စိတ်ပျက်စရာ
Vol. 57 Ch. 850
ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် နိုင်ငံတကာ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ မစ္စတာ ဆမာရန်ချ်သည် ဆေးရုံသို့သွားကာ သေဆုံးသူများကို ကြည့်ရှုခဲ့သည်။ ဗုံးခွဲသူကို မည်မျှထိ ဖမ်လိုနေသည်ဖြစ်စေ သူ့အနေဖြင့် ဘာမှ မလုပ်နိုင်တော့ ချေ။ နိုင်ငံတကာ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ တစ်ယောက်အနေဖြင့် လုပ်ပိုင်ခွင့် အနည်းငယ် ရှိသော်လည်း စုံစမ်း စစ်ဆေးခွင့် အာဏာမရှိချေ။
မစ္စတာဆမာရန်ချ် လုပ်နိုင်သည်မှာ ထိခိုက်သူများထံ သွားရောက်အားပေးရန်သာပင်။
ထိုအချိန်၌ မထင်မှတ်ထားသည့် ကိစ္စတစ်ခု ပေါ်လာသည်။ မစ္စတာ ဆမာရန်ချ်၏ အတွင်းရေးမှူးသည် တရုတ်နိုင်ငံမှ လုပ်ငန်းရှင်တစ်ယောက်သည် ထိခိုက်နစ်နာသူများအတွက် ငွေအမြောက်အများ လှူဒါန်းလိုကြောင်း သတင်းပို့လာသည်။
အမှန်တကယ်တွင် ဤသည်က မလိုအပ်ချေ။ သေဆုံးသူ (၂)ယောက်မှလွှဲ၍ ဒဏ်ရာရသူများအား လက်မှတ် ဝယ်ယူစဉ်ကတည်းက အာမခံစနစ် ပါရှိပြီးဖြစ်သည်။ အာမခံကြေးမှာ ၎င်းတို့၏ ဆေးဝါးကုသစရိတ်အတွက် လုံလောက်ပေသည်။
လိုအပ်ချက်ရှိလျှင်ပင် အတ္တလန္တာအစိုးရသည် တစ်ခုခု ဖန်တီးပေးမည်ဖြစ်သည်။ သို့ရာတွင် အတ္တလန္တာ အစိုးရနှင့် အမေရိကန် အစိုးရတို့မှ မတော်တဆမှုတစ်ခုဟု သတ်မှတ်ထားသဖြင့် လျော်ကြေးငွေနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်းမရှိချေ။
အဖွဲ့အစည်းနှင့် လုံးဝမပတ်သက်သည့် ပြင်ပလူတစ်ယောက်သည် ထိခိုက်နစ်နာသူများအတွက် လှူဒါန်းလိုစိတ်ရှိ သည့်အတွက် မစ္စတာ ဆမာရန်ချ် အလွန်ကျေးဇူးတင်မိသည်။
မည်မျှလှူဒါန်းသည်ဖြစ်စေ စေတနာကောင်း ဖြစ်သဖြင့် မစ္စတာ ဆမာရန်ချ်သည် ကျေးဇူးတင်စကားပြောနိုင်ရေး အတွက် ချက်ချင်း တွေ့ဆုံရန် စီစဉ်လိုက်သည်။
“မစ္စတာ ဆမာရန်ချ်… ကျုပ် ဖုန်းယွီပါ..”
ဖုန်းယွီအပြုံးဖြင့် လက်ဆန့်ပေးလိုက်သည်။
“မင်းရဲ့ စေတနာတွေအတွက် ကျေးဇူးတင်ပါတယ် မစ္စတာဖုန်း..”
ဆမာရန်ချ် ပြန်လည်၍ လက်ဆွဲနှုတ်ဆက်လိုက်သည်။ ဖုန်းယွီသည် တရုတ်အစိုးရအား ကိုယ်စားပြုနေသည်လော။ တရုတ်နိုင်ငံသည် (၂၀၀၈) အိုလံပစ် အားကစားပြိုင်ပွဲအတွက် လေလံဆွဲကာ (၂၀၀၀)ပြည့်နှစ် အိုလံပစ်အားကစား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပရန် ကမ်းလှမ်းမှု၌ ကျရှုံးခဲ့ရသည်။ စမာရန်ချ်သည် ဖုန်းယွီမှာ ငယ်လွန်းသည်ဟု ယူဆပြီး တရုတ်အစိုးရ အရာရှိတစ်ယောက်ယောက်၏ သားဖြစ်သည်ဟု မှတ်ယူမိသည်။ နိုင်ငံအများအပြား၌ နိုင်ငံရေးသမား မိသားစုများရှိပြီး ထိုမိသားစုများမှ မျိုးဆက်သစ်များကို တွေ့ဖူးထားပေသည်။
“ကျုပ်က ကိုယ့်အလုပ်ကိုယ် လုပ်နေသူ တစ်ယောက်ပါ.. ထိခိုက်နစ်နာသူတွေကို ဒေါ်လာ (၁၀)သန်း လှူချင်ပါတယ်..”
