← Chapters

ငါ့ကို တားတဲ့လူတိုင်း သေရမယ်

Vol. 6 Ch. 558

ငါ့ကို တားတဲ့လူတိုင်း သေရမယ်

Vol. 6 Ch. 558

"ဘုန်း ..."

ဓား၏ တိုက်ခိုက်မှု၌ ချန်းဖန်၏ ဒေါသတို့ ရောပြွမ်းနေလေရာ ကမ္ဘာလောက တစ်ခုလုံး မိုးကြိုးသံများဖြင့် ဆူညံ ပွက်လောရိုက် သွားတော့၏။

"ဘုန်း ..."

အသံထက် သုံးဆ မြန်သော ဓားက ဒမွန်ထံသို့ မျက်တောင် တစ်ခတ် အတွင်းမှာပင် တိုးဝင်ကာ ပိုင်းဖြတ်သည်။

"ဘုန်း ..."

ဒမွန်သည် ထွက်ပြေးရန် ကြိုးစားသည့်တိုင် လွတ်မြောက်ခြင်း မရှိချေ။ ဓားအလင်း၏ အောက်၌ နှစ်ပိုင်း ပိုင်းဖြတ်ခြင်း ခံရ၏။

ဒမွန်က သွေးအရိပ် အသွင်ဖြင့် သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ဖွဲ့စည်းရန် ကြိုးစား၏။ သို့သော်လည်း ချန်းဖန်က သူ့ကို အခွင့်အရေး မပေးချေ။

"သွားစမ်း ..."

ချန်းဖန်၏ အမိန့်ပေးမှု အောက်၌ ဓားက သွေးအရိပ်၏ ခန္ဓာကို လေးပိုင်း ပိုင်းဖြတ်လိုက်ပြန်၏။

ထိုဓားချက်အား မူလဝိညာဉ် အဆင့် တန်ခိုးရှင်ပင် ခုခံနိုင်မည် မဟုတ်ရာ ဒမွန်ကဲ့သို့ သွေးမျိုးဆက် ကလေးက မည်ကဲ့သို့ ခုခံနိုင်ပါမည်နည်း။

"ကူညီပါဦး ..."

ဒမွန်က ကျယ်လောင်စွာ အော်ဟစ်ရင်း သူ့ထံသို့ တိုးဝင်လာသည့် ဓားအလင်းကို လက်သည်းများဖြင့် ခုခံသည်။ သို့သော် ထိုလက်သည်းများသည်လည်း ဓားအလင်း၏ အလွယ်တကူ ဖျက်ဆီးခြင်းကို ခံရ၏။

ထိုခဏမှာပင် ရဲတိုက် အတွင်းမှ အနက်ရောင် အရိပ် သုံးခု ပေါ်ထွက်လာကာ ဒမွန်၏ အရှေ့၌ ရပ်ကာ ကာကွယ်၏။ သူတို့ကား အာသာ၊ ဆန်ဒရိုနှင့် နော့လန်တို့ပင်။

"မစ္စတာ ချန်းပေ့ရွှမ်း ... ကျုပ်က ပင်လယ် နတ်ဘုရားဂိုဏ်းရဲ့ ခေါင်းဆောင်ပါ ကျုပ်ပြောတာကို နားထောင်ပါဦး ..."

အာသာက ဦးညွှတ်ရင်း ပြောလိုက်သည်။

"ကျုပ် မစ္စတာ ဒမွန်နဲ့ ခင်ဗျားတို့ အကြားက ပြဿနာကို သိပါတယ် ... အနောက်တိုင်း အမှောင်ကမ္ဘာက ခင်ဗျားကို ကမ်းလှမ်းဖို့ ဆန္ဒ ရှိပါတယ် ... ခင်ဗျားသာ ဒမွန်ကို လွှတ်ပေးမယ် ဆိုရင် ဒေါ်လာ တစ်ရာ ဘီလျံ ပေးမယ့်အပြင် ခင်ဗျား အဖေရဲ့ ခန္ဓာကိုယ်က ကျိန်စာကိုပါ ကူပြီး ဖျက်ဆီးပေးပါ့မယ် ..."

