← Chapters

ပင်လယ်ထဲက သတ္တဝါကြီး ပေါ်ထွက်လာခြင်း

Vol. 11 Ch. 148

ပင်လယ်ထဲက သတ္တဝါကြီး ပေါ်ထွက်လာခြင်း

Vol. 11 Ch. 148

ဖန့်ရန်သည် မဝေးလှသော ရှေ့တစ်နေရာမှ လင်းလက်နေသည့် အလင်းရောင်ကို စိုက်ကြည့်နေ၏။ ထိုအလင်းရောင်နှင့်အတူ သိသာထင်ရှားသော အသံတစ်ခုလည်း ကြားလာရသည်။

အလင်းရောင်သည် တဖြည်းဖြည်း နီးကပ်လာသည်။

ထိုသေးငယ်သော အလင်းရောင်မှာ မကြာမီတွင် မည်းနက်နေသည့် သံမဏိရေငုပ်သင်္ဘောတစ်စင်း အဖြစ်သို့ ပြောင်းလဲသွားသည်။

“လူသားတွေရဲ့ ရေငုပ်သင်္ဘောလား...”

တရွေ့ရွေ့ ချဉ်းကပ်လာသော ရေငုပ်သင်္ဘောကို မြင်တွေ့နေရသော ဖန့်ရန်သည် တွေးလိုက်မိပြီး ၎င်းတို့ကို နှောင့်ယှက်သင့်သည်လား သို့မဟုတ် အလားတူ အပြုအမူများ ပြုလုပ်သင့်လားဟု စဉ်းစားမိလိုက်သည်။ ထိုအခိုက်တွင် သူသည် တစ်စုံတစ်ခုအား ခံစားမိလိုက် ဖြစ်သွားသည်။

သူသည် အံ့အားသင့်နေသော မျက်နှာအမူအရာဖြင့် သူ့ညာဘက်ခြမ်းကို လှမ်းကြည့်လိုက်ပြီး စက္ကန့်အနည်းငယ်ကြာ တွေးတောကာ အမှောင်ထုထဲသို့ တဖြည်းဖြည်း ကိုယ်ယောင်ဖျောင်ဝင်သွားပြီး ရေငုပ်သင်္ဘော၏ လမ်းကြောင်းမှ ဖယ်ရှားလိုက်သည်။

...

ထိုနေ့ နေ့လည်ခင်းတွင် လီဇီနှင့် လွိုင်ဟွမ်တို့သည် နေ့လယ်စာ စားသုံးပြီးနောက် ကွန်ပျူတာရှေ့၌ ထိုင်ကာ ဂျော်နီ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှု စတင်လာသည်မှာ ကိုးရက်ကြာသွားပြီ ဖြစ်သော်လည်း သင်္ဘောပျက်ကို ရှာဖွေတွေ့ရှိမည့် အရိပ်လက္ခဏာပင် မတွေ့ရသေးပေ။

ပထမနေ့တွင် တွေ့ရသည့် မမြင်ဖူးသေးသော သတ္တဝါသစ်တစ်ကောင်ကလွဲ၍ နောက်ပိုင်းတွင် ဤထုတ်လွှင့်မှုတစ်ခုလုံးက စိတ်လှုပ်ရှားဖွယ်အကြောင်းအရာများ မရှိသလောက်ဖြစ်နေသည်။

ဤအစီအစဉ်၏ လူကြိုက်များမှုလည်း ကျဆင်းလာခဲ့သည်။ ၎င်း၏ အဆင့်သတ်မှတ်ချက်နှင့် ကြည့်ရှုသူအရေအတွက်သည် ပထမနေ့နှင့် နှိုင်းယှဉ်လျှင် များစွာကွာခြား၏။

လီဇီနှင့် လွိုင်ဟွမ်တို့ အတွက်မှာမူ ငြီးငွေ့စရာအကြောင်း မရှိပေ။ ပုံမှန်အားဖြင့် သူတို့သည် လုပ်စရာကိစ္စများ မရှိသည့်အတွက် ဤတိုက်ရိုက်ထုတ်လွှင့်မှုကို အချိန်ကုန်သက်သာစွာ ကြည့်ရှုနေခြင်းမှာ ကောင်းသည်ဟု ထင်မြင်နေသည်။

တစ်ခါတစ်ရံတွင် ပင်လယ်နေသတ္တဝါများကို ကြည့်ရှုရသည်မှာလည်း တစ်မျိုးကောင်းပေသည်။ မနေ့ကဆို ဂျော်နီတို့သည် ရေငုပ်သင်္ဘောဖြင့် ဝေလငါးကြီးတစ်ကောင်၏ ဓာတ်ပုံကို ရိုက်ကူးနိုင်ခဲ့သည်။

သို့သော်...

