ရေပြင်ထဲက ဧရာမမြွေကြီးပေါ်ထွက်လာခြင်း
Vol. 12 Ch. 159
မွန်းတည့်ချိန်။
ဧရာမ ခရီးသည်တင် သင်္ဘောကြီးတစ်စင်း လှိုင်းလေငြမ်သက်နေသည့် ပင်လယ်ပြင်တွင် အရှေ့အရပ်သို့ ဦးတည်ကာ ရွက်လွှင့်နေခဲ့သည်။
သင်္ဘောပေါ်တွင် ခရီးသည်များစွာတို့သည် လေညှင်း၏ တိုက်ခတ်မှုကို ခံစားရင်း အချင်းချင်းစကားပြောနေကြပြီး အချို့ကမှု လှပသော ပင်လယ်ပြင်ကြီးကို ငေးကြည့်နေကြသည်။
ဤအချိန်မှာပင် ရေထဲမှ ပြင်းထန်သောအသံတစ်ခု ပျံ့လွင့်လာခဲ့သည်။
ထိုအသံသည် အလွန်ကျယ်လောင်လွန်းတာကြောင့် သင်္ဘောပေါ်ရှိ လူအားလုံး၏ အာရုံကို ဆွဲဆောင်လိုက်နိုင်သည်။
"ဘာဖြစ်တာလဲ..."
လူအုပ်ထဲမှ ကလေးမျက်နှာပုံစံရှိသည့် မိန်းကလေးတစ်ယောက်သည် အခြားသူများကဲ့သို့ သင်္ဘော လက်တန်းကိုမှီကာ ပင်လယ်လေညှင်း၏ အေးမြခြင်းကို ခံစားနေခဲ့သည်။
ရုတ်တရက် ကြားလိုက်ရသည့် ရေထဲက ကျယ်လောင်သောအသံကြောင့် သူမသည် အလန့်တကြားဖြစ်သွားပြီး အသံ၏ မူလအစကို ဧရာမ မြွေကြီးလေလားဟု စိုးရိမ်စွာဖြင့် လှမ်းကြည့်လိုက်သည်။
အသံ၏ ဇင်းမြစ်ကို မြင်ရသည့်အခါတွင်တော့ သူမဟာ အံ့အားသင့်သွားရပြီး အတိုင်းအတာတစ်ခုထိ စိတ်သက်သာရာရသွားလေသည်။
သင်္ဘောနှင့် မီတာ (၇၀-၈၀) ခန့် အကွာတွင် ဝေလငါးတစ်ကောင်၏ ဦးခေါင်းသည် ရေထဲမှထွက်ပေါ်လာပြီး ၎င်း၏ ဦးခေါင်းရှိ အပေါက်ကနေ ရေများကို ဖြန်းထုတ်နေသည်။
"ဝေလငါးပါလား..."
မဝေးလှသော နေရာတွင် ရှိနေသည့် ဝေလငါးကြီးကို မြင်ရချိန်တွင် မိန်းကလေးဟာ အံ့အားသင့်သွားပြီး ချက်ချင်းပင် သူမ၏ ဖုန်းကိုယူကာ ဓာတ်ပုံရိုက်လိုက်သည်။ ထိုအခါမှသာ သူမသည် ဖုန်းထဲတွင် မဖတ်ရသေးသည့် စာတိုများ ရှိနေသည်ကို သတိထားမိလိုက်၏။
စာတို၏ အပေါ်ဘက်တွင် ရှောင်ဝမ်း (ဆာရှာ) ဟူသော အမည်ကို တွေ့မြင်နိုင်လေသည်။
"ရှောင်လန် မင်းဘယ်တော့ အိမ်ပြန်လာမှာလဲ"
ဤစာကို ဖတ်လိုက်သည့် ရှောင်လန်၏ စိတ်ထဲတွင် မိန်းကလေးတစ်ယောက်၏ ပုံရိပ်ဟာ ပေါ်လာခဲ့ပြီး သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူမသည် ဖုန်းကိုယူကာ အမြန်စာရိုက်ပြီး ပြန်ပို့လိုက်သည်။
"ငါ တရုတ်ပြည်ကို ပြန်လာနေပြီ"
လွန်ခဲ့သော သုံးလက သူမသည် နိုင်ငံခြားသို့ ထွက်ခွာပြီး အလုပ်တစ်ချို့ကို ဆောင်ရွက်ခဲ့ရင်း အားလပ်ရက်အနေဖြင့် အပန်းဖြေခဲ့သည်။ အခု သူမ အလုပ်အားလုံး ပြီးဆုံးသွားပြီဖြစ်သောကြောင့် အိမ်ပြန်လာခြင်း ဖြစ်သည်။
"ကောင်းပြီ၊ မင်းလေယာဉ်နဲ့ ပြန်လာသင့်တယ်။ သင်္ဘောနဲ့ဆို အန္တရာယ် သိပ်များလွန်းတယ်"
ဤစာတိုကို ဖတ်လိုက်သည့် ရှောင်လန်၏ မျက်နှာဟာ ရှုံ့တွသွားပြီးနောက် ပြုံးလိုက်သည်။ သူမလည်း လေယာဉ်နဲ့ ပြန်လာချင်သော်လည်း ဘာတတ်နိုင်မည်နည်း။ ပင်လယ်ထဲတွင် သတ္တဝါကြီးများ ပေါ်ထွက်လာပြီး လူအများအပြားသေဆုံးမှုများ ဖြစ်ပွားလာသည့်အတွက် ယခုအချိန်တွင် လူအများစုသည် လေယာဉ်ဖြင့်သာ ခရီးသွားလာကြခြင်းကြောင့် လေယာဉ်လက်မှတ်ရရှိရန် အလွန်ခက်ခဲလာခဲ့သည်။
သူမသည် လေယာဉ်လက်မှတ်ရရှိရန် တစ်ပတ်ကျော်ကြာ ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် လက်လျှော့ပြီး သင်္ဘောဖြင့်သာ ပြန်လာခဲ့ရသည်။
ကံကောင်းစွာပင်၊ ဤသင်္ဘောသည် အလွန်ကြီးမားပြီး ယခုအချိန်ထိတော့ ဧရာမသင်္ဘောကြီးများ နစ်မြုပ်သည့်သတင်းများ မကြားရသေးပေ။
သူမသည် စိုးရိမ်စိတ်ဖြင့် ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်သည်။ ဆူညံနေသည့် ပတ်ဝန်းကျင်နှင့် လူအများအပြားရှိနေမှုသည် သူမ၏ စိတ်ထဲက စိုးရိမ်စိတ်များကို အတော်အတန် လျော့ပါးသွားစေသည်။
"အဆင်မပြေဘူး လေယာဉ်လက်မှတ်က မရလို့..."
ရှောင်လန်က ရှောင်ဝမ်းထံ စာပြန်လိုက်သည်။
"သိပ်စိတ်ပူမနေပါနဲ့၊ ငါအခုစီးနေတဲ့ သင်္ဘောက အရမ်းကြီးတယ်။ နောက်ရက်အနည်းငယ်လောက်ဆို ဆိပ်ကမ်းကို ရောက်တော့မှာ..."
"ဘာပဲဖြစ်ဖြစ် သတိထားနော်"
"အိုကေ"
ရှောင်ဝမ်းထံ စာပြန်ပြီးနောက် ရှောင်လန်သည် သင်္ဘောလက်တန်းပေါ်သို့ ပြန်မှီကာ မဝေးလှသော နေရာရှိ ဝေလငါးကြီးကို ကြည့်နေမိသည်။
သူမ စိတ်ကူးယဉ်မိသည်။ ဝေလငါးကြီးသည် ဧရာမမြွေကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး အလွန်ထိတ်လန့်ဖွယ်ကောင်းနေသည့် ပုံရိပ်ကို စိတ်ထဲမြင်ယောင်လာသည်။
၎င်း၏ ခန္ဓာကိုယ်ဟာ အမည်းရောင်အကြေးခွံများဖြင့် ဖုံးလွှမ်းနေပြီး ချွန်ထက်သော သွားများသည် လူကြီးတစ်ဦးကိုပင် ငိုကြွေးစေနိုင်သည်။
ရုတ်တရက် ဧရာမမြွေကြီးသည် သူမဘက်သို့ အာရုံစိုက်လာပြီး သူမရှိရာ သင်္ဘောဆီသို့ ဦးတည်တိုက်ခိုက်လာသည်။
သင်္ဘောသည် တိမ်စောင်းသွားပြီး ခရီးသည်အားလုံး ပင်လယ်ထဲသို့ ကျဆင်းသွားသည်။ လူအားလုံးသည် ကြောက်ရွံ့စွာဖြင့် အော်ဟစ်နေကြသည်။
ထိုကဲ့သို့ မြင်ကွင်းမျိုးကို စိတ်ထဲမြင်ယောင်မိသွားသည့် ရှောင်လန်သည် သူမ၏ လက်များကို မကျေမနပ်ဖြစ်ကာ ဆုပ်ကိုင်လိုက်မိသည်။ သူမ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောနှောနေ၏။
သူမသည် စိတ်ကူးယဉ်နစ်မျောနေစဥ် ရုတ်တရက် အော်ဟစ်သံတစ်ခုကြောင့် သူမ နိုးထလာသည်။
"အားး!!.."
