← Chapters

အလင်းငါးကြီးနှင့် ဧရာမမြွေကြီး

Vol. 10 Ch. 141

အလင်းငါးကြီးနှင့် ဧရာမမြွေကြီး

Vol. 10 Ch. 141

ဧရာမငါးကြီးသည် လူတွေရှိနေသည်အား သိလိုက်ရသည်နှင့် တပြိုင်နက် ၎င်းသည် ပါးစပ်ကို ဟကာ ရေမျက်နှာပြင်ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာပြီး လူအားလုံးကို မျိုချတော့မည့်သဘောဖြင့် ကျယ်လောင်စွာ ဟိန်းဟောက်လေသည်။

"ဂါး!"

ယိုရှီဒါ၏ ထိတ်လန့်နေသော မျက်လုံးများရှေ့တွင် ဧရာမငါးကြီးသည် မြန်နှုန်းမြင့် စပိဘုတ်တစ်စီးကို ကိုက်ချီလိုက်ကာ ၎င်းနှင့်အတူရှိသည့် လူတွေအား လေပေါ်ပင့်မြှောက်လိုက်သည်။

"အား..!!"

စပိဘုတ်သည် ၎င်း၏ ပါးစပ်ထဲသို့ ပြုတ်ကျသွားပြီး စပိဘုတ်ပေါ်ရှိ သင်္ဘောသားနှစ်ယောက်သည် တဆက်တည်း ပြုတ်ကျသွားလေသည်။ ထိတ်လန့်အော်သံများနှင့် လက်များကို ဝှေ့ရမ်းရင်း ဧရာမငါးကြီး၏ ပါးစပ်ထဲသို့ ပြုတ်ကျသွားချိန်တွင် ထိုသင်္ဘောသားနှစ်ယောက်သည် ချွန်ထက်သော အစွယ်များကြောင့် ခန္ဓာကိုယ်များ အပိုင်းပိုင်းအစစ စုတ်ပြဲသွားကြသည်။

သူတို့၏ သွေးတွေက ထိုထိတ်လန့်ဖွယ်ငါးကြီး၏ ပါးစပ်ထဲသို့ စီးဝင်သွားသည်။

ဤဖြစ်ရပ်အားလုံးသည် စက္ကန့်ပိုင်းအတွင်း မယုံနိုင်လောက်အောင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

သင်္ဘောသားနှစ်ယောက်ကို မျိုချပြီးနောက် ဧရာမငါးကြီးသည် ၎င်း၏ ပါးစပ်ထဲမှ စပိဘုတ်ကို ထွေးထုတ်ကာ ရေအောက်သို့ ပြန်ငုတ်သွားခဲ့လေသည်။

ဧရာမငါးကြီးသည် အခြားစပိဘုတ်များကို ထပ်မံတိုက်ခိုက်လာခြင်း မရှိသော်လည်း ၎င်းကြောင့် လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာပြီး စပိဘုတ်များသည် မှောက်ကုန်ပြီး စပိဘုတ်ပေါ်က လူတွေ ရေထဲ ပြုတ်ကျကုန်သည်။

၎င်းတွင် လူအများစုသည်တော့ အလန့်တကြားနှင့် သတိလစ်သွားကြသည်။

ယိုရှီဒါနှင့် အခြားသူတို့သည် ၎င်းတို့၏ အဖော်များကို သတိမထားမိကြတော့ဘဲ အာရုံစူးစိုက်မူ အားလုံးမှာ ဧရာမငါးကြီးဆီသို့ ရောက်ရှိနေလေသည်။

သူတို့သည် ပင်လယ်ပြင်တွင် သတိလစ်ကုန်သည့် ၎င်းတို့ အဖော်များကိုပင် သတိမပြုမိဘဲ ရှိနေ၏။

ထိုငါးကြီး၏ နောက်ကျောကို ငေးကြည့်နေရင်း အားလုံး၏ စိတ်ထဲတွင် မယုံကြည်နိုင်လောက်အောင် လန့်ဖျပ်နေကြသည်။

ဘာတွေဖြစ်နေတာလဲ? သူတို့တွေ သည်းထိတ်ရင်ဖို ရုပ်ရှင်တစ်ခုထဲ ရောက်နေကြတာလား? ဒီလောက်ကြီးတဲ့ သတ္တဝါကြီးကို သူတို့တွေ တကယ်ကြီး မျက်ဝါးထင်ထင် မြင်နေရတာလား?

