← Chapters

လိပ်များ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု

Vol. 11 Ch. 145

လိပ်များ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု

Vol. 11 Ch. 145

ဖန့်ရန်သည် ကမ်းခြေရှိ မိခင်နှင့် ကလေးမအား ဂရုစိုက်ခြင်း မရှိခဲ့ပေ။ သူ၏ ရေထဲမှ ခုန်ထွက်လိုက်ရခြင်း၏ အကြောင်းရင်းမှာ ငါးဖမ်းရန်သာ ဖြစ်သည်။

၎င်းကျွန်းကို ခဏတာ ပတ်ကူးခတ်ပြီးနောက် ဖန့်ရန်သည် ဦးတည်ရာတစ်ခုကို ရွေးချယ်ကာ ကီလိုမီတာ (၂၀) အကွာအဝေးခန့် ကူးခတ်လာခဲ့ချိန်တွင် ထူးဆန်းသော အနံ့တစ်ခုကို ရရှိမိလိုက်သည်။

၎င်းအနံ့မှာ အတော်လေးရင်းနှီးပြီးသား အနံ့ဖြစ်သည်။

"ဒါ လိပ်တွေရဲ့အနံ့ပဲ..."

ဖန့်ရန် အံ့အားသင့်သွားသည်။ သူသည် လိပ်တွေကို စားဖူးခြင်းကြောင့် ၎င်းတို့၏ အနံ့ကို ကောင်းစွာမှတ်မိပေသည်။ ဤနေရာတွင် ထိုရင်းနှီးသောအနံ့ကို ပြန်တွေ့မည်ဟု မမျှော်လင့်ထားပေ။

သူသည် အနည်းငယ်မျှ မတွန့်ဆုတ်သွားဘဲ မြားတစ်စင်းကဲ့သို့ အမြန်နှုန်းဖြင့် သွားလိုက်သည်။ မိနစ်အနည်းငယ်မျှ သွားပြီးနောက် သူ၏ အရှေ့တွင် ကျွန်းတစ်ကျွန်းပေါ်လာခဲ့သည်။

လိပ်အနံ့သည် ဤကျွန်းမှ ထွက်လာခြင်းသာ ဖြစ်၏။

ဖန့်ရန် ကျွန်းအနားသို့ ချဉ်းကပ်လာချိန်တွင် ၎င်းကျွန်း၏ ကမ်းခြေတစ်ခုလုံးနီးပါးကို လိပ်တွေက ဖုံးလွှမ်းနေမှန်း တွေ့မြင်လိုက်ရသည်။ ၎င်းတို့သည် အုပ်စုလိုက် ရှိနေခြင်းသာဖြစ်ပြီး ကမ်းခြေ၏ ဧရိယာကျယ်ကြီးကို ဖုံးလွှမ်းထားခြင်း ဖြစ်သည်။

"နောက်ဆုံးတော့ မင်းတို့ကို ရှာတွေ့ပြီ..."

သူသည် ဤလိပ်တွေကို ရှာဖွေရန် အချိန်အတော်ကြာခဲ့စဉ်ကတည်းက စိတ်ပျက်နေခဲ့ပြီ ဖြစ်သည်။

သို့သော် ၎င်းတို့ မိတ်လိုက်နေချိန် မတော်တဆ ကြုံတွေ့လိုက်ရမည်ဟု သူမမျှော်လင့်ထားခဲ့မိပေ။

သူသည် ယခင်က ဤကျွန်းကို မကြာခဏဖြတ်သန်းသွားလာခဲ့ဖူးသော်လည်း လိပ်မဆိုနှင့် မည်သည့် ခြေရာလက်ရာ အမှတ်အသားမှ မတွေ့ခဲ့ရပေ။

