← Chapters

ကျောက်ကို ကယ်ရန် ဝေကို ဝိုင်းထားသည်

Vol. 57 Ch. 855

ကျောက်ကို ကယ်ရန် ဝေကို ဝိုင်းထားသည်

Vol. 57 Ch. 855

အိုလံပစ် အားကစားပြိုင်ပွဲများ ပြီးဆုံးပြီးနောက် ဆမာရန်ချ်သည် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပိတ်ပွဲအခမ်းအနားတွင် ‘ဒီနှစ်ပွဲတော် အောင်မြင်ပါတယ်’ဟု မပြောခဲ့ချေ။ မိန့်ခွန်းပြောသံမှာ တိုးတိုးလေးဖြင့် ဖြစ်ပျက်ခဲ့သမျှကို မကျေနပ်ကြောင်း ပြသခဲ့သည်။

ယခုနှစ် အိုလံပစ် အားကစားပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ရွှေတံဆိပ် (၁၇)ခု၊ ငွေတံဆိပ် (၂၁)ခုနှင့် ကြေးတံဆိပ် (၁၂)ခု ရရှိခဲ့သည်။ ဝမ်ကျင်းရှန်၏ မီတာ(၁၀၀၀၀) တာဝေးပြေး ရလဒ်သည် ဖုန်းယွီ၏ ယခင်ဘဝနှင့် ကွဲပြားသွားသည်မှ လွဲ၍ အခြားပြောင်းလဲမှုမရှိချေ။ ဆုတံဆိပ် စုစုပေါင်း အရေအတွက်မှာ (၅၀)သာရှိပြီး အမေရိကန်၊ ရုရှားနှင့် ဂျာမဏီတို့နောက်မှ တရုတ်နိုင်ငံသည် အဆင့်(၄)ဖြစ်သည်။ ဤသည်ကပင် သမိုင်းတစ်လျှောက် အကောင်းဆုံး ရလဒ်ဖြစ်ပြီး အားကစားသမားများအားလုံး ဂုဏ်ယူဝမ်းမြောက်ကြရပေသည်။

“မန်နေဂျာဖုန်း.. မင်းပြန်လာရင် ငါ့ကို ဖုန်းဆက်အုံး.. ငါတို့နှစ်ယောက် အတူတူ သောက်ရအောင်..”

အဖွဲ့ခေါင်းဆောင် မာထောင်သည် ဖုန်းယွီလက်ကို တင်းတင်းဆုပ်ကိုင်ရင်း ပြောလိုက်သည်။

တရုတ် အားကစားသမားများသည် စင်းလုံးငှား လေယာဉ်ပေါ်တက်ကာ ရောက်လာစဉ်ကအတိုင်း ပြန်လည် ထွက်ခွာ ကြမည်ဖြစ်သည်။

“ဟား.. ဟား.. ဟား.. ဖြစ်ရမှာပေါ့ဗျာ..”

လီနသည်လည်း ၎င်းတို့နှင့်အတူ ပြန်မည်ဖြစ်သဖြင့် ဖုန်းယွီသည် အားကစားသမားများကို နှုတ်ဆက်ပို့ဆောင် ပေးခြင်းဖြစ်သည်။

တရုတ်အားကစားသမားအချို့ အရင်တက်သွား ပွဲကျန် အားကစားသမားများ နောက်မှ ပြန်ကြပေမည်။ အမျိုးသမီး အားကစားသမား တော်တော်များများသည် လီနကို မနာလိုစိတ်ဖြင့် ကြည့်မိကြသည်။

လီန၌ ဥစ္စာပေါ ရုပ်ချော ချစ်သူတစ်ယောက် ရှိနေသည် မဟုတ်ပေလော။ အဝတ်အစား၊ လက်ကိုင်အိတ်ဖြင့်ပင် သူတို့၏ တစ်နှစ်တာ ဝင်ငွေ ထက်ပင် ကျော်လွန်နိုင်သည်။

