မိုင်ထောင်ချီ အမဲလိုက်ခြင်း
Vol. 6 Ch. 551
သွေးမိစ္ဆာ စီရင်ခဲ့သော ကျိန်စာသည် "သွေးမူလကျိန်စာ" ဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့် ဒါဇင်မျှသော ကျိန်စာ ဖျက်နည်းများက ချန်းဖန်၏ ဦးခေါင်း အတွင်း တိုးဝင်လာ၏။
"ပထမ နည်းလမ်း ... သွေးမျိုးဆက် တစ်ယောက်ရဲ့ သန့်စင်တဲ့ ဝိညာဉ်သွေးနဲ့ ကျိန်စာ ဖျက်ဆီးခြင်း အဆောင် တစ်ခု ရေးဆွဲလို့ ရတယ် ... ဒါပေမဲ့ ကမ္ဘာပေါ်မှာ သန့်စင်တဲ့ သွေးမျိုးဆက်ကို ရှာဖို့ မဖြစ်နိုင်ဘူး ... တကယ်လို့ သွေးမျိုးဆက်ကို ကမ္ဘာပေါ်မှာ ရှာတွေ့မယ် ဆိုရင်တောင် ငါ့အဆင့်နဲ့ အနိုင်ယူနိုင်မယ် မထင်ဘူး"
"ဒုတိယ နည်းလမ်း ... ဓမ္မ တစ်သောင်းဂိုဏ်းရဲ့ လွတ်မြောက်ခြင်း ကျိန်စာ ... အဲဒီ ကျိန်စာနဲ့ဆို ဘယ်ကျိန်စာကိုမဆို ဖျက်ဆီးနိုင်တယ် ... ဒါပေမဲ့ ကျိန်စာ အသက်ဝင်ဖို့ လေးဆယ့် ကိုးရက်တိတိ စောင့်ရမှာ ..."
"တတိယ နည်းလမ်းက ဆူလဗန် မျိုးနွယ်တွေရဲ့ ယီသစ်သား ဝိညာဉ် အစီအရင်ပဲ ... အဲဒီ အစီအရင်ကို ဖန်တီးဖို့ဆို ဆူလဗန် နတ်ဘုရားရဲ့ သွေးနဲ့ ယီသစ်သား ဝိညာဉ်ချီ လိုတယ် ... အဲဒီ အစီအရင်နဲ့ဆိုရင် သွေးမျိုးဆက်တွေရဲ့ ဘယ်ကျိန်စာကို မဆို ဖျက်ဆီးနိုင်တယ် ..."
တတိယ နည်းလမ်းအား စဉ်းစားမိသည်နှင့် ချန်းဖန်၏ မျက်လုံးများက အနည်းငယ် အရောင်လက် သွားသည်။
ဆူလဗန် မျိုးနွယ်သည် စကြဝဠာ၏ အစွမ်း အထက်ဆုံး မျိုးနွယ် တစ်ခု ဖြစ်သည်။ သူတို့နှင့် သွေးမျိုးဆက်များသည် ကမ္ဘာမကျေ ရန်သူများ ဖြစ်ကြ၏။ ထို့ကြောင့်ပင် ဆူလဗန်များသည် သွေးမျိုးဆက်များကို နှိမ်နင်းရန် အတွက် ယီသစ်သား အစီအရင်ကို တီထွင်ခဲ့ခြင်း ဖြစ်သည်။
ယီသစ်သား ဝိညာဉ်ချီသည် သူ၏ ကိုယ်ပိုင်ချီ ဖြစ်ရာ အလွယ်တကူပင် ရရှိနိုင်သည်။ ဆူလဗန် နတ်ဘုရား၏ သွေးအတွက်မူ...။
"ဆူလဗန် နတ်ဘုရားက ဆူလဗန်တို့ရဲ့ ခေါင်းဆောင် ဖြစ်ပြီးတော့ ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်ကို ရောက်နေတဲ့ တန်ခိုးရှင် တစ်ယောက်ပဲ ... သူ့ရဲ့သွေးကို ရဖို့ ဆိုတာက မလွယ်ဘူး ... ဒါပေမဲ့ ငါ့ရဲ့ အဇူရာ သက်ရှည် ခန္ဓာကိုယ်က မဟာ အဇူရာကနေ ဆင်းသက်လာတာ ဆိုတော့ ဆူလဗန် နတ်ဘုရားရဲ့ သွေးနေရာမှာ အစားထိုးနိုင်မယ် ထင်တယ် ... နောက်ပြီး ဒမွန်က တန်ခိုးရှင် ထိပ်ဆုံး အဆင့်ပဲ ရှိသေးတာ ဆိုတော့ သူ စီရင်ခဲ့တဲ့ ကျိန်စာက မူလ ကျိန်စာတွေလောက် အစွမ်း မထက်ဘူးလေ ..."