ဆမာရန်ချ် အံ့ဩသွားသည်။ အမေရိကန်ဒေါ်လာ (၁၀)သန်းလော။ အမေရိကန်ဒေါ်လာ (၈)သိန်းမှ (၁)သန်း ဆိုလျှင်ပင် ထိုလူအား ထင်ရှားသည့် လှူဒါန်းမှုတစ်ခုဟု ယူဆရပေသည်။ သေဆုံးသူများ၏ ဆေးဝါးစရိတ်ကို အာမခံနှင့် အမေရိကန်အစိုးရတို့မှ ပေးဆောင်ထားပြီးဖြစ်၍ ထိုတရုတ်လူငယ်လေးသည် အလှူငွေ အနည်းအပါး လှူဒါန်းလိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့ရာတွင် ဆမာရန်ချ်သည် ထိုလူငယ်လေးမှ ကန်ဒေါ်လာ (၁၀)သန်း လှူလိမ့်မည်ဟု ထင်မထားချေ။
“မစ္စတာဖုန်း.. ကျုပ်အနေနဲ့ နိုင်ငံတကာ အိုလံပစ်ကော်မတီကို ကိုယ်စားပြုပြီး ကျေးဇူးတင်ပါတယ်..”
ဆမာရန်ချ်သည် ဖုန်းယွီ၏ လက်ကိုထပ်မံ ဆွဲခါလိုက်ပြန်သည်။ စကားလုံးများမှာလည်း မမှန်ချင်တော့ချေ။
“အဲ့လို ပြောစရာမလိုပါဘူးဗျာ.. တစ်ခုတော့ရှိတယ်.. ကျုပ်က ကျုပ်နာမည်နဲ့ လှူမှာမဟုတ်ဘူး.. BML ကုမ္ပဏီက ဒေါ်လာ(၁၀)သန်း ချက်လက်မှတ်ပါ.. ကျေးဇူးပြုပြီး ပြေစာလေးတော့ ပေးပါ..”
ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အနေဖြင့် လှူဒါန်းခြင်းနှင့် ကုမ္ပဏီအမည်ဖြင့် လှူဒါန်းခြင်းမှာ မတူချေ။ ကုမ္ပဏီအမည် အသုံးပြုခြင်းသည် လူသိများမှုကို ဖန်တီးနိုင်ကာ အမှတ်တံဆိပ် သတိထားမိမှု တိုးမြင့်နိုင်စေသည်။ ဆမာရန်ချ် ထိုကိစ္စကို စိတ်ထဲမထားသဖြင့် ငြင်းပယ်မည် မဟုတ်ချေ။
ဆမာရန်ချ်သည် ပြေစာထုတ်ပေးရန် အတွင်းရေးမှူးအား စေခိုင်းလိုက်ပြီး ထိုBML ကုမ္ပဏီအကြောင်း သိချင်နေ ပေသည်။ ယခင်က ထိုကုမ္ပဏီအကြောင်း မကြားဖူးချေ။ တရုတ်ကုမ္ပဏီလော။
ဆမာရန်ချ် ခေတ္တစဉ်းစားပြီးမှ..
“မင်းလိုမျိုး ပရဟိတသမား တစ်ယောက်ရှိတာကိုက တရုတ်အတွက် ဂုဏ်ယူစရာပါ..”
ဖုန်းယွီသည် အစိုးရ အရာရှိတစ်ယောက်၏ သားဖြစ်နိုင်သဖြင့် ထိုချီးမွမ်းစကား ကြားပါက ဝမ်းသာလောက်ပေမည်။
ဆမာရန်ချ်သည် ဖုန်းယွီ၏ နောက်ခံအပေါ် နားလည်မှု လွဲနေသည့်တိုင် ထိုစကားကြောင့် ဖုန်းယွီ ပျော်နေမိသည်။
“မဟုတ်ပါဘူးဗျာ.. တရုတ်ဖြစ်ရတာကိုပဲ ဂုဏ်ယူရပါတယ်..”
