မူလသွေး ကျိန်စာ
Vol. 6 Ch. 550
ချန်းကောရှင်းသည် သူ၏ စိတ်ခံစားချက်များကို ထုတ်ဖော်ပြောရန် ရှက်ရွံ့သူ ဖြစ်သည်။ သို့သော်လည်း သူသည် ချန်းဖန်နှင့် ဝမ်ရှောက်ယွင်တို့ အပေါ် အလွန်ပင် ချစ်သည်။
ချန်းဖန်၏ အမြင်၌ ချန်းကောရှင်းသည် အလွန်ပင် ဖြောင့်မတ်ပြီး မှန်ကန်သူ ဖြစ်သည်။ သူသည် မည်မျှပင် ခက်ခဲစေကာမူ အမှန်တရားဘက်မှ အမြဲတမ်း ရပ်တည်ခဲ့၏။
ယခုတွင်မူ ...
ချန်းကောရှင်းကား အိပ်ရာပေါ်၌ သနားစဖွယ်သာ လဲလျောင်း နေနိုင်တော့သည်။ သူသည် နှုတ်ခမ်းများ လှုပ်၍ ချန်းဖန်ကို တစ်ခုခု ပြောရန် ကြိုးစားသော်လည်း မအောင်မြင်ချေ။
သူသည် အသက်လေးဆယ်သာ ရှိသေးသည့် လူလတ်ပိုင်း တစ်ယောက် ဖြစ်သော်လည်း အိုမင်းကာ ချည့်နဲ့နေခဲ့ပြီ ဖြစ်သည်။ လက်ချောင်းကလေး တစ်ချောင်းကိုပင် လှုပ်ရှားနိုင်စွမ်း မရှိတော့ချေ။
ရုတ်တရက် ...
"ဘုန်း ..."
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချန်းကောရှင်း၏ ခန္ဓာကိုယ်မှ သွေးအရိပ် တစ်ခု ပေါက်ကွဲ ထွက်လာ၏။
ခဏအတွင်းမှာပင် ထိုသွေးအရိပ်သည် လေထုကို ဗဟိုပြု၍ ခန့်ညားသော လူတစ်ယောက်၏ ပုံသဏ္ဌာန်သို့ ပြောင်းလဲသည်။
သူကား သွေးမိစ္ဆာ ဒမွန်ပင် ဖြစ်သည်။
ဒမွန်က ချန်းဖန်ကို အနည်းငယ် ဦးညွှတ်ရင်း ပြောလိုက်၏။
"မစ္စတာ ချန်းပေ့ရွှမ်း ... မင်းရဲ့ စွမ်းအားက ကျုပ်ထက် အများကြီး သာပေမဲ့ မင်းမှာလည်း အားနည်းချက် ရှိတာကိုး ..."
"မင်းတွေ့တဲ့အတိုင်းပဲ ... မင်းအဖေက မူလသွေး ကျိန်စာရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေပြီ ... မူလသွေး ကျိန်စာ ဆိုတာက ကမ္ဘာရဲ့အစွမ်း အထက်ဆုံးနဲ့ ရှေးအကျဆုံး ကျိန်စာ တစ်ခုပဲ ... အဲဒါကို ဖျက်ဆီးနိုင်မယ့် နည်းလမ်း မရှိဘူးကွ ..."
"ကြိုးစား မနေနဲ့ဦးနော် ... အဲဒီ ကျိန်စာက အရိုးတွေ သွေးကြောတွေ အထဲကို ရောက်နေပြီ ဆိုတာ မှတ်ထားပါ ... မင်း သူ့ကို ဆက်ပြီး အသက်ဆက်စေချင်ရင်တော့ ... ဆေးကောင်း ဝါးကောင်းတွေရယ် ထိပ်သီး သိုင်းသမား တစ်ယောက်ရဲ့ အသက်ဓာတ်တွေ ရယ်နဲ့ ဆွဲဆန့်ပေးထားလို့ ရပါလိမ့်မယ် ... ဒါပေမဲ့ လုံးလုံးပျောက်အောင် ကုသဖို့ ဆိုတာတော့ မဖြစ်နိုင်ပါဘူး ..."
