ရှေးဟောင်းခေတ်၏ သားရဲ(သတ္တဝါ)
Vol. 12 Ch. 164
ဂရစ်ဗစ် ကမ်းခြေသည် ဧရာမပင်လယ်မြွေကြီးနှင့် ဧရာမမီဂါလိုဒွန်ငါးမန်ကြီးတို့၏ တိုက်ပွဲဖြစ်ပွားခဲ့ရာ နေရာဖြစ်သောကြောင့် ကမ္ဘာတစ်ဝန်းရှိ ဧရာမသတ္တဝါများအား လေ့လာလေ့ရှိသော ဝါသနာရှင်များနှင့် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်သော နေရာတစ်ခု ဖြစ်လာခဲ့သည်။
မွန်းတည့်ချိန်ရဲ့ လိမ္မော်ရောင်သန်းနေသော နေရောင်ခြည်အောက်တွင် ခရီးသည်အများအပြား ကမ်းခြေ၌ ဆော့ကစားနေကြသည်။ လူချို့က ရေထဲမှာ ရေကူးနေကြပြီး၊ အချို့ကတော့ အပူခံထီးအောက်တွင် အုန်းရည်သောက်နေကြကာ နေကာမျက်မှန်တပ်ထားသော အမျိုးသားအချို့ကတော့ သူတို့အနားက ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးအချို့ကို စိုက်ကြည့်နေကြသည်။
ပင်လယ်သားရဲများ(သတ္တဝါ) ထပ်မံရောက်ရှိလျှင် ခရီးသည်များ ထိတ်လန့်ကုန်မည်ကို စိုးရိမ်သောကြောင့် လုံခြုံရေးဝန်ထမ်းအများအပြားက အချို့သော ကိစ္စများကို လိုက်လံ လုပ်ဆောင်နေကြသည်။
ဧရာမပင်လယ်မြွေကြီး ပထမဆုံးအကြိမ် ပေါ်ပေါက်လာပြီး နောက်ပိုင်းရက်များတွင် ဂရစ်ဗစ်ကမ်းခြေရှိ ခရီးသည်များ အတော်လေး စိုးရိမ်ပူပန်နေခဲ့ပြီး ထိုသားရဲကြီး ဤအနီးအနားတစ်ဝိုက်မှာ ထပ်မံပေါ်လာခဲ့မည်ကို ကြောက်ရွံ့နေခဲ့ကြသည်။
မြွေတစ်ကောင်ဖြစ်သော ဧရာမပင်လယ်မြွေကြီးသည် ကုန်းမြေပေါ်၌ တွားသွားနိုင်စွမ်းရှိသောကြောင့် ကမ်းခြေဆီသို့တက်လာပြီး ဤနေရာရှိ ခရီးသည်များကို မျိုချသွားနိုင်သည်ဟု လူအများက ထင်ခဲ့ကြသည်။
သို့သော် အချိန်အတော်ကြာသွားခဲ့သော်လည်း ဧရာမပင်လယ်မြွေကြီးသည် ကမ်းခြေအနားမှာ ပြန်ပေါ်မလာတော့သောကြောင့် ခရီးသည်များနှင့် အစိုးရဟာ စိတ်အေးလက်အေး ဖြစ်လာခဲ့သည်။
ထိုအခြေအနေသည် ရဲရင့်ပြီး မိုက်ရူးရဲဆန်သော လူအချို့ကို ပင်လယ်နက်ပိုင်းအထိ ရေကူးရန် ဦးတည်စေခဲ့သည်။ ကမ်းခြေမန်နေဂျာသည် ရေကူးရာတွင် ဘေးမဖြစ်စေရန် စည်းမျဉ်းလိုင်းများအား သတ်မှတ်ပေးထားသော်လည်း လူအများအပြား ၎င်းကို ဖြတ်ကျော်ကာ ရေကူးခဲ့ကြသည်။
ထို့ကြောင့်လည်း မတော်တဆမှု ဖြစ်ပွားလာချိန် ပထမဆုံး ခံစားကြရသူများမှာ ထိုရဲရင့်ပြီး မိုက်ရူးရဲဆန်သော လူများသာ ဖြစ်သည်။
မျက်မြင်သက်သေများ၏ ပြောပြချက်အရ အခင်းဖြစ်ပွားပုံမှာ အောက်ပါအတိုင်း ဖြစ်ခဲ့သည်။
