← Chapters

ဒမွန်၏ သေဆုံးမှု

Vol. 6 Ch. 560

ဒမွန်၏ သေဆုံးမှု

Vol. 6 Ch. 560

"ကောင်းကင် အမတေဓား ..."

ချန်းဖန်သည် ထိုလက်နက်ကို ဝိညာဉ်ပင်လယ် အဆင့်သို့ ဝင်ရောက်ပြီးပြီးချင်း ဖန်တီးခဲ့သည်။

ထိုဓားတွင် ချန်းဖန်၏ တန်ခိုးရှင် စိတ်ဆန္ဒများကို ပေါင်းစပ် ဖွဲ့စည်းထားရာ နတ်ဘုရား စိတ်ဝိညာဉ် များကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်သည်။

သေမျိုး နတ်ဘုရား အဆင့် ဖြစ်သည့် လီချန်းရှန့် ပင်လျှင် ထိုဓားအား ခုခံနိုင်စွမ်း မရှိခဲ့ချေ။

အမှောင်မြို့စားနှင့် များစွာသော စစ်သားများ၏ အကြည့် အောက်တွင်ပင် သေးငယ်သော ရွှေရောင် အလင်းသည် ကောင်းကင်ကို ဖြတ်၍ ဒမွန်ဆီသို့ တိုးဝင်သည်။

"အဲဒါကိုတား ..."

အမှောင်မြို့စားက လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ အမှောင်မြူနှင်းများကို ဖန်တီး၍ ဓားအား တားဆီးရန် ကြိုးစား၏။

များစွာသော စစ်သားများကလည်း သူတို့၏ အထူး သေနတ်များကို ထုတ်ကာ ဓားအလင်းဆီသို့ ပစ်ခတ်လိုက်ကြ၏။

သို့သော်လည်း ထိုအရာများကား အသုံး မဝင်ချေ။

ကောင်းကင် အမတေဓားသည် တန်ခိုးရှင် စိတ်ဆန္ဒဖြင့် ဖန်တီးထားသော ဓားဖြစ်ရာ ကျည်ဆန်များ၊ ချီစွမ်းအင် တိုက်ခိုက်မှုများကား အသုံးမဝင်ချေ။

ဓားက များစွာသော အတားအဆီးများကို တွန့်ဆုတ်ခြင်း မရှိပဲ ဖြတ်သန်း၍ ဒမွန်၏ အနီးသို့ ရောက်၏။

"သောက်ပြဿနာပဲ ..."

ဒမွန်၏ မျက်နှာကား သွေးဆုတ် ဖြူရော်သွား၏။ သူသည် ရန်သူများ ပတ်ပတ်လည် ဝန်းရံနေသော ချန်းဖန်ထံမှ ယခု ကဲ့သို့ တိုက်ခိုက်မှုမျိုး ရောက်လာမည် ဟု မမျှော်လင့် ထားခဲ့ချေ။

"ဖူး ..."

ဒမွန်က သွေးတစ်လုတ်ကို အန်ထုတ်လိုက်၏။ ထိုသွေးများက လေထုတွင်ပင် မီးများ အသွင်သို့ ပြောင်းလဲကာ ဒမွန်၏ ခန္ဓာကိုယ်အား ဝန်းရံသည်။

ဒမွန်သည် ထိုအကာအကွယ် အစီအရင် အပေါ် အလွန် ယုံကြည်ချက် ရှိသည်။ ထို အစီအရင်ဖြင့် သူသည် မီးအမြောက် တိုက်ရိုက် ထိမှန်ခံရမှုမှပင် လွတ်မြောက်ခဲ့ဖူးသည်။

"ဟူး ..."

သို့သော်လည်း ဒမွန်၏ မယုံကြည်နိုင်သော အကြည့်များ အောက်တွင်ပင်  "ကောင်းကင် အမတေဓား" သည် အကာအကွယ် အစီအရင်ကို ထိုးဖောက်ကာ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို ခုတ်ပိုင်းလိုက်၏။

"မလုပ်နဲ့ ..."

ဒမွန်က ဝမ်းခေါင်းသံကြီးနှင့် အော်ဟစ်လိုက်သည်။

"ဘုန်း ..."

သို့သော်လည်း ထိုခဏတွင်ပင် ဒမွန်၏ နတ်ဘုရား စိတ်ဝိညာဉ်သည် ချန်းဖန်၏ ကောင်းကင် အမတေဓား အောက်၌ နှစိပိုင်းပြတ်၏။ နတ်ဘုရား စိတ်ဝိညာဉ် မရှိသော ခန္ဓာသည် ဆက်လက် အသက်ရှင်နိုင်မည် မဟုတ်ချေ။

"ဘုန်း ..."

