ဘယ်သူ အကောင်းဆုံးလဲ
Vol. 57 Ch. 852
“နင် ဘတ်စကက်ဘောကို ပိုကြိုက်တယ် ထင်ထားတာ.. ဒီနေ့ကျမှ ဘာလို့ ဘောလုံးပွဲကြည့်တာတုန်း..”
ဖုန်းယွီသည် လီနအား ဘောလုံးပွဲ တစ်ခုသို့ ခေါ်သွားနေခြင်းဖြစ်သည်။
“ဒီပွဲက စိတ်ဝင်စားဖို့ကောင်းတယ်.. ကစားသမား တော်တာ်များများကို ငါ့ကုမ္ပဏီတွေရဲ့ ပြောရေးဆိုခွင့်ရှိသူတွေ အဖြစ် လက်မှတ်ထိုးထားတယ်လေ..”
ဖုန်းယွီ ပြုံးရင်း ပြောလိုက်သည်။
“အဲ့ဒါ ဘရာဇီးအသင်းလား.. ရော်နယ်ဒိုလား.. နာမည်တော့ ကြားဖူးတယ်.. သူနဲ့ လက်မှတ်ထိုးထားတာလား..”
လီနသည် ကားလို့စ်ကို လက်ညှိုးထိုးကာ မေးနေခြင်းပင်။
“အဲ့ဒါ ရိုဘာတို ကားလို့စ်လေ.. ဒါက ဆာဗီအို.. သူ့ဘေးက ဂျွန်နင်ဟို.. ဟို ထိပ်ပြောင်ကမှ ရိုနယ်ဒိုလေ..”
ဖုန်းယွီ လီနအား ရှင်းပြနေရသည်။
“နင် သူတို့အားလုံးနဲ့ လက်မှတ်ထိုးထားတာလား..”
“ဒီလူတွေက ဘောလုံး စူပါစတားတွေလေ.. တစ်ယောက်နဲ့မှ လက်မှတ်မထိုးလိုက်ဘူး..”
“အာ.. ဘာလို့ လက်မှတ်မထိုးလိုက်တာလဲ.. နေပါအုံး.. နင်ဘယ်သူတွေနဲ့ လက်မှတ်ထိုးထားတာလဲ..”
လီန စပ်စုလိုက်သည်။ ထို ဘရာဇီးအားကစားသမား (၄)ယောက်သည် အားကစားလောကတွင် ထိပ်တန်း ကစားသမားများဖြစ်ပြီး ဖုန်းယွီသည် ထိုလူများနှင့် လက်မှတ်မထိုးခဲ့ချေ။
“ငါ တစ်ဖက်အသင်းက လူမည်းကစားသမားတွေနဲ့ လက်မှတ်ထိုးထားတာ.. အဲ့လူက ကနူး.. ဟိုဟာက ရာရှစ် ယီကင်.. သူ့နာမည်ပြောင်က ဂျေးဂျေး တဲ့.. သူ့နာမည်က အိုကိုချ.. ဟိုဘောလုံးသမားက ဗစ်တာလပီဘာ.. သူက အိုလစ်ရှ်ပေါ့.. အဲ့တစ်ယောက်က အာမို့ခါချီလေ…”
ဖုန်းယွီသည် နိုင်ဂျီးရီးယား ကစားသမား အချို့ကို ညွှန်ပြကာ လီနာနှင့် မိတ်ဆက်ပေးနေတော့သည်။
အိုကိုချနှင့် ယီကင်တို့မှလွဲ၍ ဖုန်းယွီအနေဖြင့် အခြားအားကစားသမားများကို အထင်မကြီးချေ။ သို့ရာတွင် ထိုကစား သမားများသည် ယခုနှစ် အိုလံပစ် အားကစားပြိုင်ပွဲတွင် ထင်ရှား ကျော်ကြားလာကြလိမ့်မည်။ အရေးအကြီးဆုံးမှာ ၎င်းတို့သည် ဈေးသိပ်မကြီးခြင်းပင်။
ဖုန်းယွီသည် အိုကိုချအား နှစ်ရှည်စာချုပ် ကမ်းလှမ်းခဲ့သည်။ နောင်တွင် အာဖရိက၏ အကောင်းဆုံး ဘောလုံး ကစားသမား ဖြစ်လာကာ ဥရောပတခွင် ကျော်ကြားလာမည် မဟုတ်ပေလော။
သူ့အတွင်း၌ ရုပ်ရည်အဆိုးဆုံး ကစားသမားလည်း ဖြစ်ပေသည်။
“အာဖရိကသားတွေအကုန်လုံး နင့်ထုတ်ကုန်တွေ အာဖရိကန်မှာ ရောင်းမှာလား..”
