← Chapters

ကြီးမားသော သတင်း

Vol. 6 Ch. 549

ကြီးမားသော သတင်း

Vol. 6 Ch. 549

သတင်းရောက်ရှိသည်နှင့် အမှောင်ကမ္ဘာ တစ်ခုလုံးကား ပွက်လောရိုက်အောင် ဆူညံ သွားတော့သည်။

"သွေးမိစ္ဆာ ဒမွန် ..."

သူသည် လွန်ခဲ့သည့် နှစ်တစ်ရာခန့်ကပင် နတ်ဘုရား သတ်မှတ်၌ နံပါတ် သုံးဝင်ခဲ့သူ ဖြစ်သည်။

"ဂုရုကြီး ရာမ ..."

သူကား နတ်ဘုရား သတ်မှတ်ချက် နံပါတ် ခုနစ် ဖြစ်ကာ တောင်အာရှ၏ စိုးမိုးသူ ဖြစ်သည်။

"ဝါတနာဘေ ..."

သူကမူ ဂျပန်၏ ဓားသူတော်စင် ဖြစ်သည်။ သူသည် လင်းရှု့မင်နှင့် သုံးရက် သုံးညတိုင်တိုင် တိုက်ခိုက်ခဲ့ဖူးပြီး ပေါ့ဆမိသော အမှားကြောင့်သာ ရှုံးနိမ့်ခဲ့ရသည်။

"ယောင်တောက်ရီ ..."

တရုတ်၏ ထိုတန်ခိုးရှင်သည် တရုတ် တာအိုဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်ကာ သူ၏ မိုးကြိုး လက်နက်က ပြိုင်ဘက်ကင်းသည်။

"စက္က ..."

ဓမ္မရာဂျာ ဘွဲ့ခံ ထိုဘုန်းကြီးအိုသည် ပူတာလ ကျောင်းတောင်၏ ဘိုးဘေး တစ်ယောက် ဖြစ်သည်။ သူသည် ဗြိတိသျှများကို တိဘက်မှ မောင်းထုတ်ခဲ့သူ ဖြစ်၏။

"ကျန်းတိုင်ချင်းရွှမ် ..."

ထိုလျှို့ဝှက်ဂိုဏ်း၏ နတ်သမီးကား လေးထောင့် မျှော်စင်၏ ခေါင်းဆောင် ဖြစ်သည်။ တစ်ချိန်က သူမသည် ရဲ့ချင်စန်း၏ တိုက်ခိုက်မှုမှ သုံးကြိမ် တိုင်တိုင် လွတ်မြောက်ခဲ့သည်။

"လီချန်းရှန့် ..."

လူသား နတ်ဘုရား အဆင့်ကား ဝူတန်ဂိုဏ်း၏ ခေါင်းဆောင် ဖြစ်သည်။ သူ၏ အဆင့်အတန်းနှင့် ခွန်အားက ရဲ့ချင်စန်းနှင့်ပင် ကွာခြားခြင်း မရှိပေ။

ထိုတန်ခိုးရှင် အဆင့် ခုနစ်ယောက်သည် ကမ္ဘာ ပေါ်ရှိ တန်ခိုးရှင် အားလုံးပေါင်း အင်အား၏ ထက်ဝက်ခန့်ကို ကိုယ်စားပြုသည်။

ထို ခုနစ်ယောက်၏ ပူးပေါင်းမှုက မဟာ အင်အားကြီး နိုင်ငံ တစ်နိုင်ငံကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။

သို့သော်လည်း သွေးမိစ္ဆာ ဒမွန်မှ လွဲ၍ မည်သူမျှ အသက် မရှင်ခဲ့ချေ။

***

ထိုအချိန် ကျားနဂါးတောင်တွင် ...

"ခရက် ..."