ဒမွန်ကား အလွန်ပင် ကြောက်လန့်၍ နေပြီ ဖြစ်သည်။ ချန်းဖန်၏ တိုက်ခိုက်မှု တစ်ကြိမ်တွင်ပင် သူသည် အသက်ထွက်လု နီးပါး ဖြစ်ခဲ့သည်။ သူသည် စကား တစ်ခွန်းမှ ဝင်မပြောပဲ ချန်းဖန်၏ တုံ့ပြန်မှုကိုသာ မျှော်လင့်တကြီး စောင့်နေခဲ့၏။

"ဘေးဖယ်မလား ... သူနဲ့ အတူ သေမလား ..."

ချန်းဖန်သည် လေထုတွင်ပင် ရပ်နေ၏။ သူ၏ ရွှေရောင် ဓားပျံမှာမူ ကောင်းကင်တွင်ပင် ဝိုင်းပတ်ကာ မိုးကြိုးကဲ့သို့ ပေါက်ကွဲသံများကို ထုတ်လွှတ်နေ၏။

ဒေါ်လာ တစ်ရာ ဘီလျံ ဆိုသော ငွေသည် မည်သည့် တန်ခိုးရှင်ကိုမဆို ဆွဲဆောင်နိုင်စွမ်း ရှိသည်။ မြန်မာ၏ တစ်နှစ်တာ ဝင်ငွေပင်လျှင် ဒေါ်လာ တစ်ဆယ် ဘီလျံခန့်သာ ရှိသည်။

ဒေါ်လာ တစ်ရာ ဘီလျံ ပိုင်ဆိုင်သည့် မည်သည့် ပုဂ္ဂိုလ်မဆို နေ့ချင်း ညချင်း ကမ္ဘာ့ အချမ်းသာဆုံး စာရင်း ဝင်နိုင်၏။ သေမျိုး နတ်ဘုရား တစ်ယောက်ပင် ထိုမျှ ငွေပမာဏကို မက်မောလိမ့်မည် ဖြစ်သည်။

သို့သော်လည်း ချန်းဖန် အတွက်မူ တစ်ရာ ဘီလျံမက၊ တစ်ထောင် ထရီလျံ ဖြစ်ပါစေ မိဘများထက် အရေးကြီးသော အရာ မရှိချေ။

"ချန်းပေ့ရွှမ်း ကျုပ်တို့ မင်းကို မခြိမ်းခြောက်ချင်ဘူးနော် ... ဒါပေမဲ့ ဒီနေရာက တို့ရဲ့ ပိုင်နက်ဆိုတာ မင်းသိအောင် ပြောပြချင်တယ် ... မင်း ဘယ်လောက်ပဲ အစွမ်း ထက်ထက် အနောက်တိုင်းကို စော်ကားလို့ မရဘူး ဆိုတာ မှတ်ထားပါ ..."

ရှေးဟောင်း ရဲတိုက်၏ မဟာ မှော်ဆရာ ဆန်ဒရိုက ဖြူရော်သော မျက်နှာဖြင့် ဆိုလိုက်သည်။

"ငရဲကို သွားပြောလိုက် ..."

ချန်းဖန်က စတင် တိုက်ခိုက်လိုက်၏။

"ဘုန်း ..."

ရွှေရောင် အလင်းက နှစ်ဆယ် မီတာခန့် အထိ ပြန့်ကားထွက်လာ၏။ ထိုအရာက ကောင်းကင်သို့ နဂါး တစ်ကောင်အလား ပျံတက်ကာ ကြယ်များ အလား တောက်ပ၏။

"မဖြစ်တော့ဘူး ... အကာအကွယ် အစီအရင်ကို အသက်သွင်းဟေ့ ..."

အာသာနှင့် အခြားလူများက ချက်ချင်းပင် သူတို့၏ ပုံရိပ်ယောင်များကို ဖောက်ခွဲ လိုက်ကြ၏။

ရှေးဟောင်း ရဲတိုက်သည် သေဆုံးခြင်းချီများ နှစ်သန်းချီ ပျံနှံ့ရာ အမှောင် မြူနှင်းများ အကြား၌ တည်ရှိ၏။ အရှေ့၊ အနောက်၏ မရေမတွက်နိုင်သော အင်ပါယာများသည် ရှေးဟောင်း ရဲတိုက်အား ဖြိုခွဲရန် ကြိုးစားဖူးသော်လည်း သေဆုံးခြင်းချီများ၏ နှောင့်ယှက်မှုတွင် သူတို့သာ ရှုံးနိမ့်ခဲ့ရသည်။

"ဘုန်း ..."

