← Chapters

မှတ်တမ်း ပြောင်းလဲခြင်း

Vol. 57 Ch. 845

မှတ်တမ်း ပြောင်းလဲခြင်း

Vol. 57 Ch. 845

“ပြေးထား.. ပြေးထား.. ပြေးထား…”

ပွဲကြည့်စင်တွင် အနောက်နိုင်ငံသားများ ဝိုင်းရံထားသည့် အနီရောင် ဝတ်ဆင်ထားသည့် လူပင်လယ်ကြီး ရှိနေပေသည်။ တူညီဝတ်စုံ ဝတ်ဆင်ကာ တခဲနက် အော်ဟစ် အားပေးနေကြသည်။

ယနေ့ မီတာ(၅၀၀၀)အမျိုးသမီးပြိုင်ပွဲ ဗိုလ်လုပွဲဖြစ်သည်။ အရှေ့တိုင်းသမင် ဝမ်ကျင်းရှသည် အားကစား အလောင်းအစား ဒိုင်များတွင် အနိမ့်ဆုံး ပေါက်ကြေးဖေါက်ခံထားရသူ ဖြစ်သည်။ ဆိုလိုသည်မှာ အလောင်းကစား ဒိုင်များသည် သူ့တွင် အနိုင်ရနိုင်ခြေ အမြင့်ဆုံးဟု သတ်မှတ်ထား၍ ဖြစ်သည်။

ဤသည်မှာ အရေးကြီးဆုံးပြိုင်ပွဲတစ်ခု ဖြစ်သဖြင့် တရုတ်အားပေးသူများအားလုံး တက်ရောက်ကြသည်။ ဖုန်းယွီ သည်လည်း သူ့လူများကို လက်မှတ်များ၊ တရုတ်အလံများကို အားပေးသူများထံ ကြိုတင်ပေးခိုင်းထားလိုက်သည်။

ဝမ်ကျင်းရှန်သည် လူအားလုံးကို စိတ်မပျက်စေခဲ့ချေ။ ပြိုင်ပွဲ ပတ်လမ်းအတိုင်း လှည့်ပတ်ပြီးကာ နောက်ဆုံးအချိန် အထိ ဦးဆောင်ထားပေသည်။ အခြားသော အားကစားသမားများသည် သူ့ကို မခြိမ်းခြောက်နိုင်ချေ။

ဝမ်ကျင်းရှန်သည် ပန်းဝင်ပြီးနောက် အားလုံး မတ်တပ်ရပ် အော်ဟစ် အားပေးနေစဉ် ဒုတိယ ပန်းဝင်သူသည်ပင် အလွန်ဝေးစွာ ပြတ်ကျန်ရစ်ခဲ့သည်။

အခြားနိုင်ငံများမှ အားပေးသူအချို့မှပင် အားပေးခဲ့ကြပြီး အချို့ကမူ ၎င်းတို့ အားကစားသမားများ ရှုံးနိမ့်သွားသဖြင့် သက်ပြင်းကိုယ်စီ ချနေကြသည်။

ဝမ်ကျင်းရှန်သည် သူ့နည်းပြထံမှ တရုတ်အလံကို ကိုင်ကာ ပြေးလွှားနေပေသည်။ တရုတ်အားပေးသူများထံ ရောက်လာချိန်၌ ရပ်ကာ လက်ပြနှုတ်ဆက်ခဲ့သည်။

“မင်းမြင်လာ.. အဲ့ဒါ ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး တာဝေးအပြေးသမား ငါတို့ အရှေ့တိုင်း သမင်လေ.. အိုလံပစ် အားကစား ပြိုင်ပွဲရဲ့ စံချိန်ကိုတောင် ချိုးဖျက်လိုက်သေးတယ်..”

လေနှင့်မိုး လျှပ်စစ်မှ ဝန်ထမ်းတစ်ယောက်သည် အနားရှိ အနောက်တိုင်း ပရိသတ်ကို တရုတ်လို အော်ပြောလိုက် သည်။ အနောက်တိုင်းသားအနေဖြင့် တရုတ်လို နားမလည်သော်လည်း တရုတ်အလံကို သိသဖြင့် လက်မထောင် ပြကာ ဂုဏ်ပြလိုက်သည်။ ဤသည်က လေနှင့်မိုး လျှပ်စစ်၏ ဝန်ထမ်းများကို ဂုဏ်ယူစေတော့သည်။