“ဟား..ဟား..ဟား.. ဥရောပမှာလဲ အာဖရိကန်တွေမှ အများကြီးပဲ.. အဲ့ကစားသမားတွေ လူတော်တော်များများရဲ့ စံပြတွေ ဖြစ်လာမှာ.. ဘရာဇီးလ်အသင်း အားကောင်းပေမယ့် အားလုံးက နာမည်ကြီးတွေနဲ့ ဖွဲ့စည်းထားတာ ဆိုတော့ ပြဿနာတွေ ပေါ်လာလိမ့်မယ်..”
ပွဲစသည်နှင့် ဘရာဇီးမှ ဦးဆောင်ခဲ့သည်။ ထိုအခါ လီန ဖုန်းယွီအား ကြည့်ကာ..
“နင် လက်မှတ်ထိုးထားတဲ့ သူတွေ ရှုံးနေပြီ..”
သူ့စိတ်ထဲ၌ ဘရာဇီးလ်အသင်းသည် နိုင်ဂျီးရီးယာအသင်းထက် ပိုကောင်းသည်ဟု ယူဆထားပေသည်။
“ပွဲမပြီးသေးပါဘူးလေ..”
ခပ်ပေါ့ပေါ့ ပြောလိုက်သော်လည်း စိတ်ပူနေမိသည်။ သမိုင်း ပြောင်းလဲကာ ဘရာဇီးမှ အနိုင်ရသွားပါက မည်သို့ ဖြစ်လာမည်နည်း။
အကယ်၍ နိုင်ဂျီးရီးယား ရှုံးနိမ့်သွားပါက ဖုန်းယွီ၏ ရင်းနှီးမြုပ်နှံမှုအားလုံး အဓိပ္ပါယ်မဲ့သွား ပေလိမ့်မည်။ အိုကိုချမှ လွဲ၍ အခြားကစားသမားများအားလုံး နောင်တွင် ကြယ်ပွင့်များ ဖြစ်လာမည် မဟုတ်ချေ။ သာမာန် ကစားသမား များသာပင်။
**************
“ဟား..ဟား..ဟား… ဘရာဇီးက (၁-၀)နဲ့ ဦးဆောင်နေပြီ.. ဘရာဇီးက ဒီနှစ် အိုလံပစ်မှာ နိုင်လောက်တယ်.. သူတို့တွေ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားတွေနဲ့ ဖွဲ့စည်းထားတာဆိုတော့ နိုင်ဂျီးရီးယာက ဘရာဇီးကို အလိုလို ရှုံးနေပြီးသား.. MBL ကုမ္ပဏီက တရုတ်အဖျော်ယမကာတွေ ထောက်ခံဖို့ နိုင်ဂျီးယီးရား ကစားသမား တချို့နဲ့ လက်မှတ်ထိုးထားတယ်ကြားတယ်.. ဒီကောင်တွေ ဒီပွဲ ရှုံးလို့ကတော့ကွာ..…”
ပက်ပ်စီ၏ အရောင်းဆိုင်ရာ ဒု-ဥက္ကဋ္ဌ ထိုပွဲကို ကြည့်နေရင်း ဘေးနားမှ လူများနှင့် စကားပြောနေသည်။
“ဒါပေါ့… ဘယ်ဘောလုံးကြယ်ပွင့်တွေကို သူတို့ပိုင်ဆိုင်မှုလေးနဲ့ ငှားနိုင်မှာတုန်း.. ဘတ်စကက်ဘော ကစားသမား တွေထဲမှာတော့ စူပါစိုးနစ်ရဲ့ ဖေတွန်နဲ့ပဲ လက်မှတ်ထိုးထားတယ်.. ဒါတောင် အဆက်အသွယ်တွေကို သုံးပြီး တစ်နှစ်ကို ဒေါ်လာ (၁.၂)သန်းနဲ့ (၂)နှစ် စာချုပ်လို့ ကြားတယ်.. ဘောလုံးမှာ နိုင်ဂျီးရီးယား ကစားသား နည်းနည်းပဲ ခေါ်ထားတယ်.. နိုင်ဂျီးရီးယားက ဖိုင်နယ်တက်မယ်လို့ တကယ်ကြီးထင်နေလားမသိဘူး.. နိုင်ဂျီးရီးယားမှာ ကြေးတံဆိပ် ရဖူးတဲ့သူတောင် မရှိလောက်ဘူးထင်တယ်..”