ကြည့်ရသည်မှာ ဤလိပ်အုပ်စုသည် မကြာသေးမီအချိန်ကမှ ဤနေရာသို့ ဥဥချရန်ရောက်လာခြင်းသာ ဖြစ်ရပေမည်။ ထိုကြောင့်လည်း ယခင် ဤကျွန်းလူသူမဲ့ကျွန်းကို ဖြတ်သန်းစဉ်က ဘာမှမတွေ့ခဲ့ခြင်း ဖြစ်နိုင်သည်။

ဖန့်ရန်သည် ပုန်းအောင်းရန်အတွက် အချိန်မဖြုန်းဘဲ ကမ်းခြေသို့ တိုက်ရိုက် အမြန်ကူးခတ်လာခဲ့သည်။ ဤတွင် လိပ်များမှာ သူ့အား သတိထားမိသွားကြပြီး သတ်ဖြတ်ပွဲကြီးလည်း စတင်ခဲ့တော့သည်။

ဤနေရာတွင် ရှိနေသော လိပ်များမှာ အလွန်ကြီးမားခြင်း မရှိချေ။ အကြီးဆုံးလိပ်များပင် သူမြင်ခဲ့ဖူးသည့် လိပ်ကြီးလောက် မကြီးပေ။ လိပ်အများစုမှာ အချင်း (၁) မီတာခန့်သာရှိ၏။

၎င်း (၁) မီတာအရွယ် လိပ်တစ်ကောင်သည် စနစ်အမှတ် ၁၀၀၀ ခန့်သာ ပေးနိုင်လေသည်။

သို့သော် ဖန့်ရန်မှာ စိတ်ပျက်နေခြင်း မရှိပေ။ မည်သို့ပင် ဆိုစေ လိပ်အရေအတွက် အလွန်များပြား၏။ သူ့ခန့်မှန်းချက်အရဆို ဤကမ်းခြေတွင် လိပ် (၃၀၀) ခန့်ရှိပေမည်။

တနည်းအားဖြင့် ဆိုရသော် ဤလိပ်အုပ်စုတစ်စုလုံးကိုသာ အပြည့်အဝစားသုံးလိုက်နိုင်လျှင် စနစ်အမှတ် (၂၀၀၀၀၀) ကျော် (သို့မဟုတ်) (၃၀၀၀၀၀) ကျော်အထိ ရနိုင်လေသည်။

ဤတွင် ထိုမျှ စနစ်အမှတ် ပမာဏအားလုံးရရှိရန်ဖို့ အမှန်တကယ် မဖြစ်နိုင်ပေ။ သူ့ကိုမြင်ပြီးနောက် လိပ်အများအပြား ထွက်ပြေးကြပေမည်။ ဤလိပ်များသည် သူ၎င်းတို့အကုန်လုံးအား သတ်ပြီးသည်အထိ ရှိနေရန် မနှေးပေ။ ပိုပြီးအရေးကြီးဆုံးမှာ ပင်လယ်ပြင်နှင့် အလွန်နီးကပ်နေပြီး (၁၀) စက္ကန့်အတွင်းပင် ပင်လယ်ထဲသို့ ရောက်နိုင်သည်။

ခရက်ချ်!

ဖန့်ရန်၏ ချွန်ထက်သော သွားများက ပင်လယ်ထဲသို့ ထွက်ပြေးနေသော လိပ်တစ်ကောင်၏ ဦးခေါင်းကို ကိုက်ဖြတ်သွားသည်။ ၎င်းလိပ်၏ ခြေလက်များသည် ခဏတာလှုပ်ရှားနေပြီးနောက် လှုပ်ရှားခြင်း မရှိတော့ပေ။

သူသည် လိပ်ကို ချက်ချင်းမမျိုချသေးပေ။ အခြားလိပ်များမှာ ထွက်ပြေးနေဆဲ ဖြစ်သောကြောင့် ဖြစ်သည်။

လိပ်တစ်ကောင်ကို သတ်ပြီးနောက် သူ၏ မျက်လုံးများသည် အခြားထွက်ပြေးနေသော လိပ်များပေါ်သို့ ကျရောက်သွားသည်။