ဒမွန်က အနည်းငယ် ပြုံးလိုက်သည်။
"မင်းအဖေရဲ့ အသက်ကို လက်လျှော့ပြီး ငါ့နောက် လိုက်ချင်တယ် ဆိုရင်တော့ ... ကောင်းပြီလေ ... ကြိုဆိုပါတယ် ..."
စကားဆုံးသည်နှင့် သွေးအရိပ်က သွေးမှုန်များ အဖြစ် ပေါက်ကွဲပြီး လေထု၌ ပျောက်ကွယ် သွားတော့၏။
"အဲဒါကြီးက ..."
ထိုအဖြစ်အပျက်ကြောင့် အတွေးရေးမှူးစွန်းသည် တဆတ်ဆတ် တုန်အောင် ကြောက်ရွံ့နေခဲ့တော့၏။
ချန်းဖန်ကမူ ခံစားချက် ကင်းမဲ့သော အမူအရာဖြင့် ရှိနေဆဲ ဖြစ်သည်။ သူ၏ မျက်လုံး၌မူ ရွှေရောင် မီးတောက် နှစ်ခု တရှဲရှဲ ကခုန်နေခဲ့၏။
ချန်းဖန်သည် ပြန်လည် မွေးဖွားလာသည်မှ စ၍ လေးနှစ်အတွင်း ယခုကဲ့သို့ ဒေါသ နှစ်ကြိမ်သာ ထွက်ခဲ့ဖူးသည်။
ပထမ တစ်ကြိမ်သည် သူ၏ မိခင် ဝမ်ရှောက်ယွင် လုပ်ကြံခံရသည့် အချိန် ဖြစ်၏။
မိဘများသည် ချန်းဖန်၏ နှလုံးသား ဖြစ်သည်။ အကယ်၍ တစ်စုံ တစ်ယောက်က သူ၏ မိဘ နှစ်ပါးကို အန္တရာယ်ပြုလျှင် ထိုသူ စကြဝဠာ အဆုံးထိ ထွက်ပြေးသည့်တိုင် သူ ရအောင်ရှာ၍ သတ်ဖြတ်မည် ဖြစ်သည်။
"ဟူး ..."
ချန်းဖန်သည် ဖြည်းညင်းစွာပင် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်၏။
သွေးရောင် စွမ်းအား အချို့က ချန်းဖန်၏ လက်၌ တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာကာ ဒမွန်၏ ပုံရိပ်ယောင် တစ်ခုကဲ့သို့ ဖွဲ့စည်း၏။
"ဘုန်း ..."
ချန်းဖန်သည် ဒမွန်၏ ပုံရိပ်ယောင်ကို ရွှေရောင် မီးတောက် တစ်ခုဖြင့် ပစ်လွှတ်ကာ ဝန်းရံ စေလိုက်၏။
"ဒမွန် ..."
"ငါ ချန်းပေ့ရွှမ်း ကျိန်ဆိုတယ် ... မင်း စကြဝဠာရဲ့ အဆုံးထိ ပြေးပြေး အချိန်ရဲ့ အနက်ရှိုင်းဆုံး နေရာမှာပဲ ပုန်းပုန်း ... ငါ မင်းကို ရအောင် ရှာပြီး ငရဲမီးနဲ့ မင်းရဲ့ နတ်ဘုရား ဝိညာဉ်ကို လောင်မြိုက်စေမယ် ... မင်းကို သတ်ဖို့ အတွက် မူလဝိညာဉ် အဆင့်ကို စွန့်လွှတ်ရမယ် ဆိုရင်တောင် ငါ နောင်တ မရဘူး ..."
"သတ် သတ် သတ် သတ် သတ် သတ် သတ် ..."
