အမှန်တကယ် ရွှေတံဆိပ် ရလိုက်သည်
Vol. 57 Ch. 853
“အဲ့ အာဖရိကအသင်း တကယ်ကို အောင်ပွဲခံသွားတာလား.. ပရိတ်သတ် တော်တော်များများ တပျစ် တောက်တောက် ဖြစ်နေကြပြီ.. ဘယ်လိုဖြစ်တာလဲ..”
လီန တိုးတိုးလေး ကပ်မေးလိုက်သည်။
“အဲ့လူတွေ ဘရာဇီးလ် အသင်းက်က လောင်းထားလောက်တယ်.. နိုင်ဂျီးရီးယားက နိုင်သွားလို့လေ.. အခုဆို သူတို့ အလောင်းအစား လက်မှတ်တွေ စက္ကူစုတ်ဖြစ်သွားပြီလေ… ဘယ်ပျော်နိုင်တော့မလဲ..”
“နင်ရော လောင်းထားသေးလား..”
လီန စိတ်ဝင်တစား မေးလိုက်သည်။
“နည်းနည်းလောက်မှ လောင်းကြေးမတင်ရင် နိုင်ဂျီးရီးယားအတွက် ကုန်ကျစရိတ် ပိုများသွားမှာပေါ့..”
ဖုန်းယွီသည် လောင်းကြေး ကန့်သတ်မှုရှိခြင်းကြောင့် သနားစရာ ဖြစ်နေသည်။ သို့မဟုတ်ပါက အမြတ်အစွန်းသည် ကုန်သွယ်ရေးမှ ရငွေထက် ပိုများနေမည်ပင်။
ဖုန်းယွီသည် နိုင်ဂျီးရီးယာဘက်မှ လောင်းကြေးထပ်ခဲ့ပြီး အတော်အတန် ရလိုက်သည်။ အမေရိကန်တွင် ထီကဲ့သို့ ကုမ္ပဏီ များစွာဖြင့် သီးသန့် အလောင်းအစား ပြုလုပ်ရန် ခွင့်ပြုထားသည်။ တုန်းရွဲ့ပင်းသည် အလောင်းအစား အနည်းငယ် လုပ်ထားပြီး အနိုင်ရပါက ဒေါ်လာ သန်းရာဂဏန်း ရရှိမည် ဖြစ်သည်။ ထို လောင်းကစား ကုမ္ပဏီများ အရှုံးပေါ်ပေတော့မည်။
ဖုန်းယွီသည် အလောင်းအစားမှ ငွေရှာရန် မည်သည့်အခါတွင်မှ မတွေးခဲ့ဘဲ ထို အလောင်းအစား လက်မှတ်များကို အပျော်သဘောဖြင့်သာ ဝယ်ခဲ့သည်။ နိုင်ဂျီးရီးယားသည် ဗိုလ်လုပွဲတွင် အနိုင်ရလိမ့်မည်ဟု လူအတော်များများကို ပြောခဲ့စဉ် မည်သူမှ မယုံကြချေ။ ဖုန်းယွီအား ဘုရားသခင်ကဲ့သို့ ဆက်ဆံနေသည့် ခါမီဒါမာဆောင်သည်ပင် မယုံချေ။ ဖုန်းယွီအား အကြွင်းမဲ့ယုံကြည်သည့် တစ်ယောက်တည်းသောသူမှာ ကီရီလန်ကိုသာပင်။
ကီရီလန်ကိုသည် ဥရောပရှိ လောင်းကစား ကုမ္ပဏီများ၌ နိုင်ဂျီးရီးယာပွဲ၌ အကြီးအကျယ် အလောင်းအစား လုပ်ခဲ့ပြီး သူ့မိတ်ဆွေ အပေါင်းအသင်းများအားလုံး ရယ်မောနိုင်ခဲ့ကြသည်။
အာဖရိကအသင်းတစ်သင်းသည် ပထမနေရာသို့ မည်သို့ အနိုင်ရမည်နည်း။
သို့ရာတွင် ယခုအချိန်တွင် လူတော်တော်များများ စိတ်ပြောင်းလဲသွားကြသည်။ နိုင်ဂျီးရီးယားသည် မျှော်လင့်ထား သည်ထက် ပိုကောင်းနေပေသည်။
တတိယနေရာလုပွဲအား ကြည့်ရှုသူ အလွန်နည်းပါးကာ အချို့သာ ဘရာဇီးလ် အသင်းအတွက် ပျော်နိုင်ခဲ့ကြသည်။ ထိုပွဲစဉ်၌ ဘရာဇီးလ်အသင်းသည် ပေါ်တူဂီအား (၅-၀)ဖြင့် အနိုင်ရခဲ့သော်လည်း အရှုံးသမားအဖြစ် သတ်မှတ်ခြင်း ခံရသေးသည်။ အိုလံပစ်အားကစားပွဲ မစတင်မှီက ဘရာဇီးအသင်းအသင်း ရွှေတံဆိပ်ရမည်ဟု ကြွားထားခဲ့သည်။ ယခုမူ ဤသည်က ရယ်စရာအတိသာပင်။
***************
ဗိုလ်လုပွဲစဉ်၌ ဖုန်းယွီသည် အားကစားကွင်းသို့ မသွားချေ။ ထိုနေရာတွင် လူစည်ကားပြီး ရာသီဥတု အလွန်ပူနေသည်။ အိမ်တွင် သက်တောင့်သက်သာဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရသည်က ပို၍ အဆင်ပြေပေသည်။ ဖုန်းယွီသည် နေအိမ်တွင် ပရိုဂျက်တာ(ယခင်က လက်ဖက်ရည်ဆိုင်များတွင် ပိတ်ကားထောင် ဟု တစ်ခေတ်ဆန်းခဲ့ဘူးသည်။)၊ လေအေးပေးစက် အပြည့်အစုံ ရှိပေသည်။
“မစ္စတာ ကီရီလန်ကို.. အသီးလေးတွေ စားပါအုံး..”
