သန္ဓေပြောင်း ရေဘဝဲနှင့် တိုက်ခိုက်ခြင်း
Vol. 12 Ch. 165
ဖန့်ရန်သည် ဂြိုလ်သားယဉ်ကျေးမှု အပျက်အစီးများရှိရာသို့ မယုံနိုင်လောက်အောင် လျင်မြန်သော အရှိန်ဖြင့် ကူးသွားခဲ့၏။
မကြာမီမှာပင် သူ့အရှေ့၌ အလင်းရောင်တစ်ခု ပေါ်လာလေသည်။
"ငါ့ရဲ့ ဆင့်ကဲဖြစ်စဉ်အတွင်းမှာ သားရဲအမျိုးအစား ဘယ်နှကောင်လောက် ထွက်လာခဲ့လည်း မသိဘူး..."
ရေကူးနေစဉ် ဖန့်ရန်က တွေးလိုက်သည်။
အာကာသလမ်းကြောင်း၏ အခြားတစ်ဖက်တွင် ရှေးဟောင်းခေတ်၏ သားရဲများနှင့် သန္ဓေပြောင်း သားရဲများစွာ ရှိနေသည်။ သာမန် ရှေးဟောင်းခေတ် သားရဲများမှာ ပြဿနာမရှိဘဲ ၎င်းတို့က သူ့အတွက် ခြိမ်းခြောက်မှု မဟုတ်ပေ။ ထို့အပြင် လူသားများ၏ စစ်ရေးစွမ်းအားအရ ၎င်းတို့ကို အလွယ်တကူ ကိုင်တွယ်နိုင်ပေသည်။
သို့သော် သန္ဓေပြောင်း သားရဲများမှာတော့ ကိုင်တွယ်ရ လွယ်ကူမည် မဟုတ်ပေ။
၎င်းတို့၏ ခုခံနိုင်စွမ်းသည် အံ့မခန်းဖြစ်ပြီး တိုက်ခိုက်နိုင်စွမ်းမှာ မြင့်မား၏။ ထို့အပြင် ၎င်းတို့တွင် သာမာန်ထက်သာလွန်သော အရှိန်အပြင် အထူးစွမ်းရည်များလည်း ရှိနေသေးသည်။
ထိုကြောင့် လူသားများသည် သာမန်ရှေးဟောင်းခေတ် သားရဲများကဲ့သို့ ၎င်းတို့အား အလွယ်တကူ ကိုင်တွယ်နိုင်မည် မဟုတ်ပေ။
နီဂုံးချုပ်ရသော် တိုက်ခိုက်ရေးလက်နက်မပါသည့် ငါးဖမ်းလှေများ၊ အပျော်စီးသင်္ဘောများနှင့် အခြားသော ရေယာဉ်များသာ သန္ဓေပြောင်း သားရဲများနှင့် တွေ့ဆုံခဲ့လျှင် ကူကယ်ရာမဲ့ နှစ်မြုပ်ခံရနိုင်ပေသည်။ ကိုင်ဂျူး (Kaiju) များအတွက်မူ ၎င်းက အခြားသော ဇာတ်လမ်းတစ်ခုသာ ဖြစ်ပေလိမ့်မည်။
ဖန့်ရန် နက်နက်ရှိုင်းရှိုင်း ထပ်မံငုပ်လျှိုးသွားသည်နှင့် သူ၏ ပတ်ဝန်းကျင်မှာ တဖြည်းဖြည်း လင်းလာလေသည်။ နောက်ဆုံးမှာ ဂြိုလ်သားယဉ်ကျေးမှု အပျက်အစီးများ ရှိရာသို့ သူရောက်သွားသည်။
ရုတ်တရက် ဖန့်ရန်၏ လျှာသည် ထူးဆန်းသော အနံ့တစ်ခုကို အာရုံခံမိလိုက်သည်။ ထိုအနံ့သည် ထူးခြားသော်လည်း ရင်းနှီးနေသလိုပင်။
"ဒါက ရေဘဝဲအနံ့နဲ့ နည်းနည်းဆင်တယ်"
သူသည် ရေဘဝဲကို စားဖူးသောကြောင့် ယင်းသားရဲ၏ အနံ့နှင့် အရသာကို မှတ်မိပေသည်။ သို့သော် ဤအနံ့က ရေဘဝဲ၏ အနံ့နှင့် ကွာခြားနေသည်။ သေချာစမ်းစစ်ပြီးနောက် ဖန့်ရန် အနည်းငယ် တွေဝေသွားသည်။
"အင်း.. ဒီအနံ့က ငါစားဖူးတဲ့ ရေဘဝဲနဲ့ နည်းနည်း ကွာခြားနေတယ်.."