တစ်ချိန်တွင် ကင်းမျှော်စင်ပေါ်ရှိ လုံခြုံရေးဝန်ထမ်းများသည် ရေပြင်ပေါ်၌ ရှည်လျားသော အရိပ်မည်းကြီးကို တွေ့ရခြင်းကြောင့် ချက်ချင်းပင် သတိပေး အသံစနစ်အား နှိပ်ခဲ့သည်။
ချက်ချင်းဆိုသလို ရေထဲ၌ ရေကူးနေကြသူများသည် ကမ်းစပ်သို့ အရူးအမူး ပြေးတတ်ကြသည်။ ထိုအချိန်လေးအတွင်းမှာပင် ရေအောက်၌ ပုန်းအောင်းနေသော သားရဲကြီးက ၎င်း၏ ခန္ဓာကိုယ်ကို ဖော်ပြလာကာ ကမ်းခြေရှိ လူများကို တိုက်ခိုက်လေသည်။
ဤအချိန်တွင် လူအုပ်ကြီးကို ရွှေ့ပြောင်းရန်အတွက် လုံခြုံရေးဝန်ထမ်းများမှာ နောက်ကျနေခဲ့ပြီ ဖြစ်သည်။ ဧရာမသားရဲကြီးသည် ကမ်းစပ်သို့ ရောက်ရှိလာပြီဖြစ်ကာ ၎င်းသည် အလွန်လျင်မြန်ပြီး အသည်းအသန်ထွက်ပြေးနေသော ခရီးသည်များထက်ပင် ပိုမိုမြန်ဆန်နေခဲ့၏။
ကမ်းခြေတစ်ခုလုံး ဝရုန်သုတ်ခဖြစ်နေခဲ့ပြီး၊ ဤသို့ ရုန်းရပ်ဆန်ခတ် ဖြစ်ပွားလာရခြင်းမှာလည်း ထိုသားရဲကြီးသည် လုံခြုံရေးဝန်ထမ်းများ မကိုင်တွယ်နိုင်လောက်အောင် ကြီးမားခြင်းကြောင့် မဟုတ်ဘဲ ၎င်း၏ ရုတ်တရက် ပေါ်ပေါက်လာခြင်းနှင့် လျှို့ဝှက်တိုက်ခိုက်မှုတို့ကြောင့်သာ ဖြစ်သည်။
ထိုသားရဲကြီးသည် ပေနှစ်ဆယ်ခန့် ရှည်လျားပြီး၊ ၎င်းတွင် ကြီးမားသော ဦးခေါင်း၊ သန်မာသော မေးရိုးနှင့် ချွန်ထက်သော သွားများရှိပေသည်။ ၎င်း၏ ဦးခေါင်းသည် မိကျောင်းခေါင်းနှင့် အလွန်တူညီသော်လည်း ၎င်းတွင် ခြေထောက်နှင့် ခြေသည်းများအစား ငါးဆူးတောင်နှင့် ဆင်တူသည့် ကိုယ်လက်အင်္ဂါများသာ ရှိလေသည်။
ထိုအင်္ဂါအစိတ်အပိုင်းများကိုလည်း မြေယက်ဆူးတောင်ဟုခေါ်လျှင် ပိုသင့်လျော်မည် ဖြစ်သည်။ ယင်းပင်လယ်သားရဲကြီးသည် လူ (၁၇) ဦးအား သတ်ဖြတ်စားသောက်ခဲ့ပြီး ၎င်းထွက်မသွားနိုင်ခင်မှာဘဲ ကမ်းခြေ၏ လုံခြုံရေးဝန်ထမ်းများက သတ်ပစ်လိုက်နိုင်ကြသည်။
အင်တာနက်နှင့် ဝေ့ပေါ်မှာ တင်ထားသော ပုံများတွင် ရေတိမ်ပိုင်းနေရာတစ်ခု၌ အနက်ရောင်နှင့် အပြာရောင် ရှိသည့် သားရဲကြီးတစ်ကောင် တိတ်ဆိတ်စွာ လဲလျောင်းနေသည်ကို တွေ့ရှိရမည် ဖြစ်သည်။ ၎င်းသည် အလွန်ကြီးမားပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများစွန်းပေနေကာ ပတ်ဝန်းကျင်နေရာတစ်ခုလုံး သွေးများဖြင့် နီရဲနေသည်။
ထိုပို့စ်၏ မှတ်ချက်ကဏ္ဍာတွင် လူတစ်ဦးသည်