ယခုနှစ် အိုလံပစ် အားကစားပြိုင်ပွဲတွင် အမေရိကန်လူမျိုးများ၊ အထူးသဖြင့် ပွဲစီစဉ်သူများမျာ အမြတ်အစွန်း များစွာ ရခဲ့ကြသည်။ ဖုန်းယွီသည်လည်း အိုလံပစ် အားကစားပွဲများမှ အကျိုးအမြတ်များစွာ ရခဲ့သည်။ လောင်းကစား ကုမ္ပဏီမှ နိုင်ကြေးများအပြင်၊ သူ၏ အမှတ်တံဆိပ်များအားလုံး လူသိများအောင် မြှင့်တင်နိုင်ခဲ့သည်။

ကျန် တရုတ် အဖျော်ယမကာ အမှတ်တံဆိပ်များသည် လီဟဟနှင့် ကန်းလီပေါင်တို့၏ အရှိန်ပြင်းပြင်း ကြော်ငြာ များကြောင့် အကျိုးကျေးဇူးများ ခဲ့သည်။ နောက်ဆုံး ၎င်းတို့၏ ထုတ်ကုန်များကို စင်ပေါ်တွင် အတူတကွ တင်ထားခွင့်ရခြင်းပင်။

ထို့အပြင် စောင်ကျင်းမော်တာ၏ မော်တော်ကားများသည် အမေရိကန် ဈေးကွက်သို့ စတင်ဝင်ရောက်လာသည်။ ဖုန်းယွီသည် အရောင်းကိုယ်စားလှယ်အဖြစ် ကီရီလန်ကိုအား အပ်နှင်းလိုက်သည်။

လေနှင့်မိုး အမှတ်တံဆိပ်၊ အိုက်ဝါနှင့် ဖုန်းယွီပိုင် အခြားအမှတ်တံဆိပ်များ၏ ရောင်းအားမှာ ယခုနှစ် ပြိုင်ပွဲကြောင့် တိုးလာခဲ့သည်။ ပိုမို အရေးကြီးသည်မှာ အမှတ်တံဆိပ်များအားလုံး လူအများ သတိထားမိမှု မြင့်တက်လာခြင်းပင်။

ဆဋ္ဌမအာရုံ ကုမ္ပဏီသည် အနှီရုပ်သံဌာနကို အောင်မြင်စွာ ဝယ်ယူနိုင်ခဲ့သည်။ ရုပ်သံဌာနကို လူကြီး ချန်နယ်အဖြစ် ပြောင်းလဲမည်ကို ပေါအယ်လန် ကြားရသည့်အခါ သူ့ဂုဏ်သိက္ခာ မထိခိုက်စေလိုသဖြင့် သူ့ရှယ်ယာများကိုပါ ဆဋ္ဌမအာရုံသို့ အမြန်ရောင်းပစ်လိုက်သည်။

ပေါအယ်လန်သည် နည်းပညာကုမ္ပဏီတစ်ခု၏ သူဌေးဖြစ်ပြီး ညစ်ညမ်း ရုပ်သံလိုင်းများ၏ သူဌေးအဖြစ် နာမည် မထွက်လိုချေ။ သူ့မာနမှ လက်မခံနိုင်ချေ။ ကံကောင်းသည်မှာ သူသည် ဌာန၏ ရှယ်ယာများကို ဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူခဲ့ပြီး ဆဋ္ဌမအာရုံသို့ ပြန်လည်ရောင်းချရာတွင် မည်သည့် ဆုံးရှုံးမှုမှ မခံစားရချေ။ ထိုအဖြစ် အပျက်ကြောင့် ပေါအယ်လန်မှာ ဖုန်းယွီအပေါ် ပိုမို မုန်းတီးလာမိသည်။ ဖုန်းယွီအတွက်မူ မူလကတည်းက မိတ်ဆွေများ မဟုတ်သဖြင့် စိတ်ထဲမထားချေ။