ဖန့်ရန် ယင်းကွာခြားမှုအကြောင်းကို တွေးတောနေစဉ်၊ ဂြိုလ်သားယဉ်ကျေးမှု အပျက်အစီးများဘေးတွင် ဧရာမ သားရဲကြီးတစ်ကောင် ပေါ်လာလေသည်။
ပိရမစ်တွေ၏ အပေါ်ရှိ အလင်းထုတ်လွှတ်ပေးသည့် ရေပိုးကောင်တွေရဲ့ အလင်းရောင်ကြောင့် ဖန့်ရန်သည် ၎င်း၏ ပုံပန်းသဏ္ဌာန်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရပေသည်။
၎င်းသည် အချင်း မီတာ (၂၀) ကျော်ခန့်ရှိပြီး အလွန်ကြီးမားသည့် ရေဘဝဲခေါင်းနှင့် မီတာ (၁၀၀) နီးပါးရှည်လျားသော ခြေလက်များနှင့် သားရဲ တစ်ကောင် ဖြစ်သည်။ ၎င်း၏ ခြေလက်များရှိ စုတ်ခွက်များသည် ချွန်ထက်သော သွားများဖြင့် ပြည့်နှက်နေသည်။
"သန္ဓေပြောင်း ရေဘဝဲလား"
ဖန့်ရန် သူ့ရှေ့မှ သားရဲကို အလွန်လေးနက်သော မျက်နှာဖြင့် စိုက်ကြည့်လိုက်သည်။
သူသည် ထိုသန္ဓေပြောင်း သားရဲကို အမှန်တကယ်တော့ လုံးဝဂရုမစိုက်ပေ။ ၎င်းတို့သည် အခြေခံအားဖြင့် သာမန်သားရဲများကို စွမ်းအားမြှင့်တင်ထားသည့် ပုံစံသာ ဖြစ်သည်။ ၎င်းတို့သည် ပိုမိုအားကောင်းသော ခွန်အား၊ အကာအကွယ်၊ အမြန်နှုန်း အစရှိသည်တို့ ဖြစ်သည်။ သို့သော် ၎င်းတို့က သူ့အတွက် ကိုင်တွယ်ရန် မခက်ခဲပေ။
သူ အမှန်တကယ်ကြောက်သည်မှာ ကိုင်ဂျူး သားရဲများပင် ဖြစ်သည်။ ထိုသားရဲများသည် ၎င်းတို့၏ ပါးစပ်မှ အက်ဆစ်နှင့် လေဆာများကို ပစ်ထုတ်နိုင်လေသည်။ ထို့အပြင် ၎င်းတို့သည် အလွန်ကြီးမားပြီး အကောင်အသေးဆုံးပင် မီတာ (၅၀) ခန့်ရှိကာ အကြီးဆုံးမှာ မီတာရာပေါင်းများစွာ ရှည်လျားပေသည်။
ထိုကြောင့် ဧရာမရေဘဝဲကို ရင်ဆိုင်ရချိန်မှာ ဖန့်ရန် တွေဝေသွားသည်။ ဤသားရဲသည် အလွန်ကြီးမားသည်မှာမှန်၏။ ၎င်း၏ ခေါင်းတစ်ခုတည်းကပင် သူ၏ ခန္ဓာကိုယ်အရှည် ထက်ဝက်ကျော်ရှိသည်။
ဤတွင် ၎င်း၏ အလွန်ရှည်လျားသော လက်တံကိုးချောင်းကို ထည့်မပြောရသေးပေ။
ယင်းရေဘဝဲတွင် မည်သည့် အထူးစွမ်းရည်များ ရှိသည်ကိုလည်း သူမသေချာပေ။
[ပစ်မှတ် - သန္ဓေပြောင်း ရေဘဝဲ၊ သွေးအေး သတ္တဝါ၊ အသားစား၊ စနစ်အမှတ် ၂၀၀၀၀၀ မှတ် ရရှိနိုင်သည်]
ဖန့်ရန်သည် အဝေးရှိ ရေဘဝဲကို စစ်ဆေးနေစဉ် သူ၏ စိတ်ထဲတွင် စနစ်၏ အချက်ပေးသံက ထွက်ပေါ်လာသည်။
"စနစ်အမှတ် ၂၀၀၀၀၀ လား။ အများကြီးပဲ..."