မြောက်အမေရိက ဈေးကွက်တွင် ပက်ပ်စီ၏ တာဝန်ခံ အိုကာဖော ပြန်ဖြေလိုက်ခြင်းပင်။
“အိုး… ဂိုးထပ်ရပြန်ပြီ…”
***************
လီနသည် ဖုန်းယွီ မျက်နှာပျက်သွားသည်ကို မြင်ကာ စိတ်ပူသွားမိသည်။
ပထမပိုင်းအပြီး၌ (၃-၁)ဂိုးဖြစ်နေသည်။ ဘောလုံးအကြောင်း နားမလည်သော်လည်း ဘရာဇီးလ်အသင်း ပိုကောင်းနေမှန်း သိနေပေသည်။
ဖုန်းယွီ သူ့ကိုယ်သူ အားပေးသည့်အနေဖြင့် စိတ်ထဲတွင်သာ ပြန်ပြောလိုက်မိသည်။
‘နိုင်ဂျီးရီးယာ အနိုင်ရမှာ.. ဒုတိယပိုင်း အနိုင်ရလိမ့်မယ်..”
ဖုန်းယွီ၏ ဈေးကွက် ရောင်းဝယ်ရေး အတွေ့အကြုံသည် ဘောလုံးပွဲများ၌ အသုံးမဝင်ချေ။ သမိုင်းပြောင်းလဲသွား သည်နှင့် သူရှုံးနိမ့်ရပေမည်။ ရလဒ်များအား ပြောင်းလဲနိုင်သည့် နည်းလမ်းမရှိချေ။ နိုင်ဂျီးရီးယားအသင်းအား ဖိအား ပေးပါက ပွဲပြီးအောင်ပင် ကောင်းကောင်း ကစားနိုင်မည် မဟုတ်ဘဲ ပို၍ပင် အမြန်ရှုံးသွားပေလိမ့်မည်။
“အယ်.. အဲ့ဒါ ဘရာဇီးလ် ကစားသမား မို့လား.. ဘာလို့ သူ့ဘက်သူ ဂိုးပြန်သွင်းတာလဲ..”
လီန ဖုန်းယွီလက်ကို လှမ်းကိုင်ရင်း မေးလိုက်သည်။
ကားလို့စ် ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိခြင်းပင်။ ကားလို့စ်၏ Own Goal ပေါ်လာပြီဖြစ်၍ သမိုင်းကြောင်း မပြောင်း လဲချေ။ ဖုန်းယွီ ယုံကြည်ချက်ပြန်ရလာကာ…
“အဲ့ဒါ Own Goal လို့ခေါ်တယ်.. နိုင်ဂျီးရီးယား အနိုင်ရမှာ သေချာတယ်..”