"ဒီကောင်က သိပ္ပံရုပ်ရှင်ဇာတ်ကားတွေထဲက မိုဆာဆောရပ်စ်နဲ့ ဆင်တယ်" ဟု မှတ်ချက်ပြုခဲ့ပြီး၊ ထိုမှတ်ချက်သည် သဘောတူညီမှုများစွာနှင့် ချီးကျူးမှုများစွာကို ရရှိခဲ့သည်။
ထိုနောက်ပိုင်းတွင် ၎င်းပင်လယ်သားရဲကြီး၏ ရုပ်အလောင်းကို အမေရိကန် အစိုးရက ဝယ်ယူသွားခဲ့သည်။
ထိုသတင်းသည် ဧရာမပင်လယ်မြွေကြီး ပေါ်ပေါက်လာစဥ်က သတင်းကဲ့သို့ နိုင်ငံအသီးသီး၏ သတင်းခေါင်းစီးများတွင် ဖော်ပြခြင်းခံခဲ့ရလေသည်။
အဘယ်ကြောင့်ဆိုရသော် ၎င်းသည် လူသားများ သတ်ဖြတ်နိုင်ခဲ့သည့် ပထမဆုံးသော ပင်လယ်သားရဲဖြစ်ပြီး အရေးကြီးဆုံးမှာ ၎င်း၏ ရုပ်အလောင်းကို ရယူနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ထိုအဖြစ်အပျက် ဖြစ်ပွားပြီး မကြာမီတွင် အမေရိကန် နိုင်ငံ၏ စစ်သင်္ဘောတစ်စင်း အစိမ်းရောင် ပင်လယ်ပြင်သို့ ရောက်ရှိလာပြီး ထိုသားရဲကြီး၏ ရုပ်အလောင်းအား ၎င်းတို့စစ်သင်္ဘောဖြင့် သယ်ဆောင်သွားခဲ့သည်။
ပင်လယ်သားရဲကြီးကို သင်္ဘောပေါ်၌ တင်ထားသည်အား ကောင်းကင်မှ ကြည့်လိုက်လျှင် အံ့မခန်းကျယ်ပြောသော ပင်လယ်ပြင်တွင် မီတာ (၁၀၀) ရှည်လျားသော စစ်သင်္ဘောတစ်စင်းသည် ဖြည်းညင်းစွာ ရွေ့လျားနေပြီး ၎င်း၏ အပေါ်တွင် မီတာ (၂၀) ရှည်သည့် သားရဲကြီးတစ်ကောင်သည် တိတ်ဆိတ်စွာ လဲလျောင်းနေသည်အား မြင်ရပေမည်။
ထိုသားရဲကြီးသည် အံ့မခန်းကြီးမားလှပြီး၊ အထူးဆန်းဆုံးမှာ ၎င်းသည် ရှေးခေတ် မိုဆာဆောရပ်စ်နှင့် အလွန်ဆင်တူနေခြင်း ဖြစ်သည်။
ထိုသားရဲကြီး၏ အလောင်းကို ရရှိပြီးနောက် အမေရိကန်နိုင်ငံ၏ သိပ္ပံပညာရှင်အဖွဲ့သည် ချက်ချင်းပင် ခွဲခြမ်းစိတ်ဖြာခဲ့လေသည်။ ထိုသို့ဖြင့် ၎င်းတို့သည် မိုဆာဆောရပ်စ် ရုပ်ကြွင်းများနှင့် နှိုင်းယှဉ်ကြည့်ချိန်တွင် ၎င်းက အလွန်ဆင်တူနေကြောင်း တွေ့ရှိခဲ့သည်။
ထို့ကြောင့် ဂရစ်ဗစ်ကမ်းခြေကို တိုက်ခိုက်ပြီး လူ (၁၇) ဦးကို သတ်ဖြတ်ခဲ့သော သားရဲကြီးသည် ရှေးဟောင်းခေတ် (မြေသားခေတ်) (Cretaceous era) ၏ ထိပ်တန်းသားရဲတစ်ကောင်ဖြစ်သော မိုဆာဆောရပ်စ်ပင် ဖြစ်ရမည်ဟု အခြေခံအားဖြင့် ကောက်ချက်ချလိုက်ကြသည်။
ဤသားရဲ၏ သမိုင်းသည် အခြားသားရဲများနှင့် နှိုင်းယှဉ်လိုက်လျှင် တိုတောင်းပေသည်။
၎င်းသည် ရှေးဟောင်းခေတ်၏ အလယ်ပိုင်းနှင့် နှောင်းပိုင်းတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သော်လည်း ထိုခေတ်၏ ထိပ်တန်းသားရဲကောင်များထဲမှ တစ်ကောင်ဟု ဆိုနိုင်ပေသည်။
