← Chapters

ပင်လယ်သတ္တဝါကြီးလား

Vol. 11 Ch. 150

ပင်လယ်သတ္တဝါကြီးလား

Vol. 11 Ch. 150

ဂရစ်ဗစ် ကမ်းခြေပေါ်သို့ နွေးထွေးနူးညံ့သောနေရောင်ခြည်သည် သာယာလှပစွာ ကျရောက်နေပြီး ပင်လယ်လေသည် အနည်းငယ် ငန်ကျိသော အနံ့အသက်နှင့်အတူ ညင်သာစွာ တိုက်ခတ်လျက်ရှိသည်။

ဤကဲ့သို့ သာယာလှသော နေ့လယ်ခင်းတွင် ကမ်းခြေပေါ်၌ လူအုပ်ကြီးသည် ပုံမှန်အတိုင်း စည်ကားလျက်ရှိနေသည်။ အချို့သည် အပူခံထီးအောက်၌ ပျင်းရိစွာ လဲလျောင်းနေကြပြီး လူအများစုမှာတော့ ရေထဲတွင် ရေကူးရင်း ကစားနေကြသည်။ ထိုလူများထဲမှ အများစုသည် ရေကူးဘောကွင်းများကို အသုံးပြုထားကြသည်။

"ရှောင်လန် မြန်မြန်လာခဲ့စမ်းပါ။ နင်ဘာတွေလုပ်နေလို့ ကြာနေတာလဲ?"

လူအုပ်ထဲတွင် လူငယ်အုပ်စု တစ်စုက ကမ်းခြေဆီသို့ ဖြေးဖြေးမှန်မှန်နှင့် လျှောက်လာနေသည်။ ထိုလူငယ်အုပ်စုတွင် လူငယ် (၄) ယောက်၊ မိန်းကလေး (၃) ယောက်တို့ ပါဝင်သည်။

ထိုအချိန် လူအုပ်ထဲတွင် ပန်းရောင် ရေကူးဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးငယ်တစ်ယောက်က သူမ၏ အနောက်မှ လူတစ်ယောက်အား လက်ဆွဲကာ ခေါ်နေလေသည်။

သူမ၏ အနောက်တွင်တော့ ချောမောနုနယ်ပြီး စွဲမက်ဖွယ် ကိုယ်ခန္ဓာပိုင်ရှင် မိန်းကလေးတစ်ဦး ရှိနေပေသည်။

သူမသည် အရှက်အကြောက်ကြီးစွာဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေပြီး မျက်နှာလေးတစ်ခုလုံး နီမြန်းနေသည်။ သူမသည် သူမ၏ စွဲမက်ဖွယ်ကောင်းသော ကိုယ်ခန္ဓာအစိတ်အပိုင်းအား ဖုံးကွယ်ရန် သူမ၏ လက်အားအသုံးပြုပြီး တတ်စွမ်းသမျှ အားထုတ်နေလေသည်။

အမှန်တကယ်တော့ သူမ၏ ဝတ်စုံမှာ သိပ်ပြီး ထူးခြားခြင်းတော့ မရှိပေ။ ၎င်းသည် အနီရောင် ဖြစ်ပြီး သူမ၏ ချက်အား ဖော်ပြထားသည်မှလွဲ၍ သာမန်ဝတ်စုံနှင့် သိပ်မကွာခြားပေ။

သို့သော်လည်း ၎င်းသည်ပင် မဝေးလှသော နေရာတွင် ရှိနေကြသည့် လူငယ် ယောင်္ကျားလေးလေးယောက်၏ မျက်လုံးများကို သူမ၏ စွဲမက်ဖွယ် ကိုယ်ခန္ဓာအပေါ်မှ မခွာတမ်းရှိနေအောင် ဆွဲဆောင်နိုင်ပေသည်။

"ရှောင်လန်က နင်က ဒီဝတ်စုံနဲ့ တကယ်ကို လှနေတာပါလား.."