ဖုန်းယွီသည် စောင်ကျင်းမော်တာ၏ ရောင်းအားကို စောင့်ကြည့်ရန် နယူးယောက်သို့ ပြန်လာခဲ့သည်။ ဝမ်ကျင်းရှန် သည် သူ့ကားများကို ထောက်ခံအားပေးကာ ကြော်ငြာရိုက်ရန် ငှားရမ်းခဲ့သည်။ ဤနေရာမှ ဒါရိုက်တာများသည် အထူးကျွမ်းကျင်ကြသည်။ ဝမ်ကျင်းရှန်မှာ ကားကို မည်သို့ မောင်းရမှန်းပင် မသိဖြစ်နေစဉ် ဒါရိုက်တာမှ ဝမ်ကျင်းရှန်အား စောင်ကျင်း၏ အရှေ့တိုင်းသမင်ကို လမ်းလျှောက်ခိုင်းခြင်းဖြင့် ‘Fast and Furious’ ဇာတ်ကား ကဲ့သို့ ရိုက်ကူးခဲ့သည်။

စောင်ကျင်း အရှေ့တိုင်းသမင်များ အမှာစာတိုးလာသဖြင့် ဖုန်းယွီ ကျေနပ်သွားသည်။ အမြတ်အစွန်း အများစုကို ဖြန့်ဖြူးသူများအား ပေးခဲ့သော်လည်း ထိုအမှတ်တံဆိပ် လူသိများမှု တိုးလာသည်။ နောက် (၁)နှစ်(၂)နှစ်အတွင်း အမှတ်တံဆိပ် လူသိများမှုမှာ အဆင့်တစ်ခုသို့ ရောက်ပြီးနောက် ဖြန့်ဖြူးသူများကို ပထုတ်လိုက်မည်ဖြစ်သည်။

ရက်အတန်ကြာ အလုပ်ရှုတ်ကာ နောက်ဆုံး၌ ဖုန်းယွီ အနားယူချိန်ရစဉ် ကျောက်ချင်းရှန်ထံမှ ဖုန်းဝင်လာကာ ကိုကာကိုလာ ကုမ္ပဏီကြီး (၂)ခုသည် တရုတ်နိုင်ငံတွင် ကြော်ငြာများ အပြင်းအထန် လုပ်နေကြောင်း အသိပေး လာသည်။

ကုမ္ပဏီကြီး(၂)ခုသည် CCTV ၌ မကြော်ငြာနိုင်ဘဲ ခရိုင်ရုပ်သံဌာနများ၊ ဘတ်စ်ကားမှတ်တိုင်များ၊ ကုန်တိုက်များနှင့် လူစည်ကားရာ နေရာများကို ပစ်မှတ်ထားကြသည်။ ပို၍ စိတ်ဝင်စားစရာ ကောင်းသည်မှာ ကုမ္ပဏီ(၂)ခုစလုံး အတွက် ကြော်ငြာများမှာ ထပ်တူကျလုနီးပါးဖြစ်ပြီး ကြိုတင်ညှိနှိုင်းထားကြပုံပင်။

ထို့အပြင် ဤသည်က ဈေးကွက်ချဲ့ထွင်မှုကြီး တစ်ခုဖြစ်ပြီး ၎င်းတို့ ကြော်ငြာများကို နေရာတိုင်း၌ ရှိနေပေသည်။

ဖုန်းယွီ မျက်မှောင်ကြုတ်လိုက်သည်။ ထိုကုမ္ပဏီ (၂)ခုသည် တရုတ်အဖျော်ယမကာ မဟာမိတ်အဖွဲ့၏ ပင်မနယ်မြေကို တိုက်ခိုက်ရန် တရုတ်ဈေးကွက်အတွင်း အပြင်းအထန် ဝင်ရောက်ခဲ့ကြသည်။ ယခုအခါ လီဟဟနှင့် အခြားကုမ္ပဏီများသည် အထူးသဖြင့် လီဟဟ၏ အားဖြည့်အချိုရည်အပေါ် သက်ရောက်မှု ကြီးသဖြင့် မိမိတို့နယ်မြေကို ကာကွယ်ရန် အာရုံစိုက်လာရသည်။

ကုမ္ပဏီ(၂)ခုသည် တရုတ်ဈေးကွက်ဝေစုကို သိမ်းပိုက်သွားနိုင်ပါက လီဟဟအတွက် ကြီးမားသော ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

