ရေအောက်ကမ္ဘာ၏ လျှို့ဝှက်ချက်တစ်ခု
Vol. 11 Ch. 151
ကံကောင်းထောက်မစွာဖြင့် မည်သူကမှ သူမအား အချိန်ကြာမြင့်စွာ သတိမထားမိခဲ့ကြပေ။ အားလုံး၏ အာရုံသည် ရေငုပ်သင်္ဘောပေါ်တွင် စိုက်ငြိနေသည်။
"ဒီနေရာက ဆိပ်ကမ်းလည်း မဟုတ်ဘဲနဲ့။ ဘာလို့ ရေငုပ်သင်္ဘောတစ်စီး ဒီကို ရုတ်တရက် ရောက်လာတာလဲ.."
လော်ယန်နှင့် ယန်ဖေ့တို့သည် ရေတိမ်ပိုင်းတွင် ရပ်တန့်ကာ ရေငုပ်သင်္ဘောကို အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။ ထိုသို့ပြုမူနေကြသည်မှာ သူတို့သည်သာ မဟုတ်ပေ။ အနီးအနားရှိ လူအားလုံးနီးပါးသည်လည်း အလားတူ အံ့အားသင့်မှုဖြင့် ငေးမောနေကြခြင်း ဖြစ်သည်။
ရေငုပ်သင်္ဘောနှင့် ကမ်းစပ်ကြား အကွာအဝေးမှာ တဖြည်းဖြည်း နီးကပ်လာခဲ့သည်။ လော်ယန်နှင့် ယန်ဖေ့တို့သည် ပိုမိုရှင်းလင်းစွာ မြင်နိုင်ရန်အတွက် အနီးသို့ ချဉ်းကပ်သွားကြသည်။ ရှောင်လန်ကလည်း သူတို့နောက်မှ ရေကူးဘောကွင်းကို ဆုပ်ကိုင်ရင်း လိုက်ပါလာခဲ့သည်။
ရေငုပ်သင်္ဘော ရပ်တန့်သွားသောအခါ သူတို့အားလုံး ပို၍ အံ့အားသင့်သွားကြသည်။
ထိုရေငုပ်သင်္ဘော၏ အလျားမှာ (၄၀) မီတာမှ (၅၀) မီတာအထိ ရှည်လျားပြီး အရွယ်အစားကြီးမားလှသည်။ သို့သော် သူတို့အား အထူးအံ့အားသင့်စေသည်မှာ ရေငုပ်သင်္ဘော၏ ဘေးဘက်က ကြီးမားသည့် ချိုင့်ခွက်ရာကြီး ဖြစ်သည်။ ထိုချိုင့်ခွက်မှာ မာကျောသော အရာဝတ္ထုကြီးတစ်ခုနှင့် တိုက်မိပြီးဖြစ်ပေါ်လာသည်နှင့် တူပေသည်။
"အဲ့ဒါက..."
လော်ယန်က ရေငုပ်သင်္ဘောကို အာရုံစူးစိုက်ကြည့်ရှုပြီးနောက် သူ၏မျက်နှာတွင် အရောင်ပြောင်းသွားသည်။ သူသည် ဘေးရှိ ယန်ဖေ့အား လှမ်းပြောလိုက်သည်။
"ယန်ဖေ့... ဒီရေငုပ်သင်္ဘောက ဂျော်နီရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပါဝင်နေတဲ့ သင်္ဘောနဲ့ ဆင်တူနေတယ်လို့ မထင်ဘူးလား"
လော်ယန်၏ စကားကို ကြားလိုက်ရသော ယန်ဖေ့၏ မျက်လုံးများ တောက်ပသွားသည်။ ရှောင်လန်ကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
သူတို့အားလုံး ရေငုပ်သင်္ဘောကို အာရုံစိုက်ကြည့်နေစဉ် ရေငုပ်သင်္ဘောအပေါ်ပိုင်းရှိ သံမဏိအဖုံးမှ ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုအသံသည် လူအားလုံး၏ အာရုံကို ဆွဲဆောင်သွားသည်။ သူတို့အားလုံး ထိုအချိန်တွင် ဤရေငုပ်သင်္ဘောမှာ ဂျော်နီ၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပါဝင်နေသည့် သင်္ဘောဖြစ်နေမလားဆိုပြီး သံသယဝင်လာကြသည်။
