ဧရာမသားရဲ
Vol. 12 Ch. 166
မှောင်မဲနေသော ကောင်းကင်အောက်တွင် လမ်းမတစ်ခု၌ လူတစ်ဒါဇင်ခန့် ဖြည်းညှင်းစွာ လမ်းလျှောက်နေသည်။ မိုးရွာထားခြင်းကြောင့် လေထုက အေးစိမ့်နေပြီး လူအများစုသည် အပေါ်ဝတ် အင်္ကျီများကို ဝတ်ဆင်ထားကြ၏။
"ကျွန်တော်ကတော့ ဒီနေ့ရဲ့ နေ့စဉ်သတင်းများကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဒီမနက် ရှစ်နာရီခန့်မှာ ငါးဖမ်းသမားတစ်ယောက်က အလွန်ကြီးမားတဲ့ ငါးတစ်ကောင်ကို ဖမ်းမိခဲ့ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရတော့ ဒီငါးက ထရိုင်ယဆစ်ခေတ်ကတည်းက ရှိခဲ့တဲ့ ငါးပဲ ဖြစ်ပါတယ်..."
လီဇီသည် အဆောက်အအုံတစ်ခုပေါ်တွင် တပ်ဆင်ထားသော မျက်နှာပြင်တစ်ခုအား မော့ကြည့်လိုက်သည်။ ၎င်းတွင် သတင်း တင်ဆက်သူတစ်ဦးက ယနေ့ သတင်းများကို ပြောပြနေခြင်း ဖြစ်သည်။
ရုတ်တရက် လေအေးတစ်ချက် တိုက်ခတ်လာရာ သူ၏ အင်္ကျီကို တင်းကျပ်စွာ ဆွဲတင်လိုက်မိသည်။
"ဟွမ် သူတို့တွေ ထရိုင်ယဆစ်ခေတ်က ငါးတစ်ကောင်ကို ထပ်တွေ့ပြန်ပြီ။ ဒီငါးနဲ့ဆို ဒါက ရှေးဟောင်းခေတ်က သားရဲ ခုနှစ်ကောင်မြောက်ပဲ.."
လွိုင်ဟွမ် သိပ်မဝေးသော နေရာက မျက်နှာပြင်ကို ကြည့်နေရင်းကနေ လီဇီ၏ စကားကို ကြားလိုက်ရခြင်းကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။
ဇီဝဗေဒဆိုင်ရာ ကျောင်းသားတစ်ယောက် ဖြစ်သည့် သူ့အနေဖြင့် ပထမဆုံး ဧရာမပင်လယ်မြွေကြီးနှင့် မိုဆာဆောရပ်စ် ပေါ်လာစဉ်က အလွန်စိတ်လှုပ်ရှားခဲ့ရသည်။ သို့သော် ရှေးဟောင်း သားရဲများ ပိုမိုပေါ်လာသည်နှင့်အမျှ သူ၏ စိတ်လှုပ်ရှားမှုများသည် ပျောက်ကွယ်သွားပြီး ထိတ်လန့်ကြောက်ရွံ့မှုများသာ ရှိလာခဲ့သည်။
ထိုရှေးဟောင်း သားရဲများမှာ မတူညီသော ခေတ်ကာလများမှ ဆင်းသက်လာကြခြင်း ဖြစ်ပြီး အရေအတွက်မှာ များပြားလာခဲ့သည်။
သူတို့၏ နိုင်ငံပိုက်နက်ဖြစ်သော ပင်လယ်ပြင်မှာပင် (၇) ကောင်ထက်မက တွေ့ရှိခဲ့ရလေသည်။ ကမ္ဘာတစ်ဝန်းတွင် ပေါ်ပေါက်လာခဲ့သော ရှေးဟောင်း သားရဲအားလုံးကို ရေတွက်မည်ဆိုလျှင် (၁၀၀) ပင် ကျော် နေခဲ့ပြီ ဖြစ်သည်။
အချိန် ရေစီးကြောင်းထဲတွင် ပျောက်ကွယ်သွားသင့်သော သားရဲများသည် အဘယ့်ကြောင့် ယခုလို အမြောက်အများ ပြန်လည်ပေါ်ပေါက်လာခဲ့သနည်း။
အဘယ်အရာက ၎င်းတို့အား ပြန်ပေါ်လာခဲ့စေသနည်း။