ချန်းဖန်သည် "သတ်" ဆိုသော စကားလုံးကို ခုနစ်လုံး တိတိ လေထု၌ ရေးဆွဲလိုက်၏။
ထိုစကားလုံး ခုနစ်လုံးက ရွှေရောင် အလင်းဖြင့် ဝန်းရံကာ ရွှေရောင် ကျိန်စာ အဆောင် တစ်ခု အဖြစ် ပြောင်းလဲသည်။
ကျိန်စာသည် တောက်ပစွာ အသက်ဝင်လာသည်နှင့် ကောင်းကင်သို့ တစ်ဟုန်တည်း ပျံတက်ကာ မိုင်ပေါင်းထောင်ချီ အကွာအဝေးမှ ဒမွန်နောက်သို့ လိုက်သွားတော့၏။
"ဓမ္မတစ်သောင်းဂိုဏ်းရဲ့ သတ်ဖြတ်ခြင်း ခုနစ်ပါး ကျိန်စာ ..."
ယခု အချိန်မှ စ၍ ချန်းဖန်သည် ဒမွန်၏ တည်နေကာကို ထာဝရ အာရုံခံနိုင် နေတော့မည်။
ဆိုလိုသည်က ဒမွန်၏ နတ်ဘုရား ဝိညာဉ်သည် မူလ ခန္ဓာကိုယ် ပျက်စီး၍ အခြား ခန္ဓာ တစ်ခု၌ ပြန်လည် ဝင်စားလျှင်ပင် ချန်းဖန်သည် သူ့ကို ရှာဖွေ နိုင်ဦးမည် ဖြစ်သည်။
ထိုအရာသည် သတ်ဖြတ်ခြင်း ခုနစ်ပါး ကျိန်စာဖြစ်သည်။ ဓမ္မ တစ်သောင်းဂိုဏ်းမှ ကျင့်ကြံသူများသည် ထိုကျိန်စာကို အသုံးပြု၍ ပစ်မှတ်၏ နောက်သို့ တစ်ချိန်လုံး အမဲလိုက်သလို လိုက်ကာ သတ်ဖြတ်ကြသည်။
***
ထိုအချိန်တွင် တုံကျန်းပြည်နယ်၏ မြို့နယ် တစ်ခု၌ ...
"ဝှစ် ..."
ဒမွန်သည် ပြေးလွှားနေရာမှ ရပ်ကာ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်၏။
"ချန်းပေ့ရွှမ်း ... အဲဒါကို မင်းမျှော်လင့် မထားဘူး မလား ..."
"မင်းက ရှေးဟောင်း နတ်ဘုရား ပြန်ပြီး မွေးဖွားလာတဲ့သူ ဆိုတော့ ဒီဘဝရဲ့ မိဘတွေကို ဂရုမစိုက်ဘူးလို့ လူတိုင်းက ယူဆကြတယ် ... ဒါပေမဲ့ အားလုံး မမျှော်လင့် လောက်အောင် မင်းက မိဘတွေကိုတော့ ဂရုစိုက်သားပဲ ...."
ဒမွန်က ရယ်မောလိုက်သည်။
"ငါသာ မင်းအဖေကို သတ်လိုက်ရင် မင်းက ငါ့နောက်ကို အရူးတစ်ယောက်လို လိုက်မှာ ငါသိတာပေါ့ ... ငါ သုံးခဲ့တဲ့ မူလ သွေးကျိန်စာက သွေးဘိုးဘေး လက်ဆင့်ကမ်းခဲ့တဲ့ ပညာရပ်ကွ ... ခရစ်ယာန် ဘုရားကျောင်းရဲ့ သူတော်စင်တောင် အဲဒီ ကျိန်စာအောက်မှာ ကျဆုံးခဲ့ရတာ ..."
"မင်း မြေကမ္ဘာ အဆင့်ကို ရောက်ရင်တောင် အဲဒီ သွေးကျိန်စာကို မဖျက်ဆီးနိုင်ဘူး ... မင်းရဲ့ အသက်ဓာတ်ကို သုံးပြီး ကယ်မယ် ဆိုရင်တော့ တစ်မျိုးပေါ့လေ ..."