အားလုံး၏ အကြည့်များ အောက်၌ပင် ဒမွန်၏ အသက်မဲ့သော ခန္ဓာသည် ကောင်းကင်မှ နေ၍ မြေပြင်သို့ ကျလေ၏။

ရုတ်တရက် အားလုံး တိတ်ဆိတ် သွားတော့၏။ လေယာဉ်ပေါ်တွင် ရှိနေသော ပိုင်းလော့များ ပင်လျှင် လုံးဝ ဆွံ့အ နေကြသည်။

သွေးမိစ္ဆာ ဒမွန် ...

ဥရောပကို နှစ်ပေါင်း တစ်ရာခန့် အုပ်စိုးခဲ့သော ဒမွန် ...

နတ်ဘုရား သတ်မှတ်ချက် နံပါတ်သုံး ဒမွန် ...

သူကား ချန်းပေ့ရွှမ်း၏ လက်အောက်၌ သေဆုံးရချေပြီ။

"သူသေပြီ ... မဖြစ်နိုင်ဘူး ... ငါတို့တော့ ဒုက္ခ ရောက်ပြီပဲ"

ပင်လယ်နတ်ဘုရားဂိုဏ်း၏ ခေါင်းဆောင် အာသာက မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

ထိုအချိန်၌ အမှောင်မြို့စား၏ မျက်နှာမှာမူ မည်းမှောင် နေခဲ့ပြီ ဖြစ်သည်။ သူကား တန်ခိုးရှင် အဆင့် တစ်ယောက်၏ တည်ငြိမ်မှုများ ကုန်ဆုံးကာ ဒေါသဖြင့် တောက်လောင် နေခဲ့ပြီ ဖြစ်တော့သည်။

"ချန်းပေ့ရွှမ်း ... မင်း လုပ်လိုက်တဲ့ အဓိပ္ပာယ်ကို မင်းသိရဲ့လား ..."

သူက ချန်းဖန်အား ကြည့်ရင်း အော်ဟစ် မေးလိုက်သည်။

"ဘာလို့ မသိရမှာလဲ ... လက်စားချေလိုက်တာလေ ..."

ချန်းဖန်က ကျေနပ်သော အပြုံးဖြင့် အဖြေပေးလိုက်၏။ သူကား ဒမွန်ကို သတ်ဖြတ်နိုင်ခဲ့ပြီ ဖြစ်ရာ စိတ်လက် ပေါ့ပါးနေပြီ ဖြစ်သည်။

ချန်းဖန်၏ အပြုံးကို မြင်သည်နှင့် အမှောင် မြို့စားကား ဒေါသ မထိန်းနိုင်တော့ချေ။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း အမိန့်ပေးလိုက်၏။

"သတ်ကြစမ်း ..."

"ဘန်း ... ဘန်း ... ဘန်း ..."

စစ်သားများက သေနတ်များဖြင့် ချန်းဖန်အား တရစပ် ပစ်ခတ်လိုက်ကြသည်။ ထို သေနတ်များသည် သာမန် အမြောက်များထက်ပင် ပြင်းထန်ရာ ချန်းဖန် အတွက်ပင် အန္တရာယ် ရှိ၏။

သို့သော်လည်း ချန်းဖန်က ပါးနပ်စွာပင် ထို ကျည်ဆန်များကို သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက် မခံချေ။

"ဘုန်း ..."

ချန်းဖန်၏ ခန္ဓာကိုယ်က အသံနှုန်းကို ချိုးဖျက်ကာ မူလ နေရာမှ ရုတ်တရက် ပျောက်ကွယ်သွား၏။ မျက်တောင် တစ်ခတ်မျှ အချိန် အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်က အခြား စစ်သားများ၏ ရှေ့၌ ပြန်ပေါ်လာကာ စတင် တိုက်ခိုက်လိုက်၏။

စစ်သားများကား အထူး ဝတ်စုံများကို ဝတ်ဆင်ထားရာ တင့်ကား တစ်စီး၏ တိုက်ရိုက် တိုက်ခိုက်မှုကိုပင် တားဆီးနိုင်စွမ်း ရှိကြသည်။ သို့သော်လည်း ထို ဝတ်စုံများက ချန်းဖန် အတွက်မူ အားနည်းလွန်း၏။

"ဘုန်း ..."

ထိုအခိုက်မှာပင် ချန်းဖန်၏ ပခုံးသို့ အနီရောင် လေဆာ တစ်ခု လာရောက် ထိမှန်၏။ ထို လေဆာကား အလင်း၏ အမြန်နှုန်းဖြင့် သွားနိုင်ရာ ချန်းဖန် ပင်လျှင် ထိုအရာ၏ ဝင်ရောက်လာမှုကို သတိ မပြုခဲ့မိချေ။

"ဘုန်း ..."