လီဇီနှင့် လွိုင်ဟွမ်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခေါင်းခါရင်း ရှေ့သို့ ဆက်လက် လျှောက်လှမ်းလာခဲ့သည်။ ကမ္ဘာတစ်ဝန်းလုံးရှိ လူအများစုသည် လီဇီနှင့် လွိုင်ဟွမ်တို့ကဲ့သို့ တွေးနေခဲ့ကြခြင်း ဖြစ်သည်။ စိတ်လှုပ်ရှားမှုများ ကုန်ဆုံးသွားပြီးနောက် လူတိုင်း၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများသာ ကျန်ရှိတော့သည်။
ဤထူးဆန်းသော ဖြစ်ရပ်ကို လူတိုင်း နားမလည်နိုင်ကြဘဲ ၎င်းတို့ပေါ်ပေါက်လာခဲ့သည့် အကြောင်းရင်းကိုလည်း မသိကြပေ။
မသိနားမလည်မှုသည် လူတိုင်းကို စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့ခြင်းကို ခံစားရစေသည်။ မှန်ပေသည်။ ၎င်းတို့သည် ရှေးဟောင်း သားရဲများကို ကြောက်ရွံ့ခြင်း မဟုတ်ပေ။ ၎င်းအား ဖြစ်ပေါ်စေသည့် မူလဇစ်မြစ်ကိုသာ ကြောက်ရွံ့နေခြင်း ဖြစ်သည်။
အကယ်၍ မူလဇစ်မြစ်သည် ဂြိုလ်သားများကြောင်းပင်ဖြစ်စေ၊ မျိုးရိုးဗီဇပြောင်းလဲမှုကြောင်း သို့မဟုတ် အခြားအကြောင်းရင်း တစ်ခုခုကြောင့် ဖြစ်သည် ဖြစ်စေ ၎င်းသည် လူသားများအတွက် အကျိုးမရှိပေ။
ထိုရှေးဟောင်း သားရဲအများစုသည် သိပ်ကြောက်ဖို့မကောင်းပေ။ ဤအစား ငါးဖမ်းပိုက်ဖြင့် ငါးဖမ်းသည့် တံငါသည်ပင် ၎င်းတို့အား အများအပြား ဖမ်းဆီးနိုင်သည်။
သို့သော် နောက်ပိုင်းရက်များတွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်တစ်ခုသည် လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေလေသည်။
...
အချိန်သည် ည ကိုးနာရီခန့် ဖြစ်ပြီး ကောင်းကင်မှာ မဲမှောင်နေသည်။
အမေရိကန် နိုင်ငံရှိ ကမ်းခြေမြို့တစ်မြို့၏ ကမ်းခြေနှင့် သိပ်မဝေးသော လမ်းမတစ်ခု၌ ကားတစ်စီး ဖြည်းညှင်းစွာ ရွေ့လျားနေသည်။
ရုတ်တရက် ကားသည် ရုတ်တရက် ရပ်တန့်သွားပြီး ထိတ်ပြောင်သော လူမည်းတစ်ဦးသည် ကားထဲမှ ထွက်လာကာ လမ်းဘေးသို့ ဆင်း၍ ဘောင်းဘီဇစ်ကို ဖြည်ပြီး အပေါ့သွားလေသည်။
ရှူးးး
ထိုလူသည် ပျော်ရွှင်စွာ သီချင်းတစ်ပုဒ်ကို သီဆိုနေပြီး မြေပြင်ပေါ်သို့ ကျရောက်နေသော အသံဟာတော့ အလွန်ပင် ထင်ရှားခဲ့၏။
ထိုအချိန် ယင်းလူမည်းသည် ၎င်း၏ မျက်စိထောင့်ကနေ တစ်စုံတစ်ရာအား ရုတ်တရက် မြင်လိုက်ရသည်။ ထိုကြောင့် သူသည် မသိစိတ်ကနေ လှည့်ကြည့်လိုက်ပြီး ပင်လယ်ပြင်ကို ငေးကြည့်လိုက်မိသည်။ ဤတွင် လရောင်၏ အကူအညီဖြင့် သူသည် အနက်ရောင်အရိပ်အား မြင်လိုက်ရသည်။
၎င်းသည် မိကျောင်းနှင့်တူသော ဧရာမသားရဲကြီး တစ်ကောင်ပင် ဖြစ်သည်။
"ဒါက.."