ထိုဝေလငါးကြီး ဖန်သားပြင်ပေါ်တွင် ပေါ်လာသည့်အခါ လီဇီနှင့် လွိုင်ဟွမ်တို့မှာ လန့်တကြား ဖြစ်သွားခဲ့ရသည်။ ထိုဝေလငါးက သာမန်ထက် အရွယ်အစားထက် အဆမတန် ကြီးမားနေသည်။

“ဂျော်နီတို့ သင်္ဘောပျက်ကို ဘယ်တော့မှ ရှာတွေ့မလဲမသိ...”

လီဇီ စိတ်ထဲတွင် တွေးမိနေသည်။ သူသည် သင်္ဘောပျက်ကို ဖြစ်နိုင်သမျှ အမြန်ဆုံး မြင်လိုနေ၏။ သို့သော် သူ့အတွက် အရေးကြီးဆုံးအရာမှာ ဂျော်နီ၏ သူအကြိုက်ဆုံး တီဗီအစီအစဉ်တင်ဆက်မူဖြစ်ပြီး ၎င်း၏ အစီအစဉ် လူကြိုက်နည်းလာသည်ကို မမြင်လိုပေ။

သို့သော် စိတ်ပျက်စရာကောင်းသည်မှာ မိနစ်နှစ်ဆယ်ကြာအောင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပြီးသည့် မည်သည့် နောက်ထက်အသစ်အဆန်းကိုမှ မတွေ့ရတော့ခြင်းပင်။

"ဒီနေ့လည်း စိတ်လှုပ်ရှားစရာ မရှိဘူးထင်တယ်"

လီဇီက ခေါင်းရမ်းမိသည်။ သို့သော် သူ့ဘေးနားရှိ လွိုင်ဟွမ်၏ အသံမှာ ရုတ်တရက် ထွက်ပေါ်လာသည်။

"လီဇီ ဖန်သားပြင်ကို ကြည့်လိုက်ဦး!"

လွိုင်ဟွမ်၏ အသံကို ကြားရပြီးနောက် လီဇီက စိတ်ရှုပ်ထွေးစွာဖြင့် ဖန်သားပြင်ကို ပြန်လှည့်ကြည့်လိုက်သည်။ ဖန်သားပြင်ပေါ်တွင် ရုတ်တရက် အရိပ်တစ်ခု ပေါ်လာသည်ကို သူမြင်လိုက်ရ၏.။

ရေငုပ်သင်္ဘောမှ ရေအောက် မီးချောင်းများသည် ထိုအရိပ်၏ ပုံပန်းသဏ္ဍာန်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်စေသည်။ ၎င်းသည် ကြီးမားသော သင်္ဘောပျက်တစ်စင်း ဖြစ်၏။

" နောက်ဆုံးတော့ သူတို့ ရှာတွေ့သွားပြီ"

သင်္ဘောပျက်ကို မြင်တွေ့လိုက်ရသော လီဇီသည် စိတ်လှုပ်ရှားသွား၏။

"အပျော်မစောနဲ့ ဝေလကျွန်း ဖြစ်ပါစေအုံး"

သူ့ဘေးရှိ လွိုင်ဟွမ်က အေးဆေးစွာပြောသည်။

လီဇီနှင့် လွိုင်ဟွမ်တို့သည် ထိုသင်္ဘောပျက်သည် ဝေလကျွန်း ဟုတ်မဟုတ်အား စူးစမ်းပြောဆိုနေကြစဉ် ရေငုပ်သင်္ဘောအတွင်းရှိ ဂျော်နီနှင့် အယ်လ်ဆင်တို့သည် ၎င်းသင်္ဘောပျက်အား သတိထားမိသွားကြ၏။