ဖန့်ရန် အံ့အားသင့်သွားပြီး၊ သူ၏ ထွက်ပြေးရန် တွေးတောမည့် အတွေးများပင် ရပ်တန့်သွား၏။
သူ မသေချာမရေရာ ဖြစ်သွားသည်။ စနစ်အမှတ် ၂၀၀၀၀၀ မှတ်က အတော်လေးများပြား၏။ အာကာသလမ်းကြောင်း တစ်ဖက်မှာ သူမြင်ခဲ့ရသော ကိုင်ဂျူး သားရဲကြီးများသည် သူ့အား ဖိအားများစွာ ပေးနိုင်သောကြောင့် သူ လျင်မြန်စွာ ဆင့်ကဲဖြစ်စဉ်အား တတ်စွမ်းသမျှ အမြန်ဆုံး မကြာခဏ စတင်လိုပေသည်။
သို့သော် နောက်ထပ် ဆင့်ကဲဖြစ်စဥ်စတင်ရန်အတွက် စနစ်အမှတ် (၁.၈) သန်း လိုအပ်လေသည်။ ၎င်းက စုဆောင်းရ လွယ်ကူသော အရာမဟုတ်ပေ။
ဝှစ်!!
ဖန့်ရန် တွေဝေနေစဉ် ရုတ်တရက် မြေအောက်ရေစီးကြောင်းများ၏ အသံက သူ့ကို နိုးထလာစေပေသည်။
နောက်တစ်ခဏတွင် လက်တံနှစ်ခုက ဖန့်ရန်ဆီသို့ မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် ချဉ်းကပ်လာပြီး သူ့ကို တင်းကျပ်စွာ ပတ်ရစ်လာလေသည်။
ဖန့်ရန်၏ မျက်နှာချင်းဆိုင်မှ ဧရာမရေဘဝဲကြီးသည် သူ့ဆီသို့ လျင်မြန်စွာ ချည်ကပ်လာသည်။ ထိုရေဘဝဲ သားရဲသည် ဖန့်ရန်ကို သူ၏ အစာအဖြစ် သတ်မှတ်လိုက်ပုံရ၏။
"ဒီတိုက်ပွဲက ရှောင်လွှဲလို့ မရဘူးထင်တယ်"
ဖန့်ရန်သည် သူ၏ လျှာကို တစ်ချက်လှုပ်ရှားလိုက်ပြီး မျက်လုံးများက ပိုမိုထက်ရှလာသည်။ သူ၏ အကြေးခွံတွေကို တစ်စုံတစ်ခုက အဆက်မပြတ် ကုတ်ခြစ်နေသလို သူခံစားမိနေသည်။
သန္ဓေပြောင်း ရေဘဝဲသည် ၎င်း၏ စုတ်ခွက်ရှိ သွားများကို အသုံးပြု၍ ဖန့်ရန်၏ အကြေးခွံတွေကို ကိုက်ဖဲ့နေသည်။
ထိုသန္ဓေပြောင်း ရေဘဝဲ၏ လက်တံကိုးချောင်းစလုံးတွင် ချွန်ထက်သော သွားများ ပြည့်နှက်နေလေသည်။
"သူ့သွားတွေက ငါ့ရဲ့ အကာအကွယ်ကို မဖောက်နိုင်ဘူးပဲ"
ထိုသွားများသည် ၎င်း၏ စွမ်းအားဖြင့် သူ၏ အကြေးခွံတွေပေါ်မှ ခြစ်ရာအနည်း ချန်ထားနိုင်သော်လည်း လျင်မြန်စွာသော ကုသမှုဖြင့် ချက်ချင်းပင် ပျောက်ကင်းသွားကြောင်း ခံစားမိသည်။
သန္ဓေပြောင်း ရေဘဝဲ၏ အလစ်ငိုက်တိုက်ခိုက်မှုအပြီး၌ ၎င်းသည် သူ၏ ကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခု ရအောင် ပြုလုပ်နိုင်ခဲ့သော်လည်း လျင်မြန်သော ကုသမှု စွမ်းရည်ဖြင့် ချက်ချင်းပင် ပျောက်ကင်းသွားခဲ့သည်။