သမုဒ္ဒရာထဲတွင် ၎င်းတို့၏ ပြိုင်ဘက်ဟူ၍ လုံးဝမရှိချေ။ ၎င်းတို့သည် ၎င်းတို့၏ ပြိုင်ဘက်များအား နှောင်းပိုင်းနှစ်များတွင် သတ်ဖြတ်ခဲ့ပြီး သမုဒ္ဒရာ၏ အုပ်စိုးသူအဖြစ်သို့ တက်လှမ်းခဲ့လေသည်။
ထိုရှာဖွေတွေ့ရှိမှုသည် ကမ္ဘာတစ်ဝှမ်းအား လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သည်။ လွန်ခဲ့သော ခေတ်ကာလများစွာကတည်းက မျိုးသုန်းပျောက်ကွယ်သွားခဲ့သင့်သော ဤသားရဲသည် အဘယ့်ကြောင့် ပြန်ပေါ်လာခဲ့ပါသနည်း။
သမုဒ္ဒရာ နက်ရှိုင်းသော အပိုင်းတွင် မည်မျှများပြားသော လျှို့ဝှက်ချက်များ ပုန်းအောင်းနေသနည်း။
.....
ဖန့်ရန်သည် လူသူမနီးသော ကျွန်းတစ်ကျွန်းတွင် ဆင့်ကဲပြောင်းလဲရန် ရွေးချယ်ခဲ့၏။ ထိုတစ်ကြိမ်တွင်မူ သူ၏ ဆင့်ကဲဖြစ်စဉ် စတင်ချိန်မှစ၍ ပြီးဆုံးချိန်အထိ မည်သည့် အနှောက်ယှက်မျှ မကြုံခဲ့ရဘဲ အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။
သို့သော် ထိုဆင့်ကဲပြောင်းလဲခြင်းသည် ကာလအားဖြင့် ခြောက်လတာ ကြာမြင့်ခဲ့၏။
"ဆင့်ကဲပြောင်းလဲမှုတိုင်းအတွက် အချိန်ပိုကြာလာတယ်။ ဒီလိုပုံနဲ့ဆို နောက်ပိုင်း ဆင့်ကဲပြောင်းလဲခြင်းရဲ့ ကြာချိန်က တိုးမြှင့်လာပြီး ဆယ်နှစ်၊ ဆယ်စုနှစ်နဲ့ ရာစုနှစ်များအထိတောင် ဖြစ်လာနိုင်တယ်..."
ဖန့်ရန် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မြေကြီးများကို ခါချရင်း တွေးတောလိုက်သည်။ တစ်နေ့ သူ၏ ဆင့်ကဲပြောင်းလဲမှုက နိုးထလာချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားပြီး လူသားများ မျိုးတုံးသွားသည့် အခြေအနေမျိုး ဖြစ်နေနိုင်ပေသည်။
သို့သော် ထိုအဓိပ္ပာယ်မဲ့သော အတွေးများအား သူမတွေးတော့ဘဲ လျင်မြန်စွာ ဖယ်ရှားလိုက်သည်။ ဤကမ္ဘာပေါ်ရှိ လူသားများ၏ သေဆုံးခြင်းသည် သူနှင့် မည်သည့်နည်းနှင့်မှ မသက်ဆိုင်ပေ။
နောက်ဆုံးတော့ သူသည် ဤနေရာက ခေတ္တခဏ ဖြတ်သန်းသွားနေသူ တစ်ယောက်သာ ဖြစ်သည်။ ထို့အပြင် လူသားများသည် သူ့အား သားရဲတစ်ကောင်ဟု မှတ်ယူထားခြင်းကြောင့် ၎င်းတို့အား ကူညီလိုက်လျှင်ပင် ကျေးဇူးတင်ခံရမည် မဟုတ်ပေ။
"ဒီတစ်ကြိမ် ငါ့ရဲ့ စွမ်းရည်တွေနဲ ခွန်အားတွေ ဘယ်လိုတိုးတက်လာအုံးမလဲ မသိဘူး..."
ဖန့်ရန် မျှော်လင့်တကြီးဖြင့် သူ၏ စိတ်ထဲကနေ ပြောလိုက်သည်။
"စနစ်ရေ ငါ့ရဲ့အချက်အလက်စာရင်းကို ပြပေးအုံး..."
