စည်းမျဥ်းများ ချမှတ်ခြင်း
Vol. 019 Ch. 1805
အရှင်ဒွန်ဟောင်သည် ကောင်းကင်ဒေသကို ပေါင်းစည်းပြီးနောက် နယ်မြေများအေးချမ်းလာခဲ့သည်။
ယခု မူလဘုံသည် အရှုပ်အထွေးများ ပြန်လည်ဖြစ်ပေါ်လာသည့်အတွက် စနစ်တကျ ပြန်လည်ဖွဲ့စည်းရန် မင်းသမီးဒွန်ဟောင်သည် အောက်ဘုံသို့ ကိုယ်တိုင်ရောက်လာခဲ့သည်။ ၄င်းသည် မူလဘုံကို အဆုံးမရှိသည့် အရှုပ်အထွေးများထဲသို့ ထပ်မံ ကျရောက်သွားမည်ကို မလိုလား၍ ဖြစ်ကြောင်း လူတိုင်း သိကြပေသည်။
သို့သော်လည်း ပြန်လည်ဖွဲ့စည်းခြင်းဟူသည်မှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။ အရှင်ဒွန်ဟောင်သည် ဘုံတစ်ခုချင်းစီကို တိုက်ရိုက်အုပ်ချုပ်နိုင်ခြင်း မရှိ၍ ဘုံတစ်ခုစီ၌ အုပ်ချုပ်သူ တစ်ဦးစီစဥ်ပေး၍ ရသော်လည်း ၄င်းက လူအများနှင့် ထိပ်သီးအင်အားစုများကို မကျေမနပ်ဖြစ်စေမည့် လှုပ်ရှားမှုတစ်ခု ဖြစ်လေသည်။
ထို့အပြင် ထိုသို့လုပ်ဆောင်ခြင်းသည် ကျင့်ကြံခြင်းလောက၏ စည်းမျဥ်းအချို့ကို ချိုးဖောက်ရာ ကျနိုင်ပေသည်။
သို့သော်လည်း ဤရက်စက်လှသော ကျင့်ကြံခြင်းလောကတွင် အရှင်ဒွန်ဟောင်က စီစဥ်ပေးသော ထိုသူ၏ စွမ်းအားက တခြားသူများအပေါ် လွှမ်းမိုးနိုင်ခြင်းမရှိပါက ဆူပူလှုပ်ရှားမှုအကြီးအကျယ် ဖြစ်လာစေပေလိမ့်မည်။
"မင်းသမီးက အောက်ဘုံကို လူကိုယ်တိုင်လာခဲ့တာဆိုတော့ မူလဘုံ ပျက်စီးသွားမှာကို မမြင်ချင်လို့ ဖြစ်ရမယ်။ ကျင့်ကြံခြင်းလောကမှာ ကိုယ်ပိုင်စည်းမျဥ်းစည်းကမ်းတွေ ရှိတယ်။ အခု ကောင်းကင်ဒေသကို သွားနိုင်မယ့် ဖြတ်လမ်းကြောင်း ပွင့်လာတယ်ဆိုတော့ လေဟာနယ်ဘုံရဲ့ အနာဂတ်က ပြောင်းလဲသွားလိမ့်မယ်။ အရင်ကအတိုင်း တူညီတဲ့ အင်အားစုတွေက ဘုံကိုးဘုံကို ထိန်းချုပ်မယ်ဆိုရင်တောင် သူတို့ရဲ့ အင်အားက မလုံလောက်ခဲ့ရင် မှော်နက်စစ်တပ်က ကျူးကျော်ဖို့ အခွင့်အရေးရလာနိုင်တယ်။"