လူမည်း အမျိုးသား၏ ခန္ဓာကိုယ်သည် တုန်ခါသွားပြီး သူ့ဘောင်းဘီပေါ်သို့ အပေါ့များပင် စင်လုနီးပါး ဖြစ်သွား၏။ သူသည် ဧရာမသားရဲကြီးကို ကြည့်ပြီး ကျယ်လောင်စွာ အော်လိုက်မိသည်။
"ဒါက မိုဆာဆောရပ်စ် မဟုတ်လား။ ငါ အရင်က မြင်ဖူးတာနဲ့ တူတယ်.."
သူ့မျက်လုံးများက အရောင်တောက်နေသည်။
ထိုအချိန်က သူသည် မိုဆာဆောရပ်စ်အား သယ်ပြီး ဤနိုင်ငံက ယူဆောင်လာသည်ကို မြင်ဖူးသည်။ သူသည် လက်တွေ့ရော တီဗီတွင်ပါ မြင်ဖူးခြင်း ဖြစ်၏။ ထိုအချိန်က မိုဆာဆောရပ်စ်၏ အလောင်းကို သယ်ဆောင်လာသော စစ်သင်္ဘောသည် သူတို့မြို့တွင် ဆိုက်ကပ်ခဲ့သည်။
ထို့စဉ်က သူသည် ထိုရှေးဟောင်း သားရဲကြီး၏ အလောင်းကို အထူးယာဉ်ဖြင့် သယ်ဆောင်သွားသည်ကို စိတ်လှုပ်ရှားစွာ ကြည့်ခဲ့ရသည်။
မိုဆာဆောရပ်စ်၏ အလောင်းသည် ပုပ်ပွနေပြီ ဖြစ်ကြောင်း သူ မှတ်မိနေသေးသည်။ ထိုစဉ်က သူသည် ဝေးကွာသော နေရာမှပင် ၎င်းအနံ့ကြောင့် အသက်ရှူကျပ်မတတ် ဖြစ်သွားခဲ့ရသည်။ သို့သော် ၎င်းမိုဆာဆောရပ်စ်၏ ပုံပန်းသဏ္ဌာန်ကို သူ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပေသည်။
ထို့အပြင် အင်တာနက်တွင်လည်း ၎င်း၏ ပုံများစွာကို မြင်ခဲ့ရသည်။
ထို့ကြောင့် သူသည် သူ၏ ရင်ဘတ်အား အစွမ်းကုန်ပုတ်ပြပြီး သိပ်မဝေးသော ထိုနေရာရှိ ထိုသားရဲကြီးက မိုဆာဆောရပ်စ်ပင် ဖြစ်ကြောင်း ရဲရဲကြီး အာမခံနိုင်သည်။
"ဒါက ရှာဖွေ့တွေ့ရှိခဲ့တဲ့ ဒုတိယမြောက် မိုဆာဆောရပ်စ်ပဲ ဖြစ်ရမယ်၊ ပြီးတော့ ငါက ပထမဆုံး မြင်တဲ့သူပဲ.."
လူမည်း အမျိုးသားသည် စိတ်လှုပ်ရှားစွာ ရေရွတ်ရင်း ဇစ်ကို ပြန်ဆွဲတင်ကာ ၎င်းမိုဆာဆောရပ်စ်အား ဓာတ်ပုံရိုက်ရန် ပြင်လိုက်စဥ်တွင် နောက်ထက် သူ မြင်လိုက်ရသော မြင်ကွင်းက သူ့ကို အရက်မူးပင် ပြေသွားစေခဲ့၏။
သူသည် ပင်လယ်ပြင်တွင် အရိပ်မည်းများ တစ်ခုပြီးတစ်ခု ပေါ်လာသည်ကို မျက်လုံးပြူးပြီး ကြည့်နေမိသည်။
ထိုအရိပ်မည်းများ အားလုံးသည် မိုဆာဆောရပ်စ်များပင် ဖြစ်၏။ အကြမ်းဖျဉ်း ကြည့်ရုံဖြင့်ပင် အကောင် (၅၀) မက ရှိပေမည်။
လူမည်း အမျိုးသားသည် အရက်မူးနေလျှင်ပင် တစ်ခုခု မှားယွင်းနေပြီဖြစ်မှန်း သိပေသည်။ ထို့အပြင် ၎င်းသားရဲ အားလုံးသည် ဤကမ်းခြေသို့ ဦးတည်ရွေ့လျားလာနေခြင်း ဖြစ်သည်။
"သူတို့ ဘာလုပ်ကြမလို့လဲ.."