ထိုအခါ ဆမာရန်ချ်သည် ဖုန်းယွီမှာ တရုတ်အစိုးရကို ကိုယ်စားပြုကြောင်း အတည်ပြုနိုင်လုနီးပါးပင်။
ပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် တရုတ်နိုင်ငံ၏ နောက်တစ်ကြိမ် ကမ်းလှမ်းမှုများတွင် ဆမာရန်ချ် သည် တရုတ်နိုင်ငံအတွက် မဲများပိုရအောင် ကူညီရန် ကြိုးစားသွားမည် ဖြစ်သည်။
နှစ်ယောက်သား ခေတ္တမျှ စကားစမြည်ပြောကြပြီး ဖုန်းယွီသည် ယခုနှစ် ပြိုင်ပွဲများအကြောင်း စကားစမြည် စပြော တော့သည်။
“ကျွတ်… ဒီအဖြစ်အပျက်ကနေ နောက်လာမယ့် ပြိုင်ပွဲတွေမှာ အားကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်နိုင်မလားလို့ တွေးမိတယ်.. စိတ်တော့ မပူပါနဲ့.. ကျုပ်တို့ စိုးရိမ်သင့်တဲ့ကိစ္စလဲ မဟုတ်ပါဘူးလေ..”
ဖုန်းယွီ ရည်ရွယ်ချက်ရှိရှိ စပြောလိုက်သည်။
ဆမာရန်ချ် စိတ်ရှုတ်သည့် အကြည့်ဖြင့် ပြန်လည်၍..
“အားကစားသမားတွေကို ထိခိုက်မှာတော့ သေချာတယ်.. တစ်ချို့နိုင်ငံတွေက အားကစားသမားတွေ မပြိုင်တော့ဘဲ ပြန်သွားကြတယ်.. မနေ့က ပွဲစဉ်တွေမှာ အားကစားသမား တော်တော်များများ အာရုံမစိုက်နိုင် တော့ဘဲ အမှားတွေ လုပ်လာကြတယ်..”
“ကံမကောင်းလိုက်တာဗျာ.. ဒီနှစ်ပြိုင်ပွဲက သမိုင်းမှာ အအောင်မြင်ဆုံး ဖြစ်လိမ့်မယ်လို့ ကျုပ်ထင်ထားတာ…”
အိုလံပစ် အားကစားပွဲတိုင်း၏ ပိတ်ပွဲအခမ်းအနားတွင် ဆမာရန်ချ်သည် အပိတ်မိန့်ခွန်း ပြောတိုင်း ‘ဒါ သမိုင်းမှာ အကောင်းဆုံး အိုလံပစ် အားကစားပွဲပါ..’ ဟု အစဉ်ပြောလေ့ရှိသည်။
ဤကြေကွဲဖွယ်ဖြစ်ရပ်နှင့် အမေရိကန် အိုလံပစ် အားကစားပွဲ ကော်မတီမှ ဖန်တီးလိုက်သည့် အရှုပ်အထွေးများ ကြောင့် ဆမာရန်ချ်အား စိတ်ပျက်စေခဲ့သည်။
“အအောင်မြင်ဆုံးတဲ့လား.. ကျုပ်တော့ အိုလံပစ်ပြိုင်ပွဲသမိုင်းမှာ အဆိုးဆုံးလို့ပဲ ထင်မိတော့တယ်..”
ဆမာရန်ချ် ဒေါသတကြီးဖြင့် ပြန်ဖြေတော့သည်။
ဖုန်းယွီ၏ ရည်ရွယ်ချက် အောင်မြင်သွားသည်။ ဆမာရန်ချ်ကို ဒေါသထွက်စေပြီ မဟုတ်ပေလော။ မလုံလောက် သေးချေ။ ဖုန်းယွီသည် ဤကိစ္စအား ဖောက်ခွဲကာ ကျင်းပရေး ကော်မတီကို အရှက်ခွဲချင်နေသည်။
“အဖမ်းခံရတဲ့ သံသယရှိသူက အပြစ်မရှိဘူးလို့ ကြားထားတယ်.. အမေရိကန်တွေက ပန်းခြံမှာ လာလည်သူတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တာကို ဖုံးဖိဖို့ ကြိုးစားနေတယ်.. အဲ့လူတွေက အားကစား အကြောင်း နားမလည်ဘဲ ငွေရှာဖို့ပဲ အသုံးချနေတာ.. အိုလံပစ် အားကစားပြိုင်ပွဲကို စီးပွားဖြစ် လှုပ်ရှားမှု တစ်ခုလို ဖြစ်လာနေပြီ..”
