ဟဲစီ၏ ကြုံတွေ့မှု
Vol. 12 Ch. 158
စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားသည့်တိုင် ဖန့်ရန်သည် ဆင့်ကဲပြောင်းလဲခြင်း ကာလ၏ ကြာချိန်ကြောင့် အံ့အားသင့်သွားခဲ့ရသည်။ တစ်လပြည့်သွားသည့်တိုင် ဆင့်ကဲပြောင်းလဲခြင်းမှာ ပြီးဆုံးခြင်း မရှိသေးပေ။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် ပေါင်းပင်များ ပေါက်ရောက်နေပြီး၊ အချို့နေရာများတွင် မှိုများပင် တွေ့နိုင်သေးသည်။
အကယ်၍ တစ်စုံတစ်ယောက်သာ ဤနေရာသို့ ရောက်လာမည်ဆိုလျှင် ဤရှည်လျားသော အရာမှာ နာမည်ကျော် ဧရာမ ပင်လယ်မြွေကြီး ဖြစ်လိမ့်မည်ဟု ဘယ်သောအခါမှ ထင်လိမ့်မည် မဟုတ်ပေ။ သို့သော် သံသယဝင်ခြင်းတော့ ဖြစ်နိုင်ပေသည်။
ဖန့်ရန်သည် လဲလျောင်းနေသော သစ်ပင်တစ်ပင်နှင့် တူနေခဲ့၏။ သို့သော် ဤသစ်ပင်သည် အလွန်ကြီးမားလှပြီး အလျား မီတာ (၄၀) ခန့်ရှိကာ လုံးပတ် (၁) မီတာကျော်ရှိသောကြောင့် ကျွန်းပေါ်တွင် ထင်ရှားနေသည်။
သို့သော် ဤသည်မှာ သဲကန္တာရ ကျွန်းငယ်တစ်ခုသာ ဖြစ်၏။ အနီးတစ်ဝိုက်တွင် ဤမျှကြီးမားသော သစ်ပင်မျိုး မရှိပေ။ အကြီးဆုံးသစ်ပင်သည် ၁၀ မီတာထက်ပင် နိမ့်ပါးသောကြောင့် ဤသစ်ပင်ကြီးမှာ သံသယဝင်စရာပင် ကောင်းနေသည်။
တစ်စုံတစ်ယောက်သာ ဤနေရာသို့ ရောက်လာစဉ် ဖန့်ရန်၏ လက်ရှိအခြေအနေကို မြင်လျှင် သူ့ကို ပင်လယ်မြွေကြီးဟု ထင်လိမ့်မည် မဟုတ်သော်လည်း၊ စူးစမ်းလိုစိတ် ဖြစ်ပေါ်လာမည်မှာ သေချာသည်။
ထိုသို့သော စူးစမ်းလိုစိတ်များသည် အဖြစ်ဆိုးများ၏ မှုလအစပင် ဖြစ်သည်။
...
ဧရာမ ပင်လယ်မြွေကြီးကို ဖမ်းဆီးရန် အစီအစဉ်များသည် ယခုတိုင် မအောင်မြင်သေးပေး။
သင်္ဘောပျက်စီးမှု ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည့် နေရာသို့ စစ်သင်္ဘောများ အပါအဝင် လူများ ရောက်ရှိလာပြီး အမဲသား၊ ဝက်သား၊ ငါးနှင့် အခြားသော နည်းလမ်းပေါင်းစုံဖြင့် ဧရာမ ပင်လယ်မြွေကြီးကို ဖမ်းဆီးရန် ကြိုးစားခဲ့ကြသည်။
သို့သော် ယခုအချိန်ထိ မည်သည့်နည်းနှင့်မှ အောင်မြင်မှု မရရှိသေးပေ။
နောက်ဆုံးပေါ် ရေဒါနည်းပညာများ တပ်ဆင်ထားသည့် စစ်သင်္ဘောများနှင့် သိပ္ပံသုတေသန သင်္ဘောများပင် ယင်းဧရာမ ပင်လယ်မြွေကြီး၏ အရိပ်အယောင်ကို မတွေ့ခဲ့ကြပေ။