သူတို့နှစ်ယောက်စလုံး၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားသည်။

"အဲဒီဆီကို မောင်းသွား"

ဂျော်နီဘေးမှာ ထိုင်နေသည့် အယ်လ်ဆင်က ရေယာဉ်မောင်းသူအား အမိန့်ပေးလိုက်သည်။

မကြာမီ ရေငုပ်သင်္ဘောသည် သင်္ဘောပျက်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့၏။

ချဉ်းကပ်လာပြီးနောက် အယ်လ်ဆင်သည် ဝေလကျွန်း၏ ပုံစံနှင့် လက်ရှိသင်္ဘောပျက်ကို ပုံစံချင်းယှဥ်ကြည့်သည်။

"မစ္စတာ အယ်လ်ဆင်၊ ဒါက ဝေလကျွန်းဆိုတာ မှန်ရဲ့လား"

မိနစ်အနည်းငယ်ကြာပြီးနောက် ဂျော်နီသည် သည်းမခံနိုင်တော့ဘဲ တိုက်ရိုက်သာ မေးမြန်လိုက်သည်။

"အခြေခံအားဖြင့်တော့ ဒီဟာ သေချာပါတယ်"

အယ်လ်ဆင်က ခေါင်းညိတ်ပြလိုက်သည်။

၎င်း၏ ပုံပန်းသဏ္ဍာန်နှင့် အပြင်ပန်းသွင်ပြင်သည် ဝေလကျွန်း သင်္ဘောနှင့် အလွန်ဆင်တူပေသည်။ သို့သော် ၎င်းဖြစ်ကြောင်း အတည်ပြုရန် သက်သေအထောက်အထား လိုအပ်နေသေးသည်။

ဥပမာအားဖြင့် ၎င်းသင်္ဘောပျက်၏ အမှတ်စဉ် နံပါတ်ကို စစ်ဆေးခြင်း ဖြစ်သည်။

သို့သော် သင်္ဘောပျက်တစ်ခုလုံးတွင် ဖုန်မှုန့်များနှင့် ရေညိုများ ကပ်ညိနေသောကြောင့် အမှတ်စဉ်နံပါတ်အား မမြင်နိုင်ပေ။

"ရေငုပ်စက်ရုပ်တွေကို ထုတ်လိုက်ကြတော့၊ ဒီသင်္ဘောက ဝေလကျွန်းဆိုတာ အမှန်လား ဆိုတာ အတည်ပြုဖို့လိုတယ်"

ဤမျှနက်ရှိုင်းသော ရေအောက်တွင် လူသားများ သွားလာရန် မဖြစ်နိုင်သော်လည်း ရေငုပ်စက်ရုပ်များကို စေလွှတ်နိုင်ပေသည်။

ရေငုပ်စက်ရုပ်ဆိုသည်မှာ ကင်မရာနှင့် စက်ရုပ်လက်မောင်းတပ်ဆင်ထားသည့် သေးငယ်သော ရေငုပ်စက်ကိရိယာဖြစ်ကာ ရိုးရှင်းသည့် လုပ်ဆောင်ချက်များကို ပြုလုပ်နိုင်သော်လည်း ဤသို့ ရေအောက်တွင် ရှာဖွေရေးလုပ်ငန်းစဉ်များတွင် အသုံးများလေသည်။

အယ်လ်ဆင် အမိန့်အရ ရေငုပ်စက်ရုပ်နှစ်စင်းသည် ရေငုပ်သင်္ဘောမှ ထွက်ခွာပြီး သင်္ဘောပျက်ဆီသို့ ဦးတည်သွား၏။

စတူဒီယိုအတွင်း၌... ဂျော်နီ အရှေ့ရှိ ဖန်သား မျက်နှာပြင်တွင် အခြားမြင်ကွင်းမှ ရေငုပ်စက်ရုပ်နှစ်စင်း ရိုက်ကူးထားသည့် မြင်ကွင်းများသို့ ပြောင်းလဲသွားသည်။

စက်ရုပ်နှစ်စင်း သင်္ဘောပျက်သို့ ချဉ်းကပ်သွားသည်နှင့်အမျှ ၎င်း၏ အစိတ်ပိုင်းများကို ထင်ရှားစွာ မြင်သာလာသည်။

သင်္ဘောပျက်၏ ကိုယ်ထည်သည် ယေဘုယျအားဖြင့် ပြည့်စုံသော်လည်း သင်္ဘောလက်ရန်းများ ပျက်စီးနေပြီး ၎င်း၏ ဘေးတစ်ဖက်သည် ကြီးမားသော အချိုက့်ရာကြီး ရှိနေသည်။ ကြည့်ရသည်မှာ ၎င်း၏ ဒဏ်ရာဒဏ်ချက်များအရ တစ်စုံတစ်ရာနှင့် တိုက်မိခဲ့ဟန်ရှိသည်။

ဤမြင်ကွင်းကို မြင်တွေ့ရပြီးနောက် ဂျော်နီနှင့် အယ်လ်ဆင်တို့ လန့်တကြား ဖြစ်သွားသည်။

ထို့နောက် ဝန်ထမ်းများ၏ ထိန်းချုပ်မှုဖြင့် စက်ရုပ်နှစ်စင်းသည် နံပါတ်နံပတ်စဉ် ရှိရာနေရာသို့ ချဉ်းကပ်သွားပြီး သဲနှင့် ရေညှိများကို ရှင်းလင်းလိုက်သည်။

ထိုအခါ ၎င်းသင်္ဘော၏ အမှတ်စဉ်နံပါတ်နှင့် အမည်သည် မျက်နှာပြင်ပေါ်တွင် ထင်ရှားစွာပေါ်လာတော့သည်။

ဝေလကျွန်း ဟု ရေးထိုးထားသည့် အမှတ်စဉ်နံပါတ်တစ်ခု ဖြစ်သည်။

"တကယ်ကြီး... ဝေလကျွန်းပဲ"

အယ်လ်ဆင်က သက်ပြင်းချလိုက်သည်။ ယခုဆို ဤသင်္ဘောပျက်အား ဝေလကျွန်း ဖြစ်ကြောင်း အတည်ပြုပြီးသွာပြီ ဖြစ်သောကြောင့် အလုပ်တစ်ဝက်ခန့် ပြီးမြောက်သွားပြီဟု ဆိုရမည်။ ကျန်ရှိသည်မှာ ဤဝေလကျွန်း သင်္ဘောပျက်ကို စစ်ဆေးပြီး ၎င်းနစ်မြုပ်ရခြင်း အကြောင်းရင်းအား ရှာဖွေရမည် ဖြစ်သည်။

နောက်ပိုင်းတွင် အထက်ရှိ အဖွဲ့ဝင်များနှင့် ဆက်သွယ်ပြီး ဤသင်္ဘောပျက်ကို သယ်ဆောင်ရန် လုပ်ဆောင်ရပေမည်။

စက်ရုပ်နှစ်စင်းသည် ဝေလကျွန်း၏ ကုန်းပတ်ပေါ်သို့ ရောက်ရှိသွားပြီး ဖုန်မှုန့်နှင့် ရေညှိများကို ရှင်းလင်းကာ မြင်ကွင်းကို ပိုပြီး ရှင်းလင်းလာစေသည်။

သို့သော် ဂျော်နီ၊ အယ်လ်ဆင်နှင့် သူ၏ အဖွဲ့ဝင်များသည် မျက်နှာပြင်ပေါ်တွင် ပြသလိုက်သည့် ပုံရိပ်မှာ သူတို့အား ငေးမောသွားစေသည်။

ရေငုတ်စက်ရုပ်များ၏ သန့်ရှင်းရေး ပြုလုပ်ပြီးနောက် ဝေလကျွန်းရဲ့ သံမဏိကိုယ်ထည်ပေါ်တွင် ကြီးမားသော ခြစ်ရာတစ်ခု ပေါ်လာသည်။

သံမဏိသင်္ဘောကိုယ်ထည်ပေါ်တွင် ထိုကဲ့သို့သော ကြီးမားသော ခြစ်ရာကြီးအား မည်သည့်သတ္တဝါက ဖန်တီးပေးလိုက်သည်ကို သူတို့တွေးတောလို့မရပေ။ အထူးသဖြင့် ၎င်းက ကြီးမားသော ဓားကြီးတစ်လက်ဖြင့် ထိုးဖောက်ထားသလိုဖြစ်နေချိန်မှာ ပိုဆိုးသည်။