၎င်း၏ ဧရာမအရွယ်အစားနှင့် ငိုကြွေးစေနိုင်လောက်သည့် ကြောက်မက်ဖွယ်ရာကောင်းသော အသွင်အပြင်သည် သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားများထဲက သတ္တဝါကြီးတွေထက် ပိုပြီးထိတ်လန့်ဖွယ် ကောင်းနေသည်။

ပုံမှန်ဝေလငါးဖမ်းခရီးထွက်လာစဉ်တွင် ဤကဲ့သို့ အရာမျိုးကို ကြုံတွေ့ရမည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

"ဂလု..."

လူအုပ်ထဲတွင် တံတွေးမျိုချသံတစ်ခု ပေါ်လာခဲ့သော်လည်း ဤအချိန် မည်သူမျှ စကားပြောလိုစိတ် ရှိမနေကြချေ။ သူတို့အားလုံးသည် အံ့အားသင့်လွန်သောကြောင့် စကားပင် မစနိုင်ပေ။

"ဒီထူးဆန်းတဲ့ ငါးကြီးရဲ့သတင်းသာ ကမ္ဘာကြီးတစ်ခုလုံး သိသွားရင် အားလုံးက ရူးသွားမှာ သေချာတယ်..!"

အတွေးတစ်ခု ယိုရှီဒါ၏ ခေါင်းထဲတွင် ရုတ်တရက် ထွက်ပေါ်လာပြီး ၎င်းနှင့် တဆက်တည်း ထူးဆန်းသော စိတ်လှုပ်ရှားမှုတစ်ခုက သူ၏ စိတ်ထဲတွင် ဖြစ်ပေါ်လာသည်။

"ကယ်ကြပါ…! အူး... ကယ်ကြပါ…!"

ရုတ်တရက် အော်သံတစ်ခုက ယိုရှီဒါကို လက်တွေ့ကမ္ဘာသို့ ပြန်ဆွဲခေါ်လာသည်။

သူသည် အသံ၏ မူလအစကို ရှာဖွေချိန်တွင် ပင်လယ်ပြင်မှာ လူအနည်းငယ်သည် ဝေလကျွန်းဆီသို့ ကူးခတ်လာရင်း အကူအညီတောင်းနေသည်အား တွေ့လိုက်ရသည်။

ထိုသူများသည် စပိဘုတ်ငါးစင်းက အသက်ရှင်ကျန်ရစ်သော လူအနည်းငယ်သာ ဖြစ်သည်။

ယိုရှီဒါက လျင်မြန်စွာ တုန့်ပြန်ပြီး ကြိုးချပေးတော့မည့် အချိန်တွင် လျင်မြန်စွာ ရေထုကွဲလာသံတစ်ခုအား နောက်တစ်ကြိမ် ကြားလိုက်ရသည်။

"ဂလု..."

သူ၏ ခန္ဓာကိုယ်က အေးခဲသွားပြီး ၎င်းအသံပေါ်လာသည့်ဘက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။

ဤတွင် သူ၏ အနည်းငယ် ပြေလျော့နေသည့် ခန္ဓာကိုယ်မှာ နောက်တစ်ဖန် တင်းမာသွားပြန်သည်။

ဧရာမငါးကြီး ရွေ့သွားပြီးနောက် သူသည် အခြားသော ရေထဲမှ ပေါ်ထွက်လာသည့် သတ္တဝါကြီး တစ်ကောင်အား နောက်တစ်ဖန် မြင်လိုက်ရသည်။

မြွေကြီး။

ဧရာမမြွေကြီးတစ်ကောင် ဖြစ်သည်။

"ဒါ..."

ယိုရှီဒါ မာဆာအိချီသည် ပြိုလဲသွားတော့မလို ဖြစ်သွား၏။

ပထမက ဧရာမငါးကြီး၊ အခုလည်း ဧရာမမြွေတစ်ကောင် ...။ ကမ္ဘာကြီး ဘာတွေဖြစ်ကုန်တာလဲ..!

ကမ္ဘာကြီး အဆုံးသတ်ချိန် ရောက်လာပြီလား...?