ကောင်းကင် သခင်ဂိုဏ်း ဘိုးဘေး ခန်းမ အတွင်းရှိ ဝိညာဉ်တံဆိပ်ပြား တစ်ခုသည် ရုတ်တရက် ပေါက်ကွဲသွား၏။

ထိုသတင်း ပျံ့နှံ့သွားသည်နှင့် များစွာသော ဂိုဏ်းခေါင်းဆောင်များ၊ တပည့်များက ပူဆွေးစွာ ဒူးထောက်ကာ ကောင်းကင်သို့ အရိုအသေ ပြုလိုက်ကြသည်။

***

ထိုအချိန်တွင် ပူတာက ကျောင်းတော်၏ အထက် ကောင်းကင်၌ ရုတ်တရက် သက်တန့်တစ်ခု ထွက်ပေါ်လာသည်။

ထိုမြင်ကွင်းကို တွေ့သည်နှင့် ဘုန်းကြီးအို တစ်ပါးသည် မျက်ရည်များကျ၍ ငိုယို၏။

အခြား ဘုန်းကြီးများ၊ ကိုရင်များက ထိုဘုန်းကြီးအိုကို အဘယ်ကြောင့် ငိုရသနည်းဟု လာရောက် မေးကြသည်။

ထိုအခါ အဘိုးအိုက သက်တံ့ကို လက်ညှိုးထိုးကာ ဤသို့ ပြန်ဖြေ၏။

"ဓမ္မရာဂျာ ... သူ ငါတို့ကို ထားသွားပြီ ..."

ထိုနေ့၌ ပူတာလ ကျောင်းတော်ကြီး တစ်ခုလုံးသည် ဝမ်းနည်းခြင်း၊ ပူဆွေးခြင်းများဖြင့် တိတ်ဆိတ် ငြိမ်သက် နေခဲ့တော့၏။

***

ထိုအချိန်၌ ဂျပန် သိုင်းလောကသားများကား ကမ္ဘာကြီး ပြိုပျက်သွားသလို ခံစားနေကြရသည်။

ဝါတနာဘေသည် မူလ ဓားသူတော်စင် ဖြစ်သည်။ ဂျပန် ဧကရာဇ်၏ ဆရာ ဖြစ်သည်။ ဂျပန် သိုင်းလောက၏ ကျောရိုး ဖြစ်သည်။

သို့သော်လည်း ထိုမျှ မြင့်မြတ်သော ဆာမူရိုင်းသည် ချန်းဖန်ဆိုသော ပုဂ္ဂိုလ်၏ လက်ဖြင့် ကျဆုံးခဲ့ရပြီ ဖြစ်သည်။

"နောင် အနှစ် သုံးဆယ် အထိ ဂျပန် သိုင်းလောကတော့ မျက်နှာငယ်ရတော့မယ် ထင်တယ် ..."

အီရီကာက သက်ပြင်း တစ်ချက် ချလိုက်သည်။

ဝါတနာဘေ၏ သေဆုံးမှုကြောင့် သူမသည် ဂျပန်၏ အစွမ်း အထက်ဆုံး ကင်ဒို မာစတာ ဖြစ်လာခဲ့သည်။ သို့သော်လည်း သူမ၏ စိတ်၌ ပျော်ရွှင်ခြင်းကို အနည်းငယ်မျှ မခံစားရချေ။

***

ထိုအချိန်၌ တောင်အာရှ တစ်ခုလုံးသည် လုံးဝ တိတ်ဆိတ် နေခဲ့၏။

ဂုရုကြီး ရာမသည် တောင်အာရှ၏ အင်အားကြီးခြင်း သင်္ကေတ ဖြစ်သည်။ သူသည် များစွာသော ဂိုဏ်းများ၊ အဖွဲ့အစည်းများ၏ ကျောရိုး ဖြစ်သည်။

ဂုရုကြီး ရာမ မရှိပဲ သူတို့ မည်သို့ ရပ်တည် နိုင်တော့မည်နည်း။

ရှဲ့ရန်နှင့် နဂါးခန်းမသည် မြင်သာသော ဥပမာ ဖြစ်သည်။ ရှဲ့ရန် တစ်နှစ်ခန့် ပျောက်နေသည့် အချိန်၌ နဂါးခန်းမသည် အခြားလူ တစ်ယောက်၏ ထိန်းချုပ်မှုသို့ ကျရောက် ခဲ့ရသည်။ သူ၏ ရှဲ့မိသားစုသည်လည်း အမြစ်ပြတ် သုတ်သင် ခံခဲ့ရသည်။

