← Chapters

သွေးခင်းသောလမ်း

Vol. 6 Ch. 552

သွေးခင်းသောလမ်း

Vol. 6 Ch. 552

သွေးမိစ္ဆာ ဒမွန်၏ လက်အောက်၌ အဆင့်နိမ့် ကြေးစား အဖွဲ့များစွာ ရှိသည်။ သူတို့သည် သူတို့ အတွက် ရိက္ခာနှင့် ငွေကြေး ထောက်ပံ့ပေးသူ အတွက် မည်သည့် အရာကိုမဆို လုပ်ကြသည်။

သို့သော်လည်း ချန်းဖန်သည် ထို အဖွဲ့များကို ဆူနာမီ လှိုင်းတစ်ခု အလား တိုက်ဖျက် သတ်ဖြတ်ပစ်သည်။ သူသည် ကာဂျစ်စတန်မှ ဥဇဘက်ကစ္စတန်သို့ ဖြတ်သန်းသည့် လမ်းတစ်လျှောက်၌ ဒေသခံ စစ်သွေးကြွ အဖွဲ့ ဆယ့်သုံးခုခန့်ကို အမြစ်ဖြုတ် သတ်ဖြတ် ပစ်ခဲ့သည်။

ထိုစစ်သွေးကြွ အုပ်စုများထဲမှ အင်အား အနည်းဆုံး အုပ်စုတွင် စစ်သည် ရာဂဏန်းခန့် ပါရှိပြီး အင်အား အကြီးဆုံး အုပ်စုတွင်မူ စစ်သည် ထောင်ဂဏန်း အထိ ပါရှိသည်။

နေ့တစ်ဝက်မျှပင် မရှိသေးသော အချိန် အတွင်း၌ ချန်းဖန်သည် စစ်သွေးကြွ သုံးထောင်ခန့်ကို သတ်ဖြတ်ပြီး ဖြစ်သည်။ သို့သော်လည်း စစ်သွေးကြွများသည်

သေရမည်ကို မကြောက်လန့်သည့် အလား ချန်းဖန်၏ လမ်းကို တားမြဲတားဆဲပင်။

***

ဥဇဘက်ကစ္စတန်၊ ကွာရှီမြို့ အနီး တောင်ကြား တစ်ခုတွင် ...

"သူဌေး ... ခင်ဗျား ပြောပုံအရဆို ရန်သူက တစ်ယောက်တည်းပဲပေါ့ ..."

မုတ်ဆိတ်၊ နှုတ်ခမ်းမွေးရှည်များ ရှိသည့် လူဖြူ တစ်ယောက်က စီးကရက်ကို ရှိုက်ကာ ဖွာရင်း မေးလိုက်သည်။

သူ၏ လက်မောင်း၌ ခေါင်းသုံးလုံး မြွေပွေးပုံ တက်တူး ထိုးထားသည်။ သူ၏ ဘေးတွင်မူ ဒါဇင် ဂဏန်းရှိသည့် စစ်သားများ ဝန်းရံနေ၏။

သူတို့ကား "မြွေဆိပ်" အဖွဲ့မှ လူများ ဖြစ်သည်။

"မြွေဆိပ်" အဖွဲ့သည် အလယ်အလတ် အဆင့် ကြေးစားအုပ်စု ဖြစ်ကာ ကမ္ဘာ့ ကြေးစား စာရင်း၌ ၁၆၇ နေရာ၌ ရပ်တည်နေသည်။

"ဖောက်သည်က ပစ်မှတ်ကို နာရီဝက်လောက် နှေးကွေးအောင် လုပ်နိုင်တာနဲ့ ဒေါ်လာ ၁၀ သန်း ပေးမယ် ပြောထားတယ် ..."

အဖွဲ့ ခေါင်းဆောင် ရီနိုက အဖြေပေးလိုက်သည်။

သူ၏ စကားကြောင့် မုတ်ဆိတ်ရှည် လူဖြူ၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွား၏။

သူက လက်ထဲမှ သေနတ်ကို တစ်ချက်ပုတ်ရင်း စိတ်တက်ကြွစွာ အော်ဟစ် ပြောလိုက်၏။

"သောက်ချီးပဲ ... ဆယ်သန်း ဟုတ်လား ... ယန်ကီးတွေက အာဖဂန် တစ်နိုင်ငံလုံးကို တိုက်ဖို့တောင် ဒေါ်လာ ငါးသန်းပဲ ပေးတာ ... ဟဟ ... ပွတာပဲ ...  ကြိုက်တဲ့ကောင် လာစမ်း ... ရအောင် တားပြမယ် ..."