လီန နားမလည်ချေ။ ယခုအချိန်ထိ နိုင်ဂျီးရီးဘာ ရှုံးနေကာ ဖုန်းယွီသည် မည်သည့်အတွက် နိုင်ရမည်ကို သေချာနေ သနည်း။
ပွဲပြီးလုနီးအချိန်၌ နိုင်ဂျီးရီးယားမှ နောက်ထပ် တစ်ဂိုးသွင်းယူကာ (၃-၃)ဖြစ်သွားသည်။ ဒိုင်လူကြီးမှ အချိန်ပြည့် ခရာ မှုတ်လိုက်စဉ် လီနမှ..
“ဒါ သရေပွဲလို့ သတ်မှတ်မှာလား.. ဟော.. ဂိုးတိုင်ရှေ့မှာ ကန်ကြဖို့လား..”
ဖုန်းယွီ သူ့နဖူးသူ ပုတ်ကာ..
“အဲ့ဒါ ပင်နယ်တီ အဆုံးအဖြတ်လို့ ခေါ်တယ်.. အဲ့မတိုင်ခင် အချိန်ပို မိနစ်(၃၀)ရှိသေးတယ်.. အချိန်ပိုမှာ ထပ်ပြီး သရေကျရင် ပင်နယ်တီ အဆုံးအဖြတ် ဖြစ်သွားလိမ့်မယ်..”
************
ပက်ပ်စီကုမ္ပဏီ ထိပ်တန်း စီမံခန့်ခွဲရေး ဝန်ထမ်း အချို့ သုန်မှုန်နေကြသည်။ ဘရာဇီးလ်အသင်း မည်သို့ဖြစ်နေသ နည်း။ ပထမပိုင်းတွင် ကောင်းကောင်း ကစားနိုင်ထားပြီး ဒုတိယပိုင်းတွင် နိုင်ဂျီးရီးယားမှ ဖိကစားသွားသည်။ ထို့အပြင် ဟိုလူမိုက် ကားလို့စ် မည်သည်ကို တွေးနေသနည်း။
ကံကောင်းသည်မှာ အချိန်ပိုအတွင်း ဘရာဇီးလ် အနိုင်ရနိုင်သေးသည်။ အကယ်၍ ပင်နယ်တီ အဆုံးအဖြတ်ထိ ရောက်သွားပါက နောက်ဆုံးရလဒ်ကို မခန့်မှန်းနိုင်တော့ချေ။
မည်သို့ပင်ဆိုစေကာမူ ယခုပွဲသည် ပက်ပ်စီ ထိပ်တန်း စီမံခန့်ခွဲရေးတို့ မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာချေ။ အချိန်ပိုစကာ မိနစ်ပိုင်းအကြာ၌ အိုကိုချသည် ဘရာဇီးလ်အသင့်း၏ ကွင်းလယ် ဖြတ်တင်ဘောကို ကြားဖြတ်ယူကာ အဝေးကန်စနစ်ဖြင့် ရှေ့သို့ တင်ပေးလိုက်သည်။ ကနူးသည် ဘောလုံးကို အရယူကာ ဘရာဇီးလ် ဂိုးထဲသို့ ကန်သွင်းလိုက်သည်။ နိုင်ဂျီးရီးယားအသင်းမှ (၄-၃)ဖြင့် ဦးဆောင်နေကာ ပွဲပြီးသည်အထိ ထိန်း၍ ကစားနိုင်ခဲ့သည်။ ပွဲမစမီ၌ ထိုအာဖရိကအသင်းသည် ယခုနှစ် အိုလံပစ် အားကစား ပြိုင်ပွဲတွင် အားအကောင်းဆုံး အသင်း ဖြစ်လာလိမ့်မည်ဟု မည်သူမှ မျှော်လင့်မထားချေ။ မည်သို့ ဖြစ်နိုင်မည်နည်း။
“ဒုန်း……”