ထိုသို့ ပြောလိုက်သည်နှင့် သူ၏ စိတ်ထဲတွင် အလင်းမျက်နှာပြင်တစ်ခု ပေါ်လာလေသည်။
[လက်ခံသူ : ဖန့်ရန်
အဆင့် : ၂၁
စနစ်အမှတ် : ၅၆၂၀ / ၁၈၀၀၀၀၀
ကျွမ်းကျင်မှုမှတ် : ၂၃
ကိုယ်ထည်အရှည် : ၅၀ မီတာ
အချင်း : ၁.၈ မီတာ
ခွန်အား : ၄၀၀၀
ခုခံနိုင်စွမ်း : ၁၀၅၀
အမြန်နှုန်း : ၂၄၀
တက်ကြွမှု : ၃၆၀
စိတ်ဝိညာဉ် : ၂၁၀
ရုပ်ပိုင်းဆိုင်ရာ ခွန်အား : ၂၆၀
စွမ်းရည် : အရိပ်လေ (၁/၅)၊ အမြင့်ဆုံးအဆင့် ရောက်ရှိပြီးဖြစ်သည့် စွမ်းရည်များကို ဖျောက်ထားသည်]
ဖန့်ရန် အချက်အလက်ဇယားကို အပေါ်အောက် သေချာကြည့်ရှုလိုက်သည်။
ကိုယ်ထည်အရှည်သည် (၅၀) မီတာနှင့် အချင်းသည် (၁.၈) မီတာအထိ ရောက်ရှိသွားသည်အား မြင်တွေ့ရချိန်တွင် သူဝမ်းသာသွား၏။ ကျန်အားလုံးထက် ထိုကဲ့သို့ အရွယ်အစားကြီးထွားလာမှုအား သူအနှစ်သက်ဆုံး ဖြစ်သည်။
"ငါ့ရဲ့ ခွန်အားကဏ္ဍာက အကုန်လုံး တိုးလာတာပဲ..."
ဖန့်ရန်က တွေးလိုက်သည်။
သူ၏ မျက်လုံးများက ကျွမ်းကျင်မှုရမှတ်ကဏ္ဍပေါ်သို့ ရောက်ရှိသွားသည်။ ခဏမျှ စဉ်းစားပြီးနောက် သူသည် ၎င်းတို့ကို ချက်ချင်း အသုံးမပြုဘဲ နောင်အတွက် ချန်ထားရန် ဆုံးဖြတ်လိုက်သည်။
"နောက်ထပ် ဆင့်ကဲပြောင်းလဲခြင်းပြီးရင် စွမ်းရည်အသစ်တွေ ပေါ်လာမလားလို့ပဲ မျှော်လင့်ရမယ်.."
ဖန့်ရန်သည် နောက်တစ်ကြိမ် ဆင့်ကဲပြောင်းလဲခြင်း အပြီးတွင် စွမ်းရည်အသစ်တွေ ပေါ်လာလေမလားဟူသော မျှော်လင့်ချက်ဖြင့် ကျွမ်းကျင်မှုရမှတ်တွေကို သိမ်းထားရန် ဆုံးဖြတ်လိုက်လေသည်။
ရုတ်တရက် အမြန်နှုန်း လိုအပ်လာလျှင်လည်း အရိပ်လေ စွမ်းရည်ကို အဆင့်မြှင့်တင်ရန် နောက်မကျသေးဟု သူထင်သည်။
ထိုနောက် ဖန့်ရန်သည် သူ၏ ဂုဏ်သတင်းရမှတ်ကို ကြည့်လိုက်သည်။ ၎င်းသည် ယခုဆို (၁.၅) ဘီလီယံ ကျော်သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်၏။ ဂုဏ်သတင်းရမှတ်သည် သန်း (၅၀၀) တိုးလာခဲ့သော်လည်း ယခုအခါမှာတော့ ကျွမ်းကျင်မှုရမှတ်များ မရရှိခဲ့ပေ။
"ကြည့်ရတာ ငါ့ရဲ့ ဂုဏ်သတင်းရမှတ်တွေ နှစ်ဆတိုးလာမှသာ ကျွမ်းကျင်မှုမှတ်တွေ ရတာများလား။ ပထမက သန်း ၅၀၀၊ ဒုတိယက ၁ ဘီလီယံ... တတိယက ၂ ဘီလီယံ .."