သူ၏ စကားကို အခြား အဖွဲ့သားများကလည်း အော်ဟစ် ထောက်ခံလိုက်ကြသည်။

သူတို့ကား ငွေနှင့် အသက်ကို အလောင်းအစား ပြုလုပ်ထားကြသူများ ဖြစ်သည်။

ဆယ်သန်း ဟူသော ငွေက သူတို့အတွက် နှစ်ပေါင်းများစွာ သုံးဖြုန်းရန် လုံလောက်သော ပမာဏပင် ဖြစ်သည် မဟုတ်ပါလား။

"ဘုန်း ..."

အဝေးမှ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာ၏။

"အဲဒါက နံပါတ်လေး မိုင်း ထောင်ချောက် ဖြစ်ရမယ် ... သတိထားကြဟေ့ ... ပစ်မှတ်က နီးလာပြီ ..."

ရီနိုက လေးနက်သော အမူအရာနှင့် သတိပေးလိုက်သည်။

အခြားလူများက လျင်မြန်စွာပင် လက်နက်များကို ပြင်ဆင်ကာ နေရာယူလိုက်ကြသည်။

"နံပါတ်လေး မိုင်းထောင်ချောက်မှာ သုံးထားတဲ့ မိုင်းက အမေရိကန် ရေတပ်မှာတောင် ထိပ်တန်း အဆင့်ရှိတဲ့ မိုင်းမလား ... တရုတ်ရဲ့ လုံဖန် တပ်ဖွဲ့တောင် အဲဒီ မိုင်းကနေ လွတ်မှာ မဟုတ်ဘူး ... အဲဒီခွေးသားတော့ သေလောက်ပြီ ထင်တယ် ..."

မုတ်ဆိတ်ရှည် လူဖြူက ရယ်မောရင်း ဆိုလိုက်၏။

သူ၏ အတွေ့အကြုံများအရ အရှင်သခင်များ ဖြစ်စေ၊ သိုင်းပညာရှင်များ ဖြစ်စေ မိုင်း ပေါက်ကွဲမှုမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။

သို့သော်လည်း တစ်ခဏမျှ ကြာပြီးနောက် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာပြန်သည်။

"ဘုန်း ... ဘုန်း ... ဘုန်း ..."

ပေါက်ကွဲမှု တစ်ခုချင်းစီက သူတို့နှင့် တဖြည်းဖြည်း နီးကပ် လာနေခဲ့သည်။

"ဘုန်း ..."

နောက်ဆုံး ထွက်ပေါ်လာသော မိုင်းပေါက်ကွဲသံက သူတို့နှင့် မီတာ အနည်းငယ်သာ ကွာတော့၏။

"ဘာဖြစ်တာလဲဟ ..."

လူတိုင်းက အနည်းငယ် အံ့ဩသွားကြ၏။

သူတို့ ထောင်ထားခဲ့သော မိုင်း တစ်ခုချင်းစီသည် စစ်ပွဲဝင် တင့်ကားများကိုပင် ဖျက်ဆီးနိုင်သော မိုင်းများ ဖြစ်သည်။ သို့သော်လည်း ပစ်မှတ်က ထိုအရာများကို ကျော်ဖြတ်ကာ ရှေ့သို့ တက်လက် တိုးလာနေပုံ ရသည်။

"ဟိုမှာ ..."

ကြေးစား တစ်ယောက်က အော်ဟစ်ကာ တစ်နေရာသို့ ညွှန်ပြလိုက်၏။

လူတိုင်းက သူညွှန်ပြသော နေရာသို့ ကြည့်လိုက်ရာ ပေါက်ကွဲမှုများ အကြားမှ အဇူရာ ပုံရိပ် တစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

"သူက ဘယ်သူလဲ ..."

ရီနိုက မျက်မှောင်ကြုတ်ရင်း အနည်းငယ် ရင်းနှီးနေသော အဇူရာ ပုံရိပ်ကို ကြည့်လိုက်၏။

"ဘန်း ..."

ထိုအချိန်မှာပင် မုတ်ဆိတ်ရှည် လူဖြူက သူ၏ လက်ထဲရှိ M82 ဖြင့် ပစ်ခတ်လိုက်၏။ M82 သည် စနိုက်ပါ ရိုင်ဖယ် သေနတ် အမျိုးအစား ဖြစ်ကာ သံချပ်ကာ၊ ကျည်ကာ ကားများကိုပင် ဖြတ်ကာ ပစ်ခတ်နိုင်သည်။

"ဘန်း ..."

သူတို့၏ အကြည့်များ အောက်တွင်ပင် ပုံရိပ်က လက်ချောင်းများကို ဆန့်ထုတ်ကာ သေနတ် ကျည်ဆန်ကို ဖမ်းလိုက်၏။

သေနတ် ကျည်ဆန်သည် သူ၏ လက်ချောင်းများ အောက်၌ အားမရှိသော စီးကရက် တစ်ခုနှယ် အဖမ်းခံရသည်။

"ဘုရားသခင် ..."