တစ်စုံတစ်ယောက်က မတ်တပ်ရပ်ကာ ပြောလိုက်သည်။ ထိုပြောလိုက်သည့်သူမှာ ကောင်းကင်ဒေသရှိ အင်အားစုများမှ တစ်ယောက်ဖြစ်ကာ နတ်နန်းတော်အား ဆန့်ကျင်တိုက်ခိုက်ရာတွင် ဦးဆောင်ဦးရွက်ပြုခဲ့သူတစ်ဦး ဖြစ်သည်။ ထိုသူမှာ ကောင်းကင်ဒေသ မိုကလန်မှ လူဖြစ်ကာ အလွန် အစွမ်းထက်ပေသည်။
"အဲဒါကြောင့် မင်းသမီးအနနေဲ့ စနစ်တကျ ပြန်လည်ဖွဲ့စည်းချင်တယ်ဆိုရင် ကျင့်ကြံခြင်းလောကရဲ့ စည်းမျဥ်းတွေကို လိုက်နာပြီး မူလဘုံမှာ အသိပညာတွေ ဖြန့်ဝေပေးနိုင်တဲ့သူမျိုးကို ထားသင့်တယ်။ ဒီနည်းလမ်းနဲ့ မူလဘုံက ပိုတည်ငြိမ်လာပြီး အနာဂတ်မှာ ပိုအားကောင်းသန်မာလာနိုင်မယ်။"
"ကျုပ်လည်း သဘောတူတယ်။" ထိုက်ချူတော်ဝင်မြေမှ တန်ခိုးရှင်က ပြောလိုက်သည်။
"ကျုပ်တို့လည်း သဘောတူတယ်။" ကောင်းကင်ဒေသမှ တခြားအင်အားစုအချို့သည်လည်း သူတို့၏ အမြင်များကို ဖော်ပြလာသည်။
ပျမ်းမျှခွန်အားအရ ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုများက လေဟာနယ်ဘုံမှ အင်အားစုများထက် အင်အားအရာ၌ သာလွန်သည်မှာ သံသယဖြစ်စရာ မရှိပေ။ အောက်ဘုံသို့ လာရောက်သူများမှာ အင်အားစုများ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်လေသည်။
ထို့ကြောင့် ကောင်းကင်ဒေသမှ အင်အားစုများ ပါဝင်ပတ်သတ်လာလျှင် သူတို့၏ သန်မာအားကောင်းမှုကြောင့် သေချာပေါက် ဘုံကိုးဘုံ၏ အုပ်စိုးသူများ ဖြစ်လာနိုင်ပေသည်။
မင်းသမီးဒွန်ဟောင်က ငြိမ်သက်စွာ နားထောင်နေသည်။ သူမသည် ထိုသို့ပြောလာသည့် တန်ခိုးရှင်များကို ကြည့်လိုက်ပြီး ထိုစကားများကို ရှင်းလင်းစွာ သဘောပေါက်လေသည်။
မူလဘုံသို့ ဖြတ်လမ်း ပွင့်လာသည်နှင့် တခြားသောအင်အားစုတို့သည်လည်း ဤအခွင့်အရေးကို လွယ်လွယ်ကူကူ အလွတ်ပေးလိမ့်မည် မဟုတ်ပေ။
မူလဘုံက စွန့်ပစ်ခံထားရသော်လည်း ၎င်းမှာ လောက၏ မူလအစ ဖြစ်ခဲ့ဖူးသည်။ ယင်းက ကောင်းကင်လမ်းစဥ်၏ စတင်ရာ ကနဦးနယ်မြေလည်း ဖြစ်သည်။
လောကရှိ အရာတိုင်းတွင် ကိုယ်ပိုင်စည်းမျဥ်းများ ရှိကြသည်။ ကောင်းကင်လမ်းစဥ်၏ အစကနဦးဖြစ်ခဲ့သည့် မူလဘုံသည် ယခု မည်မျှပျက်စီးနေပါစေ ၎င်း၏ တည်ရှိမှုကိုက အချို့သော အရာများအား ကိုယ်စားပြုပေသည်။