အကယ်၍ ၎င်းရေဘဝဲတွင်သာ ချွန်ထက်သော သွားများနှင့် ပိုမိုအားကောင်းသော ဖိအားရှိနေမည်ဆိုလျှင် သူ၏ လျင်မြန်သော ကုသမှု စွမ်းရည်ဖြင့် ကုစားနိုင်သော်လည်း ဒဏ်ရာအသစ်များက သူ့ကို ဒဏ်ရာရနေစေဦးမည် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ဤသန္ဓေပြောင်း ရေဘဝဲသည် အနည်းငယ် အားနည်းနေပေသည်။
သန္ဓေပြောင်း ရေဘဝဲ၏ ခန့်မှန်းခြေ တိုက်ခိုက်နိုင်စွမ်းကို သိရှိပြီးနောက် ဖန့်ရန်သည် ၎င်းကို ချက်ချင်း တိုက်ခိုက်လိုက်၏။ သူသည် သူ၏ ခေါင်းကို လိုက်လျောညီထွေ လှည့်လိုက်ပြီး ရေဘဝဲ၏ လက်တံတစ်ချောင်းကို ကိုက်လိုက်သည်။
သို့သော် ထိုကိုက်ချက်အပြီး၌ ဖန့်ရန် တုန်လှုပ်သွားသည်။
သူသည် သာမန်အသား၏ ကြွပ်ဆတ်မှုကို မခံစားရဘဲ ရော်ဘာတစ်ခုအား ကိုက်မိလိုက်သလို ခံစားမိလိုက်သည်။ သန္ဓေပြောင်း ရေဘဝဲ၏ လက်တံသည် သူ၏ ပထမဆုံးကိုက်ချက်အောက်တွင် မကျရှုံးသွားပေ။
ထိုကြောင့် သူသည် ခေါင်းကို ခါယမ်းကာ အားသုံးပြီး ဆွဲဖြဲရန် ကြိုးစားလိုက်သည်။
သို့သော် သန္ဓေပြောင်း ရေဘဝဲသည် ၎င်း၏ ကျန်ရှိနေသော လက်တံများကို ဆန့်ထုတ်လာကာ ဖန့်ရန် ရစ်ပတ်လိုက်လေသည်။ ထိုနောက် ရေဘဝဲသည် ဖန့်ရန်ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာကာ ၎င်း၏ သွားများဖြင့် သူ၏ ခေါင်းကို ကိုက်ချလိုက်သည်။
၎င်း၏ သွားများသည် ကြီးမားပြီး ချွန်ထက်သော်လည်း ဖန့်ရန်၏ ခေါင်းနှင့် ထိမိချိန်တွင် သည့် အလွန်ဆူညံသော သံမဏိခြစ်သံများသာ ဖြစ်ပေါ်လာခဲ့သည်။
ဖန့်ရန်သည် ရူးသွပ်စွာ ရုန်းကန်ရင်း သူ၏ အမြင့်ဆုံးသော အရှိန်ဖြင့် စဖင့် ရုပ်တု ဆီသို့ ဦးတည်လိုက်ပြီး ၎င်းနှင့် တိုက်မိသွား၏။
ဘုန်း!!!
ဖန့်ရန်သည် စဖင့် ရုပ်တုနှင့် ပြင်းထန်စွာ တိုက်မိသွားပြီး အသံကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။ သို့သော် အမှန်တကယ် ဒဏ်ရာရသွားသူမှာ သူမဟုတ်ဘဲ သူ့အား ချုပ်နှောင်ထားသော ရေဘဝဲ သားရဲပင် ဖြစ်သည်။
ဤပြင်းထန်သော ထိခိုက်မှုကို ခံစားရပြီးနောက် ဖန့်ရန်သည် ရေဘဝဲ၏ လက်တံများက တုန်ခါနေသွားဟု ခံစားလိုက်ရသည်။ ၎င်း၏ လက်တံများပင် အနည်းငယ် ဖြေလျှော့သွားဟု သူထင်မိသည်။
ဘုန်း!!