အတွေ့အကြုံ ရင့်ကျက်သော တန်ခိုးရှင် တစ်ယောက် ဖြစ်သည့် ဒမွန်သည် လွတ်မြောက်ရန် အစီအစဉ်ကို သေချာစွာ ချမှတ်နိုင်ခဲ့သည်။
သူသည် သူ၏ အကွက်စေ့လှသော အကြံအစည်ကို ကျေနပ်နေစဉ်မှာပင် ရွှေရောင် အဆောင်တစ်ခု သူ့ဆီသို့ ပျံသန်းလာသည်အား တွေ့လိုက်ရ၏။
"အဲဒါက ဘာလဲ ..."
ဒမွန်သည် လန့်ဖျပ်သွား၏။
သူသည် ချက်ချင်းပင် သွေးအလင်းတစ်ခု ထုတ်လွှတ်ကာ ရွှေရောင် အဆောင်ကို တားဆီးလိုက်သည်။ သို့သော် အသုံးမဝင်ချေ။
ရွှေရောင် အဆောင်က သွေးအလင်းကို ဖြတ်သန်းကာ သူ၏ ခန္ဓာကိုယ် အတွင်း ဝင်ရောက် ပျောက်ကွယ်၏။
"ဟမ် ..."
ဒမွန်၏ မျက်နှာ တစ်ခုလုံးကား မှောင်မည်း သွားသည်။
ရွှေရောင် အဆောင်နှင့် ခန္ဓာကိုယ် ပေါင်းစပ် သွားသည်နှင့် ဒမွန်၏ မျက်နှာ၌ သေးငယ်သော စာတန်း တစ်ခု ပေါ်လာ၏။
ထိုစာတန်းသည် ထူးဆန်းစွာပင် "သတ်" ဟူသော စကားလုံးကိုသာ ခုနစ်ကြိမ် အထိ ရေးသားထားလေသည်။
"ချန်းပေ့ရွှမ်း ... မင်းက မင်းအဖေကို စွန့်ပယ် လိုက်တာလား ..."
ဒမွန်က ဖြူရော်သော မျက်နှာနှင့် တွေ့လိုက်မိ၏။
ထို့နောက် သူသည် အချိန်မဆိုင်းတော့ပဲ သွေးအရိပ်အသွင် ပြောင်းလဲကာ အနောက် အရပ်သို့ သုတ်ချေတင်ချေတော့သည်။
***
သတ်ဖြတ်ခြင်း ခုနစ်ပါး ကျိန်စာကို ပစ်လွှတ်ပြီးနောက် ချန်းဖန်သည် အတွင်းရေးမှူးစွန်းကို စံအိမ် အပြင်သို့ ထွက်ခိုင်းလိုက်၏။ ထို့နောက် သူသည် စံအိမ်ကို ခြုံငုံ၍ အစီအရင် တစ်ခု ခင်းကျင်းလိုက်သည်။
အတွင်းရေးမှူးစွန်းသည် ချန်းဖန်ကို မှတ်မိခဲ့ပြီ ဖြစ်သည်။ ချန်းကောရှင်း၏ အတွင်းရေးမှူး အနေဖြင့် အတွင်းရေးမှူးစွန်းသည် ချန်းမိသားစု အကြောင်း အတော်အတော် သိရှိထား၏။
ချန်းဖန်က အမိန့်ပေးသည်နှင့် အတွင်းရေးမှူးစွန်းသည် ချက်ချင်းပင် စံအိမ် အတွင်းမှ ထွက်ကာ သတင်း မေးလာသူများကို ပြန်လွှတ်လိုက်၏။ ထို့နောက် သူသည် ဝမ်ရှောက်ယွင်နှင့် ချန်းဟွိုက်အန်းတို့ကို ဆက်သွယ်လိုက်သည်။
ချန်းကောရှင်း၏ သတင်းကို ကြားသည်နှင့် ဝမ်ရှောက်ယွင်၊ ချန်းဟွိုက်အန်း၊ အန်ရာ၊ ဖန့်ချုံး၊ ဟွာရန်ဖန်းတို့သည် ညတွင်းချင်းပင် စီကျွေးနယ်သို့ ရောက်လာခဲ့ကြသည်။ သို့သော်လည်း ချန်းဖန်က စံအိမ်ကို အစီအရင်ဖြင့် ပိတ်ထားရာ သူတို့ အထဲသို့ မဝင်နိုင်ကြချေ။
"စိတ်မပူပါနဲ့ ... ဆရာက သခင်ကြီးချန်းရဲ့ အသက်ကို ကယ်တင်နိုင်မှာပါ ..."