မုတ်ဆိတ်ရှည်သည် ဆွံ့အနေမိရာ နှုတ်ခမ်းမှ စီးကရက် ပြုတ်ကျ သွားသည်ကိုပင် သတိ မထားမိလိုက်ချေ။

အထွတ်အထိပ် တစ်ယောက်ပင် M82 ၏ ကျည်ဆန်ကို ဖမ်းယူနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း လူငယ်ကမူ ထိုအရာကို လက်နှစ်ချောင်းတည်းဖြင့် လုပ်ပြခဲ့သည်။

ထိုလူငယ်က မည်သူနည်း။

အဘယ်ကြောင့် ဤမျှ အထိ အစွမ်းထက် နေရသနည်း။

"သောက်ပြဿနာပဲ ..."

ရုတ်တရက် ရီနိုက တစ်စုံတစ်ခုကို သတိရကာ မျက်စိ မျက်နှာ ပျက်သွားသည်။

"မင်းတို့က ငါ့ကို တားမှာလား ..."

အဇူရာ လူရိပ်သည် ဖြည်းညင်းစွာ လျှောက်လာရင်း ရုတ်တရက် မူလ နေရာမှ ပျောက်ကွယ်ကာ ကြေးစား အုပ်စု၏ ရှေ့၌ ပြန်ပေါ်လာ၏။

ထို့နောက် သူ၏လက်မှ အလင်းတစ်ခု ထွက်ပေါ်လာကာ ကြေးစားများ၏ ခန္ဓာကိုယ်များအား နှစ်ပိုင်းဖြတ် ပစ်လိုက်သည်။ ကြေးစားများကား သေနတ် တစ်ချက်ပင် ပစ်ခတ်ရန် အချိန် မမီလိုက်ချေ။

"သူ ... သူက ... ချန်းပေ့ရွှမ်း ..."

နောက်ဆုံး၌ ရီနိုသည် ချန်းဖန်ကို မှတ်မိသွား၏။

သို့သော်လည်း ထိုအရာက နောက်ကျခဲ့ချေပြီ။

တောင်ကြား အတွင်းရှိ သက်ရှိအားလုံးကို သတ်ဖြတ်ပြီးနောက် ချန်းဖန်သည် အနောက်ဘက်သို့ ဆက်လက် ထွက်ခွာ လာခဲ့၏။

"မြွေဆိပ်" အဖွဲ့၏ ကျဆုံးမှုက ချန်းဖန်၏ သတ်ဖြတ်ခြင်း လမ်းစဉ် အစသာ ဖြစ်သည်။

ချန်းဖန်သည် ဥဇဘက်ကစ္စတန်သို့ ဝင်ရောက်လာချိန်မှ စ၍ သူ့အား တားဆီးရန် ကြိုးစားသည့် ကြေးစား အဖွဲ့တိုင်းကို အမြစ်ပြတ် သုတ်သင် ပစ်ခဲ့သည်။

ကြေးစား အဖွဲ့များစွာသည် ချန်းဖန်အား အမြောက်၊ မိုင်း၊ တင့်ကား စသည့် လက်နက် မျိုးစုံကို သုံးကာ တားဆီးကြသည်။

သူတို့ အထဲမှ စနိုက်ပါ ကျည်ဆန် တစ်ခုဆိုလျှင် ပေါ့ဆနေမိသော ချန်းဖန်၏ ရင်ဘတ်ကို အမှတ်တစ်ခုပင် ပေးနိုင်ခဲ့သည်။ အကယ်၍ ထိုကျည်ဆန်ကသာ ပိုမို အင်အား ကြီးပါက ချန်းဖန်၏ အသက်ကိုပင် ခြိမ်းခြောက် နိုင်ပေလိမ့်မည်။

ချန်းဖန်သည် စနိုက်ပါ သမားများကို ရွံရှာသည်။ ထို့ကြောင့် သူသည် ထိုသေနတ် သမားနှင့် အဖွဲ့ကို လီ ရွှေရောင် မီးတောက် မျက်လုံးဖြင့် ပြန်လည် သတ်ဖြတ် ပစ်ခဲ့သည်။

ချန်းဖန်သည် နောက်ဆုံး ကြေးစား တပ်ဖွဲ့ကို အနိုင်ယူပြီးနောက် တာ့မင်နစ္စတန် နိုင်ငံသို့ ဆက်လက် ဝင်ရောက် လာခဲ့သည်။

ရန်သူသည် မည်သူမည်ဝါ ဖြစ်ကြောင်း မသိသေးသော်လည်း အရှေ့ အလယ်ပိုင်း၏ မြေအောက်လောကကြီး တစ်ခုလုံးကား တုန်လှုပ်နေခဲ့ပြီ ဖြစ်သည်။

"ငါ မြွေဆိပ် စစ်စွယ် ကျား အဖွဲ့တွေဆီက ဘာသတင်းမှ မရတော့ဘူး ..."