"တခြားလူတွေရော ဘယ်လိုလဲ။" မင်းသမီးဒွန်ဟောင်က မူလဘုံမှ တခြားသော အင်အားစုများကို ကြည့်ကာ မေးလိုက်သည်။
အားနည်းသူများကို သန်မာအားကောင်းသောသူများက ဝါးမျိုကြပြီး ကျင့်ကြံခြင်းလောကတွင် ခွန်အားသည်သာ အခရာဖြစ်လေသည်။ သူမ ဝင်မစွက်ဖက်လျှင်ပင် လေဟာနယ်ဘုံရှိ အရာအားလုံးက တူညီသည့် လမ်းကြောင်းသို့ ဦးတည်နေဦးမည် ဖြစ်၏။ သန်မာသည့်မည်သူမဆို ဘုံကိုးဘုံကို ထိန်းချုပ်နိုင်ပေလိမ့်မည်။ ဤသည်က အရာအားလုံး၏ စည်းမျဥ်းဖြစ်ကာ သူမက ပထမဆုံး ချိုးဖောက်သူ ဖြစ်၍ မရပေ။
"ရှင်တို့အားလုံးကို ဆင့်ခေါ်ထားရတာက စနစ်တကျဖွဲ့စည်းဖို့ အကြောင်း ဆွေးနွေးချင်လို့ပဲ။ ဘယ်လိုအကြံပြုချက်မဆို လက်ခံတယ်။" မင်းသမီးဒွန်ဟောင်က ဆက်ပြောလိုက်သည်။
"ကျုပ်နဲ့ တခြားသူတွေက သဘောမတူဘူး။" ရီဖူရှင်းက ပြောလိုက်သည်။ မင်းသမီးဒွန်ဟောင်သည် ခေါင်းကို ငုံ့ကာ ရီဖူရှင်းအား ကြည့်၍ မေးလိုက်သည်။ "အကြောင်းပြချက်က ဘာလဲ။"
"အထက်ဘုံက ကောင်းကင်ဒေသရဲ့ ထိပ်သီးအင်အားစုတွေက ဖွံ့ဖြိုးလာတာ နှစ်ပေါင်းများစွာ ကြာနေပြီ။ ဒါကြောင့် သူတို့က မူလဘုံရဲ့ တန်ခိုးရှင်တွေထက် အစွမ်းထက်ပြီး အင်အားကြီးတာ ပုံမှန်ပဲ။ အကယ်၍ ခွန်အားကိုပဲ မူတည်ပြီး ဆုံးဖြတ်မယ်ဆိုရင် ဒီနေ့လို ကိစ္စတွေ ဖြစ်လာစရာ အကြောင်းမရှိဘူး။ အရှင်ဒွန်ဟောင်က တလောကလုံးကို အုပ်စိုးတာကြောင့် ကောင်းကင်ဒေသမှာဆိုရင် အင်ပါယာနန်းတော်က အသန်မာဆုံးပဲ။ အဲဒီလို စည်းမျဥ်းအတိုင်းသာ သွားမယ်ဆိုရင် မူလဘုံကို စောင့်ကြည့်အုပ်ချုပ်ဖို့ အရှင်ဒွန်ဟောင်က နတ္တိအင်ပါယာနန်းတော်ကို တာဝန်ပေးထားခဲ့တယ်။ အဲဒါကြောင့် မူလဘုံရဲ့ အင်အားစုတွေ အားလုံးက နတ္ထိအင်ပါယာနန်းတော်ရဲ့ အမိန့်တွေကို လိုက်နာဖို့လိုအပ်တယ်။" ရီဖူရှင်းက မင်းသမီးဒွန်ဟောင်ကို ပြောလိုက်သည်။
"အရှင်ဒွန်ဟောင်က ကောင်းကင်ဒေသကို အုပ်ချုပ်ဖို့နဲ့တင် အလုပ်ရှုပ်နေပြီးသား။ မူလဘုံမှာ ဖြစ်သမျှ အရာအားလုံးကို စောင့်ကြည့်နေဖို့ ဘယ်လိုလုပ် အချိန်ရှိမှာလဲ။" ကိုက်ချိန်က အေးစက်စွာ ပြောလိုက်သည်။