တန်ခိုးရှင် တစ်ယောက်၏ ကျဆုံးမှုက ၎င်းကို မှီခိုနေသော အဖွဲ့အစည်းများ၏ ကျဆုံးမှုနှင့် ထပ်တူညီ၏။

ချန်းဖန်သည် တန်ခိုးရှင် ခြောက်ယောက်ကို တစ်ကိုယ်တည်း သုတ်သင်ခဲ့သည်။ သူ၏ လက်အောက်၌ အရှေ့တိုင်း၏ တန်ခိုးရှင် အားလုံးနီးပါး ကြွေလွင့်ခဲ့ရသည်။

ထိုအရာက သူသည် အရှေ့တိုင်း၏ အာဏာကို အပြည့်အဝ ဆုပ်ကိုင်နိုင်ခဲ့ပြီဟု ဆိုလိုသည်။

***

သတင်း ရောက်ရှိလာချိန်၌ ဒါရိုက်တာရှောင်သည် တစ်ခဏမျှ ဆွံ့အနေမိ၏။

"သေစမ်းကွာ ... ငါ ချန်းပေ့ရွှမ်းကို နောက်တစ်ကြိမ် လျှော့တွက်မိပြန်ပြီ ..."

ယောင်တောက်ရီ၊ လီချန်းရှန့် နှစ်ယောက် စလုံးသည် တရုတ်၏ အင်အား အကြီးဆုံး ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။

ရဲ့ချင်စန်းသည် သူတို့ကို မောင်းထုတ်ရန် တစ်ကြိမ် ကြိုးစားဖူးသော်လည် တန်ခိုးရှင် ခုနစ်ယောက်၏ ဝိုင်းဝန်း တိုက်ခိုက်ခံရမှု ဖြင့်သာ ဒဏ်ရာရ၍ ထွက်ပြေး လာခဲ့ရသည်။

ယခု ချန်းဖန် ရင်ဆိုင်ရသော အင်အားသည် လွန်ခဲ့သည့် နှစ်ငါးဆယ်က ရဲ့ချင်စန်း ရင်ဆိုင် ခဲ့ရသော အင်အားထက်ပင် ပိုမိုသည်။ သူ၏ ရန်သူများတွင် တန်ခိုးရှင် ထိပ်ဆုံး အဆင့် ခြောက်ယောက် အပြင် သေမျိုး နတ်ဘုရား အဆင့် တစ်ယောက်ပင် ပါဝင်နေသည်။ ရဲ့ချင်စန်းပင်လျှင် ထိုကဲ့သို့သော အင်အားစုကို ရင်ဆိုင်ရန် နှစ်ကြိမ်မျှ ပြန်လည် စဉ်းစားပေလိမ့်မည်။

"ဆရာဦးလေး ... အဘိုးကြီးက ချန်းပေ့ရွှမ်းကို ထိန်းချုပ်နိုင်ဦးမယ်လို့ ထင်သလား ..."

ပျံလွှားနီလေးက အစည်းအဝေး ခန်းမ၏ ထောင့်တစ်နေရာတွင် ထိုင်နေသော အဇူရာ နဂါးကို မေးလိုက်သည်။

အတန်ကြာမှ အဇူရာ နဂါးက သက်ပြင်းချရင်း ပြန်လည် ဖြေလိုက်၏။

"ဗိုလ်ချုပ်ရဲ့နဲ့ ချန်းပေ့ရွှမ်းက မကွာတော့ဘူး ..."

သူ၏ အဖြေက အစည်းအဝေး ခန်းမ အတွင်းရှိ လူတိုင်း၏ ရင်များကို တဒိတ်ဒိတ် ခုန်သွားစေသည်။

"မကွာတော့ဘူး" ဆိုသည့် စကားက ရဲ့ချင်စန်းပင်လျှင် ချန်းပေ့ရွှမ်းကို အနိုင်ယူရန် မသေချာတော့ဟု ဆိုလိုသည်။

အဇူရာ နဂါးသည် ရဲ့ချင်စန်းကို အလွန် လေးစားသည့်တိုင် ချန်းပေ့ရွှမ်းနှင့်သာ တိုက်ပွဲ ဖြစ်မည် ဆိုပါက မည်သည့်ဘက်ကိုမျှ ယုံကြည်ချက် မြင့်မြင့်မားမား မထားရဲချေ။