ဟွာရန်ဖန်းက စိုးရိမ်နေသော ဝမ်ရှောက်ယွင်ကို နှစ်သိမ့်လိုက်သည်။
အားရှို့နှင့် ယုဝမ်ကျင်းတို့ကလည်း ဟွာရန်ဖန်း၏ စကားကို ထောက်ခံကြသည်။
"ဟုတ်ပါတယ် ... ဆရာက တန်ခိုးရှင် လိုမျိုး အစွမ်းထက်တဲ့သူပါ ... သာမန် ကျိန်စာလေး တစ်ခုက သူ့ကို ခက်ခဲစေမှာ မဟုတ်ပါဘူး ..."
ဝမ်ရှောက်ယွင်သည် သူမအား နှစ်သိမ့် လာသူများကို ပြုံးပြလိုက်၏။ သို့သော်လည်း သူမ၏ မျက်နှာက ဖြူရော်နေရာ အပြုံးသည်လည်း အသက် မဝင်လှချေ။
"ကောရှင်းက တကယ့်ကို ခေါင်းမာလွန်းတယ် ... သူသာ ငါ့စကားကို နားထောင်ပြီး ကျင်းမြို့ ဒါမှမဟုတ် ကျောင်းဟိုင်မှာ လာနေရင် အခုလို ဖြစ်မှာ မဟုတ်ဘူး ..."
ချန်းဟွိုက်အန်းက ခေါင်းခါလိုက်သည်။
ကျောင်းဟိုင်တွင် ရှိသည့် ဝမ်ရှောက်ယွင်၊ အန်ရာ စသော ချန်းဖန်၏ မိသားစုဝင်များကို ဟွာရန်ဖန်းနှင့် ထုံရှန်းတို့က ကာကွယ်ထားသည်။
ကျင်းမြို့တော်တွင်မူ အစိမ်းရောင် နဂါး အစီအရင် ရှိသည်။ ယခုအချိန်၌ အစိမ်းရောင် နဂါး အစီအရင်၏ အစောင့်အရှောက် ငန်းဖြူလေးသည် အလွန်ပင် အစွမ်းထက် နေပြီ ဖြစ်သည်။ မြေကမ္ဘာအဆင့် တစ်ယောက်ပင် အစိမ်းရောင် နဂါး အစီအရင်ကို ချိုးဖောက်ပြီး ချန်းမိသားစုကို ထိခိုက်အောင် လုပ်နိုင်တော့မည် မဟုတ်ချေ။
သို့သော်လည်း စီကျွေးနယ်ရှိ ချန်းကောရှင်း အတွက်မူ မည်သည့် အကာအကွယ်မျှ ရှိမနေချေ။ ထို့ကြောင့်ပင် သူသည် ချန်းဖန်၏ ရန်သူများ ပစ်မှတ်ထားခြင်းကို ခံရခြင်း ဖြစ်သည်။
"ဒီကိစ္စ ပြီးရင်တော့ ချန်းကောရှင်းကို ကျောင်းဟိုင်မှာ လိုက်နေဖို့ ပြောကို ပြောရတော့မယ် ..."
ဝမ်ရှောက်ယွင်က ဆုံးဖြတ်ချက် ချလိုက်သည်။
***
ထိုအချိန်၌ စံအိမ် အတွင်းတွင်မူ ချန်းဖန်သည် နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ကာ ဖခင် ဖြစ်သူ၏ အခြေအနေအား စစ်ဆေးနေခဲ့သည်။
"မူလ သွေးကျိန်စာက တကယ် ဒုက္ခပေးနိုင်တာပဲ ... ကျိန်စာ စွမ်းအားက အဖေ့ရဲ့ သွေးကြောတွေထဲ အထိ ရောက်နေပြီ ... အဖေ့ အနေနဲ့ အခု ခန္ဓာကိုယ်ကို စွန့်ခွာပြီး အသစ် ခန္ဓာ တစ်ခုမှာ ပြန်ပြီး မွေးဖွားမှပဲ ကျိန်စာစွမ်းအားကနေ လွတ်နိုင်မယ် ထင်တယ် ..."
