်မာသည်။
သို့သော် ဝေလငါးဖြူများတွင် ကြီးမားသော အားနည်းချက်တစ်ခု ရှိသည်။ ၎င်းက အဆုတ်ဖြင့် အသက်ရှူသော သက်ရှိ ဖြစ်ပေရာ အသက်ရှုရန်အတွက် မကြာခဏ ဆိုသလို ရေမျက်နှာပြင်ပေါ်သို့ ကူးတက်ရသည်။
ထိုကြောင့် ဤရေနက်ပိုင်းက တိုက်ပွဲတွင် ကြာလာသည်နှင့် အမျှ ဝေလငါးဖြူအတွက် အခြေအနေက ပိုဆိုးလာပေမည်။
ဝေလငါးဖြူသည်လည်း ၎င်း၏ အခြေအနေကို ကောင်းစွာသိရှိထားသောကြောင့် ခုခံတိုက်ခိုက်မူများကို ပိုမိုပြင်းထန်စွာ အားထုတ် လုပ်ဆောင်လာသည်။
၎င်းသည် ခေါင်းကို အပြင်းအထန် လှုပ်ယမ်းလိုက်ကာ ရေကို လှိုင်းထစေပြီး ရေဘဝဲကို အောင်မြင်စွာ ခါထုတ်လိုက်နိုင်သည်။
လွတ်မြောက်သွားသော ဝေလငါးဖြူသည် ပါးစပ်ကြီးကို ဟကာ ဧရာမရေဘဝဲကို ကိုက်ဖြတ်ရန် ကြိုးစား၏။
ထိုအချိန်တွင် ဧရာမရေဘဝဲက မည်းနက်နေသည့် ၎င်းရဲ့ မင်ကို အန်ထုတ်ကာ ဝေလငါးဖြူ၏ အမြင်အာရုံကို ပိတ်ဆို့လိုက်သည်။
ထိုအခွင့်အရေးကို အသုံးချကာ ဧရာမရေဘဝဲက လျင်မြန်စွာ ထွက်ပြေးသည်။
၎င်း၏ အမြန်နှုန်းမှာ အလွန်မြန်ဆန်ပြီး တစ်စက္ကန့်လျှင် မီတာ (၁၀) မှ (၂၀) အထိ ရွေ့လျားနိုင်လေသည်။
စက္ကန့်ပိုင်းအတွင်း ဝေလငါးဖြူနှင့် ၎င်းကြား မီတာ (၁၀၀) ခန့် ဝေးသွားသည်။
ရေဘဝဲသည် အပြင်းအထန် ထွက်ပြေးနေစဉ် ရုတ်တရက် တစ်ခုခု မှားယွင်းနေသည်အား သတိထားမိလိုက်သည်။
ဗွမ်ခ်!...
ရေကွဲသံနှင့်အတူ ဧရာမရေဘဝဲ၏ အနီးတွင် အရိပ်ကြီးတစ်ခု ပေါ်လာလေသည်။ ၎င်းအရိပ်ကြီးက ဧရာမရေဘဝဲ၏ လက်တံတစ်ခုကို ကိုက်ဖြတ်လိုက်သည်။
အလွန်နာကျင်သွားသည့် ဧရာမရေဘဝဲက ၎င်း၏ အခြားလက်တံများဖြင့် ထိုအရိပ်ပိုင်ရှင်ကို တိုက်ခိုက်ရန် ကြိုးစားသည်။
သို့သော် ၎င်း(ဖန့်ရန်)က ရေဘဝဲ၏ လက်တံကို ကိုက်ဖြတ်ပြီးနောက် အဆိပ်ကို ထိုးသွင်းလိုက်သည်။
ဧရာမရေဘဝဲသည် အမှန်တကယ် ကြီးမားသော်လည်း ဖန့်ရန် အဆိပ်ရှေ့မှောက်တွင်တော့ သနားစရာ ဖြစ်သည်။