ချန်းဖန်က တွေးရင်း ခေါင်းတစ်ချက် ညိတ်လိုက်သည်။ ထို့နောက် သူက အချိန် မဆိုင်းပဲ လက်ကောက်ဝတ်အား လက်သည်းဖြင့် လှီးဖြတ်လိုက်၏။
"ဂျစ် ...ဂျစ် ..."
သတ္တုချင်း ခြစ်ခတ်သံကဲ့သို့ အသံနှင့်အတူ ချန်းဖန်၏ အရေပြားက ကွဲအက်ကာ အဇူရာရောင် တောက်ပနေသော သွေးများ စီးကျလာသည်။
"တစ်စက် ... နှစ်စက် ..."
ချန်းဖန်သည် သွေးစက် ခုနစ်စက် တိတိကို ထုတ်ယူပြီးနောက် ရပ်လိုက်၏။
ထိုခဏမှာပင် သူ၏အနာက သဘာဝ အတိုင်းပင် ပြန်လည် စေ့သွားကာ အနာရွတ်ပင် မကျန်တော့သည် အထိ ပျောက်သွား၏။
ထို့နောက် ချန်းဖန်သည် ယီသစ်သား ဝိညာဉ်ချီနှင့် သွေးစက် ခုနစ်စက်ကို လေထဲတွင်ပင် ရောနှောလိုက်သည်။
"ကလန့် ..."
ချန်းဖန်၏ အမူအရာသည် အလွန်ပင် လေးနက် နေသည်။ သူ၏ လက်ချောင်းများသည် ဖြည်းညင်းစွာသာ ရွေ့လျား နေသော်လည်း အလွန် လေးပင်သည့် အရာကို သယ်တောင်ထားသည့် အလား လေးလံနေသည်။
"ဘုန်း ..."
သုံးနာရီ ကြာပြီးသည့် နောက်၌ အစီအရင်သည် ပြည့်စုံလာကာ အစိမ်းရောင် တောက်ပလာ၏။ ထိုအစိမ်းရောင်သည် နေအသွင် အဆောင် အတွင်းရှိ သစ်ပင်မှ လာသည်။ ထိုသစ်ပင်သည် လောက၏ ပထမဆုံး ဝိညာဉ် သစ်ပင် ဖြစ်ကာ ဆူလဗန် မျိုးနွယ်၏ ဒဏ္ဍာရီလာ ဘိုးဘေးလည်း ဖြစ်သည်။
"အဆောင် ... ကျိန်စာကို ဖျက်ဆီးစမ်း ..."
ချန်းဖန်သည် အစီအရင် အဆောင်အား တစ်ချက် ပုတ်လိုက်၏။
ယီသစ်သား ဝိညာဉ် အစီအရင်က တစ်ချက် လှုပ်ခါကာ အစိမ်းရောင် မီးခိုး အသွင်သို့ ပြောင်းလဲ၍ ချန်းကောရှင်း၏ ခန္ဓာကိုယ် အတွင်း ဝင်ရောက်သည်။
ထို့နောက် အစိမ်းရောင် မီးခိုးက ချန်းကောရှင်း၏ အရေပြား၊ ကြွက်သား၊ အရိုး၊ သွေးကြောများ အတွင်းသို့ စတင် ပျံ့နှံ့၏။
***
သုံးရက် ကြာပြီးနောက်မှ ချန်းဖန်သည် စံအိမ်၏ အပြင်ဘက်သို့ ထွက်လာခဲ့သည်။
"ရှောင်ဖန် ... သားအဖေ ဘယ်လိုလဲ ..."