လော်ယန်၏ နှလုံးသားထဲတွင် နောင်တတစ်ခု ဖြစ်ပေါ်လာသည်။ သူသည် ၎င်းကိုသာ ကြိုတင်သိခဲ့မည်ဆိုလျှင် ဟိုတယ်တွင်သာ နေပြီး ဂျော်နီ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေမည် ဖြစ်သည်။
သူစဉ်းစားနေစဉ်တွင် ရေငုပ်သင်္ဘောအပေါ်ရှိ သံမဏိအဖုံးမှာ ရုတ်တရက် ပွင့်ထွက်လာခဲ့သည်။ ခဏအကြာတွင် လူတစ်ယောက် ထိုအဖုံးအတွင်းမှ ထွက်လာသည်။
လော်ယန်တို့အဖွဲ့ မျက်လုံးအဝိုင်းသား ဖြစ်သွားကြသည်။
ထိုအဖုံးအတွင်းမှ ထွက်လာသူမှာ ဂျော်နီ မဟုတ်တာကို သူတို့ ရှင်းရှင်းလင်းလင်း မြင်နေရသည်။
လော်ယန် အနည်းငယ် စိတ်ပျက်သွားသော်လည်း ခဏအကြာတွင် သူ၏ မျက်လုံးများ ပြုးကျယ်သွားသည်။
ထိုလူ၏ ဘယ်ဘက်လက်မောင်းတွင် ဒဏ်ရာရရှိထားပြီး ညာဘက်လက်တွင် ကင်မရာတစ်လုံးကို ကိုင်ထားသည်ကို သူမြင်လိုက်ရသည်။
လော်ယန်၏ နှလုံးခုန်နှုန်း မြန်ဆန်လာခဲ့သည်။ သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်ပေါက်လာ၏။
ထိုအချိန်တွင် နောက်ထပ် လူတစ်ယောက် အဖုံးအတွင်းမှ ထွက်လာသည်။
ထိုလူမှာ ဂျော်နီ ဖြစ်သည်။
"ဒါ ဂျော်နီပဲ! ဟေ့... ဂျော်!"
လော်ယန် စူးစမ်းလိုစိတ်ဖြင့် အော်ဟစ်ရန် အသင့်ဖြစ်နေသော်လည်း ဂျော်နီ၏ နဖူးပေါ်ရှိ သွေးများကို မြင်လိုက်ရသည်။ ထို့ထက်ပို၍ သူ့အား ထိတ်လန့်စေသည်မှာ ဂျော်နီ မျက်နှာပေါ်ရှိ မကြည်လင်သော အကြည့်တစ်ခုပင် ဖြစ်သည်။
ထို့ကြောင့် လော်ယန်သည် ပြောဖို့အသင့်ဖြစ်နေသော စကားများကို ပြန်လည်ရုပ်သိမ်းလိုက်သည်။
ခဏတာ တောင့်တင်းပြီးနောက် ဂျော်နီနှင့် အခြားလူများသည် ရေငုပ်သင်္ဘောပေါ်မှ ဆင်းပြီး ကမ်းစပ်ပေါ်သို့ ခြေချလိုက်ကြသည်။
ကမ်းစပ်ပေါ် ရောက်သောအခါ ဂျော်နီသည် ကင်မရာမင်းထံသို့ တိုက်ရိုက်သွားခဲ့သည်။ သူ၏ အမူအရာမှာ အလွန်လေးနက်နေခဲ့၏။
ကင်မရာမင်းက "အိုခေ" ဟု အချက်ပြပြီးနောက် ဂျော်နီသည် နက်ရှိုင်းစွာ အသက်ရှုပြီး စကားစ ပြောလိုက်သည်။
"ချစ်ရတဲ့ ပရိတ်သတ်ကြီးတို့ရေ ကျွန်တော်ကတော့ ဂျော်နီပါ"
သူသည် ကင်မရာရှေ့တွင် ရပ်နေပြီး သူ့ဘေးနားရှိ လူများကို လျစ်လျူရှုကာ မျက်ခုံးတွန့်ပြီး ကင်မရာအား ကြည့်လျက် လေးလေးနက်နက် ပြောဆိုနေသည်။
"ပထမဆုံးအနေနဲ့ ကျွန်တော် ဘေးကင်းနေတယ်ဆိုတာလေး ပြောပြချင်ပါတယ်။ အားလုံးရဲ့ ကူညီဖေးမမှုအတွက် ကျေးဇူးတင်ပါတယ်"
"ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ကျွန်တော့ အဖွဲသားအားလုံးလည်း ဘေးကင်းကြပါတယ်"
အိပ်ခန်းထဲတွင် လီဇီက ကွန်ပျူတာရှေ့၌ ထိုင်နေသည်။ တိုက်ရိုက်ထုတ်လွှင့်မှု ပြတ်တောက်သွားသည်မှာ သုံးနာရီကြာနေပြီ ဖြစ်သော်လည်း ဂျော်နီနှင့် သူ၏ အဖွဲ့သားတွေကြောင်း သတင်းမရသေးပေ။