လီနသည် ဖုန်းယွီနှင့် ပွဲကြည့်ရန် ရောက်လာသည့် ကီရီလန်ကိုအတွက် သစ်သီးပွဲကို စားပွဲပေါ်တင်ပေးလိုက်သည်။
“ဖုန်း… မင်းအနားမှာ မိန်းမချောလေး တစ်ယောက်ရှိနေတာ အရမ်းကံကောင်းတယ်ကွာ..”
ကီရီလန်ကို ရယ်မောရင်း ပြောလိုက်သည်။
လီန ရှက်သွေးဖြန်းကာ ဖုန်းယွီအနား၌ အသာလေးထိုင်ကာ လိမ္မော်သီး ခွာကျွေးနေတော့သည်။
“မင်းရော အခုထိ ဘာလို့ အိမ်ထောင်မကျသေးတာလဲ.. အခုဆို အသက်(၃၀)တောင် ရောက်နေပြီကို..”
ဖုန်းယွီသည် ကီရီလန်ကိုအား တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“မကြာခင်လေးကပဲ ငါ့အဖေ တစ်ချက်လွတ်အမိန့် ထုတ်ထားတယ်.. နောက်နှစ် နောက်ဆုံးထားပြီး ငါမိန်းမယူရမှာကွ..”
ကီရီလန်ကို ငြီးတွားလိုက်သည်။
“နိုင်ငံရေး အိမ်ထောင်ဖက်လား..”
ဖုန်းယွီ မေးလိုက်သည်။ ကီရီလန်ကို၏ မိသားစုသည် သူတို့ကဲ့သို့ အသိုင်းအဝိုင်းတောင့်တင်းသည့် တစ်ယောက် ယောက်ကို ရွေးချယ်လောက်ပေသည်။
“ဟုတ်တယ်ကွ.. အဲ့ကိစ္စမပြောပါရစေနဲ့ကွာ.. ပွဲစပြီ.. ဒီတစ်ခါ မင်းစကား နားထောင်ပြီး နိုင်ဂျီးရီယားကို လောင်းကြေးထပ်ထားတယ်.. သူတို့သာ ချန်ပီယံဖြစ်ရင် ရှယ်ရမှာကွ..”
ကီရီလန်ကိုသည် နိုင်ဂျီးရီးယားဘက်မှ လောင်းကြေးများ တင်ထားကာ နိုင်ဂျီးရီးယား ရှုံးသွားလျှင်ပင် ထိပ်တန်း (၄)သင်းဝင် ဖြစ်ကာ အမြတ်များ ပြန်ရ၍ အဆင်ပြေနေအုံးမည်ပင်။
“ကဲ.. ပွဲကြည့်ရအောင်..”
ဖုန်းယွီ ပြန်ပြောလိုက်သည်။ သူကိုယ်တိုင် အလွန်စိတ်လှုပ်ရှား တုန်လှုပ်နေပြီး ထိုခံစားချက်မျိုး ကြိုက်နေမိသည်။
**********
“လိုပက်ဇ် ခံစစ်ကို ကျော်ပြီး ဂိုးသွင်းလိုက်ပြီ.. ငါသိနေတယ်လေ.. နိုင်ဂျီးရီးယား နိုင်စရာမရှိဘူး.. တရုတ် အဖျော်ယမကာ မဟာမိတ်က ငါတို့ကို ဘယ်တော့မှ နိုင်မှာ မဟုတ်ဘူး.. နောက်ပိတ်ဆုံး အနိုင်ရသူဆိုတာ ပက်ပ်စီ ပဲဖြစ်ရမယ်..”