သေဆုံးခြင်း အမှောင်မြူနှင်းများက ရုတ်တရက် ပေါက်ကွဲကာ သီးသန့် လောက တစ်ခုကို ဖန်တီး၏။ ထိုလောကတွင် တစ္ဆေ ခုနစ်ကောင် ပေါ်လာကာ စောင့်ရှောက်သည်။

"ကလန့် ..."

ချန်းဖန်၏ ရွှေရောင်ဓားက ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သည့် အင်အားဖြင့် အမှောင် မြူနှင်းများကို ပိုင်းဖြတ်လိုက်၏။

"ဘုန်း ..."

အနက်ရောင် မြူနှင်းများ ပြိုကွဲကာ မီတာ သုံးဆယ်ခန့် ကြီးမားသော အပေါက်ကြီး တစ်ခု ဖြစ်ပေါ်လာ၏။

ထိုအချိန်မှာပင် ရဲတိုက် အတွင်းရှိ ကိုးကွယ်သူများသည် ကောင်းကင်ရှိ အပြောင်းအလဲများကို စတင် သတိထားမိလာ ကြသည်။

"အဲဒီ ကြောက်ဖို့ကောင်းတဲ့ လူက ဘယ်သူလဲ ... ကောင်းကင်က လာတဲ့ တမန်တော်လား ..."

"မဟုတ်လောက်ဘူး ... သူက အာရှရုပ်နဲ့ ဆင်တယ် ... သူက သခင်ကြီးရဲ့ အကာအကွယ် အစီအရင်ကိုတောင် တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်လိုက်နိုင်တယ် ... မယုံကြည်နိုင်လောက်အောင် အစွမ်း ထက်တာပဲ ..."

"သူက အရမ်း ငယ်တဲ့ပုံ ပေါက်တယ် ... ဖြစ်နိုင်တာက ..."

"အရှေ့တိုင်းက ချန်းပေ့ရွှမ်း ..."

အနောက်တိုင်း အမှောင်ကမ္ဘာ၏ အင်အား အကြီးဆုံး အဖွဲ့အစည်း သုံးခုထဲမှ တစ်ခု ဖြစ်သော ရှေးဟောင်း ရဲတိုက်သည် နဂါးခန်း၊ မြန်မာ အမှောင်ကဝေဂိုဏ်းတို့ထက်ပင် ပိုမို အင်အားကြီး၏။

ရှေးဟောင်းရဲတိုက်တွင် မရေမတွက်နိုင်သော သိုင်း ပညာရှင်များ၊ အစီအရင် ပညာရှင်များ၊ အရှင်သခင်များ ရှိသည်။ သို့သော်လည်း သူတို့ကား ချန်းဖန်၏ ကျူးကျော်မှုကို ပါးစပ် အဟောင်းသားဖြင့် ကြည့်နေရန်သာ တတ်နိုင်၏။

"သွားစမ်း ..."

ချန်းဖန်က ဓားအလင်းကို နောက်တစ်ကြိမ် ဆင့်ခေါ်ကာ အစစ်အမှန်ချီဖြင့် ပေါင်းစပ်လိုက်၏။

ဓားအလင်းက တစ်ခဏ အတွင်းမှာပင် နှစ်ဆယ့်ငါး မီတာ အထိ ကြီးမားလာကာ ကောင်းကင်ကို ရွှေရောင် အတိ ဖုံးလွှမ်းသည်။

"မဖြစ်တော့ဘူး ... အကာအကွယ် အစီအရင်က တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး ... အတူတူ တိုက်ခိုက်ကြမယ်ဟေ့ ..."

ဆန်ဒရိုက ဖြူရော်စွာ အော်ဟစ်လိုက်၏။

"ဘုန်း ..."