လူမည်း အမျိုးသားသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ၏ ကားဆီသို့ အမြန်ပြေးသွားခဲ့သည်။ ထိုအချိန် သူသည် နောက်လှည့်၍ တစ်ချက်ကြည့်လိုက်၏။ ထိုအခါ သူသည် မယုံနိုင်စရာကောင်းသော အရာတစ်ခုအား မြင်လိုက်ရသည်။
၎င်းသည် ထိုမိုဆာဆောရပ်စ် အကောင် (၅၀) ၏ အနောက် သိပ်မဝေးလှသော ရေပြင်တွင် ကြီးမားသော အဖုအထစ်တစ်ခု ပေါ်လာပြီး၊ ဧရာမသားရဲကြီးတစ်ကောင် ပေါ်လာခြင်းကြောင့် ဖြစ်၏။
"အဲ... အဲ့ဒါက..."
လူမည်း အမျိုးသားသည် သူ၏ နှလုံးခုန်နှုန်းပင် ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ထိုမိုဆာဆောရပ်စ်၏ အုပ်စုနောက်တွင် ပေါ်လာသော ဧရာမသားရဲကြီးသည် သာမာန်မိုဆာဆောရပ်စ်ကို အဆင့်မြှင့်တင်ထားသော ဗားရှင်းကဲ့သို့ ဖြစ်သည်။
တိတိကျကျပြောရလျှင် ၎င်းသည် အလွန်ထူထဲသော ခြေလက်များနှင့် ကျောဘက်တွင် ရှိနေသည့် သံချက်ကာသဖွယ် အခုံးသဖွယ် အကြေးခွံများနှင့် မယုံနိုင်လောက်အောင် ကြီးမားသော ဦးခေါင်းတစ်ခုကို ပိုင်ဆိုင်ထားလေသည်။
ထို့အပြင့် ၎င်း၏ အရွယ်အစားသည် စစ်သင်္ဘောထက်ပင် ကြီးမားနေ၏။
"ဒီလို သားရဲမျိုး ဘယ်လိုလုပ် ရှိနေနိုင်တာလဲ..."
လူမည်း အမျိုးသားက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ထိုစူပါမိုဆာဆောရပ်စ်သည် မီတာတစ်ရာကျော် ရှည်လျားပြီး ငြိမ်သက်စွာ ရပ်နေရုံဖြင့်ပင် လူတိုင်းအား မကြုံစဖူး ထိတ်လန့်မှုကို ပေးစွမ်းနိုင်လေသည်။ ထို့အပြင် ၎င်းသည် အကောင် (၅၀) ကျော်သော ၎င်း၏ နောက်လိုက်များကို ဦးဆောင်ပြီး ကမ်းခြေဆီသို့ ဦးတည်လာခြင်းကို ပြောရန်ပင် မလိုတော့ပေ။
လူမည်း အမျိုးသားတွင် ဤနေရာ၌ ဆက်နေရန် သတ္တိမရှိတော့ပေ။ ထိုကြောင့် သူသည် ကားထဲသို့ အမြန်ဝင်ပြီး မောင်းထွက်သွားတော့သည်။
...