မကြာမီ ယိုရှီဒါနှင့် အဖွဲ့သားများ၏ လန့်ဖျပ်သွားသော မျက်လုံးများအောက်တွင် ဧရာမသတ္တဝါနှစ်ကောင် တိုက်ခိုက်ကြတော့သည်။

ဖုန်းးး

ဖန့်ရန်နှင့် ဧရာမငါးကြီးတို့ တိုက်မိသွားကြသည့်အချိန်တွင် နားစည်ကို ပေါက်ကွဲစေလောက်သော အသံကြီးတစ်ခု ဖြစ်ပေါ်လာ၏။

၎င်းကျယ်လောင်သော အသံကြောင့် သင်္ဘောသားတို့၏ နားများသည် နာကျင်မှုကို ခံစားလိုက်ရသည်။ တစ်စုံတစ်ယောက်က ၎င်းတို့၏ နားကို လက်သီးနှင့် တိုက်ရိုက်ဖြတ်ထိုးသွားသလို ဖြစ်သည်။

ထိုနည်းတူ၊ ဧရာမလှိုင်းလုံးကြီးများသည် မာရူကျွန်းဆီသို့ ရိုက်ခတ်လာပြီး ကျွန်းအား အနည်းငယ် လှုပ်ခါစေသည်။

"ကပ္ပိတိန်... ဒီနေရာကနေ မြန်မြန် ထွက်ပြေးကြရအောင်!"

"ကြောက်စရာကောင်းလိုက်တာ... အဲတာကြီးတွေက တကယ်ကြီးဘာတွေလဲ...!"

"အိုရိုချိပဲ... ဒါက ဒဏ္ဍာရီလာ မြွေကြီး!"

(TN/ တကယ်ဟုတ်မဟုတ် မသိဘူးနော်)

၎င်းကျယ်လောင်သော တိုက်မိသံကြီးသည် သတိလစ်နေသော သင်္ဘောသားများကိုလည်း သတိလည်လာစေပြီး သူတို့အား အော်ဟစ်စေပြန်သည်။

သင်္ဘောကပ္ပိတိန်က သင်္ဘောသားများ၏ အော်ဟစ်သံများကို ကြားပြီးနောက် တုန့်ပြန်လာတော့သည်။ သူသည် အလွန်စိုးရိမ်နေပုံရကာ ဤနေရာမှ အမြန်ထွက်ခွာချင်နေလေသည်။

သို့သော် သင်္ဘောကို လှည့်၍ မရပေ။ ဤနေရာမှ ထွက်ခွာလိုလျှင် ထိုဧရာမသတ္တဝါကြီး နှစ်ကောင်၏ အလယ်မှ ဦးစွာဖြတ်သန်းရပေမည်။ ထိုသို့ပြုလုပ်သည်က ပိုပြီး လျင်မြန်စွာ သေဆုံးသွားစေနိုင်သည်။

အဆုံးတွင် သင်္ဘောသားအားလုံးက ဝေလကျွန်းပေါ်ကနေ ဧရာမသတ္တဝါကြီးနှစ်ကောင် တိုက်ခိုက်သည်ကို ကြောက်ရွံ့စွာဖြင့် ငေးကြည့်နေကြရတော့သည်။

ဖန့်ရန်သည် အလင်းငါးကြီးကို အပြင်းအထန် တိုက်လိုက်ပြီးနောက် ခုန်ပျံထွက်လိုက်ပြီး ၎င်း၏ အမြီးတိုက်ချက်ကို လွယ်ကူစွာ ရှောင်လိုက်သည်။

သန္ဓေပြောင်းအလင်းငါးကြီး၏ အဓိက အစွမ်းသတ္တိသည် ၎င်း၏ ချွန်ထက်သော သွားစွယ်များတွင် ရှိမနေဘဲ ၎င်း၏ အမြီးပေါ်ရှိ အရိုးဆူးချွန်များတွင် ရှိနေခြင်း ဖြစ်သည်။

၎င်းအရိုးဆူးချွန်များသည် အလွန်ချွန်ထက်ပြီး သူ၏ အကြေးခွံကိုပင် အလွယ်တကူ ထိုးဖောက်နိုင်လေသည်။

ဖန့်ရန်၏ အကြေးခွံသည် သံမဏိထက်ပင် မာကျောပြီး၊ တင့်ကားအမြှောက်များကိုပင် ခုခံနိုင်သည်။ ဤအချက်သည်ပင် အလင်းငါးကြီး၏ ခွန်အားနှင့် အရိုးဆူးချွန်တွေ၏ ချွန်ထက်မှုကို မှန်းဆနိုင်ပေမည်။