စတူဒီယိုအတွင်း ဂျော်နီနှင့် အယ်လ်ဆင်တို့ စောင့်ကြည့်နေခဲ့ကြ၏။ ၎င်းတို့၏ နှလုံးသားများ အပြင်းအထန် ခုန်နေသည်။ ရေငုပ်သင်္ဘောအတွင်း တင်းမာမှုများ ပြည့်နှက်နေသည်။

မလိုလားအပ်ပါဘဲ ထိုအချိန်မှာ သူတို့၏ စိတ်အတွေးထဲ ယိုရှီဒါ မာဆာဟီရို၏ ပုံရိပ်က ဝင်ရောက်လာခဲ့သည်။

"ပင်လယ်မိစ္ဆာလား"

သင်္ဘောနံရံက ကြီးမားသော ခြစ်ရာကြီးသည် ဂျော်နီနှင့် အယ်လ်ဆင်တို့ကိုသာ ထိတ်လန့်စေသည့်မဟုတ်ဘဲ ၎င်းတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသည့် လူတိုင်းကိုပါ ထိတ်လန့်တကြား ဖြစ်နေစေပေသည်။

"ဂလု"

ကွန်ပျူတာရှေ့တွင် ထိုင်နေသော လီဇီက တံတွေးမျိုချလိုက်သည်။ သူသည် ဖန်သားပြင်ပေါ်ရှိ ပုံရိပ်ကို ကြည့်ရှုလျက်

"ပင်လယ်ထဲမှာ တကယ်ပဲ မိစ္ဆာတွေရှိနေတာလား..."

လို့ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုမိလိုက်သည်။

ဘေးတွင်ရှိနေသော လွိုင်ဟွမ်မှာတော့ သူ့စကားအား မငြင်းပယ်ခဲ့ပေ။ ထိုသည်ကလည်း သူ၏ စိတ်ထဲတွင် အခိုင်အမာယုံကြည်ထားသော ယုံကြည်မှုများ စတင်ယိမ်းယိုင်လာခြင်းကြောင့် ဖြစ်လေသည်။

အမှန်ပင် ဝေလကျွန်းသင်္ဘောက ပင်လယ်မိစ္ဆာကြီး၏ တိုက်ခိုက်မှုကြောင့် နစ်မြုပ်သွားခဲ့ခြင်းပေလော။

သူတို့နှစ်ယောက်၏ မျက်နှာမှာ သင်္ဘောပျက်အား ပို၍ မြင်လာလေလေ ပို၍ တင်းမာလာလေလေ ဖြစ်သည်။

ရွှီးး!

ရုတ်တရက် ဖန်သားပြင်ပေါ်တွင် ရေအောက် ရေစီးကြောင်းများ မြင်သာလာသည်။

“ဘာဖြစ်သွားတာလဲ...”

ကွန်ပျူတာရှေ့တွင် ထိုင်နေသော လီဇီနှင့် လွိုင်ဟွမ်တို့ အလန့်တကြား ဖြစ်သွားကြသည်။ ဖန်သားပြင်ပေါ်ရှိ မြင်ကွင်းက ရေငုပ်သင်္ဘောအတွင်းပိုင်းသို့ ပြန်ပြောင်းသွား၏။

၎င်းမြင်ကွင်း ပြောင်းလဲသွားစဉ်တွင် လီဇီနှင့် လွိုင်ဟွမ်တို့၏ မျက်လုံးများ ပြူးကျယ်သွားခဲ့၏။

ရေငုပ်သင်္ဘော၏ အရှေ့အမှောင်ထုထဲက ကြီးမားသော အရိပ်မဲကြီးတစ်ခုသည် မယုံနိုင်လောက်သည့် လျင်မြန်သော အမြန်နှုန်းဖြင့် ချဉ်းကပ်လာပြီး ရေငုပ်သင်္ဘောအား ပြင်းထန်စွာ ဝင်တိုက်လိုက်သည်။

ဗုန်း!!!

.....

All Chapters