လူငယ်အုပ်စုထဲမှ အရပ်အရှည်ဆုံး ယောင်္ကျားလေးသည် သူမကို မတိုးလွန်းမကျယ်လွန်း အသံအနေအထားဖြင့် ချီးကျူးလိုက်သည်။

"ဟဲ့... လော်ယန် နင့်အမြင်မှာ ရှောင်လန်ပဲ လှနေတာလား ငါတို့တွေကော မလှဘူးလား...!"

ပန်းရောင် ရေကူးဝတ်စုံအား ဝတ်ထားသော မိန်းကလေးသည် ဒေါသထွက် ဟန်ဆောင်ကာ လော်ယန်အား လှမ်းပြောလိုက်သည်။

"လှတာပေါ့! မင်းတို့အားလုံးလှတယ်"

လော်ယန်က စိတ်လှုပ်ရှားဟန် ဆောင်လိုက်ပြီး ပန်းရောင် ရေကူးဝတ်စုံအား ဝတ်ထားသော မိန်းကလေးကို အနီးကပ်ကြည့်ရှုလိုက်ပြီး အခြားယောင်္ကျားလေး သုံးယောက်ကို သူသည် လှည့်ကြည့်ကာ ပြောလိုက်သည်။

"ဒီရင်ဘက်ကို ကြည့်စမ်း၊ ဒီခါးကိုလည်း ကြည့်ကြည့် ပြီးတော့ ဒီခြေထောက်တွေကို အစက နင်ကိုလှတယ်ထင်နေတာ သေချာပြန်ကြည့်မှ နင်က တကယ်တမ်းမှာ ဝက်မကြီးတစ်ကောင် ဖြစ်နေတာပဲ.."

ပန်းရောင် ရေကူးဝတ်စုံအား ဝတ်ထားသော မိန်းကလေးသည် စိတ်လှုပ်ရှားစွာဖြင့် နားထောင်နေရာမှ လော်ယန်၏ နောက်ဆုံးစကားကို ကြားချိန်တွင် ချက်ချင်းလိုလို ဒေါသထွက်သွားတော့သည်။

သူမသည် ခါးကိုကွေးကာ သဲတစ်ဆုတ်အား ကောက်ယူလိုက်ပြီး လော်ယန်ဆီသို့ လှမ်းပစ်လိုက်သည်။

"သေစမ်း.. အယုတ်တမာကောင်"

တခဏချင်းပင် ကမ်းခြေတစ်ခုလုံးအား လော်ယန်၏ အော်ဟစ်သံနှင့် အခြားသူများ၏ ရယ်သံများဖြင့် ပြည့်နှက်သွားခဲ့သည်။

ရှောင်လန်သည် ထိုသူတို့အား စိတ်ဝင်တစားကြည့်ရှုနေခဲ့ပြီး သူမ စိတ်ထဲမှ ရှက်ကြောက်နေသော စိတ်များသည် ထိုပျော်ရွှင်ဖွယ် လေထုအတွင်းဝယ် တဖြည်းဖြည်းနှင့် ကွယ်ပျောက်သွားသည်။

ရှောင်လန်သည် သူမကို ဂရုစိုက်တစိုက် စောင့်ကြည့်နေသူမရှိကြောင်း သတိထားမိတော့မှ တဖြည်းဖြည်း စိတ်သက်သာရာ ရလာခဲ့သည်။

သူတို့အုပ်စုသည် ရယ်မောသံများ ဆူညံစွာဖြင့် ပင်လယ်ဆီသို့ ဖြေးဖြေးမှန်မှန် လျှောက်လာခဲ့သည်။ ထိုနောက် မိန်းကလေးများသည် ရေကူးဘောကွင်းများကို ခါးတွင်ချိတ်ကာ စတင်ရေကူးကြသည်။