ဝမ်ရှောက်ယွင်က ဆီးကြိုကာ မေးလိုက်သည်။
"စိတ်မပူပါနဲ့ ... အဖေ ကောင်းသွားပါပြီ ..."
ချန်းဖန်က ပြုံးရင်း အဖြေပေးလိုက်၏။
မိခင်ဖြစ်သူ၏ စိုးရိမ် ကြောင့်ကြနေသော ပုံစံကို ကြည့်၍ ချန်းဖန်၏ စိတ်များက ပိုမို တင်းကြပ်လာသည်။
"ဒမွန် ... ငါ လာပြီ ... မင်း လွတ်အောင် ပြေးတော့ ..."
ထို့နောက် သူက လူအုပ်အား စွန့်ခွာကာ အနောက် အရပ်သို့ ဦးတည်လိုက်၏။
"ရှောင်ဖန် ... ဘယ်ကို သွားမလို့လဲ ..."
လူတိုင်းက သူ့အား နားမလည်စွာ လှမ်းကြည့် လိုက်ကြသည်။
"သတ်ဖို့ ..."
ချန်းဖန်က အေးစက်သော အသံဖြင့် ပြန်လည် ဖြေလိုက်၏။
ထို့နောက် သူ၏ခန္ဓာကိုယ်က အဇူရာ အလင်းဖြင့် တောက်ပလာ၍ ကောင်းကင်သို့ တက်ကာ အနောက် အရပ်၌ ပျောက်ကွယ် သွားတော့သည်။
ဒမွန် ထွက်ပြေးသွားသည်မှာ သုံးရက် ရှိပြီ ဖြစ်သော်လည်း ချန်းဖန်ကမူ သူ့အား ခြေရာ ခံမိနေဆဲ ဖြစ်သည်။
"သူက တော်တော် မြန်တာပဲ ... သုံးရက်တည်းနဲ့ သူက အရှေ့ အလယ်ပိုင်းကို ရောက်နေပြီ ..."
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း တီးတိုး ရေရွတ်လိုက်သည်။
တန်ခိုးရှင်များသည် ပျံသန်းနိုင်သည် ဆိုသော်လည်း တစ်နေ့လျှင် မိုင်တစ်ရာခန့်သာ ဖြစ်သည်။ မြေကမ္ဘာ အဆင့်သို့ ရောက်မှသာ တစ်နေ့လျှင် မိုင်ထောင်ချီ နှုန်းဖြင့် ကမ္ဘာအား ပတ်နိုင်ကြသည်။
ချန်းဖန်သည် အထူး ဆက်သွယ်ရေး ကိရိယာကို ထုတ်ယူကာ ပျံလွှားနီလေးထံ ဆက်သွယ်လိုက်၏။
"ဟိုင်း ပျံလွှားနီလေး ... ငါ ဒမွန် အကြောင်း သိချင်လို့ ..."
အထူး ဆက်သွယ်ရေး ကိရိယာသည် အထူးဌာနမှ ချန်းဖန် အတွက် ပေးထားခြင်း ဖြစ်သည်။ ထိုကိရိယာဖြင့် သူသည် ပျံလွှားနီလေးထံ အချိန်မရွေး ဆက်သွယ်နိုင်သည်။
"ရှင် ဒမွန်နောက်ကို လိုက်မလို့လား ..."
ပျံလွှားနီလေးက ချက်ချင်းပင် အကြောင်းပြန်သည်။
"အချက်အလက်တွေက အဆင်သင့်ပဲ ... ကျွန်မ ရှင့်ဆီကို ပို့လိုက်မယ် ... ဒါပေမဲ့ ဂရုစိုက်ပါ ... ဒမွန်က အရမ်း ပါးနပ်တယ် ... သူက မြေအောက် လောက သုံးခုကို ဦးစီးပြီး ဥရောပ နိုင်ငံ အများကြီးနဲ့လည်း အဆက်အသွယ် ရှိတယ် ... ရှင် အရှေ့ အလယ်ပိုင်းကို ဝင်တာနဲ့ သူ့နယ်ထဲကို ရောက်နေပြီ ဆိုတာ သတိရပါ ..."
"အင်းပါ ..."