"သောက်ချီးပဲ ... သွေးဒိုင်း အဖွဲ့က အဖွဲ့ဝင်တွေ အားလုံး သေကုန်ပြီတဲ့ ..."

ထိုသတင်းများက လူတိုင်းအား ချောက်ချားစေ၏။

သွေးဒိုင်း အဖွဲ့သည် ဒိုင်ယာဘလို၊ သွေးတောင် အဖွဲ့များလောက် မထင်ရှားသည့်တိုင် ကမ္ဘာ့ ထိပ်သီး လုပ်ကြံခြင်း ဆယ်ဖွဲ့တွင်ပင် ပါဝင်သည့် အဖွဲ့ကြီး ဖြစ်သည်။

ထိုအဖွဲ့တွင် အတွင်းအား ထိပ်သီး အဆင့်နှင့် ညီမျှသော အရှင်သခင် တစ်ယောက်နှင့် ကြေးစား စစ်သည် ငါးရာထက် မနည်းသော အင်အား ရှိသည်။

ထိုအင်အားသည် အမှောင် သတ်မှတ်ချက်ဝင်  အထွတ်အထိပ် တစ်ယောက်ကိုပင် သတ်ဖြတ်ရန် လုံလောက်နေပြီ ဖြစ်သည်။

"သူတို့က ဘယ်သူနဲ့ ရင်ဆိုင်ခဲ့ရတာလဲ ... တရုတ်နဲ့ လုံဖန် အဖွဲ့လား ... ရုရှားရဲ့ သွေး ဝံပုလွေ အဖွဲ့လား ..."

လူတိုင်းသည် ထိုမေးခွန်းကို အဖြေရှာရန် ကြိုးစားကြသော်လည်း တိကျ သေချာသော ကောက်ချက်ကို မချနိုင်ကြချေ။

ငှားရမ်းသူသည် လူတစ်ယောက်ကို တားဆီးရန်ဟု ဆိုခဲ့သော်လည်း မည်သူ မည်ဝါ ဖြစ်ကြောင်း တိတိကျကျ မပြောခဲ့ချေ။

"အနောက်တိုင်း အမှောင်ကမ္ဘာက အဲဒီ ပစ်မှတ်ကို သတ်နိုင်တဲ့ အဖွဲ့ကို ဒေါ်လာ တစ်ဘီလျံ ဆုချမယ်တဲ့ ..."

ထိုသတင်းက မြေအောက် ကမ္ဘာ တစ်ခုလုံးကို ဆူပွက် သွားစေ၏။

ဒေါ်လာ တစ်ဘီလျံသည် ထိပ်တန်း ကြေးစား အဖွဲ့ ဆယ်ဂဏန်းကိုပင် ငှားရမ်းနိုင်သော ပမာဏ ဖြစ်သည်။

"အဲဒါက အဇူရာ နဂါးတို့ ရဲ့နန်ထင်းတို့များ ဖြစ်နေမလား ..."

လူအချို့က ခန့်မှန်းကြသည်။

"မဖြစ်နိုင်ဘူး ... အနောက်တိုင်း အမှောင်ကမ္ဘာ သုံးခုကတောင် ဝင်စွက်ဖက်တဲ့လူက သာမန်တော့ ဘယ်လိုမှကို မဖြစ်နိုင်တာ ... သူက တန်ခိုးရှင် အဆင့် ဖြစ်မယ် ထင်တယ် ..."

သို့သော်လည်း ဒေါ်လာ တစ်ဘီလျံ၏ ဆွဲဆောင်မှုကား အင်အား ကြီးမားလွန်း၏။

များစွာသော ကြေးစား အဖွဲ့များသည် တစ်ဘီလျံတန် ပစ်မှတ်အား တိုက်ခိုက်ရန် အတွက် တာ့မင်နစ္စတန် နိုင်ငံသို့ တဖွဲဖွဲ ရောက်ရှိလာကြသည်။

ထိုအချိန်၌ ချန်းဖန်သည်လည်း တာ့မင်နစ္စတန် နိုင်ငံသို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။

သူသည် ကြုံဆုံခဲ့ရသည့် တိုက်ပွဲများကြောင့် အနည်းငယ် မောပန်းနေရာ ဖြည်းညင်းစွာသာ ခရီးဆက်ရန် ဆုံးဖြတ်လိုက်သည်။

"တာ့မင်နစ္စတန် နိုင်ငံနဲ့ ကက်စပီယန် ပင်လယ်ကို ဖြတ်ပြီးရင် ဥရောပ တံခါးဝကို ရောက်ပြီ ..."

ချန်းဖန်သည် အနောက် အရပ်သို့ လှမ်းကာ ကြည့်လိုက်၏။

***

All Chapters