“မန်နေဂျာဖုန်း.. ငါတို့ တရုတ်နိုင်ငံမှာ ငါတို့ကြော်ငြာတွေကို အကြိမ်ရေတိုးဖို့ ဆုံးဖြတ်ပြီး၊ ဖြန့်ဖြူးရောင်းချရေး လမ်းကြောင်းတွေကို ထူထောင်ရင် ဒီကောင်တွေကို ဖိနှိပ်နိုင်မယ်လို့ ကျုပ်ယုံတယ်.. ဒါပေမယ့် ကျန်းလီပေါင်နဲ့ တခြားကုမ္ပဏီတွေရဲ့ အကူအညီလိုနေတယ်..”

ကျောက်ချင်းရှန် ဆက်တိုက်ပြောနေသည်။

“သူတို့ကို နှိမ်နင်းရုံနဲ့ မလုံလောက်ဘူး.. ဒီကောင်တွေကို အနိုင်ပိုင်းချင်တာ.. ကျုပ်တို့ အမေရိကန် ဈေးကွက်ထဲ ဝင်နေတုန်း ကျုပ်တို့ နယ်မြေကို တိုက်ခိုက်ချင်တယ်ပေါ့.. ဒါ ဘာအဓိပ္ပါယ်လဲဆိုရင် ကျုပ်တို့ကို သတိပေးနေတဲ့ သဘောလား..”

ဖုန်းယွီသည် တရုတ်ဈေးကွက်သို့ အာရုံပြောင်းကာ ရန်ပုံငွေများကို တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပါက နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်မည့် အစီအစဉ်များကို ထိခိုက်စေမည်ဖြစ်ကြောင်း ဖုန်းယွီ သိထားသည်။ ဤသည်မှာ ‘ကျောက်ကိုကယ်ရန် ဝေကို ဝိုင်းထားခြင်း’ ဗျူဟာပင်။

သို့ရာတွင် ကုမ္ပဏီကြီး(၂)ခုသည် အဖျော်ယမကာ မဟာမိတ်အဖွဲ့ကို လျှော့တွက်ထားသည်။ ဖုန်းယွီနှင့် ကျန်ကုမ္ပဏီများသည် အဖျော်ယမကာ လုပ်ငန်းအသင်း၏ အဖွဲ့ဝင်များဖြစ်ကာ အခြားနည်းလမ်းများ သုံးနိုင်ပြီး တရုတ်နိုင်ငံရှိ သူဌေးသည် အမေရိကန်ကုမ္ပဏီများကို အသိပေးရန် ဝှက်ဖဲများ သုံးနိုင်ပေသည်။

နိုင်ငံခြားဈေးကွက်အား ရယူကာ တရုတ်ဈေးကွက်ကို ထိခွင့် မပေးနိုင်ချေ။

************

“မင်း ဘာပြောတယ်.. ငါတို့ ဖြန့်ဖြူးသူတွေက ပက်ပ်စီ အချိုရည်တွေကို မရောင်းသေးဘူးလား.. ဘာဖြစ်တာလဲ..”

တရုတ်နိုင်ငံ တာဝန်ခံ မန်နေဂျာကျောက် ထိတ်လန့်သွားသည်။

“ကျုပ်လဲ မသိဘူး.. သူတို့နဲ့ ချုပ်ထားတဲ့ စာချုပ်ကလဲ တော်တော်လေး သင့်တင့်တဲ့အပြင် ကျုပ်တို့ရဲ့ ဖြန့်ဖြူးရေး လမ်းကြောင်းတွေကို တတ်နိုင်သမျှ အမြန်ဆုံး ထူထောင်ချင်နေတော့ အခုအချိန်မှာ ကုန်ပစ္စည်းတွေ ထပ်မပို့ နိုင်တော့ရင် ကျုပ်တို့ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး..”

ဒု-မန်နေဂျာ ပြန်ဖြေလိုက်သည်။

“ဒါဆို ဘာလို့ တခြားဖြန့်ဖြူးသူတွေ မရှာတာလဲ.. ငါတို့ရဲ့ ကြော်ငြာ အစီအစဉ်က အရမ်းပြင်းထန်တယ်.. ဖြန့်ဖြူးသူတွေ ငါတို့ ပစ္စည်းတွေကို မရောင်းချင်ဘူးလားကွ..”