"ခင်ဗျား ပြောတာ မှန်ပါတယ်။ ကောင်းကင်ဒေသရဲ့ ထိပ်သီးအင်အားစုတွေက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက မူလဘုံရဲ့ အပြင်ဘက်မှာ တည်ထောင်ထားခဲ့တာ။ သူတို့တွေထဲက ဘယ်သူကများ သူတို့ရဲ့ အချိန်တွေကို မူလဘုံမှာ သင်ကြားပို့ချပေးဖို့ သုံးခဲ့ဖူးသလဲ။" ရီဖူရှင်းက မသိမသာတုန့်ပြန်လိုက်သည်။ "ဒီလိုဆိုရင် ဘာလို့ စစ်ပွဲဖန်တီးနေဖို့ လိုအပ်မှာလဲ။ ခင်ဗျားတို့အားလုံး လုပ်ဖို့လိုတာက အင်အားစုတစ်ခုလုံး အောက်ဘုံကို ဆင်းချလာပြီး မူလဘုံမှာ အခြေချ သင်ကြားပို့ချပေးရုံပဲလေ။ အဲဒီလိုသာဆိုရင် တန်ခိုးရှင်တွေအားလုံး စိတ်ဝင်စားကြမယ်ဆိုတာ ကျုပ် ပြောရဲတယ်။ ကောင်းကင်ဒေသက ဘယ်အင်အားစုမဆို အဲဒီလို လုပ်ပေးမယ်ဆိုရင် ကောင်းကင်အာဏာစက်ကျောင်းတော်တောင်မှ အဲဒီအင်အားစုရဲ့ ထိန်းချုပ်မှုကို ခံယူဖို့ ဆန္ဒရှိတယ်။"
"အဲဒါမှန်တယ်။ ကောင်းကင်ဒေသကနေ လာတဲ့ အင်အားစုတွေက ဘုံရဲ့ ဒေသခံတွေ မဟုတ်ကြတဲ့အတွက် မူလဘုံကိုလည်း သစ္စာရှိမှာ မဟုတ်ဘူး။ မူလဘုံကို အားကောင်းလာအောင် လုပ်ပေးမယ်ဆိုတဲ့ သူတို့ရဲ့ ရည်ရွယ်ချက်က ကျူးကျော်ဖို့အတွက် ဆင်ခြေသက်သက်ဖြစ်ပြီး တကယ့်ရည်မှန်းချက်အမှန်က သူတို့ရဲ့ ကိုယ်ပိုင်ရည်မှန်းချက်အတွက် မူလဘုံကို ထိန်းချုပ်ချင်နေတာပဲ။ ဒီလိုနည်းနဲ့ သူတို့က ဆုံးရှုံးမှုနည်းနည်း အကျိုးအမြတ် များများ ရကြလိမ့်မယ်။ သူတို့ မူလဘုံကို ထိန်းချုပ်ပြီးသွားတဲ့အခါ အောက်ဘုံကို ရောက်လာတဲ့ ထိပ်သီးပုဂ္ဂိုလ်တွေက ချက်ချင်း ထွက်ခွာသွားကြလိမ့်မယ်။"
အရှင်ထိုက်ရွှမ်ကလည်း ထပ်ပြောလိုက်သည်။ "ဥပမာအနနေဲ့ ထိုက်ချူတော်ဝင်မြေက ကောင်းကင်အာဏာစက်ကျောင်းတော်ကို တိုက်ခိုက်ချင်ခဲ့တယ်။ အဲဒီဒေသခြားက ထိပ်သီးပုဂ္ဂိုလ်တွေဆိုတာ မူလဘုံက တန်ခိုးရှင်တွေ သေသေရှင်ရှင် စိတ်ဝင်စားမှုမရှိတာ အသိသာကြီးပဲ။"