ဝမ်ကျင်းရှန်သည် မီတာ(၁၀၀၀၀) ပြိုင်ပွဲတွင် အနိုင်ရနိုင်သေးသည်ဩဟု လူတိုင်းခံစားနေကြသော်လည်း ဖုန်းယွီသည် ယခင်ဘဝက မီတာ(၅၀၀၀)နှင့် (၁၀၀၀၀)အပြေးပြိုင်ပွဲများသည် အလွန်နီးကပ်လွန်းသဖြင့် ဝမ်ကျင်းရှန်သည် သူ့ကြံ့ခိုင်မှုကို အချိန်မှီ ပြန်လည် ဖြည့်ဆည်းနိုင်ခြင်း မရှိခဲ့ချေ။ အခြားနိုင်ငံမှ အားကစားသမား များ ပြေးလမ်းပိတ်ဆို့ထားခြင်းကြောင့် ဒုတိယသာ ရရှိခဲ့သည်။

သို့ရာတွင် ယခုဘဝ၌မူ ဝမ်ကျင်းရှန်သည် အခြားအားကစားသမားများ၏ ပိတ်ဆို့မှုကို ရင်ဆိုင်ရန် မလိုအပ်ချေ။ ဖုန်းယွီသည် ဝမ်ကျင်းရှန်ကို ကူညီရန်အတွက် ဗိုလ်လုပွဲတွင် ပါဝင်ခွင့်ရသော ဆုတံဆိပ်များ ရယူရန် အခွင့်အရေးမရှိ သည့် အားကစားသမားများနှင့် ဆက်သွယ်ခဲ့သည်။ အခြားအပြေးသမားများ လမ်းပိတ်ဆို့ခြင်းကို ကာကွယ်ပေးရမည်ဖြစ်ကာ ဖုန်းယွီမှလည်း ၎င်းတို့ကို ငွေအနည်းငယ် ပေးမည်ဖြစ်သည်။

ဝမ်ကျင်းရှန်သည် ဖုန်းယွီ၏ တရုတ်ထိပ်တန်း အားကစားသမားဖြစ်ပြီး စောင်ကျင်း မော်တော်ကား၏ ပြောရေးဆိုခွင့် ရှိသူလည်း ဖြစ်ပေသည်။ အကယ်၍ သူသည် အခြားသော ဆုတံဆိပ်များ ဆွတ်ခူးနိုင်ပါက စောင်ကျင်း မော်တော်ကား၏ ကြောငြာများကို လူအများ သတိပြုမိလာမည် ဖြစ်သည်။ ထို့အပြင် ဝမ်ကျင်းရှန်အား ပထမ မရအောင် တားဆီးရန် အခြားနိုင်ငံများမှ အားကစားသမားများကို အမေရိကန်တို့ စီစဉ်ထားကြသည်။ ဖုန်းယွီအနေဖြင့် ထိုလူများကို အောင်မြင်ခွင့်ပေးမည် မဟုတ်ချေ။

ထိုသို့သော ဘာမဟုတ်သည့် လှည့်ကွက်များကို မည်သူ ဆောင်ရွက်မှန်း မသိသော်လည်း ယနေ့တွင် သမိုင်းကို ပြောင်းလဲပစ်ရပေလိမ့်မည်။

************

မီတာ(၁၀၀၀၀)အပြေးပြိုင်ပွဲ စတင်သည့်အခါ စင်ပေါ်၌ အားပေးသူ အနီရောင် ပင်လယ်ကြီး ရှိနေပေသည်။ သို့ရာတွင် ယခုအကြိမ်၌ မတူချေ။ အချို့သော အားပေးသူများသည် အဝါရောင် ဦးထုပ်များ ဝတ်ဆင်ထားကြသည်။ အဝေးမှ ကြည့်လိုက်ပါက တရုတ်အားပေးသူများသည် တရုတ်အလံ ပုံဖော်ထားကြောင်း တွေ့ရမည်ဖြစ်သည်။

အားပေးသည်များသည် ဖုန်းယွီ ယခင်ဘဝက မြင်ခဲ့ရသည်နှင့် နှိုင်းယှဉ်၍ မရသော်လည်း တစ်ကမ္ဘာလုံး အာရုံစိုက် မှုကို ဖမ်းစားနိုင်သည်အထိ ဖြစ်ခဲ့သည်။ မာထောင်သည် အဝေးမှနေ၍ အားပေးသူများကို မြင်လိုက်ရသည့် အခါ စိတ်လှုပ်ရှားကာ မန်နေဂျာဖုန်းသည် တီထွင်ဖန်တီးနိုင်လွန်းသူဟု တွေးလိုက်မိသည်။ တစ်ကမ္ဘာလုံးမှ မတ်တပ်ရပ် အားပေးနေသည့် တရုတ်အားပေးသူများနှင့် အားကစားသမားများကို သတိထားမိသွားပေလိမ့်မည်။ တရုတ်အသင်း ၏ အဖွဲ့ခေါင်းဆောင်အနေဖြင့် ဤဂုဏ်တက်ခြင်းမှာ သူ့အပေါ် ရောက်လာပေလိမ့်မည်။