“ကျုပ် ကြိုးစားကြည့်ပြီးပြီ.. ဒီကောင်တွေ စွတ်တောင်းနေတာ.. သူတို့ တောင်းဆိုချက်တွေ အတိုင်းဆို ကျုပ်တို့ တော်တော် ဆုံးရှုံးသွားမှာ..”

“ဘာတွေ ဖြစ်နေတာတုန်း.. ဖြန့်ဖြူးသူ ဘယ်နှစ်ယောက်လောက် ငါတို့ပစ္စည်းတွေ မရောင်းချင်ကြတာလဲ..”

“အားလုံးပဲ..”

“ဘာ… အားလုံးလား..”

မန်နေဂျာကျောက် ထပင်ခုန်မိတော့သည်။ မည်သို့ ဖြစ်နိုင်မည်နည်း။ ဖြန့်ဖြူးသူများအားလုံး မည်သည့်အတွက် ၎င်းတို့ထုတ်ကုန်များအား မရောင်းကြသနည်း။ မိမိတို့အား ဝိုင်းတိုက်ခြင်း ဖြစ်ပေလိမ့်မည်။

“အမှန်ပဲ.. သူတို့နဲ့အရင်ဆုံး ဆွေးနွေးသင့်တယ်.. ဒီကောင်တွေ သူတို့အကျိုးအမြတ် တိုးဖို့ ကျုပ်တို့ကို တွန်းအား ပေးနေကြတာ.. ကျုပ် ဘာမှ မလုပ်နိုင်ဘူး..”

ထိုဖြန့်ဖြူးရေးသမားများသည် မည်သည့်အတွက် ထိုသို့ လုပ်သည်ကို သူကိုယ်တိုင် ပဟေဠိ ဖြစ်နေသည်။

“အဲ့လူတွေ တခြား အဖျော်ယမကာတွေ ရောင်းနေတာလား..”

မန်နေဂျာကျောက် ဖြတ်မေးလိုက်သည်။

“အင်း.. သူတို့တွေ ကျန်းလီပေါင်၊ လီဟဟ၊ ကိုကာကိုလာ အဲ့ဒါတွေ ရောင်းနေတယ်.. အားလုံး တစ်ညီတည်းတော့ မဟုတ်ဘူးပေါ့….”

အဖြစ်အပျက်အား မန်နေဂျာကျောက် နားလည်လိုက်သည်။ ထိုအမှတ်တံဆိပ်များသည် ပြိုင်ဖက်များအား ဘက်ကန်ထားခြင်းပင်။

“ကိုကာကိုလာလား.. ဖြန့်ဖြူးသူတွေက ကိုကာကိုလာ ထုတ်ကုန်တွေ ရောင်းနေတယ်ပေါ့.. ဖြန့်ဖြူးသူတွေက ကိုကာကိုလာနဲ့ တပြေးညီ တောင်းဆိုချက်တွေ တောင်းနေကြတာလား..”

“မသေချာသေးဘူး.. ကျုပ်လူတွေကို စုံစမ်းခိုင်းလိုက်မယ်..”

မန်နေဂျာကျောက်မှာ မျက်ခုံးအလယ်အား ဖြစ်ညှစ်နေရင်း ဤအလုပ် လက်ခံမိသည့်အတွက် နောင်တ ရနေပေသည်။ အထူးသဖြင့် ဤနေရာတွင် နာမည်ကြီး အမှတ်တံဆိပ် တစ်ခုမက ရှိသည့်နေရာတွင် ဈေးကွက် အသစ်တစ်ခု ထိုးဖောက်ရန်မှာ အလွန်ခက်ခဲပေသည်။

ပြဿနာ အရင်းအမြစ် ရှာနိုင်ပြီဖြစ်သော်လည်း ကြော်ငြာခများအားလုံး သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။ မန်နေဂျာ ကျောက်သည်ပင် အလုပ်ပြုတ်သွားနိုင်ပေသည်။

All Chapters