"သူက တစ်ယောက်တည်းနဲ့ အရှေ့တိုင်းက တန်ခိုးရှင် အားလုံးကို သတ်ဖြတ်ခဲ့တယ် ... အခုဆို သူ့ရဲ့အဆင့်က ကျန်းစန်းဖုန်း ... မဟာကဝေ တို့နဲ့တောင် နှိုင်းယှဉ်လို့ ရနေခဲ့ပြီ ... သူက အာဏာနဲ့ စွမ်းအားတို့ရဲ့ သင်္ကေတပဲ ..."

တစ်စုံတစ်ယောက်က စီအိုင်အေ၏ သီးသန့် ဖိုရမ်တွင် ပို့စ်တစ်ခု တင်၏။

"ဟီးဟီး ... တကယ့်ကို ကြီးကျယ်တဲ့ တိုက်ပွဲပဲ ... ဒါပေမဲ့ အရှေ့တိုင်းက တန်ခိုးရှင် အားလုံးကို သတ်ဖြတ်လိုက်တာ သူ့အတွက် ဘာကောင်းကျိုး ရှိသလဲ ... တကယ်လို့ အခု အချိန်မှာ အနောက်တိုင်းက တန်ခိုးရှင်တွေသာ အရှေ့တိုင်းကို စစ်ပွဲ တစ်ခု ဆင်နွှဲမယ်ဆိုရင် ဘာဖြစ်မယ် ထင်လဲ ... အဲဒီ တန်ခိုးရှင်တွေ ကြောင့်သာ မဟုတ်ရင် အရှေ့တိုင်းက အနောက်တိုင်းရဲ့ ကျူးကျော်မှု အောက်ကနေ အခုချိန် အထိ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး ..."

တစ်ယောက်က မှတ်ချက် ပေးလိုက်၏။

သူ၏ မှတ်ချက်သည် ဂျပန်၊ ထိုင်း၊ အင်ဒိုနီးရှား စသည့် နိုင်ငံများမှ ပညာရှင်များစွာ၏ ထောက်ခံမှုကို တစ်ခဲနက် ရရှိသည်။

သူတို့၏နိုင်ငံ အစောင့်အရှောက်များသည် မကြာသေးခင်ကပင် ချန်းပေ့ရွှမ်း၏ လက်အောက်၌ ကျရှုံးခဲ့ရသည်။ တန်ခိုးရှင် တစ်ယောက်ကို ဆုံးရှုံးရခြင်းက သောင်းချီသော တပ်မကြီး တစ်ခုကို ဆုံးရှုံး လိုက်ရခြင်းနှင့် အတူတူပင်။

"ချန်းပေ့ရွှမ်းက တစ်ကိုယ်ကောင်းဆန်တဲ့ ခွေးကောင်ပဲ ... သူက ဘယ်သူ့ အသက်ကိုမှ ချမ်းသာ မပေးခဲ့ဖူးဘူး ... တကယ်လို့ အနောက်တိုင်းက လူတွေသာ ကျူးကျော်လာရင် ငါတို့ ဘာတတ်နိုင်တော့မှာလဲ ..."

ထိုင်းတော်ဝင် စောင့်ရှောက်သူ သိုင်းသမား တစ်ဦးက မကျေမနပ် ရေး၏။

ချန်းဖန်၏ လုပ်ရပ် အပေါ် တရုတ်လူမျိုးများ ပင်လျှင် ကျေနပ်ကြခြင်း မရှိချေ။

အားလုံး ငြင်းခုံ နေကြချိန်၌ မစ္စတာ လေ့လာသူ၏ မှတ်ချက် တစ်ခု တက်လာခဲ့သည်။

"အရှေ့တိုင်းမှာ ချန်းပေ့ရွှမ်း ရှိတယ် ... အဲဒီ တစ်ခုကတင် လုံလောက်ပြီ ..."