ဤရုတ်တရက် အော်ဟစ်သံသည် ရှောင်လန်ကို စိတ်ကူးယဉ်နေရာမှ နိုးထလာစေသည်။ သူမသည် အံ့အားသင့်စွာဖြင့် ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်သည်။ ထိုအခါ လူအုပ်ကြီးက တစ်နေရာကို ကြောက်ရွံ့သည့်အကြည့်ဖြင့် ကြည့်နေကြသည်ကို သတိထားမိလိုက်သည်။
"ဘာဖြစ်နေတာလဲ"
အနည်းငယ် စိတ်ရှုပ်ထွေးနေသော သူမသည် လူအုပ်ကြီး ကြည့်နေသည့် နေရာကို လိုက်ကြည့်လိုက်၏။ လူအုပ်ကြီး ကြည့်နေသည့် အရာကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖတ်သွားသည်။
"မြွေကြီးလား..."
ဝေလငါးနှင့် မဝေးလှသော နေရာတွင် ဧရာမမြွေကြီးတစ်ကောင် ပေါ်ထွက်လာပြီး ဝေလငါး၏ အနောက်မှ အမြန်လိုက်နေသည်ကို သူမမြင်လိုက်ရသည်။
"ဒါ...."
ရှောင်လန်၏ နှလုံးခုန်နှုန်းမှာ အလွန်မြန်ဆန်လာပြီး ခြေလက်များတွင် အေးစက်မှုတစ်ခုကို သူမ ခံစားလာရသည်။
သူမသည် စိတ်ကူးယဉ်တတ်သည် မှန်သော်လည်း ဤကဲ့သို့ အခြေအနေကို တကယ်ဖြစ်လာစေလိုခြင်း မရှိပေ။ သူမသည် စိတ်လှုပ်ရှားမှုကို ရှာဖွေနေသည့် မိန်းမငယ်လေးတစ်ဦးသာ ဖြစ်သည်။
သူမ၏ မျက်လုံးများသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သော်လည်း ကျယ်ပြန့်သော ပင်လယ်ပြင်ကိုသာ မြင်ရပြီး ကုန်းမြေကို မမြင်ရပေ။
တဒင်္ဂအတွင်းမှာပင်...
သူမ၏ စိတ်ထဲက လုံခြုံစိတ်ချရမှုဆိုသည်မှာ ခံစားချက်များ ပျောက်ဆုံးသွားပြီး ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။
သင်္ဘောပေါ်ရှိ လူအုပ်အတွင်း ဆူညံသံများ ဖြစ်ပေါ်လာသည်။
လူအများအပြား ရှိနေသော်လည်း အကျိုးမရှိပေ။
စာရင်းဇယားများအရ ဤဧရာမမြွေကြီးသည် လူပေါင်း (၇၀၀) ကျော်ကို သတ်ဖြတ်ခဲ့သည့် မှတ်တမ်းရှိပြီး အမှန်တကယ်ပင် လူသတ်စက်ကြီး ဖြစ်သည်။
သူတို့၏ သင်္ဘောသည် အတော်လေးကြီးမားသော်လည်း ဤဧရာမမြွေကြီး၏ တိုက်ခိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိမရှိ မည်သူမျှ မသိပေ။
သင်္ဘောသည် စတင်အရှိန်မြှင့်လာကာ အဝေးသို့ ၎င်းနေရာနှင့် ဆန့်ကျင်ဘက်သို့ ဦးတည်လာသည်။ ထိုအချိန် သင်္ဘောဝန်ထမ်းများသည် အခြေအနေကို တည်ငြမ်စေရန် ထွက်လာကြ၏။
ရှောင်လန်၏ နှလုံးသားသည် အလျင်အမြန်ခုန်နေပြီး သူမ ဧရာမမြွေကြီးကို ပြင်းထန်စွာ စိုက်ကြည့်နေသည်။
ဧရာမ ပင်လယ်မြွေကြီး၏ အနည်းငယ်သော ကိုယ်ခန္ဓာ အစိတ်အပိုင်းသာ ပေါ်နေသော်လည်း ထိုအနည်းငယ်သော အစိတ်အပိုင်းသည်ပင် သူတို့အား အံ့အားသင့်စေရန် လုံလောက်ပေသည်။