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရဲတိုက် ခေါင်မိုးရှိ ကြယ်သည် စတင်ကာ လင်းလက်လာ၏။

ဒမွန်နှင့် တန်ခိုးရှင် ခေါင်းဆောင် သုံးယောက် အပြင် ရှေးဟောင်း ရဲတိုက်၏ အခြား မှော်ဆရာ နှစ်ယောက်က ထောင့် ခြောက်ထောင့်၌ နေရာယူကာ စွမ်းအားများကို ပို့လွှတ်လိုက်၏။

တန်ခိုးရှင် လေးယောက်၏ စွမ်းအားများ ထောက်ပံ့မှုတွင် အကာအကွယ် အစီအရင်သည် တဖြည်းဖြည်း ပြန်လည် သိပ်သည်းလာ၏။ ထိုအရာကား အနက်ရောင် တောက်ပလာကာ ပတ်ဝန်းကျင်ကိုကာ ပိန်းပိန်းပိတ်အောင် မည်းမှောင်စေသည်။

"သွား ..."

ချန်းဖန်က တည်ငြိမ်စွာပင် အမိန့်ပေးလိုက်သည်။

နှစ်ဆယ့်ငါးမီတာ ရှည်သော ရွှေရောင် အလင်းက ကောင်းကင်တွင် နောက်တစ်ကြိမ် ဖြစ်ပေါ်ကာ အမှောင် အကာအကွယ်ကို နှစ်ပိုင်း ပိုင်းဖြတ်လိုက်၏။

"ဘုန်း ..."

ကမ္ဘာပြိုကျမတတ် ပေါက်ကွဲသံ တစ်ခုက နားစည်များ ပျက်စီးသည် အထိ ထွက်ပေါ်လာ၏။

ထိုအသံ၏ ရိုက်ခတ်မှုကြောင့် အနီးအရားရှိ သစ်ပင်များ လဲပြိုကုန်သည်။ မြေကြီးများသည်လည်း ပေါက်ကွဲသည်။

တိုက်ခိုက်မှု၏ ပြင်းအားကြောင့် အကာအကွယ် အစီအရင်၏ မျက်နှာပြင်၌ မီတာ ငါးဆယ်ခန့် ကြီးမားသော အပေါ်ကြီး တစ်ခု ပေါ်နေခဲ့ပြီ ဖြစ်သည်။

"ဘုန်း..."

အာသာ၊ ဆန်ဒရိုနှင့် နော့လန်တို့သည် တန်ခိုးရှင် အလယ်ဆင့် ပညာရှင်များ ဖြစ်ကြသည်။ သို့သော်လည်း ချန်းဖန်၏ တိုက်ခိုက်မှု၌ သူတို့ သုံးဦး စလုံး နောက်သို့ လွင့်စဉ်ရသည်။

ဒမွန် တစ်ယောက်သာလျှင် တိုက်ခိုက်မှုကို သွေးအလင်းဖြင့် ကြံ့ကြံ့ခံ နေနိုင်ဆဲ ဖြစ်သည်။ သူကား သူ၏ အစွမ်းကို ထိန်ချန် မထားပဲ အစွမ်းကုန် ထုတ်ဖော်နေပြီ ဖြစ်သည်။

"ဘုန်း ..."

ချန်းဖန်က ဓားကို ဒုတိယ အကြိမ် မြှောက်ကာ ခုတ်ပိုင်းလိုက်ပြန်၏။ ထိုဓားချက်က သုံးဆယ် မီတာခန့် ရှည်လျားကာ အသံ၏ အမြန်နှုန်းကိုပင် ချိုးဖောက်ထားသည်။

"ဘုန်း ..."

အကြိမ်ကြိမ် ခုတ်ထစ်မှုများ အောက်၌ ရှေးဟောင်း ရဲတိုက်၏ အကာအကွယ် အစီအရင်ကား စတင်ကာ ကွဲအက် လာနေပြီ ဖြစ်သည်။

"သူ့ကိုတား ..."

ဆန်ဒရိုက ကောင်းကင်သို့ ပျံတက်၍ လက်ထဲရှိ မှော်တုတ်တံကို ဝှေ့ယမ်းကာ အနက်ရောင် နဂါး တစ်ကောင်ကို ဖန်တီးလိုက်၏။

ထိုနဂါးက ပတ်ဝန်းကျင်ရှိ သေဆုံးခြင်းချီ၊ တစ္ဆေချီများကို စုပ်ယူကာ ကျိန်စာများအား သယ်ဆောင်၍ ချန်းဖန်ထံ တိုးဝင်သည်။

"သေမင်း ဆင့်ခေါ်ခြင်း ..."