ချန်းဖန်က သူမ၏ သတိပေး စကားကို အသိအမှတ်ပြုကာ ပို့လာသော ဒမွန်နှင့် ပတ်သက်သည့် အချက်အလက်များကို စစ်ဆေး ကြည့်လိုက်၏။
အမည် - ဒမွန်
ဖခင်အမည် - မသိရ
မွေးဖွားရာ နေရာ - ရိုးမေးနီးယား နိုဘယ် မိသားစု တစ်ခု
သူသည် တရုတ်သွေး တစ်ဝက်ပါကာ ငယ်စဉ် ကတည်းက တိဘက် ဘုရားကျောင်း၌ ပညာ သင်ယူခဲ့သည်။ ထို့နောက် ခရစ်ယာန် ဘုရားကျောင်းသို့ ပြောင်းလဲကာ နေထိုင်ခဲ့သည်။
ဒမွန်သည် အရှေ့အနောက် နိုင်ငံများစွာမှ လျှို့ဝှက် နည်းစနစ်များကို ကျွမ်းကျင်သည်။ သူ့အား ခရစ်ယာန် ဘုရားကျောင်း၏ တန်ခိုးရှင် ခုနစ်ယောက် ဝိုင်းတိုက်ခိုက်ခဲ့သော်လည်း ကျရှုံးခဲ့သည်။
သူသည် အနောက်တိုင်း၏ အမှောင်ကမ္ဘာ၏ အစွမ်း အထက်ဆုံး ဖြစ်ပြီး မြေအောက်လောက သုံးခု၏ ခေါင်းဆောင် ဖြစ်သည်။ သူ၏ တန်ခိုး အဆင့်သည် လူသား နတ်ဘုရားပင် ဖြစ်နေနိုင်သည်။
ဒုတိယ ကမ္ဘာ စစ်အတွင်း ဒမွန်သည် မြောက်အာဖရိက၊ ဥရောပ အလယ်ပိုင်း၊ ဥရောပ အရှေ့ပိုင်းရှိ သန်းချီသော လူများကို သတ်ဖြတ်ခဲ့သည်။ ဤနည်းဖြင့် သူ၏ သွေးမျိုးဆက်သည် နိုးထလာခဲ့ကာ တန်ခိုးရှင် ဖြစ်လာခဲ့သည်။ သူသည် ခရစ်ယာန် ဘုရားကျောင်း၏ လိုက်လံ သတ်ဖြတ်မှုမှ လွတ်မြောက်ခဲ့သည့် အပြင် ဆိုဗီယက်၏ နျူကလိယ တိုက်ခိုက်မှုမှပါ လွတ်မြောက်ခဲ့သည်။
"သူက အစစ်အမှန် စွမ်းအားကို ဖုံးကွယ်ထားပုံပဲ ..."
ချန်းဖန်က မျက်မှောင်ကြုတ် လိုက်သည်။
ချန်းဖန်နှင့် တိုက်ခိုက်စဉ် အချိန်က ဒမွန်သည် လီချန်းရှန့်လောက်ပင် အစွမ်းထက်ပုံ မရချေ။
သို့သော်လည်း ယခု အချက်အလက်များ အရ ဆိုပါက ဒမွန်သည် သေမျိုး နတ်ဘုရား အဆင့်သို့ ကျိန်းသေ ရောက်ရှိပြီး ဖြစ်ရမည်။ သူသည် ချန်းဖန်၏ စွမ်းအားကို တွေ့မြင်ပြီးနောက် သေမျိုး နတ်ဘုရား၏ အစွမ်းကို ထုတ်ဖော်ရန်ထက် ထွက်ပြေးရန်သာ ဆုံဖြတ်လိုက်ပုံ ရသည်။
မည်သို့ပင်ဆိုစေ ဒမွန်သည် နတ်ဘုရား သတ်မှတ်ချက်၌ လင်းရှု့မင်ထက် မြင့်မားသော အဆင့်၌ပင် ရပ်တည် နေနိုင်ခဲ့သည် မဟုတ်ပါလား။
"မင်း ဘာသာမင်း ဘယ်လောက်ပဲ အစွမ်းထက်ထက် ... ငါ မင်းကို ရအောင် သတ်မယ် ..."