၎င်းတွင် တစ်မီတာကျော်အထူရှိပြီး ဆင်တစ်ကောင်ကိုပင် အလွယ်တကူ မျိုချနိုင်သည့် အရွယ်အစားရှိသည်။
ဧရာမ ပင်လယ်မြွေကြီးသည် ဝေလငါးနောက်သို့ အလျင်အမြန်လိုက်နေသည်။ ၎င်းသည် မီတာ (၁၀၀) အကွာကို စက္ကန့်အနည်းငယ်အတွင်း ဖြတ်သန်းကာ ဝေလငါး၏ အမြီးကို ကိုက်ချလိုက်၏။
ဧရာမ ပင်လယ်မြွေကြီး ပါးစပ်ကိုဟလိုက်ချိန်တွင် ၎င်း၏ ချွန်ထက်သောသွားများကို မြင်တွေ့လိုက်ရသည်။
ဤဧရာမသွားကြီးများသည် လူတို့အား ချမ်းစိမ့်သွားစေသည်။
သူတို့သည် ဧရာမ ပင်လယ်မြွေကြီးက ဝေလငါး၏ အမြီးကို ကိုက်ပြီးနောက် ၎င်း၏ ဦးခေါင်းကို လှုပ်ရမ်းကာ ဆုတ်ဖြဲလိုက်သည်ကို မြင်တွေ့ရသည်။ ဝေလငါး၏ ဤဒဏ်ရာမှ သွေးများသည် ပန်းထွက်လာပြီး ပတ်ဝန်းကျင် ပင်လယ်ရေပြင်ကို အနီရောင်ဖြင့် ဆေးခြယ်သွားသည်။
ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် မြင်ကွင်းကို မြင်ရသည့် ရှောင်လန်၏ ကိုယ်ခန္ဓာသည် ပိုမိုတုန်လှုပ်လာပြီး အော်ဟစ်ချင်စိတ်ကို မနည်းမျိုသိပ်ထားရသည်။
လူအုပ်ကြီးသည် သင်္ဘောသည် အမြန်ဆုံးမောင်းနှင့်စေပြီး ဤလူသတ်စက်ကြီးနှင့် ဝေးရာသို့ ရောက်ရှိလိုနေကြသည်။
သူတို့ အဝေးသို့ ဦးတည်နေစဉ်အတွင်း ဧရာမမြွေကြီးသည် ရုတ်တရက် ဝေလငါးကို ဖမ်းကာ ရစ်ပတ်လိုက်သည်။
ဖရူးး
ဝေလငါး၏ ဦးခေါင်းမှ ရေများပန်းထွက်လာပြီး နှစ်ကောင်စလုံးမှာ ရေအောက်သို့ ဖြည်းဖြည်းချင်း နစ်မြုပ်သွားကြသည်။
ကျယ်လောင်သော အသံများနှင့် ရေလှိုင်းများ တဖြည်းဖြည်း ငြိမ်သက်သွားပြီး ရေပြင်ပေါ်တွင် အနီရောင်အစက်အပြောက် အချို့သာ ကျန်ရစ်ခဲ့သည်။
သင်္ဘောပေါ်ရှိ လူအုပ်သည် ထိုမြင်ကွင်းကို အသက်ရှူအောင့်ကာ ကြည့်နေကြသည်။ သူတို့၏ စိတ်ထဲတွင် မျှော်လင့်ချက်တစ်ခုရှိနေသည်။
လက်ရှိ အခြေအနေအရ ဧရာမ ပင်လယ်မြွေကြီး သူတို့ကို တိုက်ခိုက်မလာတော့ဖို့ မျှော်လင့်သည်။
"ဒီဝေလငါးက သူ့အတွက် လုံလောက်ပါစေ..."
ဤသည်မှာ သင်္ဘောပေါ်ရှိ လူတွေ၏ အတွေးများသာ ဖြစ်သည်။
သို့သော် သူတို့သည် အပြည့်အဝ စိတ်သက်သာရာ မရကြသေးပေ။ လူအများစုသည် ဧရာမ ပင်လယ်မြွေကြီး ရုတ်တရက် ရေထဲမှထွက်လာပြီး သူတို့ကို တိုက်ခိုက်မည်ကို စိုးရိမ်စွာဖြင့် ရေပြင်ကို စိုက်ကြည့်နေကြသည်။
ဧရာမ ပင်လယ်မြွေကြီး၏ ပေါ်ထွက်လာမှုသည် သင်္ဘောပေါ်ရှိလူများကို အလွန်အမင်း ထိတ်လန့်စေသော်လည်း အမေရိကန်အစိုးရအတွက်မူ အလွန်ပျော်ရွှင်စရာ ဖြစ်သည်။
သူတို့သည် နောက်ဆုံးတွင် ဧရာမ ပင်လယ်မြွေကြီး၏ လှုပ်ရှားမှု နယ်ပယ်ကို မှန်းဆနိုင်ခဲ့သည်။
......