ဆမာရန်ချ် တစ်စုံတရာ ပြောမည် ပြင်လိုက်သော်လည်း အတွင်းရေးမှူးသည် ပြေစာကိုင်၍ ပြန်လာသဖြင့် ဆမာရန်ချ်အား ရှင်းပြရန် အခွင့်အရေးမပေးဘဲ ဖုန်းယွီ ထွက်သွားတော့သည်။
ဖုန်းယွီ ထွက်သွားပြီး မကြာလိုက်ဘဲ သတင်းထောက် အနည်းငယ်သည် ဆမာရန်ချ်ကို တွေ့ဆုံမေးမြန်းရန် ရောက်လာကြသည်။ နိုင်ငံတကာ အိုလံပစ် ကော်မတီသည် ဗုံးဖောက်ခွဲမှု ဖြစ်စဉ်နှင့် သံသယရှိသူကိစ္စကို နှုတ်ထွက် ပြောစကား ကြားချင်နေကြသည်။
ဆမာရန်ချ်၏ ဒေါသများ ချက်ချင်း ပေါက်ကွဲထွက်တော့သည်။ အစောပိုင်းက ရှင်းပြချင်သည့်ကစားများမှာ ဖုန်းယွီ ထွက်သွားသဖြင့် မပြောလိုက်ရသည့်အတွက် ယခုမူ ထိန်းမရတော့ချေ။
“ကျုပ်အမြင် ပြောရမှာလား.. အဖမ်းခံထားရတဲ့ လူအကြေကာင်းလား.. အဲ့လူဟာ တရားခံမဟုတ်ဘူးဆိုတာ လူတိုင်း ပြောနိုင်နေတာပဲ.. အိုလံပစ် အားကစားပြိုင်ပွဲကြီးမှာ ဒီလိုအဖြစ်မျိုး ဘယ်လိုလုပ် ဖြစ်ရတာလဲ.. အတ္တလန္တာ လုံခြုံရေးတွေကို ကျုပ်အရမ်း စိတ်ပျက်မိတယ်.. အဲ့ဒါ ကျုပ်အမြင်ပဲ..”
ဆမာရန်ချ်၏ တုန့်ပြန်မှုမှာ ပျော့ပျောင်းသည်ဟု သတ်မှတ်ရပေမည်။ အမေရိကန် အစိုးရအား မပုတ်ခတ်ဘဲ အတ္တလန္တာကိုသာ ပုံချလိုက်ခြင်းပင်။
ဆမာရန်ချ်၏ အဖြေကြားရသည့်အခါ သတင်းထောက်မှာ ထိတ်လန့်သွားသည်။ ဆမာရန်ချ်သည် အဖမ်းခံထားရသူ မှာ တရားခံ မဟုတ်ဟု ပြောနေပေသည်။
“ဒီနှစ် ပြိုင်ပွဲတွေမှာ စံချိန်တွေ အများကြီး ချိုးခဲ့တယ်.. ဒီနှစ် အိုလံပစ် အားကစားပြိုင်ပွဲအပေါ် ကျေနပ်မှု ရှိရဲ့လား..”
သတင်းထောက်မှာ ခေါင်းစဉ် အမြန်ပြောင်းလိုက်ရသည်။
“ကျေနပ်မှုလား.. ဗုံးကွဲပြီးမှ ကျေနပ်ရဲ့လားဆိုတာ သိချင်သေးတယ်ပေါ့.. ကျုပ်နေရာမှာဆိုရင် ကျေနပ်မှာလား.. တကယ်ဖြေစေချင်ရင် ကျုပ်အဖြေကတော့.. လုံးဝကို စိတ်ပျက်ရပါတယ်.. အခု တွေ့ဆုံမေးမြန်းမှုခံဖို့ စိတ်မဝင်စားဘူး.. ပရဟိတသမားတစ်ယောက်က ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်နစ်နာသူတွေအတွက် ဒေါ်လာ (၁၀)သန်းလှူသွားတော့ ကျုပ်မှာ အလုပ်တွေ ရှိသေးတယ်..”
ဆမာရန်ချ် ထထွက်သွားတော့သည်။ သတင်းထောက်နှင့် စကားဆက်မပြောချင်တော့ချေ။ ဆမာရန်ချ်၏ ပေါက်ကွဲသံစဉ်များကြောင့် သတင်းထောက်သည်လည်း ထိတ်လန့်သွားမိသည်။ လုံးဝ စိတ်ပျက်စရာလော။ ဤသည်မှာ မနက်ဖြန်အတွက် ခေါင်းကြီးပိုင်း သတင်းဖြစ်ရပေမည်။
--------**$$^$$**--------
ဘာသာပြန်သူ . (ငတက်ပြား)