အစပိုင်းတွင် အမည်မသိ အားကစားသမား တစ်ယောက်သည် ပထမ မီတာ(၁၀၀)အထိ ဦးဆောင်နေပေသည်။ လူတိုင်း တုန်လှုပ်သွားသည်။ ထိုအားကစားသမား ရူးနေသည်လော။ အပြေးသမားများ ရှေ့မှ ဦးဆောင်ရန် သတ္တိရှိသည်လော။ ထိုအရှိန်ဖြင့်ဆိုလျှင် မီတာ(၃၀၀၀)အရောက်၌ သေသွားပေလိမ့်မည်။

ပြိုင်ပွဲမစမှီကပင် ဖုန်းယွီသည် ဝမ်ကျင်းရှန်အား တစ်ယောက်ယောက်သည် ဦးဆောင်နေရာ၌ နေကာ အခြားသော အားကစားသမားများသည် သူ့ကို ပိတ်ဆို့ရန် အုပ်စုဖွဲ့လိမ့်မည်ဟု ပြောထားပေသည်။ ဝမ်ကျင်းရှန်အနေဖြင့် အထိတ်တလန့်မဖြစ်ဘဲ မိမိ၏ ခံနိုင်ရည်စွမ်းအားကို ထိန်းသိမ်းထားရန်သာ ပြောခဲ့သည်။

မီတာ(၃၀၀၀) အရောက်တွင် ဦးဆောင်သူနေရာမှ အားကစားသမားသည် ပြေးလမ်းမှ ထွက်သွားတော့သည်။ စွန့်စားရန် ဆုံးဖြတ်ခဲ့သော်လည်း မတော်တဆ တစ်ခုဖြစ်ခဲ့သည်။ အရှိန်လျှော့လိုက်သည်နှင့် သူ့နောက်မှ အပြေးသမားသည် ဝင်တိုက်မိတော့သည်။ ဒုတိယနေရာမှ အပြေးသမား လဲမသွားသော်လည်း နောက်မှ အပြေးသမားများ အရှိန်လျော့သွားကာ ဝမ်ကျင်းရှန်သည် အပြေးသမား တော်တော်များများကို ကျော်တက်ရန် အခွင့်အရေး ရသွားသည်။

ထိုအချိန်၌ အခြားသော အပြေးသမားတစ်ယောက်သည် သူ့အရှိန်ကို မြှင့်တင်ကာ ဦးဆောင်သူ နေရာသို့ ရောက်လာသည်။

ကျော်မတက်နိုင်အောင် ဝမ်ကျင်းရှန်အား တားဆီးထားသည့် အပြေးသမားအနည်းငယ် ရှိနေသော်လည်း ရှေ့ဆုံးမှ ဦးဆောင်သူသည် မြန်လွန်းသဖြင့် အပြေးသမားအားလုံး၏ အရှိန်ကို အနှောက်အယှက် ဖြစ်စေပေသည်။

မီတာ (၈၀၀၀)သို့ ကျော်ဖြတ်ပြီးနောက် ဦးဆောင်သူနေရာမှ အပြေးသမား အရှိန်လျှော့ကာ သူ့နောက်မှ သူများကို ပိတ်ဆို့လိုက်သည်။ ထိုအချိန်တွင် ဝမ်ကျင်းရှန်သည် ဦးဆောင်သူနေရာရရန် အခွင့်အရေးရသွားသည်။

ဖုန်းယွီ၏ ယခင်ဘဝတွင် ဝမ်ကျင်းရှန်သည် ဦးဆောင်သူနေရာသို့ရောက်ရန် နောက်ထပ် မီတာ(၂၀၀) ပြေးခဲ့ရသေး သော်လည်း ယခုအကြိမ်တွင်မူ လွယ်လွယ်ကူကူဖြင့် ရောက်သွားနိုင်ပေသည်။

နောက်ကျန် အားကစားသမားများ မာန်သွင်းကာ ညစ်ပတ်သည့် လှည့်ကွက်များ စ၍ သုံးလာကြသည်။ ဝမ်ကျင်းရှန် နောက်မှ အပြေးသမားများသည် သူ့နှင့် နီးကပ်လာကာ ခါးကို လက်ဆစ်များဖြင့် လျှို့ဝှက် လှမ်းထိုးကြသည်။

ဝမ်ကျင်းရှန်အနေဖြင့် ထိုသို့သော အနေအထားမျိုး အကြိမ်ပေါင်း မရေတွက်နိုင်အောင် ကြုံတွေ့ခဲ့ရပြီး အခြားအပြေးသမားများ အလွန်နီးကပ်ခြင်းအား ကာကွယ်ရန် သူ့လက်များကို နောက်သို့ ပိုလွှဲခြင်းကို စလိုက်သည်။