သူ၏ အဆိပ်သည် ပြင်းထန်သော နာကျင်မှုကို ဖြစ်စေနိုင်ပေရာ ဧရာမရေဘဝဲသည် ဖန့်ရန်ကို လက်တံများဖြင့် ပတ်လိုသော်လည်း နာကျင်မှုဒဏ်အား မခံနိုင်သောကြောင့် လူးလှိမ့်ကာသာ ရုန်းကန်နေတော့သည်။
ဖန့်ရန်က ဘေးတစ်ဖက်တွင် ငြိမ်သက်စွာ စောင့်နေပြီး ဧရာမရေဘဝဲ သေဆုံးချိန်အား စောင့်မျှော်နေသည်။
သို့သော် မကြာမီတွင် ဧရာမရေဘဝဲ၏ ဘေးတွင် အရိပ်ကြီးတစ်ခု ပေါ်လာလေသည်။
၎င်းအရိပ်မှာ ဝေလငါးဖြူသာ ဖြစ်ပေ၏။
ဝေလငါးဖြူက ပေါ်လာပြီးနောက် ရွေ့လျားမှု ရပ်တန့်သွားလေသည်။ ၎င်းသည် ဖန့်ရန်၏ အရွယ်အစားကို မြင်ပြီး အံ့အားသင့်သွားခြင်း ဖြစ်၏။
ဖန််ရန်က ၎င်းထက် အလျားအားဖြင့် နှစ်ဆရှည်ခြင်းကြောင့် ဖြစ်သည်။
ဖန့်ရန်သည် အခွင့်အရေးကို အလဟဿ မဖြုန်းတီးဘဲ ဝေလငါးဖြူ အံ့အားသင့်နေစဉ် လျင်မြန်စွာ ၎င်းဆီသို့ ရွေ့လျားလိုက်သည်။
ဝေလငါးဖြူအနီး ရောက်ချိန်တွင် ၎င်းအား အောက်ဘက်မှ တိုက်ခိုက်ရန် ဆုံးဖြတ်ပြီး ခေါင်းကို ငုံ့လိုက်သည်။
ဝေလငါးဖြူ၏ လေးလံထူထဲသော ကိုယ်ခန္ဓာနှင့် နှိုင်းယှဉ်လျှင် သူ၏ ကိုယ်ခန္ဓာမှာ ပို၍ သွယ်လျပြီး လှပပေသည်။
သူ၏ လျင်မြန်မှု၊ ကျော့ရှင်းခြင်းနှင့် လှပသည်တို့မှာ အရွယ်အစားကြီးမားမှုကြောင့် မဟုတ်ဘဲ ဆင့်ကဲပြောင်းလဲမှုတိုင်းတွင် တိုးတက်လာခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် သူ၏ အရွယ်အစား ကြီးမားနေသော်လည်း အလွန်ကျော့ရှင်း လှပနေဆဲဖြစ်သည်။
လေးလံနှေးကွေးသော ဝေလငါးဖြူနှင့် နှိုင်းယှဉ်လိုက်လျှင် သူက ပို၍သေးငယ်သော သော်လည်း မည်သည့်နေရာတွင်မဆို သူက သာလွန်နေပေသည်။
ဖန့်ရန်သည် ဝေလငါးဖြူ၏ အောက်ဘက်သို့ရောက်လာချိန်တွင် ၎င်းက သူ့အား အမြီးဖြင့် တိုက်ခိုက်ရန် ကြိုးစားနေသည်ကို သတိထားမိသည်။
ဖန့်ရန်က ချက်ချင်းဆုတ်ခွာပြီး ဝေလငါးဖြူ၏ လည်ပင်းပေါ်သို့ လျင်မြန်စွာ ကူးတတ်သွားသည်။
ဤနောက် အနည်းငယ်မျှ မတွန့်ဆုတ်ဘဲ သူက ၎င်း၏ လည်ပင်းကို ကိုက်ဖြတ်တော့သည်။