ဖန့်ရန်က ကောက်ချက်ချလိုက်သည်။ သို့သော် ၎င်းက ကောက်ချက်တစ်ခုသာဖြစ်ပြီး သေတော့မသေချာပေ။
သူသည် တစ်ခါတစ်ရံ စနစ်က ဉာဏ်ရည်ထက်မြက်ဖို့ ဆုတောင်းမိ၏။ ထိုမှသာလျှင် သူပျင်းရိချိန်မှာ ၎င်းနှင့် အပျင်းပြေ အမေးအဖြေပြုလုပ်နိုင်မည် ဖြစ်သည်။
ဖန့်ရန် ခေါင်းခါလိုက်သည်။ ဤအကြောင်းကို ဆက်လက်မစဉ်းစားသင့်တော့ပေ။ သူ့တွင် ပိုအရေးကြီးသော ကိစ္စများအား လုပ်ဆောင်ရန် ရှိပေသည်။
ထိုအာကာသလမ်းကြောင်းက မြင်တွေ့ခဲ့ရသော သားရဲ(သတ္တဝါ)များသည် သူအား ဖိအားများစွာ ပေးနိုင်လေသည်။ ယခုဆို ထိုကမ္ဘာမှ သားရဲများသည် တစ်ကောင်ပြီးတစ်ကောင် ထွက်လာကြပြီး အကြိမ်အရေအတွက်လည်း ပိုစိတ်လာခဲ့သည်။
မီတာရာနှင့်ချီ မြင့်မားသော ဧရာမတိုက်တန်းကြီးများ တစ်နေ့တွင် ထိုနေရာက ထွက်လာနိုင်ခြေ အလွန်များပြားပေသည်။
သူသည် ယခုဆို မီတာ (၅၀) ရှည်လာခဲ့ပြီး အစွမ်းထက်သော အကာအကွယ်များပင် ရှိနေသော်လည်း ထိုတိုက်တန်းများကို အနိုင်ရနိုင်မည့် အခွင့်အရေးက သိပ်မရှိပေ။
ထိုတိုက်တန်းများတွင် အက်ဆစ်ရည်နှင့် အလွန်လျင်မြန်သော လှုပ်ရှားမှု၊ လေဆာနှင့် အမျိုးမျိုးသော အစွမ်းထက်သည့် တိုက်ခိုက်ခြင်းဆိုင်ရာ လှုပ်ရှားမှုများ ရှိကြသည်။
ဧရာမတိုက်တန်းကြီး ၎င်း၏ ပါးစပ်ကိုဖွင့်ဟကာ လေဆာရောင်ခြည်အား ထုတ်လွှတ်လိုက်ချိန်တွင် လူတိုင်းသည် ပါးစပ်အဟောင်းသားဖြင့်သာ ကြည့်နေရလိမ့်မည်။
ထိုလေဆာရောင်ခြည်တွင် ဒုံးကျည်တစ်ခု၏ ဖျက်ဆီးနိုင်စွမ်းရှိပြီး ၎င်းသည် ပိုမိုမြန်ဆန်ကာ တိကျသည့်အပြင် စဉ်ဆက်မပြတ် တိုက်ခိုက်နိုင်သောကြောင့် လူသားများ အနိုင်ရမည့် အခွင့်အရေးရှိလိမ့်မည်ဟု သူမထင်ပေ။
ထိုကြောင့် သူသည် ဆင့်ကဲဖြစ်စဉ်အား အမြန်ဆုံးသောနှုန်းဖြင့် ထက်မံပြီး ထက်မံကာ လုပ်ဆောင်ရပေမည်။ သို့မဟုတ်လျှင် သူ၏ ဘေးကင်းလုံခြုံမှုကိုပင် အာမခံနိုင်တော့မည် မဟုတ်ပေ။
ဤသို့ဖြင့် ဖန့်ရန်သည် ဂြိုလ်သားယဉ်ကျေးမှု အပျက်အစီးများရှိရာနေရာသို့ သွားရောက်ကာ ထိုနေရာမှ သားရဲများထွက်လာချိန်ကို စောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့ပေသည်။
သို့သော် သူသည် ထိုနေရာသို့ ရောက်ရှိသည်နှင့် ချက်ချင်းပင် နောက်ထပ်သန္ဓေပြောင်းသားရဲတစ်ကောင်နှင့် ကြုံတွေ့လိုက်ရပြီး ထိုသန္ဓေပြောင်းသားရဲသည်လည်း သူတွေ့ဖူးသမျှထဲတွင် အကြီးဆုံး ဖြစ်၏။
.....