ဆန်ဒရိုသည် ထိုကျိန်စာကို ဖန်တီးနိုင်ရန် အတွက် အာဖရိက စစ်မြင်ပြင်သို့ သွားကာ များစွာသော ဝိညာဉ်များကို ဖမ်းဆီးခဲ့သည်။

ထိုအစီအရင်သည် အရင်းအနှီးကြီး သကဲ့သို့ တော်ရုံတန်ရုံ တန်ခိုးရှင်ကို အလွယ်တကူပင် ဝိညာဉ်နုတ်ယူ ပစ်နိုင်သည်။

သို့သော်လည်း ချန်းဖန်သည် ထိုနဂါးအား ရှောင်တိမ်းခြင်း မရှိချေ။ သူက ဓားအလင်းကို မြှောက်ကာ နဂါးနှင့် မှော်တုတ်တံတို့ကို ဖျက်ဆီးပစ်၏။

ထိုခုတ်ချက်၌  ဆန်ဒရို၏ ခန္ဓာ ထက်ဝက် ပိုင်းပြတ်သလို နတ်ဘုရား ဝိညာဉ်သည်လည်း ပျက်စီး၏။

မျက်စိ တစ်မှိတ် အတွင်းမှာပင် တန်ခိုးရှင် အဆင့် မှော်ဆရာ တစ်ယောက်ကား ပျက်စီး သွားချေပြီ ဖြစ်သည်။ ထိုမြင်ကွင်းက အာသာနှင့် နော့လန်တို့အား တဆတ်ဆတ် တုန်အောင် ကြောက်လန့် သွားစေ၏။

"ဘုန်း ..."

နော့လန်က ရုတ်တရက် အနက်ရောင် တိမ်တစ်ခု အသွင်သို့ ပြောင်းလဲကာ ထွက်ပြေးရန် ကြိုးစားသည်။

သို့သော်လည်း ချန်းဖန်၏ ဓားအလင်းက သူ့ကို တစ်စွန်းတစ်စ ထိရာ သူ၏ ခန္ဓာ ပျက်စီး၏။ နတ်ဘုရား စိတ်ဝိညာဉ်သာလျှင် လွတ်မြောက်သည်။

ထို့နောက် ချန်းဖန်၏ ဓားအလင်းသည် ဒမွန်ဆီသို့ ဆက်လက် တိုးဝင်၏။

"ဘုန်း ... ဘုန်း ... ဘုန်း ..."

ဒမွန်က သွေးအလင်းများ ထုတ်လွှတ်ကာ ချန်းဖန်၏ ဓားအလင်းများကို တားဆီးသည်။ သို့သော်လည်း ထိုအရာ အားလုံးသည် ဓားအလင်း၏ အောက်၌သာ အလုံစုံ ပျက်စီးရသည်။

"ရပ်စမ်း ... သူ့ကို သတ်လို့ မရဘူး ..."

အာသာက လှိုင်းတစ်ခု ဖန်တီးကာ ချန်းဖန်အား တားဆီး၏။

"မင်း ငါ့ကို မသတ်နဲ့ ... ငါက ဘယ်သူလဲ ဆိုတာ မင်းသိလား ..."

ဒမွန်က အော်ဟစ်ရင်း အနီရောင် သွေးတိမ်တိုက် တစ်ခု အသွင် ပြောင်းလဲကာ ရဲတိုက်မှ ထွက်ပြေးရန် ကြိုးစားသည်။

"မင်းဘာသာမင်း ဘယ်သူ ဖြစ်ဖြစ် သောက်ဂရုမစိုက်ဘူး ... ငါ မင်းကို ဒီနေ့ ရအောင် သတ်မယ် ... ငါ့ကို တားရဲတဲ့ ဘယ်သူ မဆို သေရမယ် ..."

ချန်းဖန်က ပြောရင်း ဓားအလင်းဖြင့် ဒမွန် ဆီသို့ ဆက်လက် ပိုင်းဖြတ်၏။ သို့သော်လည်း ဒမွန် အပေါ်သို့ ဓားအလင်း ကျရောက်လု ဆဲဆဲတွင်ပင် အနက်ရောင် အရိပ်တစ်ခု ချန်းဖန်၏ အရှေ့၌ ပေါ်လာခဲ့သည်။

***

All Chapters