သူတို့၏ ပင်လယ်ထဲသို့ ပစ်ချခဲ့သော အသားငါးများကို ငါးမန်း၊ ဝေလငါးများနှင့် ဖြတ်သွားဖြတ်လာ ငါးများကသာ စားသုံးသွားခဲ့ကြသည်။
သို့သော် ဤအရာများက သူတို့၏ ဧရာမ ပင်လယ်မြွေကြီးကို ဖမ်းဆီးလို့သည့် စိတ်အားထက်သန်မှုကို မလျော့ပါးစေခဲ့ပေ။
ဧရာမ ပင်လယ်မြွေကြီးသည် အမှန်တကယ်ပင် တည်ရှိပြီး ပင်လယ်ပြင်တွင် လှည့်လည်သွားလာနေသောကြောင့် သူတို့တွင် သည်းခံနိုင်စွမ်းနှင့် ဇွဲတို့သာ ရှိမည်ဆိုလျှင်၊ တစ်နေ့တွင် ၎င်းကို ဖမ်းဆီးနိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။
ဤခရီးစဉ်သည် အချည်းနှီးတော့ မဖြစ်ခဲ့ပေ။ သူတို့သည် ဧရာမ ပင်လယ်မြွေကြီးတွင် နေထိုင်ရာ အတည်တကျ မရှိဘဲ၊ ပင်လယ်ပြင်အတွင် လှည့်လည်သွားလာနေသည်ကို သိရှိလာခဲ့သည်။
ထိုသို့ ကောက်ချက်ချရခြင်း၏ အဓိက အကြောင်းရင်းသည် သင်္ဘောပျက်စီးမှု နှစ်ခုဖြစ်ပွားခဲ့သည့် နေရာများမှာ မတူညီသော ပင်လယ်နှစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းကြောင့် ဖြစ်သည်။
ထို့အပြင် ဤနေရာနှစ်ခုမှာ အလွန်ဝေးကွာလှပြီး ဖြစ်ရပ်နှစ်ခုကြား အချိန်ကွာခြားမှုသည် (၄) ရက်မှ (၅) ရက်ခန့်သာ ရှိသောကြောင့် ဖြစ်သည်။
ဤဖြစ်ရပ်နှစ်ခုသည် ဧရာမ ပင်လယ်မြွေကြီးသာ ဖြစ်ပွားစေခဲ့သည်ဆိုလျှင် ဤသတ္တဝါ၏ လှုပ်ရှားနိုင်သည့် ဧရိယာမှာ အလွန်ကျယ်ပြန့်သည်ဟု ဆိုနိုင်သည်။
လူအချို့ကမူ ဤဖြစ်ရပ်နှစ်ခုကို မတူညီသော သတ္တဝါနှစ်ကောင်က ဖြစ်ပွားစေခဲ့သည်ဟု ယူဆကြသည်။ ပင်လယ်ထဲတွင် ဧရာမ ပင်လယ်မြွေကြီး တစ်ကောင်တည်းသာ ရှိသည်မဟုတ်ပေ။
ဤလူများ၏ အဆိုကြောင့် လူများစွာသည် ထိတ်လန့်သွားခဲ့ရသည်။
လူသား၏ ပင်လယ်ကြီးအပေါ် ကြောက်ရွံ့မှုမှာ များပြားလာပြီး ရလဒ်အနေဖြင့် ရေကြောင်းလုပ်ငန်းများမှာ ကြီးမားစွာ ထိခိုက်လာခဲ့သည်။
ကံမကောင်းစွာဖြင့် သေဆုံးနေသော ဧရာမငါးမန်းကြီးမှ လွဲ၍ အခြားသော ပင်လယ်သတ္တဝါများကို မည်သူမျှ မြင်ဖူးခြင်း မရှိကြသောကြောင့် ဤအဆိုကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။
အမှန်တကယ်တော့ ဧရာမ ပင်လယ်မြွေကိုပင် မတွေ့ရတော့သည်က အနည်းငယ် ကြာခဲ့ပြီ ဖြစ်သည်။