ချန်းဖန်က ရေရွတ်ရင်း ပျံသန်းနေသည့် အရှိန်နှုန်းကို အနည်းငယ် တိုးမြှင့်လိုက်၏။
တရုတ်နှင့် အရှေ့ အလယ်ပိုင်းသည် ကီလိုမီတာ ၅၅၀၀ ခန့် ကွာဝေးသည်။ လေယာဉ်စီးသွားလျှင်ပင် ထိုခရီးအား ရောက်ရန် နေ့တစ်ဝက်မျှ အချိန်ယူ ရပေလိမ့်မည်။
သို့သော်လည်း ချန်းဖန်သည် အသံ၏ အမြန်နှုန်းကို တစ်ချက်တစ်ချက် ထုတ်ဖော်၍ ပျံသန်းရာ ချူကျိုးမှ အရှေ့အလယ်ပိုင်း နယ်စပ် အထိ ကိုးနာရီမျှသာ အချိန်ယူလိုက်ရ၏။
အရှေ့အလယ်ပိုင်းသို့ ရောက်သည်နှင့် ချန်းဖန်သည် ဒမွန်၏ တည်ရှိမှုကို ချက်ချင်းပင် အာရုံခံမိလိုက်၏။ သို့သော်လည်း သတ်ဖြတ်ခြင်း ခုနစ်ပါး ကျိန်စာ၏ အချက်ပြမှုက အနည်းငယ် မှေးမှိန်နေသည်။
"သူက သတ်ဖြတ်ခြင်း ခုနစ်ပါး ကျိန်စာကို လျှို့ဝှက် ကျင့်စဉ် တစ်ခုနဲ့ ဖုံးကွယ် နေတာလား ..."
ချန်းဖန်က နှာခေါင်း တစ်ချက် ရှုံ့လိုက်သည်။
"ကံမကောင်းတာက သတ်ဖြတ်ခြင်း ခုနစ်ပါး ကျိန်စာ ဘယ်လောက် ကြောက်ဖို့ ကောင်းတယ် ဆိုတာ မင်း နားမလည်တာပဲ ... စကြဝဠာကျော်ပြီး ထွက်ပြေးရင်တောင် သတ်ဖြတ်ခြင်း ခုနစ်ပါးရဲ့ ဆက်သွယ်မှုက ပြတ်တောက်သွားမှာ မဟုတ်ဘူး ..."
ချန်းဖန်သည် ဒမွန်၏ နောက်သို့ ဆက်ကာ လိုက်သည်။
နယ်စပ် တစ်ခုကို ဖြတ်ကျော် ပြီးနောက် ဒမွန်၏ တည်ရှိမှုက သူ၏ စိတ်အာရုံ၌ ပိုမို ထင်ရှားလာ၏။
နာရီဝက်မျှ ကြာပြီးနောက် AK-47 လက်နက်များ ကိုင်ဆောင်ထားသည့် စစ်သွေးကြွ အုပ်စု တစ်ခုကို ချန်းဖန် တွေ့ရသည်။ ထိုသူများသည် ချန်းဖန်ကို တိုက်ခိုက်ရန် အသင့် စောင့်နေပုံ ရကာ အသက်များကိုပင် အမှုထားဟန် မရချေ။
ပထမ၌ ချန်းဖန်သည် စစ်သွေးကြွ ခေါင်းဆောင်များကိုသာ သတ်ဖြတ်ခဲ့သည်။
သို့သော်လည်း စစ်သွေးကြွများသည် ချန်းဖန်အား တားဆီးရာ၌ မည်သည်ကိုမျှ ဂရု မစိုက်ကြချေ။
ထို့ကြောင့် ချန်းဖန်မှာ အားလုံးကို မလွှဲသာ မရှောင်သာ သတ်ရတော့သည်။ ခဏအတွင်းမှာပင် စစ်သွေးကြွ တစ်ထောင်ခန့် ချန်းဖန်၏ လက်၌ ကျဆုံးကုန်သည်။
ချန်းဖန်ကား အနောက်ဘက်သို့ ခရီးလမ်းကို သွေးခင်းကာ စတင်ခဲ့ပြီ ဖြစ်တော့သည်။
***