“ဝမ်ကျင်းရှန်… အောင်ပွဲခံစေရမယ်ဟေ့…”

သူ၏ နည်းပြမှာ စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

နောက်ဆုံး အပတ်တွင် ဝမ်ကျင်းရှန်သည် ဒုတိယနေရာ အပြေးသမား၏ရှေ့ မီတာ(၂၀)အကွာမှ ပြေးနေပေသည်။ သူ၏ အရှိန်အဟုန်၊ ခံနိုင်ရည်ဖြင့် ဤပွဲကို သေချာပေါက် အောင်နိုင်ပေလိမ့်မည်။

“မန်နေဂျာဖုန်း.. တခြားနိုင်ငံက အားကစားသမားတွေ ဝမ်ကျင်းရှန်ကို တားဖို့ အုပ်စုဖွဲ့မယ်ဆိုတာ မင်းဘယ်လိုလုပ် သိလဲ..”

နည်းပြ မနေနိုင်ဘဲ ပေးလိုက်သည်။ ဖုန်းယွီသည် ပြိုင်ပွဲအတွင်း အခြားအပြေးသမားများသည် ဝမ်ကျင်းရှန်အား တားလိမ့်မည်ဟု ပြောစဉ်က မယုံကြည်ခဲ့ချေ။

ဖုန်းယွီသည် ယုံကြည်မှု အပြည့်ဖြင့်..

“သတင်းစာတွေမှာတောင် ဝမ်ကျင်းရှန်က အားအကောင်းဆုံး အမျိုးသမီး တာဝေးအပြေးသမားလို့ ပြောထားတယ် လေ.. တခြားနိုင်ငံက အားကစားသမားတွေ ရွှေတံဆိပ် ရချင်တယ်ဆိုရင် ဝမ်ကျင်းရှန်ကို အနိုင်ယူဖို့အတွက် အဖွဲ့ ဖွဲ့တာ ပုံမှန်ပဲလေ.. ဒါပေမယ့် ကျုပ်တို့ကလဲ မဟာမိတ်ဖွဲ့ထားလိမ့်မယ်လို့ သူတို့ မျှော်လင့်ထားမှာ မဟုတ်ဘူး..”

“လက်ရှိ အမြန်နှုန်းနဲ့ဆို ဝမ်ကျင်းရှန် (၃၁)မိနစ်အတွင်း ပန်းဝင်လောက်တယ်.. ဒါဆို စံချိန်ချိုးပြီးသားပဲ..”

“နည်းပြလီ.. ခင်ဗျားတော့ နာမည်ကြီးတော့မယ်.. ဝမ်ကျင်းရှန်က ရွှေတံဆိပ် (၂)ခုရတဲ့အပြင် စံချိန်လဲ ချိုးခဲ့ပြီလေ..”

လူတစ်ယောက် အရွှန်းဖောက်လိုက်သည်။

“ဟား.. ဟား.. ဟား.. ဒါတွေအားသူ့ သူ့အားထုတ်မှုကြောင့်ပါ.. သူ့ခံနိုင်ရည်က မီတာ(၅၀၀၀)အပြေးပွဲကနေ ပြန်ကောင်းလာမယ်ဆိုရင် မီတာ(၁၀၀၀၀) ပြိုင်ပွဲကို မိနစ်(၃၀)အတွင်းတောင် အလွယ်လေး ပန်းဝင်နိုင် လောက်တယ်..”

ဝမ်ကျင်းရှန်သည် ကမ္ဘာ့စံချိန်တင်ထားသူဖြစ်ပြီး သူ၏ လေ့ကျင့်ရေးကာလအတွင်း ပျမ်းမျှ အချိန်မှာ မိနစ်(၃၀)ပင် မပြည့်ချေ။

အားပေးသူများသည် တရုတ်အလံများ ဝှေ့ယမ်းကာ ကျယ်လောင်စွာ အော်ဟစ် အားပေးခဲ့ကြသည်။

ကင်မရာရိုက်ကူးသည်သည် တရုတ်အားပေးသူများဘက်သို့ လှည့်လိုက်သည့်အခါ အားပေးသူများက အလံများ ဝှေ့ရမ်း ပြကြကာ..

“ဘယ်သူမှ မနိုင်တဲ့ အရှေ့တိုင်းသမင်ကွ…”

ဖုန်းယွီ ပြုံးလိုက်မိသည်။ စောင်ကျင်းမော်တာ၏ အရှေ့တိုင်းသမင် ကြော်ငြာ ထုတ်ဝေရန် အချိန်ကျပေပြီ။

--------**$$^$$**--------

All Chapters