သူ၏ မှတ်ချက်သည် အတိအကျ မှန်ပေသည်။

ချန်းပေ့ရွှမ်းသည် အရှေ့တိုင်း၏ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ်များကိုပင် သတ်ဖြတ် နိုင်စွမ်း ရှိရာ အနောက်တိုင်းမှ မည်သူ့ကို ကြောက်ရဦးမည်နည်း။

သူ တည်ရှိနေခြင်း တစ်ခုဖြင့်ပင်လျှင် အရှေ့တိုင်းကား လုံခြုံနေခဲ့ပြီ ဖြစ်သည်။

***

ထိုအချိန်၌ ချန်းဖန်သည် ချူကျိုးမြို့မှ ထွက်ကာ သွေးမိစ္ဆာ ဒမွန်နောက်သို့ လိုက်နေခဲ့၏။

သူသည် ဒမွန်ကို နတ်ဘုရား စိတ်အာရုံ သုံး၍ မှတ်သားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ဒမွန် မည်သည့် နေရာသို့ သွားပါစေ တည်နေရာကို သူရှာဖွေနိုင်သည်။

"ကောင်းကင် အမတေဓား အတွက် ချီစွမ်းအား တချို့ ရင်းနှီးခဲ့ရတယ် ဆိုပေမဲ့ တန်ပါတယ်လေ ..."

ချန်းဖန်က မိုးကြိုးတံဆိပ်တုံးကို ကိုင်ရင်း ပျော်ရွှင်စွာ တွေးလိုက်မိ၏။

သူ၏ လက်အတွင်းရှိ တံဆိပ်တုံးသည် အဇူရာရောင် သန်းနေဆဲ ဖြစ်သော်လည်း အရှိန်အဝါမှာမူ ကင်းမဲ့နေ၏။ ထိုအရာ၏ ကိုယ်ထည်တွင်လည်း ပိန်ရာ ချိုင့်ရာများက အနှံ့ ဖြစ်ပေါ်နေသည်။

"ဒါက တစ်လ နှစ်လလောက် ပြန်ပြင်မှ သုံးလို့ ရမယ် ထင်တယ် ... ဘာပဲဖြစ်ဖြစ် ဒါက အလယ်ဆင့် ဝိညာဉ် လက်နက် ဖြစ်နေတုံးပဲလေ... လွှင့်ပစ်ရမှာ နှမြောစရာကြီး ..."

ချန်းဖန် တွေးနေမိသည်။

ဝိညာဉ် လက်နက်များသည် ကမ္ဘာပေါ်၌ မြင်ရခဲ၏။ မြေကမ္ဘာ အဆင့်များပင်လျှင် အလွန့် အလွန် ကံကောင်းမှ မြေကမ္ဘာ အဆင့် လက်နက် တစ်ခုကို ပိုင်ဆိုင်နိုင်သည်။

ဓားလျှို့ဝှက်ချက်ပင်လျှင် နှစ်ရာပေါင်းများစွာ သန့်စင်ပြီးမှ ဝိညာဉ်လက်နက် မကျတကျ အဆင့်ဟု ဆိုရမည့် "အမတေ ဖြည့်တင်းခြင်းဓား" ကို သန့်စင် နိုင်ခဲ့သည်။

သို့သော်လည်း မိုးကြိုး တံဆိပ်တုံးသည် ကောင်းကင် သခင်ဂိုဏ်း၏ မြေကမ္ဘာ အဆင့် များစွာ နှစ်ထောင်ချီအောင် လက်ဆင့်ကမ်း အသုံးပြုခဲ့သော လက်နက် ဖြစ်သည်။

ထိုအရာသည် အမတေ ဖြည့်တင်းခြင်း ဓားထက်ပင် အဆများစွာ ပိုမို အစွမ်းထက်သည်။ ကံမကောင်းစွာပင် မူလ ပိုင်ရှင်သည် မိုးကြိုး တံဆိပ်တုံး၏ စွမ်းအားကို အပြည့်အဝကို ထုတ်ဖော်နိုင်ခြင်း မရှိခဲ့ချေ။

"ဒါကို ပြင်ပြီးတာနဲ့ ငါ့အတွက် အသက်ကယ် ဝှက်ဖဲ တစ်ခု ထပ်ရပြီ ..."