သို့သော် သူသည် ရေဘဝဲကို နားခွင့်မပေးဘဲ စဖင့် ရုပ်တုနှင့် ထပ်မံ တိုက်မိစေလိုက်သည်။
ဤတစ်ကြိမ်တွင်တော့ ရေဘဝဲ သားရဲလည်း မခံနိုင်တော့ပေ။ ၎င်းသည် ဖန့်ရန်ကို လွှတ်ပေးလိုက်ပြီး အမြန်ထွက်ပြေး၏။
"မင်း ငါ့လက်က လွတ်မှာမဟုတ်ဘူး..."
သူသည် ယင်းရေဘဝဲကို လွှတ်ပေးမည် မဟုတ်ပေ။
ဖန့်ရန်သည် သူ၏ အမြီးကို သမုဒ္ဒရာကြမ်းပြင်သို့ ပြင်းထန်စွာ ရိုက်ချလိုက်ပြီးနောက် ၎င်း၏အရှိန်ဖြင့် သူ့ဆီက ထွက်ပြေးနေသည့် ရေဘဝဲဆီသို့ အံ့အားသင့်ဖွယ်အရှိန်ဖြင့် ပြေးလိုက်သည်။
ရုတ်တရက် သူ့ရှေ့မှ သန္ဓေပြောင်း ရေဘဝဲသည် မထင်မှတ်ထားစွာဖြင့် မဲနက်သော မှင်များစွာကို ပန်းထုတ်လိုက်သည်။
ပတ်ဝန်းကျင်ရှိ အလင်းရောင်သည် ရုတ်တရက် ပျောက်ဆုံးသွားပြီး တစ်ချိန်တည်းမှာပင် ခပ်ပြင်းပြင်းအနံ့တစ်ခုက ပျံ့နှံ့လာကာ ရိုးရှင်းသော ၎င်း၏ အနံ့ကို ရှုပ်ထွေးသွားစေသည်။
ဧရာမရေဘဝဲသည် ထိုအခွင့်အရေးကို မဖြုန်းတီးဘဲ အရင်ကထက် ပိုမိုမြန်ဆန်စွာ ထွက်ပြေးသွားသည်။
ဖန့်ရန်သည် မှင်နက်များ၏ အရှေ့တွင် ရပ်တန့်လိုက်သည်။ သူသည် မှင်နက်များရှိရာ နေရာကို အမြန်ပတ်ပြီးသွားလိုက်သော်လည်း တစ်ဖက်သို့ ရောက်ရှိသွားချိန်တွင် ဧရာမရေဘဝဲက ပျောက်သွားခဲ့ပြီ ဖြစ်သည်။
"အဲ့ဒီရေဘဝဲ ထွက်ပြေးသွားပြီ..."
ဖန့်ရန်သည် နှာမြောတသမြည်တမ်းရင်း မီတာရာပေါင်းများစွာ ပြန်နှံ့နေသည့် မှင်နက်များကို ကြည့်လိုက်သည်။
ဤမှင်နက်သည် ပတ်ဝန်းကျင်ရှိ အနံ့များကို အနှောင့်အယှက်ပေးနိုင်ခြင်းနှင့် အမြင်အာရုံကို ပိတ်ဆို့ခြင်းသာမက.. ၎င်းအား အနည်းငယ် ရှူသွင်းမိလိုက်သော ဖန့်ရန်ကိုလည်း မူးနောက်နောက် ဖြစ်သွားစေလေသည်။
"ဒီလောက်ထိ ကြီးထွားလာတဲ့ သန္ဓေပြောင်း သားရဲတွေမှာ အထူးစွမ်းရည်တွေ ရှိနေမှာ သေချာတယ်"
ဖန့်ရန် ခဏတာ တွေးတောပြီးနောက် စဖင့် (Sphinx) ရုပ်တု ဆီသို့ ပြန်ကူးလာလိုက်သည်။
သူသည် သူ၏ အစီအစဉ်ကို လက်လွှတ်ခံမည် မဟုတ်ပေ။ သူသည် စဖင့် ရုပ်တု၏ ဘေးတွင် နေပြီး အာကာသလမ်းကြောင်းအတွင်းက နောက်ထပ် သားရဲတစ်ကောင် ထွက်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေမည် ဖြစ်သည်။
ထိုနေရာသို့ ရောက်ရှိပြီးနောက် ဖန့်ရန်သည် လဲလျောင်းလိုက်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလေသည်။ မကြာမီမှာပင် အာကာသလမ်းကြောင်းကနေ သားရဲတစ်ကောင် ထွက်လာခဲ့သည်။
.....