(၅) မိနစ်ကြာပြီးနောက် ဤနေရာသို့ ဥဥချရန်ရောက်ရှိလာသော လိပ်များသည် သေဆုံးနေသွားခြင်း (သို့) ပင်လယ်ထဲသို့ ထွက်ပြေးသွားခြင်းဖြင့် အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။

ကမ်းခြေတွင် ရှိနေသော လိပ်သေ အကောင် (၁၀၀) ကျော်ကို ကြည့်ရင်း ဖန့်ရန်သည် ၎င်းတို့အား တစ်ကောင်ပြီးတစ်ကောင် မျိုချလိုက်သည်။

မြွေဟောက်အများစုနှင့် မြွေမျိုးစိတ်အများစုသည် လိပ်များကို မျိုချလေ့မရှိပေ။ ထိုသည်မှာ ၎င်းတို့၏ အခွံများသည် အစာခြေဖျက်ရန် အလွန်ခက်ခဲခြင်းကြောင့်လည်း ဖြစ်သည်။ ဖန့်ရန်အတွက်မှာမူ ၎င်းကပြဿနာ မရှိပေ။ သူ၏ အစာအိမ်အက်ဆစ်သည် အလွန်မာကျောသော လိပ်ခွံများကို အလွယ်တကူ ချေဖျက်နိုင်သည်။

အချိန်သည် အလွန်ကြာမြင့်ခဲ့ခြင်းမရှိဘဲ ကမ်းခြေပေါ်ရှိ လိပ်အားလုံးသည် ဖန့်ရန်၏ အစာအိမ်ထဲသို့ ရောက်ရှိသွားခဲ့၏။ ဤအမဲလိုက်မှုမှ သူသည် စနစ်အမှတ် (၁၃၀၀၀၀) ကျော်ကို ရရှိခဲ့သည်။

ဤပမာဏမှာ သန္ဓေပြောင်း အလင်းငါးဆီက ရသည်ထက် ပိုမိုများပြားပေသည်။

"နောက်ဆုံးတော့ အဆင့်မြှင့်နိုင်ပြီ"

သူ၏ ကိုယ်ရေးအကျဉ့်ဇယားရှိ စနစ်အမှတ်ပမာဏကို ကြည့်ရင်း ဖန့်ရန် စိတ်ထဲ ပျော်ရွှင်မှုများ ပြည့်လျှံသွားခဲ့သည်။ သူသည် မြွေဖြစ်လာပြီး ကတည်းက ဤအကြိမ်မှာ ဆင့်ကဲဖြစ်စဉ်စတင်ရန် အချိန်အကြာဆုံးလည်း ဖြစ်သည်။

ယခင်လို ဆင့်ကဲဖြစ်စဉ်စတင်ရန် အချိန်ကြာမြင့်ရသည်မှာလည်း သူ၏ ခရီးလမ်းကြောင့် ဖြစ်သည်။ အကယ်၍ သူသာ အမဲလိုက်ခြင်းကို အာရုံစိုက်ထားခဲ့လျှင် ဆင့်ကဲဖြစ်စဉ်စတင်ရန် အချိန်တိုအတွင်း ပြီးမြောက်နိုင်ပေသည်။

ဤအကြိမ်မှာတော့ ကွဲပြားသည်။ သူသည် အမဲလိုက်ခြင်းကိုသာ အာရုံစိုက်ခဲ့သော်လည်း ဆင့်ကဲဖြစ်စဉ်စတင်ရန် အချိန်အတော်ကြာခဲ့ပေသည်။ ထို့အပြင် ပင်လယ်ပြင်ကဲ့သို့ သားကောင်ပေါများသော နေရာတွင်တောင် ဖြစ်နေသည်။