ပက်ပ်စီ၏ လက်ထောက် CEO ခရုစ် လက်သီးလက်မောင်း တန်းနေပေသည်။ ပက်ပ်စီ၏ အခြား ထိပ်တန်း စီမံ ခန့်ခွဲရေးမှူးများ၊ အထူးသဖြင့် အားကစားသမား ခေါ်ယူရေး တာဝန်ခံများ အားပေးပျော်ရွှင်နေကြသည်။ ထိုသွင်းဂိုးမှ လိုပက်ဇ်၏ ကုန်သွယ်ရေးတန်ဖိုး တိုးစေမည် ဖြစ်ကာ စာချုပ် ချုပ်ဆိုမှု ထိုက်တန်ပေသည်။
သို့ရာတွင် အချိန်သိပ်မကြာဘဲ နိုင်ဂျီးရီးယာမှ ဘာဘာယာရိုမှ ချေပဂိုး ပြန်သွင်းလိုက်သည်။ ခရုစ်မှာ ခံစားချက် ဆိုးများ ရသွားပြီး ဆေးပြင်းလိပ်ကို ထိုးချေလိုက်သည်။ အာဂျင်တီးနား သည် အာဖရိကသားများကို ရှုံးမည်လော။
ပထမပိုင်းမပြီးမှီ အာဂျင်တီးနားမှ ခရိစ်ပို၏ ခေါင်းတိုက်ဘောဖြင့် အာဂျင်တီးနားအသင်း (၂-၁)ဖြင့် ဦးဆောင် ခဲ့သည်။
အာဂျင်တီးနားအသင်းသည် ပိုသန်မာကောင်းမွန်နေသဖြင့် ခရုစ် စိတ်သက်သာရာ ရသွားပြန်သည်။ ပက်ပ်စီ၏ နောက်လာမည့် ဈေးကွက်ရှာဖွေရေး လှုပ်ရှားမှုသည် အိုလံပစ် အားကစားပြိုင်ပွဲ ဘောလုံးအသင်းအား အာရုံစိုက် ရပေမည်။ ဂိုးသွင်းထားသူများအားလုံးကို ပိုစတာများ၌ ဖော်ပြထားရပေလိမ့်မည်။
ဘောလုံးကို ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး အားကစားအဖြစ် အခိုင်အမာ ပြောနိုင်ပြီး ၎င်းတို့၏ ထုတ်ကုန်များကို ထောက်ခံရန် ဘောလုံးကြယ်ပွင့်များကိုသုံးကာ ပက်ပ်စီ၏ ရောင်းအား မလွဲမသွေ တိုးလာမည်ဖြစ်သည်။ တရုတ် အဖျော်ယမကာများကို နှိမ်နင်းရာ၌ ပြဿနာမရှိသည့်အပြင် အချို့ဒေသများတွင် ကိုကာကိုလာကိုပင် ကျော်တက် နိုင်ပေလိမ့်မည်။
ကိုကာကိုလာသည် အပြေးသမားများနှင့် ဘတ်စကက်ဘောသမားများကို လက်မှတ်ရေးထိုးထားသည်။ သို့ရာတွင် ထိုအားကစားသမားများသည် ဤဘောလုံးကြယ်ပွင့်များလောက် ဩဇာမညောင်းချေ။ ၎င်းတို့ ကစားခဲ့သည့် ပွဲစဉ်များကို တစ်ကမ္ဘာလုံးသို့ ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး အဆင့်သတ်မှတ်မှု မြင့်မားလှသည်။
*************
“အာ… ဒီနိုင်ဂျီးရီးယားတွေ ဘာလုပ်နေကြတာတုန်း.. အာဂျင်တီးနားတွေကို ဘယ်လိုလုပ် ပြန်ဦးဆောင် နိုင်ပါ့မလဲကွာ..”
ကီရီလန်ကို ဒေါသ ထွက်နေပေသည်။
ကံကောင်းသည်မှာ အိမ်ထဲ၌ သူတို့ (၃)ယောက်သာ ရှိပြီး ဖုန်းယွီ၏ ကိုယ်ရံတော်များ ထိုစကား ကြားပါက ဒုက္ခဖြစ် နိုင်ပေသည်။ ဖုန်းယွီ၏ ကိုယ်ရံတော် အများစုမှာ လူမည်းများ ဖြစ်ပေသည်။
“ဘာမှ စိတ်ပူမနေဲ့.. နိုင်ဂျီးရီးယား တစ်ကျော့ပြန်လာလိမ့်မယ်.. ပြီးခဲ့တဲ့ ပွဲတွေကို ပြန်သုံးသပ်ကြည့်..”
ဖုန်းယွီ အေးအေးဆေးဆေးသာ ပြန်ဖြေလိုက်သည်။
“သူတို့ အရင်ပွဲတွေ ငါမကြည့်ဘူးဟ.. သရေများ ကျမလား..”