အယ်ဆင်းနီသည် အမေရိကန်နိုင်ငံ၏ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်ပြီး လူဦးရေ တစ်သန်းကျော် ရှိသည်။ ၎င်း၏ ထူးခြားသော တည်နေရာနှင့် အချို့သော အချက်များကြောင့် နိုင်ငံအတွင်းက အရေးအပါဆုံးမြို့များထဲမှ တစ်မြို့ဖြစ်သည်။
အယ်ဆင်းနီမြို့သည် အလွန်စည်ကားပြီး အချိန်တိုင်းလိုလို ဆူညံသံများဖြင့် ပြည့်နှက်နေ၏။ အလွန်စည်ကားခြင်းကြောင့် ညဘက်တွင်ပင် အချို့သော လမ်းများ၌ လူများဖြင့် ပြည့်နှက်နေတတ်သည်။ အထူးသဖြင့် ဂရက်ဗီ လမ်းတွင် ဖြစ်သည်။
၎င်းသည် အယ်ဆင်းနီမြို့၏ အစည်ကားဆုံးသော စီးပွားရေးလမ်းတစ်ခုဖြစ်ပြီး ညဈေးတန်းသည် များသောအားဖြင့် ည (၁၁) နာရီအထိ စည်ကားသည်။ ယခုအချိန်သည် ည (၁၀) နာရီခန့် ရှိပြီဖြစ်သော်လည်း လမ်းသွားလမ်းလာများဖြင့် ပြည့်နှက်နေဆဲဖြစ်သည်။
"ဂျိမ်း ငါ့အိတ်ကို ကူသယ်ပေးပါအုံး..."
"ကယ်လီ မင်းဘေးက အဲ့ဒီလူက ဘယ်သူလဲဆိုတာ အခုချက်ချင်း ငါ့ကို ရှင်းပြပေး..."
"ဒါနဲ့ဟဲ့ မကြာသေးခင်က ထွက်လာတဲ့ Lorraine ရုပ်ရှင်က အရမ်းကောင်းတယ်လို့ ကြားထားတယ်။ ငါတို့ နောက်ကျရင် သွားကြည့်ကြမလား..."
လမ်းမကြီးပေါ်တွင် လူများက ၎င်းတို့၏ အဖော်များနှင့် စကားပြောနေကြခြင်း ဆူညံသံများဖြင့် ပြည့်နှက်နေသည်။ ဤသို့ လူထူထပ်သော ပတ်ဝန်းကျင်သည် ဆူညံသံများဖြင့် ပြည့်နေခြင်းကြောင့် သိပ်မဝေးသောနေရာက ပြောနေသော လူတစ်ဦး၏ အသံကိုပင် သဲကွဲစွာ ကြားရမည် မဟုတ်ပေ။
သို့သော် ရုတ်တရက် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး လူအုပ်၏ အသံထက်ဝက်ကျော်ကို ချက်ချင်းငြိမ်သက်သွားစေသည်။
ဗုန်း!!..
ရုတ်တရက် ကားတစ်စီးသည် ဝေးကွာသော နေရာတစ်ခုမှ ပျံသန်းလာပြီး မြေပေါ်သို့ ဆင်းသက်လာကာ အကြိမ်အနည်းငယ်ခန့် လူးလိမ့်ပြီး ရပ်တန့်သွား၏။ ထိုဖြစ်ရပ်ကြောင့် ကြီးမားသော ဖုန်လုံးများပင် ထွက်ပေါ်လာခဲ့လေသည်။
"ဒီဟာက.."
ရုတ်တရက်ဆန်သည့် ထူးဆန်းသော မြင်ကွင်းကြောင့် လူအုပ်ကြီးမှာ ပါးစပ်အဟောင်းသားဖြင့် သစ်သားရုပ်ထုကဲ့သို့ ငြိမ်သက်သွား၏။
ဘာဖြစ်တွေ ဖြစ်ကုန်တာလဲ။ ကားတစ်စီးက ဘယ်လိုလုပ် ကောင်းကင်ပေါ်က ကျလာတာလဲ။
လူအုပ်ကြီး၏ အတွေးထဲတွင် မေးခွန်းအမှတ်အသားများ ပြည့်နှက်သွား၏။
ဒုန်း! ဒုန်း!
ကျယ်လောင်သော အသံကြီးနှင့်အတူ မြေကြီးသည် တုန်ခါနေသည်။
လူအုပ်ကြီးသည် အသက်ရှူအောင့်ထားပြီး ထိုအသံထွက်လာရာ နေရာသို့ စိုက်ကြည့်နေကြသည်။
ရုတ်တရက် ဧရာမ သားရဲကြီးတစ်ကောင်သည် လူတိုင်း၏ မျက်စိရှေ့တွင် ထွက်ပေါ်လာခဲ့သည်။
.....