"ကောင်းကင်ဒေသက အင်အားစုတွေသာ ဒီနေရာမှာ အခြေချ ကျင့်ကြံပြီး သင်ကြားပို့ချပေးဖို့ ဆန္ဒရှိမယ်ဆို တိုက်ပွဲလည်း ဖြစ်စရာအကြောင်းမရှိဘူးဆိုတာ သဘောတူတယ်။ နတ်နန်းတော်ကလည်း သူတို့ရဲ့ သင်ကြားပို့ချပေးမှုမှာ အင်တိုက်အားတိုက် ပူးပေါင်းပေးဖို့ လက်ခံပါတယ်။" နတ်နန်းတော်၏ နန်းတော်သခင်က ပြောလိုက်သည်။
"ဒါဆို ရှင်ဆိုလိုတာ ကောင်းကင်ဒေသက အင်အားစုတွေက မူလဘုံရဲ့ အရေးကို ဝင်မစွက်သင့်ဘူးလို့လား။" မင်းသမီးဒွန်ဟောင်က ရီဖူရှင်းကို ကြည့်ကာ မေးလိုက်သည်။
"သူတို့ လုပ်လို့ရတယ်။" ရီဖူရှင်းက ပြောလိုက်သည်။ "ဒါပေမယ့် သူတို့က အမှန်တကယ် မူလဘုံမှာ သင်ကြားပို့ချပေးပြီး ကျင့်ကြံချင်တယ်ဆိုရင် ကောင်းကင်ဒေသ တန်ခိုးရှင်တွေက မှော်နက်စစ်တပ်ရဲ့ ကျူးကျော်မှုကို ခုခံကာကွယ်ဖို့ မူလဘုံက တန်ခိုးရှင်တွေကို ကူညီဖို့ ဆန္ဒရှိတယ်လို့ ဆိုလိုတာပဲ။ ကျုပ် တောင်းဆိုချင်တာက သေချာတဲ့ အချိန်ကာလတစ်ခုအတွင်းမှာ သူတို့က မူလဘုံမှာနေပြီး သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေတစ်ခုလို ကာကွယ်စောင့်ရှောက်ပေးဖို့ပဲ။ အဲဒီလိုမလုပ်ဘဲနဲ့ ထိန်းချုပ်ချင်ရုံသက်သက်ပဲဆိုရင် ဒီအတိုင်း ပြန်သွားသင့်တယ်။"
မင်းသမီးဒွန်ဟောင်က ရီဖူရှင်း၏ တုံ့ပြန်ပြောဆိုမှုကို ကြားသည့်အခါ ခေါင်းညိတ်လိုက်သည်။ "ဒါက ကောင်းမွန်တဲ့ အကြံပြုချက်ပဲ။ တခြားလူတွေမှာရော အကြံပေးစရာ ရှိသေးလား။"
"အရှင်မင်းမြတ် နယ်မြေတွေကို ပေါင်းစည်းခဲ့တယ်ဆိုတာ အကုန်လုံး ငြိမ်းချမ်းစွာ ကျင့်ကြံနိုင်ဖို့ပဲ။ အရှင်မင်းမြတ်ရဲ့ အလိုတော်အရ ထျန်ရှင်းကျောင်းတော်က မူလဘုံမှာ သင်ကြားပို့ချပေးခဲ့တယ်။ ဒီနေ့လို အပြောင်းအလဲတွေကို ရင်ဆိုင်ရမယ်လို့ ကျုပ်တို့ မထင်ထားမိခဲ့ဘူး။ ဒါပေမယ့် မူလဘုံက ဘယ်လောက်ပဲ ပြောင်းလဲနေပါစေ အဆုံးမှာတော့ ပိုအားကောင်းသန်မာလာကြလိမ့်မယ်။ ကျုပ်တို့ မျှော်လင့်တာက မူလဘုံကို ထိန်းချုပ်ဖို့ အင်အားစုတွေ တိုက်ပွဲဆင်နွှဲတဲ့အခါ လူတိုင်းက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပြီး ဘယ်ကလန်ကိုမှ အပြီးတိုင်းချေမှုန်းပစ်တာမျိုး မလုပ်ဖို့ တစ်ခုတည်းပါပဲ။ အဲဒါက ရက်စက်ပြီး အဓိပ္ပါယ်မဲ့သလို အရှင်မင်းကြီးရဲ့ ဆန္ဒနဲ့လည်း သွေဖယ်ဆန့်ကျင်နေတယ်။" ထျန်ရှင်းကျောင်းတော်၏ အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။
ထိုပုဂ္ဂိုလ်သည် ထျန်ရှင်းကျောင်းတော်၏ ကျောင်းအုပ်ဖြစ်သလို ကျန့်မိသားစု ကလန်ခေါင်းဆောင်လည်း ဖြစ်သည်။ သူသည် အရှင်ဒွန်ဟောင်၏ ညွှန်ကြားချက်ဖြင့် သူ့ကလန်ကို ကောင်းကင်ဒေသမှ မူလဘုံသို့ ပြောင်းရွှေ့ခဲ့ရသည်။
နှစ်ပေါင်းများစွာတိုင် သူ၏ တာဝန်ကို လုံ့လဝီရိယရှိစွာ ထမ်းဆောင်ခဲ့သည်။ သို့သော် သူက မင်းသမီးဒွန်ဟောင်ကို မြင်သည့်အခါ သူ့စိတ်ထဲ၌ တခြားအတွေးအချို့ ဖြစ်ပေါ်လာခဲ့သည်။
"ကျန့်မိသားစုက မူလဘုံမှာ နှစ်ပေါင်းများစွာ သင်ကြားပို့ချပေးခဲ့တယ်။ ကျွန်မတို့ အများကြီး ကျေးဇူးတင်ပါတယ်။" မင်းသမီးဒွန်ဟောင်က ထျန်ရှင်းကျောင်းတော်၏ ကျောင်းအုပ်အား ကြည့်ကာ ပြောလိုက်သည်။
"အရှင်မင်းသမီးတို့ကို ခစားရတာ ဂုဏ်ယူစရာပါပဲ။" ထျန်ရှင်းကျောင်းတော်၏ ကျောင်းအုပ်က ပြောလိုက်သည်။
မင်းသမီးဒွန်ဟောင်က ခေါင်းညိတ်လိုက်သည်။ "တခြားအကြံပြုချက်ရှိသေးလား။"
လူတွေက အချင်းချင်း တီးတိုးပြောဆိုနေကြသည်။ ဤလူများ ပြောဆိုခဲ့သည်တို့တွင် တန်ခိုးရှင်အများစု၏ အတွေးများ ပါဝင်နေသည်။
"ဒီကိစ္စမှာ ရှင်တို့အားလုံးရဲ့ အကြံဉာဏ်အရ မူလဘုံရဲ့ အနာဂတ်မှာ ဒီအချက်တွေကို လိုက်နာရလိမ့်မယ်..." မင်းသမီးဒွန်ဟောင်က ဆက်ပြောလိုက်သည်။ "ရှေ့ဆက်လုပ်ကြပါ။ ကျွန်မက ဒီနေရာကို ထိန်းချုပ်ဖို့အတွက် တိုက်ခိုက်ချင်ကြတဲ့ ဘယ်သူ့ကိုမှ တားမြစ်မှာ မဟုတ်ဘူး။ ဒါပေမယ့် လုပ်ဆောင်ချက်တွေကိုတော့ နတ္ထိအင်ပါယာနန်းတော်ကို အစီရင်ခံရမယ်။ ပြီးရင် တစ်ဖက်စီက တိုက်ပွဲကို တန်ခိုးရှင်တွေ ဘယ်အချိန်စေလွှတ်ရမယ်ဆိုတာ သဘောတူထားဖို့ လိုအပ်တယ်။ တိုက်ပွဲမှာ ပါဝင်တဲ့လူတွေက သေသေရှင်ရှင် ဖြစ်လာသမျှ အကျိုးဆက်ကို ခံယူရမယ်။ အနိုင်ရရှိသူက သူတို့တိုက်ခိုက်တဲ့ နယ်မြေကို ပိုင်ဆိုင်ခွင့်ရမယ်။ ဒါပေမယ့် သူတို့က တိုက်ပွဲမှာ မပါဝင်တဲ့လူတွေကို သတ်ဖြတ်ခွင့်မရှိဘူး။ ထပ်ပေါင်းပြောရရင် ဒီတိုက်ပွဲမှာ ပါဝင်တဲ့ ကောင်းကင်ဒေသက တန်ခိုးရှင်တွေအားလုံးက လေဟာနယ်ဘုံကို ဆယ်နှစ်တိတိ စောင့်ရှောက်ကာကွယ်ပေးရမယ်။ ဆယ်နှစ်မပြည့်မချင်း ဒီနေရာကနေ ထွက်ခွာခွင့်မပြုဘူး။"
လူတိုင်းသည် မင်းသမီးဒွန်ဟောင်၏ မြန်ဆန်လှသော ဆုံးဖြတ်ချက်ကြောင့် အနည်းငယ် အံ့အားသင့်သွားကြသည်။ သူမသည် လျင်မြန်စွာ ဆုံးဖြတ်ချက်ချခဲ့သော်လည်း လူတိုင်း၏ အမြင်ကို ထည့်သွင်းပေးထားခဲ့ကာ ပြန်လည်ထူထောင်ရေးအမိန့်ပြန်တမ်းကို အံ့အားသင့်စရာကောင်းစွာပင် အလွန်လျင်မြန်စွာ ချမှတ်ခဲ့သည်။
သို့သော်လည်း ထိုအမိန့်က အလွန် ပြည့်စုံပေသည်။ ထိုသို့ဖြင့် တိုက်ခိုက်မှုဖြစ်လာခဲ့လျှင်ပင် စည်းမျဥ်းဥပဒေများအတွင်းမှသာ လှုပ်ရှားနိုင်တော့မည် ဖြစ်သောကြောင့် အရှုပ်အထွေးများ ဖြစ်လာစနေိုင်မည် မဟုတ်တော့ပေ။
ယခင်တိုက်ပွဲကို ဥပမာယူပါက ရွှေရောင်နတ်ပြည်ထောင်က နတ်နန်းတော်ကို တိုက်ခိုက်လိုလျှင် သူတို့သည် နတ္ထိအင်ပါယာနန်းတော်ကို အရင် အစီရင်ခံရမည်ဖြစ်ကာ ထို့နောက်တွင် နတ်နန်းတော်ကို သတင်းပို့ရမည်။ တစ်ဖက်စီက တိုက်ပွဲတွင် ပါဝင်မည့် တန်ခိုးရှင်များကို ဆုံးဖြတ်ပြီးသည့်အခါ သေသေရှင်ရှင် ဂရုစိုက်နေမည်မဟုတ်သော်လည်း တိုက်ပွဲတွင် မပါဝင်သော တခြားသူများကို ထိခိုက်စေခြင်းမပြုရပေ။
တိုက်ပွဲ၌ တစ်ဖက်နှင့်တစ်ဖက် အင်အား မမျှတဘဲ ရှိနေမည်အား ကာကွယ်ရန် ကောင်းကင်ဒေသမှ တန်ခိုးရှင်များကို ပါဝင်ခွင့်မပြုခဲ့ချေ။
သို့သော် ကောင်းကင်ဒေသမှ တန်ခိုးရှင်များက သူတို့ တိုက်ပွဲတွင် ပါဝင်ခဲ့ရခြင်းမှာ မူလဘုံကို စောင့်ကြပ်ရန် ဆန္ဒရှိသောကြောင့်ဟု ဆိုခဲ့လေရည သူတို့အား ဤနယ်မြေမှ ဆယ်နှစ် ထွက်ခွာခွင့် ပြုလိမ့်မည် မဟုတ်ပေ။