ရှောင်လန်သည် ကြောက်ရွံ့စွာဖြင့် ရေထဲသို့ဝင်လိုက်သည်။ အစပိုင်းတွင် သူမသည် အနည်းငယ် ကြောက်ရွံ့နေခဲ့သော်လည်း အချိန်အနည်းငယ်ကြာ ပင်လယ်ရေပြင်ပေါ်တွင် လှဲလျောင်းရင်း လေညင်းတို့၏ သာယာနှစ်သက်ဖွယ် အထိအတွေ့တို့ကို ခံစားပြီးချိန်တွင် အလွန်ပင် သက်တောင့်သက်သာရှိသည်ဟု သူမ ခံစားမိလာခဲ့လေသည်။

နွေးထွေးသော နေရောင်ခြည်နှင့် လှပသည့် ကမ်းခြေသည် စင်ရော်ငှက်များ၏ အော်သံကြားတွင် လှပသော ရေပြင်ကျယ်တစ်ခုနှင့်အတူ သာယာလှပသည့် အမြင်အာရုံကို ဖမ်းစားနိုင်ဖွယ် မြင်ကွင်းတစ်ခုအား ဖန်တီးပေးနေသည်။

ရှောင်လန်သည် နုညံ့သော အပြုံးတစ်ခုနှင့် ဝေးကွာသော မိုးကုပ်စက်ဝိုင်းကို ငေးကြည့်နေသည်။ အထူးသဖြင့် ပျံသန်းနေသော စင်ရော်ငှက်များကို မြင်ချိန်တွင် သူမ မျက်လုံးထဲတွင် တောင့်တမှုတစ်ခု ဝင်ရောက်လာခဲ့၏။

ရှောင်လန်သည် သူမ၏ လက်များကို ဖြေးဖြေးချင်း လှုပ်ရှားကာ ရေပြင်အား ထိလိုက်သည်။ သူမသည် လွတ်လပ်စွာ ရေကစားချင်သော်လည်း ရေကူးဘောကွင်းကို လက်လွှတ်ရန် မဝံ့မရဲဖြစ်နေခဲ့သည်။ ထိုဘောကွင်းသာ မရှိခဲ့လျှင် သူမ အလွယ်တကူ ရေနစ်သွားနိုင်ပေသည်။

သူတို့လူငယ်အုပ်စုသည် ယခင်က ပူဂါဒါသစ်တော ပန်းခြံသို့ သွားရောက်လည်ပတ်ပြီးမှသာ ဤနေရာသို့ လာရောက်ရန် စီစဉ်ထားခဲ့သော်လည်း အချို့သော မတော်တဆ ဖြစ်ရပ်တစ်ချို့ကြောင့် မနေ့ကမှ ဤနေရာသို့ ရောက်ရှိလာခဲ့ကြသည်။

ရှောင်လန်သည် အေးဆေးစွာ ရေကူးနေစဉ် ရုတ်တရက် သူမ အနီးအနားမှ ယောင်္ကျားလေးတစ်သိုက်၏ စကားသံကို ကြားလိုက်ရသည်။

သူတို့သည် ယခင်ကတည်းက စကားပြောနေခြင်းဖြစ်သော်လည်း ထိုစဉ်က သူတို့ပြောနေကြသည်မှာ ဂိမ်း၊ အားကစားနှင့် သူမ စိတ်မဝင်စားသော အကြောင်းအရာများသာ ဖြစ်သည်။

"ယန်ဖေ့ ဒီနေ့ ငါတို့ ဂျော်နီရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဥ်ကို ကြည့်လို့မရတာ နည်းနည်းတော့ စိတ်မကောင်းစရာ ကောင်းတယ်ကွ..."