သူတို့အတွက် သူတကယ် စိတ်ပူနေမိသည်။
ဂျော်နီနှင့် သူ့အဖွဲ့သားတွေများ သေဆုံးသွားပြီလား...။
သူ စိုးရိမ်နေစဉ်တွင် အနက်ရောင် ဖန်သားပြင်ပေါ်က တိုက်ရိုက်ထုတ်လွှင့်မှုမှာ ခဏတာ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး ရုပ်သံတစ်ခုပေါ်လာသည်။
ဂျော်နီကို ကင်မရာရှေ့တွင် ဒဏ်ရာဒဏ်ချက်မရှိဘဲ မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရသော လီဇီက "ဟွမ်အကို... ဟွမ်အကို.. ဒီကိုလာခဲ့! ဂျော်နီတို့ အဆင်ပြေသွားပြီ!" ဟု လှမ်းအော်လိုက်သည်။
လွိုင်ဟွမ်သည် အိပ်ရာပေါ်တွင် ဖုန်းနှင့် ဂိမ်းဆော့နေစဉ် ဖြစ်သော်လည်း လီဇီ၏ အော်သံကို ကြားလိုက်ချိန်တွင် ချက်ချင်းထရပ်ပြီး ကွန်ပျူတာရှေ့သို့ ပြေးသွားသည်။
ဂျော်နီက ဆက်လက်၍ လေးလေးနက်နက် ပြောဆိုနေသည်။
"စောစောတုန်းက ကျွန်တော်တို့ကို လျှို့ဝှက်ဆန်းကျယ်တဲ့ သတ္တဝါတစ်ကောင်က တိုက်ခိုက်လာခဲ့ပါတယ်..."
"အခုအချိန် ဒီပင်လယ်ထဲမှာ လူတွေ မသိသေးတဲ့ ဆန်းကျယ်တဲ့ သတ္တဝါတွေ တစ်ကောင်ထက်ပိုရှိနိုင်တယ်ဆိုတာ ကျွန်တော်သေချာပါတယ်"
"ကျွန်တော်တို့ရဲ့ ရေငုပ်သင်္ဘောကို တိုက်ခိုက်ပြီးတဲ့နောက် အဲဒီသတ္တဝါနှစ်ကောင်က တစ်ကောင်နဲ့ တစ်ကောင် အပြင်းအထန် တိုက်ခိုက်နေခဲ့်ကြပါတယ်။ သူတို့ရဲ့ တိုက်ခိုက်မှုနေရာကလည်း ကျွန်တော်တို့နဲ့ နီးကပ်တဲ့ နေရာမှာပါ"
"အဲ့ဒီသတ္တဝါနှစ်ကောင်က အလွန်အားကောင်းပါတယ်။ သူတို့တိုက်ခိုက်မှုရဲ့ တိုက်ခိုက်မှုလှိုင်းက ထွက်ပေါ်လာတဲ့ တုန်ခါမှုလှိုင်းတွေကြောင့် ကျွန်တော်တို့ရဲ့ ရေငုပ်သင်္ဘောက တိုက်ပွဲ ပြင်ပကို ဖယ်ရှားခံလိုက်ရပါတယ်..."
"သူတို့ရဲ့ ပုံပန်းသဏ္ဍာန်ကိုတော့ ကျွန်တော် မမှတ်မိတော့ပါဘူး။ အဲဒီအချိန်တုန်းက ကျွန်တော်စိတ်ထဲမှာ အတွေးတစ်ခုပဲရှိခဲ့ပါတယ်။ အဲ့ဒါကတော့ ဒီတစ်ခါ ငါသေပြီဆိုတဲ့ အတွေးပါပဲ"
"မျှော်လင့်မထားတာ တစ်ခုက ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ဒီသတ္တဝါနှစ်ကောင် ထွက်သွားခဲ့ပြီး ကျွန်တော်တို့ကို လွတ်မြောက်လာနိုင်ခဲ့တာပါပဲ"
"ပရိတ်သတ်ကြီးတို့ ကျွန်တော့် အနောက်က ရေငုပ်သင်္ဘောကို သတိထားကြည့်လိုက်ပါ။ အဲ့တာဆို ဘေးဘက်က ချိုင့်ခွက်ရာကြီးကို မြင်ရပါလိမ့်မယ်။ အဲဒါက သတ္တဝါကြီး ဝင်တိုက်လိုက်လို့ဖြစ်သွားတဲ့ နေရာပါပဲ"
ဂျော်နီက ဘေးဘက်သို့ရွေ့လျားပြီး ကြီးမားသည့် ရေငုပ်သင်္ဘောကို ညွှန်ပြသည်။ သင်္ဘောဘေးဘက်ရှိ ၎င်းချိုင့်ခွက်ရာကြီးက လူတိုင်းကို အံ့အားသင့်စေသည်။