ကီရီလန်ကို စိတ်လှုပ်ရှားသွားသည်။ ဖုန်းယွီ ထိုသို့ပြောသည့်အတါက် မှားမည် မဟုတ်ချေ။
ဖုန်းယွီမှာ အသံတိတ်၍ ဆက်ကြည့်နေသည်။ ကီရီလန်ကိုသည် သူ့ဘေးတွင်ထိုင်ရင်း ဗော့ကာ တစ်ကျိုက် သောက်လိုက်သည်။ လူအများစုမှာ ဘောလုံးပွဲကြည့်ရင်းဖြင့် ဘီယာသောက်ကြသော်လည်း ကီရီလန်ကိုကမူ ဗော့ကာ သောက်နေပေသည်။
ခေတ္တအကြာတွင် ကီရီလန်ကို ထခုန်ရင်း..
“ဖုန်း… ကြည့်ကြည့်.. ဂိုး…… သရေကျပြီကွ..”
“မြင်ပါတယ်ဟ.. ထိုင်ထိုင်.. ဘာတွေ စိတ်လှုပ်ရှားနေတာလဲ..”
အမှန်တကယ်တွင် ဖုန်းယွီကိုယ်တိုင် စိတ်လှုပ်ရှားနေပေသည်။ အာမိုကာချီအား အရောင်းမြှင့်တင်ရေး ပိုစတာတွင် ထည့်သွင်းရပေမည်။
များမကြာမီ အာဂျင်တီးနားမှ ဂိုးသွင်းခဲ့သော်လည်း နိုင်ဂျီးရီးယာမှ (၅)မိနစ်အတွင်း ချေပဂိုး ပြန်သွင်းခဲ့သည်။
နောက်ဆုံး မိနစ်ပိုင်းအထိ (၃-၃)ဖြစ်နေသဖြင့် ကီရီလန်ကို ဂနာမငြိမ် ဖြစ်လာသည်။ ယခုပွဲသည်လည်း အချိန်ပို ကန်ရအုံးမည်လော..”
“အယ်.. အယ်.. အဲ့ကောင် ခံစစ်ကို ကျော်ပြီး .. . ဂိုး.. ဂိုး.. ဂိုး…………….. ဖုန်း… ငါတို့နိုင်ပြီ.. ငါတို့နိုင်ပြီ..”
ကီရီလန်ကိုမှာ ကလေးတစ်ယောက်ပမာ ခုန်ပေါက်နေပေသည်။ ကစားပွဲအပြီး နိုင်ဂျီးရီယား ရွှေတံဆိပ် ဆွတ်ခူးသွားသည်။
*******************
“ဒုန်း……”
“အဲ့ဒိုင် ဘာလုပ်နေတာလဲ.. အဲ့ဒါ လူကျွံဘော မဟုတ်ဘူးလား.. အဲ့ဂိုး ထည့်တွက်လို့ မရဘူးလေ…”
ခရုစ် ကျိန်ဆဲရင်း စားပွဲကို ဆောင့်ကန်လိုက်သည်။ အခြား ပက်ပ်စီဝန်ထမ်းများ အသံမထွက်ရဲကြချေ။ တိတ်ဆိတ် နေကြသည်။ အာဂျင်တီးနားအသင်းသည် ထို အာဖရိကအသင်းအား ရှုံးသွားသည်။ ပြိုင်ပွဲမစမှီတွင် နိုင်ဂျီးရီယား အသင်း ဖလားရမည်ဟု မည်သူ မျှော်လင့်ထားသနည်း။ နိုင်ဂျီးရီးယားသားများပင် မျှော်လင့်ထားမည် မဟုတ်ချေ။
အာဂျင်တီးနား တစ်ပွဲတည်း ရှုံးခြင်းမဟုတ်ချေ။ ပက်ပ်စီ၏ ပြောရေးဆိုခွင့်ရှိသူအားလုံးသည် ၎င်းတို့ ခေါ်ယူရန် မည်သို့မှ မစဉ်းစားခဲ့ဘူးသည့် အာဖရိက အားကစားသမားများကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ပက်ပ်စီသည် ထောက်ခံကြေးများ ဖြုန်းတီးမိခဲ့ပေပြီ။
***********
ဖုန်းယွီ သက်သာရာ ရသွားသည်။ နိုင်ဂျီးရီးယား အမှန်တကယ် အနိုင်ရခဲ့သည်။ MBL ကုမ္ပဏီသည် နိုင်ဂျီးရီးယား တစ်သင်းလုံးနှင့် လက်မှတ်ရေးထိုးခဲ့ပြီး တရုတ်အဖျော်ယမကာ မဟာမိတ်အဖွဲ့သည် အောင်မြင်မှု ကြီးကြီးရခဲ့သည်။
--------**$$^$$**--------