ရေပေါ်တွင် ကိုယ်ဖော့ကာ ပေါလောမျောနေသော လော်ယန်က သူ့ရှေ့မှ လူငယ်လေးအား ပြောလိုက်သည်။

"အဲ့တာတော့ ဟုတ်တယ်"

"ဒါပေမဲ့ ဒီနေ့လည်း အရင်နေ့တွေလိုပဲ ဖြစ်လိမ့်မယ်လို့ ငါထင်တယ်။ ဒီလောက်ကျယ်ပြောတဲ့ ပင်လယ်ပြင်မှာ သင်္ဘောပျက်တစ်စင်းကို ရှာဖွေတာက ကောက်ရိုးပုံထဲ အပ်ပျောက်တာကို ရှာဖွေရတာထက် ပိုခက်ခဲတယ်"

ယန်ဖေ့က အေးဆေးစွာ ပြန်ဖြေလိုက်သည်။

"မင်းပြောတာ မှန်တယ်"

လော်ယန် ခေါင်းညိတ်လိုက်သည်။ ဂျော်နီနှင့် သူ့အဖွဲ့သားများသည် သင်္ဘောနစ်မြုပ်သွားသော နေရာကို အတိအကျမသိကြသည့်အတွက် ကျယ်ပြောသော ပင်လယ်ပြင်တစ်ခုလုံးမှာ ရှာဖွေနေရခြင်း ဖြစ်သည်။

ရှောင်လန်သည် မျက်လုံးမှတ်ထားကာ ရေကူးနေသော်လည်း ၎င်းတို့၏ စကားဝိုင်းကို ကြားချိန်တွင် သူတို့ပြောနေသည် စကားများအား နားထောင်နေလိုက်သည်။

သူမက ပင်လယ်သတ္တဝါများ အကြောင်းကို အလွန်စိတ်ဝင်စားသောကြောင့် ဂျော်နီ၏ တိုက်ရိုက်ထုတ်လွှင့်မှုများကို နေ့စဉ်ကြည့်ရှုနေသည်။

ဝေလကျွန်း နစ်မြုပ်သွားသည့် သတင်းကို ကြည့်ရှုနေစဉ်က ယိုရှီဒါ မာဆာအိုချီပြောသော "အိုရိုချီ" ဟူသည့် စကားသည် သူမ၏ စိတ်ထဲတွင် အလွန်စူးစမ်းချင်စိတ်များကို ဖြစ်ပေါ်စေခဲ့သည်။

ဝေလကျွန်းကြီးတစ်ခုလုံး နစ်မြုပ်သွားရသော အကြောင်းရင်းမှာ တကယ်ပင် ပင်လယ်မိစ္ဆာကြီးများကြောင့် ဖြစ်နိုင်ပေသလား...

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဂျော်နီသည် ထိုဖြစ်ရပ်ကို အသေးစိတ် စုံစမ်းစစ်ဆေးနေသည်အား တိုက်ရိုက်ထုတ်လွှင့်နေခဲ့သည်။ သူမသည် တိုက်ရိုက်ထုတ်လွှင့်မူကို နေ့စဉ်စောင့်မျှော် ကြည့်ရှုနေခဲ့သော်လည်း ရက်အတော်ကြာ ရှာဖွေပြီးသည့်တိုင် တိုးတက်မှုအနည်းငယ်သာ ရှိသောကြောင့် သူမ အနည်းငယ် စိတ်ပျက်မိပေသည်။

သူမသည် ဝေးကွာသော ပင်လယ်ပြင်တစ်နေရာကို အာရုံမစိုက်မလွှဲတမ်း ကြည့်နေခဲ့မိသည်။

ဤပင်လယ်ပြင်အောက်တွင် အဘယ်အရာတွေ ပုန်းကွယ်နေခဲ့သနည်း။

ဤကမ်းခြေသည် အမှန်တကယ်တမ်းတွင်တော့ "ဝေလကျွန်း" နစ်မြုပ်သွားသော နေရာနှင့် သိပ်မဝေးလှပေ။

ရှောင်လန်သည် စိတ်ထဲမှာ တွေးနေမိသည်။

ခဏအကြာတွင် သူမသည် လူငယ်ယောင်္ကျားလေးများ၏ စကားကို ဆက်နားမထောင်နိုင်တော့ဘဲ လှမ်းမေးလိုက်မိသည်။

"လောယန် ယန်ဖေ့ ဝေလကျွန်းကို ပင်လယ်သတ္တဝါကြီးတွေက နစ်မြုပ်သွားစေတယ်လို့ နင်တို့ထင်လား..."