ချန်းဖန်သည် အတွေးနက် နေရင်းမှ ဒမွန်၏ အငွေ့အသက် အတိုင်း မြို့ရွာများစွာကို ဖြတ်သန်းကာ ပျံသန်း လာခဲ့သည်။

အတန်ကြာအောင် ပျံသန်းပြီးနောက် သူသည် စီကျွေးနယ်သို့ပင် ရောက်ရှိလာကြောင်း သတိထားလိုက်မိ၏။

"သေစမ်း ... ငါ့အဖေက စီကျွေးမှာ ..."

ထိုအတွေးဖြင့် ချန်းဖန်သည် သူ၏ အရှိန်ကို အသံ၏ အမြန်နှုန်း အထိ မြှင့်တင်ကာ ဖခင် ဖြစ်သူ၏ စံအိမ်သို့ ပျံသန်းလိုက်၏။

သူသည် ကီလိုမီတာ ဒါဇင်မျှ အကာအဝေးအား စက္ကန့်ပိုင်း အတွင်းမှာပင် ဖြတ်သန်းကာ ချန်းကောရှင်း၏ စံအိမ်ရှေ့သို့ ရောက်ရှိလာခဲ့၏။

သူ အိမ်အတွင်းသို့ ဝင်ရန် ဟန်ပြင်လိုက်စဉ် မှာပင် ဝင်ပေါက် ရှိရာ၌ လူများစွာ စုစည်း နေသည်ကို တွေ့လိုက်ရ၏။

"ဆရာချန်း ရုတ်တရက် ဘာဖြစ်သွားတယ် မသိဘူး ... ငါလမ်းလျှောက်နေတုန်း သူ့အိမ်ထဲကနေ အနီရောင် အလင်း တစ်ခု ဖျတ်ခနဲ ထွက်သွားတာ မြင်လိုက်ရတယ် ... အဲဒါနဲ့ ငါဝင်ကြည့်တော့ ဆရာချန်းက အခုလို ဖြစ်နေတာပဲ ..."

"လူနာတင်ကား လာနေပြီလို့တော့ ကြားတယ် ... သူ အသက်ရော မီပါ့ဦးမလား ..."

"ဟူး ... အဆင်ပြေဖို့ ကံကြမ္မာကိုပဲ အားကိုး ရတော့မှာပဲ..."

လူအများ၏ စကားကို နားထောင်ပြီးနောက် ချန်းဖန်၏ မျက်နှာသည် လုံးဝ မည်းမှောင် သွား၏။

"ခဏလောက်ပါ ..."

သူသည် အပေါက်ဝ၌ ရပ်နေသော လူများကို တိုးဝှေ့ကာ အိမ်အတွင်းသို့ ဝင်ရောက် လိုက်သည်။

အိမ်အတွင်းသို့ ရောက်သည်နှင့် ပထမဆုံး တွေ့လိုက်ရသူက သူ့ဖခင်၏ အတွင်းရေးမှူး စွန်း ဖြစ်သည်။

"မင်းက ဘယ်သူလဲ ..."

အတွင်းရေးမှူးစွန်းက ချန်းဖန်ကို ကြည့်ကာ မေးလိုက်သည်။

သို့သော်လည်း ချန်းဖန်က သူ့၏ မေးခွန်းကို ပြန်မဖြေချေ။ ထို့အစား သူက အိပ်ရာထက်၌ လဲလျောင်းနေသော ဖခင်ဖြစ်သူကိုသာ စိုးရိမ်စွာ ကြည့်လိုက်မိ၏။

ချန်းကောရှင်း၏ ဝင်သက်၊ ထွက်သက်များသည် အလွန်ပင် အားနည်းနေ၏။ သူ၏ မျက်နှာတွင်လည်း အသက်ဓာတ်များက တဖြည်းဖြည်း လျော့နည်း၍ လာနေသည်။

သူ၏ နှလုံးခုံသံများမှာလည်း လွန်စွာ နှေးကွေးနေကာ အချိန်မရွေး ရပ်တန့်တော့မည့်ပုံ ရ၏။

"အဖေ ..."

ချန်းဖန်၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်များဖြင့် စူးရှ လာတော့သည်။

***

All Chapters