မကြာသေးမီက သူသည် ၎င်းအရိုးဆူးများ၏ တိုက်ခိုက်မှုဒဏ်ကို ခံခဲ့ရပြီး၊ အလွန်ကြီးမားသော ဒဏ်ရာတစ်ခုကို ရရှိခဲ့သည်။ ဤတွင် ထိုဒဏ်ရာမှ သွေးများ ပန်းထွက်လာခဲ့သည်။

သို့သော် သူ၏ လျင်မြန်သော ကုသမူ စွမ်းရည်ကြောင့် ၎င်းဒဏ်ရာသည် မိနစ်ပိုင်းအတွင်း ပျောက်ကင်းသွားခဲ့သည်။

သူတို့ နှစ်ကောင်သည် ယခင်က အခြားနေရာတစ်ခုတွင် တိုက်ခိုက်ခဲ့ကြပြီး အလင်းငါးက ရှုံးနိမ့်ကာ ထွက်ပြေးသောကြောင့် ၎င်းနောက်လိုက်ရင်း ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

သူ မျှော်လင့်မထားသည်မှာ ဤနေရာတွင် သင်္ဘောတစ်စီးနှင့် ကြုံရခြင်းပင်။

ဖန့်ရန်သည် ၎င်းတို့အားလုံးက ဂျပန်နိုင်ငံသားများဖြစ်ကြောင်း အလွယ်တကူ မှတ်မိလိုက်ပြီး၊ ဝေလငါး လိုက်ဖမ်းနေမှန်းလည်း သတိထားမိသည်။

သူသည် ၎င်းတို့အား ဂရုမစိုက်ပေ။ သူ့ကို တွေ့သွားမည်ကိုလည်း စိုးရိမ်နေခြင်းမရှိပေ။ အကယ်၍ တစ်စုံတစ်ယောက်သာ သူ့အား ထိပါးလာခဲ့လျှင်၊ သူသည် ပင်လယ်အောက်နက်ရှိုင်းသော တစ်နေရာတွင် ပုန်းအောင်းပြီး တိတ်တဆိတ် ဖွံ့ဖြိုးတိုးတက်ပေမည်။

သို့သော် သူ့တွင် လုံလောက်သော အင်အားရှိလာချိန်တွင်တော့ သူ့အား ထိပါးခဲ့သူတိုင်းကို သူ၏ အမျက်ဒေါသဖြင့် လောင်ကြွမ်းစေမည် ဖြစ်သည်။

"ဂါး!"

ဖန့်ရန့က ထိုသို့ စဉ်းစားနေချိန်တွင် သူ့နှင့် ဆန့်ကျင်ဘက်ရှိ ဧရာမငါးကြီးက ပြန်လည်တိုက်ခိုက်လာသည်။

ရေပြင်ကို လှိုင်းထစေကာ အလင်းငါးကြီး၏ ခန္ဓာကိုယ်သည် သူ့ဆီသို့ လျင်မြန်စွာ ချဉ်းကပ်ရောက်ရှိလာသည်။

သူ့ရှေ့သို့ ရောက်လာသော ဧရာမအလင်းငါးကြီးကို ကြည့်ရင်း ဖန့်ရန်သည် သူ၏ ပါးစပ်ကို ဟကာ ကြောက်ရွံ့ခြင်းမရှိဘဲ ရှေ့သို့တိုးကာ ဦးတည်တိုက်ခိုက်လိုက်တော့သည်။

သူသည် ယခင်က ဤအကောင်ကြီးကို တစ်ကြိမ် အနိုင်ရခဲ့ပြီပြီး ဖြစ်သည်။ ထိုကြောင့် သူသည် ယခုတွင် အနည်းငယ်မျှ မကြောက်တော့ပေ။

နောက်ထပ် အကြိမ်အနည်းငယ် တိုက်ခိုက်ပြီးနောက် သန္ဓေပြောင်းအလင်းငါးကြီးသည် ဒဏ်ရာ အနည်းငယ် ရသွားပြီး လျင်မြန်စွာဖြင့် ဝေလကျွန်းဆီသို့ ထွက်ပြေးလေသည်။

.....

All Chapters