"ငါ ယိုရှီဒါ မာဆာအိုချီရဲ့ မျက်နှာကို မြင်ချိန်ကတော့ သူတကယ်ကို ကြောက်နေတဲ့ပုံရတယ်။ သူတို့တွေ တကယ်ပဲ ပင်လယ်သတ္တဝါကြီးတွေနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်နိုင်လား..."

"ဟားဟားဟား..."

သူမ၏ စကားကို ကြားတော့ လော်ယန်နှင့် ယန်ဖေ့တို့ နှစ်ယောက်က ရယ်မောမိလိုက်ကြသည်။

"စိတ်ဖိစီးမှုတွေ အရမ်းများလာရင် စိတ်မမှန်တာမျိုး ဖြစ်တတ်တယ်"

လော်ယန်က အလေးအနက်ပြောသည်။

"သူက သင်္ဘောပျက်တုန်းက အရမ်းကြောက်နေခဲ့တာ ဖြစ်နိုင်တယ်။ အဲ့ဒီနောက် ပင်လယ်ပြင်ပေါ်မှာ ရက်အနည်းငယ်ကြာ စိတ်ဖိစီးမှုတွေကြား ရှင်သန်နေရချိန် သူ့အဖော်တွေ သေဆုံးသွားတာက သူ့ရဲ့ အခြေအနေကို ပိုဆိုးစေလိမ့်မယ်..."

လေတစ်ချက် ရှုသွင်းပြီး လော်ယန်က ဆက်ပြောသည်။

"သူ့ပါးစပ်ထဲက ထွက်လာတဲ့ သတ္တဝါကြီးတွေဆိုတဲ့ စကားက စိတ်ဖိစီးမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ မမြင်နိုင်တဲ့ စိတ်ကူးယဉ်မှု သက်သက်ပဲ"

"အဲ ... ဒါပေမယ့် ဒါက ငါ့ရဲ့ အမြင်သက်သက်ပဲ။ ဝေလကျွန်း ဘာကြောင့်နစ်မြုပ်သွားတယ်ဆိုတာကတော့ ဂျော်နီတို့ရဲ့ စူးစမ်း ရှာဖွေမှုတွေ အဖြေထွက်လာမှပဲ သိရလိမ့်မယ်"

ထိုစကားကို ရှောင်လန်သည် ပြန်မငြင်းနိုင်ဘဲ ဝေးကွာသော ပင်လယ်ပြင်တစ်နေရာကိုသာ စိုက်ကြည့်နေလိုက်မိသည်။

သူမ၏ မျက်ဆံများသည် တဖြည်းဖြည်းကျဉ်းမြောင်းလာပြီး အမြင်အာရုံမှာ ရေပြင်လွှာကို ဖြတ်ကျော်ကာ ပင်လယ်ရေအောက် ကြမ်းပြင်ဆီသို့ ရောက်ရှိသွားသည်။ သူမ၏ ဦးနှောက်ထဲတွင် ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။

အဆုံးမရှိသော အမှောင်ထုအတွင်း ရေများသည် စည်းချက်တစ်ခုနှင့် လှုပ်ခတ်နေသည်။ ထိုအချိန် ပင်လယ်ကြမ်းပြင်တွင် အလွန်ကြီးမားသော မျက်လုံးတစ်စုံ ရုတ်တရက် ပွင့်ဟလာသည်။