လူတချို့၏ ထိုဧရာမ ပင်လယ်မြွေကြီးကို စတင် လွမ်းဆွတ် လာကြချိန်တွင် တစ်စုံတစ်ယောက်က နောက်ဆုံးတွင် ၎င်း၏ ခြေရာလက်ရာများကို တွေ့ရှိခဲ့လေသည်။
ဤသို့ဖြင့် လူတို့သည် ဧရာမ ပင်လယ်မြွေကြီး၏ အကြောင်းကို သိရှိလာခဲ့ကြသည်။
ဧရာမ ပင်လယ်မြွေကြီးကို ပထမဆုံး တွေ့ရှိခဲ့သူများမှာ ငါးဖမ်းသမားအုပ်စု တစ်စုဖြစ်ပြီး ထိုအုပ်စုထဲမှ အသက် (၁၀) ကျော် လူငယ်တစ်ယောက်က ပထမဆုံး တွေ့ရှိခဲ့သည်ဟု ဆိုသည်။
အစပိုင်းတွင် ဤအကြောင်းကို သူ၏ ငါးဖမ်းအုပ်စုနှင့် မိဘများကသာ သိရှိခဲ့ပြီး၊ အများစုမှာ အစပိုင်းတွင် မယုံကြည်ခဲ့ကြပေ။
"ကျွန်တော့် နာမည်က ဟဲစီပါ"
သူ့ရှေ့တွင် ရှိနေသော သတင်းထောက်အုပ်စုကို ကြည့်ကာ ဟဲစီက ကိုယ့်ကိုကိုယ် မိတ်ဆတ်လိုက်သည်။
ထို့နောက် သူသည် ထိုအချိန်က ဖြစ်ပျက်ခဲ့သည်များကို သတင်းထောက်များအား ပြန်လည်ရှင်းပြခဲ့သည်။
မွန်းလွဲပိုင်း (၄) နာရီခန့် အချိန်တွင် သူတို့၏ ငါးဖမ်းလှေပေါ်၌ မတော်တဆတစ်ခု ဖြစ်ပွားခဲ့ပြီး ရလဒ်အနေဖြင့် လူသူမနီးသည့် ကျွန်းငယ်တစ်ခုပေါ်တွင် ခေတ္တခဏ ရပ်နားခဲ့ရသည်။
သူသည် တံငါသည် မိသားစုတစ်ခုမှ ဆင်းသက်လာသူဖြစ်သော်လည်း ဤအကြိမ်တွင် သူ၏ ဖခင်လှေနှင့် မလိုက်ခဲ့ပေ။
သူတို့ မိသားစု၏ ငါးဖမ်းလှေသည် အတော်လေး သေးငယ်ပြီး ဧရာမ ပင်လယ်မြွေ (သို့) အခြားသော ပင်လယ်သတ္တဝါများနှင့် မတော်တဆ ကြုံတွေ့ခဲ့လျှင် အသက်ဆုံးရှုံးရန် သေချာပေသည်။
ထို့ကြောင့် သူသည် ကြီးမားသော ငါးဖမ်းလှေတစ်စီးပေါ်တွင် အလုပ်လုပ်ကိုင်ရန် ရွေးချယ်ခဲ့ပြီး၊ ကပ္ပတိန်၏ လက်တိုလက်တောက်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
လက်ရှိ သူ၏ ငါးဖမ်းလှေသည် တစ်ကြိမ်လျှင် အနည်းဆုံး တစ်လခန့် ပင်လယ်ပြင်တွင် နေထိုင်လေ့ရှိပြီး၊ သူတို့သည် အမြဲတမ်း ပင်လယ်အနက်ပိုင်းသို့သာ သွားရောက်လေ့ရှိသည်။
ဟဲစီနှင့် သူ၏ အဖော်များသည် သူတို့ ခေတ္တရပ်နားခဲ့သော လူသူမနီးသည့် ယင်းကျွန်းပေါ်တွင် ဧရာမ ပင်လယ်မြွေကြီးကို တွေ့ရှိခဲ့ကြသည်။
ထိုအချိန်က သူနှင့် အဖော်သုံးယောက်တို့သည် ကျွန်းပေါ်တွင် သစ်သီးဝလံများ ရှာဖွေနေကြရင်း ကျွန်း၏ အလယ်ဗဟိုတွင် ကြီးမားသော ပြိုလဲနေသည့် သစ်ပင်တစ်ပင်ကို တွေ့ရှိခဲ့ကြသည်။
"ဒါပေမယ့် အဲဒါက သစ်ပင် မဟုတ်ဘူး!"