ပက်ပ်စီ ဒု-ဥက္ကဋ္ဌသည် ပက်ပ်စီပုလင်းကို ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်ခြင်းပင်။ သူနှင့်အတူ ဤပွဲ ကြည့်ရှုရန် လူအများအပြားကို ဖိတ်ခေါ်လာကာ ဘရာဇီးလ်အသင်း အနိုင်ရလိမ့်မည်ဟု မျှော်လင့် ထားမိသည်။ ပက်ပ်စီသည် သူတို့အချိုရည်ကို ထောက်ခံရန် ဘရာဇီးလ် ကစားသမား အများအပြားကို ခေါ်ယူခဲ့ပြီး ပက်ပ်စီ၏ ရောင်းအား တိုးလာရန် မျှော်လင့်ထားခဲ့သည်။ အာရှသား အများစုသည် ဘောလုံးကြည့်ခြင်းကို ကြိုက်ကြပြီး ထိုအားကစား သမားများမှ ပက်ပ်စီကို အာရှတွင် ခြေကုပ်အားကောင်းစေပြီး တရုတ်ဈေးကွက်သို့ ထိုးဖောက် ဝင်ရောက်ရန် အကူအညီပေးနိုင်ပေသည်။
ယခုမူ ဘာတစ်ခုမှ ဖြစ်လာမည် မဟုတ်တော့ချေ။
ပက်ပ်စီ၏ အရောင်းဆိုင်ရာ ဒု-ဥက္ကဋ္ဌသည် တန်ခိုးရှင်မဟုတ်သဖြင့် ဘရာဇီးလ်အသင်းသည် အမည်ပင်မရှိသည့် နိုင်ဂျီးရီးယားအသင်းအား ရှုံးနိမ့်မည်ဟု မျှော်လင့်မထားချေ။
BML ကုမ္ပဏီမှ လက်မှတ်ရေးထိုးထားသည့် ပြောရေးဆိုခွင့်ရှိသူ အားလုံးမှာ အနိုင်ရအဖွဲ့မှ ဖြစ်သည်။ သူလုပ်နိုင် သည်မှာ ဘရာဇီးသည် ကြေးတံဆိပ်ရပြီး ဗိုလ်လုပွဲ၌ နိုင်ဂျီးရီးယာ ရှုံးရန် ဆုတောင်းခြင်းပင်။ ပက်ပ်စီသည် ၎င်းတို့၏ ထုတ်ကုန်များကို မြှင့်တင်ရာတွင် အကူအညီရရန် လက်မှတ်ရေးထိုးထားသည့် အာဂျင်တီးနား ကစားသမားများ အပေါ် အားကိုးနိုင်ဆဲ ဖြစ်သဖြင့် နိုင်ဂျီးရီးယားသည် ပြိုင်ပွဲ၌ ပထမနေရာ ရမည်မဟုတ်ချေ။
နိင်ဂျီးရီးယား ရွှေတံဆိပ်ရပါက တရုတ်အဖျော်ယကာများ၏ ရောင်းအား တိုးလာပေလိမ့်မည်။ သို့ရာတွင် ထိုကဲ့သို့ လုံးဝမဖြစ်နိုင်ချေ။ နိုင်ဂျီးရီးယားသည် ဘရာဇီးလ် အသင်းကို အနိုင်ရသည်ပင် ကံကောင်းခြင်းကြောင့် ဖြစ်၍ အာဂျင်တီးနား အသင်းကို မည်သည့်အခါတွင်မှ အနိုင်ယူနိုင်မည် မဟုတ်ချေ။
ဘရာဇီးလ် အသင်းစသည် နိုင်ဂျီးရီးယားအား မည်သို့ ရှုံးနိုင်သနည်း။ မည်သို့ ဖြစ်သွားသနည်း။
ဖုန်းယွီသည် လီနလက်ကို ကိုင်ရင်း သက်တော်စောင့် (၈)ယောက် ဝန်းရံလျှက် ထွက်သွားလိုက်သည်။ နောက် လာမည့်ပွဲတွင် ဘောလုံးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူသည် မည်သူပိုကောင်းလိမ့်မည် ဖြစ်ကြောင်း ပက်ပ်စီ သိအောင် ပြောနိုင်ပေတော့မည်။
--------**$$^$$**--------