ဤနည်းလမ်းဖြင့် ကောင်းကင်ဒေသမှ အင်အားစုများအား ကန့်သတ်ထားနိုင်မည် ဖြစ်သည်။ မဟုတ်လျှင် ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုများက မူလဘုံသို့ ပို၍ အားကောင်းသည့် စစ်ကူများ ပေးပို့လာနိုင်ကာ မူလဘုံအနနေှင့် သူတို့ကိုယ်သူတို့ပင် ကာကွယ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ထိုသို့ဖြစ်ပါက သူရိန်ဘုံကဲ့သို့ပင် ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုများ၏ အသုံးချခံများဖြစ်လာရန် အချိန်အများကြီး ယူလိုက်ရမည် မဟုတ်ပေ။
မင်းသမီးဒွန်ဟောင်၏ အမိန့်သည် မူလဘုံမှ လူများအတွက် အတော်လေးအကျိုးရှိသည်ဟု ပြောနိုင်ပေသည်။
"ဒီအမိန့်နဲ့ ပတ်သတ်ပြီး တစ်ခုခု အကြံပြုစရာများ ရှိသေးလား။" မင်းသမီးဒွန်ဟောင်က ရှိနေသည့်လူများကို မေးလိုက်သည်။
လူအုပ်ကြီးက တိတ်ဆိတ်နေခဲ့၏။ ထိုကဲ့သို့သော စည်းမျဥ်းမျိုးက အလွန် ကျိုးကြောင်းသင့်လျော်နေသည့်အတွက် ပြန်လည်ချေပရန် ခက်ခဲလှပေသည်။
မူလဘုံမှ အင်အားစုများသည် သူတို့က အားနည်းသည်ဟု အခြေခံထားသည့် စီစဥ်ထားတဲ့အပေါ် ငြင်းဆန်ရန် မဖြစ်နိုင်ပေ။ သို့ဆိုပါက သူတို့သည် လက်ရှိအခြေအနေ အောက်တွင် နယ်မြေထဲ၌ သူတို့၏ အာဏာကို ထိန်းသိမ်းထားရန် ထိုက်တန်မည် မဟုတ်ပေ။
"မင်းသမီးက တကယ့်ကို အမြော်အမြင်ကြီးမားလှပါတယ်။" ထျန်ရှင်းကျောင်းတော်မှ ကျောင်းအုပ်က ကျယ်လောင်စွာ ပြောလိုက်သည်။ လူအများက အံ့အားသင့်နေသော အကြည့်တို့က သူတို့မျက်နှာထက်တွင် ပေါ်ပေါက်လာသည်။ ထျန်ရှင်းကျောင်းတော်၏ ကျောင်းအုပ်က ထူးချွန်ပြောင်မြောက်သော သူတစ်ဦးဖြစ်သော်လည်း ယနေ့တွင် သူသည် မြှောက်ပင့်ပြောဆိုကာ ဖားယားနေသူတစ်ဦးနှင့်တူပေသည်။
သို့သော် ထိပ်သီးအင်အားစုများ၏ ခေါင်းဆောင်ပိုင်းများသည် ကျန့်မိသားစု၏ မူလအစကို သိရှိကြလေရာ အံ့သြသွားခြင်း မရှိကြပေ။
သူတို့သည် ကောင်းကင်ဒေသမှ တိုက်ရိုက်စေလွှတ်ခြင်းခံခဲ့ရသော အင်အားစုတစ်ခု ဖြစ်လေသည်။
***