ဖန့်ရန်သည် ပင်လယ်ထဲသို့ ပြန်ဆင်းသွားပြီး၊ ရှေ့ဆက်သွားကာ ယခင်နေထိုင်ခဲ့သော ကျွန်းကို ဆက်ရှာသည်။

ထိုလူသူကင်းမဲ့သော ကျွန်းသို့ ပြန်ရောက်ပြီးနောက် ဆင့်ကဲဖြစ်စဉ်ကို စတင်မည် ဖြစ်သည်။

(၁၀) ကီလိုမီတာကျော်မျှ ကူးခတ်လာပြီးနောက် သူသည် ၎င်းဒေသ ပတ်ဝန်းကျင်ကို မှတ်မိလာကာ လူသူကင်းမဲ့သောကျွန်း၏ တည်နေရာကို ခန့်မှန်းနိုင်လာသည်။

သူယခင်နေထိုင်ခဲ့သော ကျွန်းသည် ဤနေရာမှ အတော်လေးဝေးကွာသည်။ ကီလိုမီတာအားဖြင့် (၁၅၀) ခန့် ကွာဝေးမည်ဟု သူခန့်မှန်းထားမိသည်။

(၂) နာရီကျော်ကြာ ကူးခတ်ပြီးနောက်ဆုံးတွင် ဖန့်ရန်သည် လူသူကင်းမဲ့သောကျွန်းသို့ ပြန်ရောက်လာခဲ့သည်။ သူသည် သူ၏ နေထိုင်ရာ အသိုက်သို့ ပြန်ရောက်သည်နှင့် စနစ်အား ချက်ချင်းပြောလိုက်သည်။

"ဆင့်ကဲဖြစ်စဉ် စတင်မယ်!"

ထိုစကားအား စနစ်ကို ပြောပြီးသွားသည့် အချိန်တွင် သူ၏ ခန္ဓာကိုယ်က စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။

သို့သော် ဖန့်ရန်သည် ထိုခံစားမှုအား အကြိမ်ပေါင်းများစွာ ကြုံတွေ့ဖူးပြီ ဖြစ်သောကြောင့် ဂရုမစိုက်တော့ပေ။

သို့သော် တစ်ခုသောအရာမှာ သူ့ကို အံ့အားသင့် စေခဲ့ပေသည်။

၎င်းသည် သူ၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်ပေါက်လာခြင်းကြောင့်ပင် ဖြစ်သည်။ ထိုခံစားချက်သည် သူ၏ သွေးလိုင်းအား အဆင့်မြှင့်စဉ်က ခံစားခဲ့ရသည့် အတိုင်းပင် ဖြစ်သည်။

"ငါ ဒီတစ်ခါလည်း အိပ်ပျော်သွားမှာလား?"

ဖန့်ရန်က တွေးလိုက်မိသည်။ သူ၏ အံအားသင့်နေခဲ့သော စိတ်ခံစားချက်များသည် တဖြည်းဖြည်း ငြိမ်သက်လာခဲ့သည်။

လူသူကင်းမဲ့သော ဤကျွန်းမှာ ဆင့်ကဲဖြစ်စဉ် စတင်ရန် အလွန်သင့်တော်လေသည်။ ဤနေရာသည် ဝေးလံခေါင်သီသည့် အပြင် အပင်များဖြင့် ကျွန်းတစ်ခုလုံးအား ဖုံးလွှမ်းနေသောကြောင့် သူ့ကိုမြင်နိုင်ရန် အလွန်ခက်ခဲပေသည်။

ဖန့်ရန်သည် တည်ငြမ်စွာ လှဲလျောင်လိုက်သည်။ တဖြည်းဖြည်း ထူးဆန်းသော အိပ်ငိုက်သည့် ခံစားချက်မှာ ပိုမိုပြင်းထန်လာပြီး နောက်ဆုံးတွင် ထူးဆန်းသည့် အိပ်မောကျသော အခြေအနေသို့ သူရောက်ရှိသွားခဲ့၏။

.....

All Chapters