ဟဲစီက သတင်းထောက်များအား အလေးအနက်ထား၍ ပြောလိုက်သည်။
သူတို့သည် အချိန်ကြာမြင့်စွာ ရှာဖွေပြီးသော်လည်း သစ်သီးဝလံများကို မတွေ့ရခြင်းကြောင့် စိတ်တိုနေကြပြီး၊ ပြိုလဲနေသော ၎င်းသစ်ပင်လဲကို တွေ့သောအခါ သူတို့ထဲမှ တစ်ယောက်သည် ထိုအရာကို ပြင်းပြင်းထန်ထန် ကန်လိုက်မိသည်။
သို့သော် သူတို့၏ ဒေါသမှာ မပြေပျောက်ခဲ့ဘဲ ထိုအစား ဖုန်မှုန့် အနည်းငယ် ကျဆင်းသွားပြီးနောက် သူတို့သည် ပုပ်သိုးနေရမည့် သစ်သားများ အစား၊ တောက်ပသော အကြေးခွံများကို မြင်တွေ့လိုက်ရသည်။
ဂလု!
ထိုဖြစ်စဉ်အား ပြန်ပြောပြနေသော ဟဲစီသည် သူ၏ တံတွေးကို မျိုချလိုက်သည်။ ထိုစဉ်က သူတို့သည် သေခြင်းနှင့် အလွန်နီးကပ်စွာ ရှိနေခဲ့ကြသည်။
"ဒါပေမယ့် အဲဒါက အဆိုးဆုံး မဟုတ်သေးဘူး..."
သူသည် ခဏရပ်လိုက်ပြီး၊ နက်ရှိုင်းစွာ အသက်ရှုလိုက်ကာ သတင်းထောက်များအား ဖြစ်ပျက်ခဲ့သည်များကို ဆက်လက်ပြောပြခဲ့သည်။
"ကျွန်တော်တို့တွေ ထွက်ပြေးဖို့ ပြင်နေတုန်းမှာပဲ မြေပေါ်မှာ လဲလျောင်းနေတဲ့ အဲ့ဒီသတ္တဝါကြီးက ရုတ်တရက် ထလာတယ်..."
...
ရှဲ... ခရက်!
ဟဲစီနှင့် သူ၏ အဖော်များသည် ထိတ်လန့်စွာဖြင့် ဧရာမ ပင်လယ်မြွေကြီး၏ မြေပြင်မှ ထလာသည်ကို ကြည့်နေခဲ့ကြသည်။ သူတို့၏ ခန္ဓာကိုယ်သည် တုန်လှုပ်ခြောက်ခြားမှုကြောင့် အေးခဲနေခဲ့ပြီး လှုပ်ရှားနိုင်စွမ်း ကင်းမဲ့နေသည်။
ဧရာမ ပင်လယ်မြွေကြီး၏ ကိုယ်ပေါ်မှ ဖုန်မှုန့်၊ မြေကြီးနှင့် ပေါင်းပင်များမှာ တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။
ဖုန်မှုန့်အားလုံး ကျဆင်းသွားပြီးနောက်၊ သူတို့၏ အရှေ့တွင် ဧရာမ သတ္တဝါကြီး တစ်ကောင် ရှင်းလင်းစွာ ထွက်ပေါ်လာခဲ့သည်။
ထိုသတ္တဝါကြီးသည် ယခုတလော နာမည်ဆိုးဖြင့် ကျော်ကြားနေသော ဧရာမ ပင်လယ်မြွေပင် ဖြစ်သည်။
"သူက ကျွန်တော်တို့ ရှေ့ကနေပြီး၊ သူ့ရဲ့ ကြောက်စရာကောင်းလောက်အောင် ကြီးမားတဲ့ မျက်လုံးကြီးတွေနဲ့ ကျွန်တော်တို့ကို စိုက်ကြည့်နေတာ။ အဲဒီအချိန်တုန်းကဆို ကျွန်တော့် ခေါင်းထဲမှာ ဘာမှမရှိတော့ဘူး။ ဒီတစ်ခါတော့ ငါသေရမယ် ဆိုတဲ့အတွေးပဲ ရှိတော့တာ..."