မူလ သွေးကျိန်စာသည် စကြဝဠာ အတွင်းရှိ ကျိန်စာများနှင့် ယှဉ်လျှင်ပင် အထက်တန်း အဆင့် ရှိသော ကျိန်စာ ဖြစ်သည်။ ထိုမျှ အစွမ်းထက်သော ကျိန်စာ ကမ္ဘာပေါ်တွင် ပေါ်ထွက်လာခြင်း အတွက် ချန်းဖန် ပင်လျှင် အံ့ဩနေ၏။
"ဒီကျိန်စာကို ငါ တစ်နေရာရာမှ တွေ့ဖူးနေ သလိုပဲ ..."
ချန်းဖန်သည် မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် သူသည် မှတ်ဉာဏ်များ အတွင်းရှိ ကျိန်စာများ အကြောင်းအား တစ်ခုပြီး တစ်ခု စဉ်းစားလိုက်သည်။
တစ်ခဏမျှ အကြာ၌ ချန်းဖန်၏ မျက်လုံးများက ရုတ်တရက် တောက်ပသွား၏။
"ဒါက ... သွေးမျိုးဆက်တွေရဲ့ သွေးမူလ ကျိန်စာ မလား ..."
သွေးမျိုးဆက်နှင့် အမှောင် ဝံပုလွေ နှစ်ခု စလုံးသည် စကြဝဠာ၏ အင်အားကြီး မျိုးနွယ် ကလန်များကြီး နှစ်ခု ဖြစ်သည်။ သွေးမျိုးဆက်၏ သန့်စင်သော တိုက်ရိုက် မျိုးဆက်များသည် အမှောင်ဝံပုလွေ မျိုးနွယ်များကဲ့သို့ အရွယ်ရောက် လာသည်နှင့် မူလဝိညာဉ် တန်ခိုးရှင်များ အလိုအလျောက် ဖြစ်လာကြသည်။
သို့သော်လည်း အမှောင် ဝံပုလွေများထက် သာသော အချက်ကား သွေးမျိုးဆက်များ၏ အစီအရင်နှင့် ကျိန်စာ ကျွမ်းကျင်မှုပင်။
"သွေးမူလကျိန်စာ" သည် သွေးမျိုးဆက်များ၏ အစဉ်အဆက် လက်ဆင့်ကမ်းခဲ့သော အစွမ်းထက် ကျိန်စာတစ်ခု ဖြစ်သည်။ အစွမ်းထက်သော သွေးမျိုးဆက် တစ်ယောက်သည် သွေးမူလ ကျိန်စာကို သုံးကာ လူဦးရေ ဘီလျံနှင့် ချီသော ကလန် တစ်ခုကို မျိုးဖြုတ် သတ်ဖြတ်နိုင်စွမ်း ရှိ၏။
"ဒမွန်က သွေးမျိုးဆက် တစ်ယောက်များလား ... မဖြစ်နိုင်ဘူး ... သူက သွေးရောပဲ ဖြစ်ရမယ် ..."
ချန်းဖန်က နှာခေါင်းရှုံ့လိုက်သည်။
"မင်း သန့်စင်တဲ့ သွေးမျိုးဆက် ဖြစ်ရင်တောင် ဘာအရေးလဲ ... ငါက အတိတ်ဘဝမှာ မင်းတို့ သွေးမျိုးဆက်ရဲ့ တန်ခိုးရှင် သခင်ကြီး ခုနစ်ယောက်ကိုတောင် သတ်ခဲ့ဖူးတယ် ... ဟမ့် ... မင်း ငါ့အဖေကိုတောင် ထိရဲတယ် ဆိုတော့ ... ငါကလည်း မင်းကို သတ်ကို သတ်ရမှာပေါ့ ..."
***