ရေငုပ်သင်္ဘော၏ သံမဏိသည် မည်မျှထူထဲသည်ကို ပြောစရာပင် မလိုချေ။ ပင်လယ်အောက်ကြမ်းပြင်၏ ဖိအားကို ခံနိုင်သော သံမဏိဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး သာမန်ထူထဲသော သံမဏိဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပေ။
အကယ်၍ သတ္တဝါကြီးတစ်ကောင်သည် ဤကဲ့သို့ ရေငုပ်သင်္ဘော မျက်နှာပြင်တွင် ထိုမျှကြီးမားသော ချိုင့်ခွက်ရာကို ဖြစ်စေနိုင်သည်ဆိုခဲ့လျှင် ထိုသတ္တဝါကြီး၏ ခွန်အားသည် မည်မျှကြီးမားမည်ကို မြင်ယောင်ကြည့်နိုင်ပေမည်။
ကမ်းစပ်ပေါ်ရှိ လောယန်နှင့် အခြားလူများသည် ဂျော်နီကို အံ့အားသင့်စွာ လှမ်းနေကြသည်။ သ့ကို မယုံကြည်ကြသော လူအများအပြားက ရေငုပ်သင်္ဘောအဖွဲ့ဝင်များထံသို့သွားပြီး စုံစမ်းမေးမြန်းကြသည်။
ခဏကြာသောအခါ လော်ယန်သည် အခြေအနေကို အတော်အတန် နားလည်သွားသည်။
အဖွဲ့သားများ၏ ရှင်းပြချက်ကို ကြားပြီးနောက် လောယန်ပင် ဖြစ်စေ၊ အခြားခရီးသွားများပင် ဖြစ်စေ အားလုံးက ငေးငိုင်သွားကြသည်။
"တကယ်ကြီး ဒီကမ္ဘာကြီးမှာ ပင်လယ်သတ္တဝါတွေ ရှိနေတာလား?"
ရှောင်လန်ကလည်း အဖွဲ့ဝင်များ၏ ရှင်းပြချက်ကို နားထောင်နေသည်။ သတ္တဝါကြီးများနှင့် ကြုံတွေ့ခဲ့ရသည့်အကြောင်း ကြားသောအခါ သူမ၏ နှလုံးခုန်နှုန်း မြန်လာပြီး စိတ်လှုပ်ရှားမှုကြောင့် မျက်နှာက နီရဲလာသည်။
သူမသည် ရေငုပ်သင်္ဘော ဘေးဘက်ရှိ ကြီးမားသော ချိုင့်ခွက်ရာကြီးကို စိုက်ကြည့်ရင်း နှလုံးခုန်နှုန်း ပိုမိုမြန်ဆန်လာသည်။
သူမသည် သူတို့၏ ကြုံတွေ့မှုကို စိတ်ကူးယဉ်မဖို့ မနေနိုင်ခဲ့ပေ။
အလွန်နက်ရှိုင်းသော ပင်လယ်ပြင်ထဲတွင် ရေငုပ်သင်္ဘောတစ်စီးက တဖြည်းဖြည်းရွေ့လျားနေခဲ့သည်။ ရုတ်တရက် အမှောင်ထုထဲမှ ဧရာမသတ္တဝါကြီးတစ်ကောင် ပေါ်ထွက်လာခဲ့ပြီး ၎င်း၏ ဦးခေါင်းဖြင့် ရေငုပ်သင်္ဘောကို ဝင်တိုက်လာသည်။
ရေငုပ်သင်္ဘောသည် ရေအောက်တွင် အကြိမ်အနည်းငယ် ပတ်ချာလှိမ့်သွားပြီး အတွင်းရှိလူအားလုံးက ကြောက်ရွံ့အော်ဟစ်နေခဲ့သည်။
ဤသို့ စိတ်ကူးယဉ်ကြည့် လိုက်သောအခါ သူမ မျက်နှာက ပိုမိုနီရဲလာပြီး အသက်ရှုမြန်ဆန်လာသည်။ သူမသည် သတ္တဝါကြီးများကို အလွန်နှစ်သက်သူ ဖြစ်သောကြောင့် ဤပင်လယ်ထဲတွင် သတ္တဝါကြီးတစ်ကောင် ရှိနိုင်သည်ဟူသော အချက်က သူမကို စိတ်လှုပ်ရှားစေပေသည်။
"ဒီပင်လယ်ထဲမှာ တကယ်ပဲ သတ္တဝါကြီးတွေ ရှိနေတာလား"
ရှောင်လန်က ဝေးကွာသောရေပြင်ကို ကြည့်လိုက်သည်။ သူမသည် ရေတိမ်ပိုင်းတွင် ရှိနေစဉ်ကထက် ပိုမိုဝေးကွာသော နေရာသို့ လှမ်းမြင်နိုင်သည်။ ရုတ်တရက် သူမ၏ မျက်ဆံများ ကျဉ်းမြောင်းသွားသည်။
"အဲ... အဲ့ဒါက ဘာလဲ?"
.....