ဟဲစီ၏ မျက်နှာသည် အနည်းငယ် ဖြူရော်နေပြီး စကားပြောနေစဉ် သူ၏ လက်များကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် အဆုံးတွင် သူတို့ အသက်ရှင်နိုင်ခဲ့သည်။ ဧရာမ ပင်လယ်မြွေကြီးသည် သူတို့ကို ခဏလောက်သာ ကြည့်ပြီး ပင်လယ်ထဲသို့ ဆင်းသွားခဲ့သည်။
"တကယ်တော့ ဒီဧရာမ ပင်လယ်မြွေကြီးကို ကျွန်တော် ပထမဆုံးတွေ့တာ မဟုတ်ဘူး။ ဒါက တတိယအကြိမ်မြောက်ပဲ"
ရှုပ်ထွေးနေသော မျက်နှာအမူအရာဖြင့် ဟဲစီက ဆက်လက်ပြောပြသည်။
"ပထမဆုံးအကြိမ်က မြင်းခွာကျွန်းနားက လျို့မြောင်းတစ်ခုမှာ တွေ့ခဲ့တာ..."
"အဲဒီတုန်းက အဖေ့ကို ပြောပြခဲ့ပေမယ့် သူက မယုံခဲ့ဘူး။ နောက်ပိုင်း ပင်လယ်ထဲကို အရွယ်ရောက် အခမ်းအနား ကျင်းပတဲ့ အနေနဲ့ သွားတဲ့အခါကျ အဲ့ဒီဧရာမ မြွေကြီးကို ဒုတိယအကြိမ် တွေ့ခဲ့တယ်။ အဲဒီတစ်ခါတော့ ကျွန်တော် ရှင်းရှင်းကြီးကို မြင်ခဲ့တာ..."
"မြင်းခွာကျွန်းရဲ့ ကျေးရွာသားတွေ သက်သေခံနိုင်တယ်။ အဲ့ဒီတုန်းက ကျွန်တော်တို့တွေ ပင်လယ်ထဲမှာ ဧရာမ မြွေကြီးတစ်ကောင် ရှိတယ်လို့ သူတို့ကို ပြောခဲ့တယ်။ ဒါပေမဲ့ ဘယ်သူမှ မယုံခဲ့ဘူး"
ဟဲစီနှင့် တွေ့ဆုံမေးမြန်းပြီးနောက် ကျွမ်းကျင်သူများနှင့် ပညာရှင်အုပ်စုတစ်စုသည် လူသူနီးသော ထိုကျွန်းသို့ သွားရောက်ခဲ့ကြသည်။ သုတေသနပြုလုပ်ပြီးနောက် သူတို့သည် ဧရာမ ပင်လယ်မြွေကြီး ကျန်ရစ်ခဲ့သော ခြေရာလက်ရာများကို တွေ့ရှိခဲ့ကြသည်။
ဤအထောက်အထားများသည် ဟဲစီက လိမ်ညာမပြောခဲ့ကြောင်း သက်သေပြခဲ့သည်။ ဧရာမ ပင်လယ်မြွေကြီးသည် အမှန်တကယ်ပင် ဤနေရာတွင် ရှိနေခဲ့ဖူးသည်။
သူတို့တွေ ထိုနေရာသို့ ရောက်သွားချိန်တွင် ဧရာမ ပင်လယ်မြွေကြီးမှာ လုံးဝပျောက်ကွယ်သွားပြီ ဖြစ်ပြီး၊ သူတို့၏ အစာဖြင့်ဆွဲဆောင်ခြင်း၊ အသံလှိုင်းရေဒါဖြင့် ရှာဖွေခြင်းစသည့် နည်းလမ်းပေါင်းစုံတို့မှာ အသုံးမဝင်ခဲ့ပေ။
သို့သော် နောက်မကြာမီတွင် လူတစ်ယောက်သည် ဧရာမ ပင်လယ်မြွေကြီး၏ ခြေရာလက်ရာများကို တွေ့ရှိခဲ့ပြီး၊ ဧရာမ ပင်လယ်မြွေကြီးကို ဖမ်းဆီးရန် ကြံစည်ထားသူများအတွက် အခွင့်အလမ်းတစ်ခုကို ဖန်တီးပေးခဲ့သည်။
...