ထူးဆန်းသော သတ္တဝါကြီး တစ်ကောင်သည် ရေမျက်နှာပြင်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်။ ထိုသတ္တဝါကြီးသည် သွေးဆာသော အပြုံးတစ်ခုနှင့်အတူ သူမကို မျိုချရန် အစွယ်တဖွေးဖွေးနှင့် ပါးစပ်ကို ဟကာ ချဉ်းကပ်လာသည်။

"အီး"

ရှောင်လန်သည် သူမ၏ ကိုယ်ခန္ဓာတစ်ခုလုံး ချမ်းစိမ့်သွားသလို ခံစားလိုက်ရပြီး စိတ်ကူးယဉ်မှုမှ နိုးထလာသည်။ ထိုအချိန် သူမသည် ပင်လယ်အောက်က ကြီးမားသော အရိပ်မဲကြီးတစ်ခု တိုးထွက်လာသည်အား တွေ့လိုက်ရသည်။

ထိုအရိပ်မဲကြီးက အလွန်ရှည်လျားပြီး ကြည်လင်သော ပင်လယ်ရေ ပြာပြာမှာ အလွန်ထင်ရှားနေသည်။

ရုတ်တရက် သူမသည် သူမစောနက စိတ်ကူးယဉ်ထားမိသော သတ္တဝါကြီးကို တွေးမိလိုက်ပြီး ကြောက်ရွံ့မှုများ ပြည့်နှက်လာကာ အော်ဟစ်လိုက်မိသည်။

"အား!!!"

လောယန်နှင့် ယန်ဖေ့တို့သည် ရှောင်လန်ကို အံ့အားသင့်စွာ ကြည့်လိုက်မိပြီး သူမ ကြည့်နေသော ဦးတည်ရာဘက်ကို လှမ်းကြည့်လိုက်ကြသည်။

လော်ယန်နှင့် ယန်ဖေ့ တို့သည်သာမက အနီးနားရှိ လူတွေကပင် သူမ၏ ကြည့်ရှုမှုနောက်ကို လှမ်းကြည့်လိုက်ကြသည်။

အားလုံးသည် ရေအောက်ရှိ ရှည်လျားလှသော အရိပ်မဲကြီးကို သတိထားမိလိုက်ကြပြီး အနည်းငယ် စိတ်လှုပ်ရှားသွားကြ၏။

ရုတ်တရက် ထိုအရိပ်ကြီးသည် ရေအောက်မှ ရေပြင်ပေါ်သို့ တိုးထွက်လာသည်။

အမှန်တကယ်တော့ ထိုအရာသည် ကြီးမားသော ရေငုပ်သင်္ဘောတစ်စင်းဖြစ်နေသည်။

ဤအရာကို မြင်လိုက်ရတော့မှ လူအားလုံးသည် စိတ်သက်သာရာ ရသွားကြလေသည်။

လော်ယန်က သူ့ဘေးမှ ရှောင်လန်ကို ပြုံးပြလိုက်ပြီး....

"ရှောင်လန် နင်က ဒီရေငုပ်သင်္ဘောကို ပင်လယ်သတ္တဝါကြီးလို့ ထင်နေတာလား..."

အခြားသူများသည် ရှောင်လန်ကို ထူးဆန်းသော အပြုံးတစ်ခုဖြင့် ကြည့်နေကြသည်။

ရှောင်လန်က ဝေးကွာလှသော နေရာမှ ဖြေးဖြေးချင်း ချဉ်းကပ်လာသော ရေငုပ်သင်္ဘောအား ငေးကြောင်ကာ ကြည့်နေမိသည်။

ရုတ်တရက် သူမသည် တစ်စုံတစ်ခုအား သဘောပေါက်သွားသလို သူမ၏ မျက်နှာတစ်ခုလုံးမှာ နီရဲသွားလေသည်။

သူမသည် အမှားတစ်ခုအား လုပ်မိလိုက်သလို ခံစားရသည်။

အိုး....။

.....

All Chapters