ဖန့်ရန်၏ ချွန်ထက်သော သွားများသည် ဝေလငါးဖြူ၏ ထူထဲသော် အရေပြားကို အလွယ်တကူ ဖောက်ထွင်းသွားပြီး အဆိပ်ကို သွေးကြောထဲသို့ ထိုးသွင်းလိုက်လေသည်။
အမှန်အတကယ်အားဖြင့် သူသည် ၎င်း၏ အဆိပ်ကို အချိန်အတော်ကြာ အသုံးမပြုတော့တာ ကြာပြီ ဖြစ်သည်။
သို့သော် သူက ဧရာမရေဘဝဲ သို့မဟုတ် ဝေလငါးဖြူတို့ကို ပေါ့ပေါ့တန်တန် မသဘောထားနိုင်ပေ။
သူ၏ ရုပ်ပိုင်းဆိုင်ရာ အစွမ်းသတ္တိတို့ဖြင့် ၎င်းတို့အား သတ်နိုင်သော်လည်း အချိန်အတော်ကြာမည်ဖြစ်ပြီး သားကောင် တစ်ကောင်ကောင် လွတ်မြောက်သွားနိုင်သည့် အန္တရာယ်ရှိပေသည်။
အဆိပ်ကို အသုံးပြုခြင်းသည် အမြန်ဆုံးနှင့် အန္တရာယ်အကင်းဆုံး နည်းလမ်းဖြစ်သည်။
အဆိပ်ထိုးသွင်းပြီးနောက် ဖန့်ရန်သည် အနောက်သို့ ဆုတ်ကာ ဝေလငါးဖြူ သေဆုံးချိန်ကို စောင့်မျှော်နေလိုက်သည်။
အဆိပ်သည် ဝေလငါးဖြူအား ပြင်းထန်စွာ နာကျင်စေသောကြောင့် ၎င်းက ရေထဲတွင် အပြင်းအထန် လှုပ်ရှားကာ ရုန်းကန်နေ၏။
တဖြည်းဖြည်း ၎င်း၏ ပါးစပ်မှ အဖြူမြုတ်များ ထွက်လာသည်။
ဖန့်ရန်သည် ၎င်းနှစ်ကောင်လုံးကို ခဏကြာစောင့် ကြည့်ပြီးနောက် အသက်တစ်မျှင်လောက်သာ ကျန်ရှိသည့် ရေဘဝဲဆီသို့ ကူးခတ်သွားကာ ၎င်းကို ခေါင်းမှစ၍ ခေါက်ဆွဲရှည်ကြီးကဲ့သို့ မျိုချကာ စားလိုက်လေသည်။
ရေဘဝဲကို စားပြီးနောက် ဖန့်ရန်သည် ဝေလငါးဖြူဆီသို့ တိုက်ရိုက်ကူးခတ်သွားပြီးနောက် ရေဘဝဲ၏ နည်းလမ်းအတိုင်း ရစ်ပက်ကာ ၎င်းကိုလည်း သတ်ပစ်လိုက်သည်။
ထိုနောက် ဖန့်ရန်သည် ဝေလငါးဖြူ၏ ကြီးမားသော ခန္ဓာကိုယ်ကို ရေမျက်နှာပြင်ပေါ်သို့ ဆွဲတင်ကာ စားဖို့ပြင်၏။
ဝေလငါးဖြူသည် အလွန်ကြီးမားသောကြောင့် ၎င်းကို တစ်ချက်တည်းဖြင့် မျိုချခြင်း မပြုနိုင်တော့ကြောင့် အပိုင်းပိုင်း ဆုတ်ဖြဲကာ စားလိုက်သည်။
သူသည် ဝေလငါးဖြူတစ်ကောင်လုံးကို စားသောက်ရန် မိနစ် (၃၀) ခန့် ကြာမြင့်ခဲ့သည်။
နောက်ဆုံးအကြိမ် စားသောက်ခြင်းအား လက်စသတ်ပြီးနောက် ဖန့်ရန်သည် ထိုနေရာတွင် ဆက်မနေတော့ဘဲ အခြားနေရာတစ်ခုသို့ ဦးတည်ကာ ကူးခတ်လာခဲ့တော့သည်။
.....