လေဆာက ချန်းဖန်၏  အကာအကွယ် အလင်းကိုပင် ဖြတ်သန်းကာ ပခုံးပေါ်သို့ ကျ၏။ ထိုတိုက်ခိုက်မှု၌ ချန်းဖန်၏ အရေပြား ပင်လျှင် ပေါက်ပြဲသည်။

ထိုအရာကား ဥရောပသို့ ဝင်ရောက်ပြီးချိန်မှ စ၍ ပထမဆုံး အကြိမ် ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။

"နိမ့်ကျတဲ့ သွေးမျိုးဆက်တွေ ... ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့ ..."

ချန်းဖန်က နောက်သို့ ပြန်လှည့်ရင်း သူ့အား တိုက်ခိုက်လိုက်သည့် အနက်ရောင် ဝတ်စုံဝတ် သွေးမျိုးဆက် စစ်သည်များအား အေးစက်စွာ ကြည့်လိုက်၏။

ထို့နောက် သူက လက်တစ်ချောင်းဖြင့် ဓားကို ဖန်ဆင်းကာ လေထုကို လွှဲခုတ်လိုက်တော့၏။

"ဘုန်း ..."

တစ်ဆယ် မီတာခန့် ရှည်လျားသော ဓားအလင်းသည် ချန်းဖန်၏ ထိန်းချုပ်မှု အောက်၌ လှုပ်ရှားကာ သွေးမျိုးဆက် စစ်သည်များကို ထက်ဝက် ပိုင်းဖြတ်သည်။

"ဘုန်း ..."

သို့သော်လည်း ထူးဆန်းစွာပင် သူတို့၏ ခန္ဓာကိုယ်များသည် ထက်ဝက် ပိုင်းပြတ်ခြင်း မရှိပဲ လွင့်စဉ်၍သာ သွားကြ၏။ ထိုဝတ်စုံများကား ရုရှား ဇီဝ သံချပ်ကာများ ကဲ့သို့ အထူး ထုတ်လုပ်ထားသည့် ဝတ်စုံများ ဖြစ်နိုင်သည်။

တစ်ခဏ အတွင်းမှာပင် စစ်သည်များသည် သူတို့၏ ခန္ဓာကိုယ်များကို ပြန်လည် ထိန်းချုပ်ရင်း ချန်းဖန်ဆီသို့ အမြောက်များဖြင့် ထိုးချိန် လိုက်ကြပြန်၏။

"ထွက်သွားကြစမ်း ..."

ချန်းဖန်၏ စိတ်ရှည်မှုများကား ကုန်ဆုံး သွားချေပြီ ဖြစ်သည်။ သူသည် အမြောက်များ အတွက် အချိန် တစ်စက္ကန့်ပင် ထပ်၍ မဖြုန်းလိုချေ။

သူက ကျောက်မျက်အား ထိကာ ဓားကိုးချောင်းကို ဆင့်ခေါ်လိုက်၏။

"ကလန့် ..."

ဓားကိုးချောင်းက ရန်သူ၏ သွေးများကို သောက်သုံးရန် အတွက် လမ်းကြောင်း ကိုးခု ခွဲ၍ ကောင်းကင်သို့ ပျံတက်သည်။

"ဟူး ... ဟူး ..."

အထူး ဝတ်စုံဝတ် တပ်ဖွဲ့ ဖြစ်စေ၊ သွေးမျိုးဆက် စစ်သည်များ ဖြစ်စေ ဓားကိုးချောင်း၏ လမ်း၌ အကုန် ချနင်းခံရသည်။

သူတို့ကား အလွန် အစွမ်းထက်သည့် လက်နက်များကို ကိုင်ဆောင် ထားသည့်တိုင် ဓားပျံ၏ အောက်၌ အကုန် သေဆုံးရ၏။

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း အမှောင်မြို့စား ရှိရာဘက်သို့ လှည့်လိုက်၏။

"အမှောင်မြို့စား ... မင်း ဆက်ပြီးတော့ တိုက်ချင်သေးလား ..."

အမှောင်မြို့စားက သူ၏ ရင်အတွင်း ရုန်းကြွနေသော ဒေါသကို ထိန်းသိမ်းရန် ကြိုးစားနေသည့် အလား မျက်လုံးကို အနည်းငယ် မှေးစင်းလိုက်၏။ ထို့နောက် သူက မျက်လုံးအား ပြန်ဖွင့်ရင်း ဖြည်းညင်းစွာ ဆိုလိုက်သည်။

"ချန်းပေ့ရွှမ်း ... မင်းက ငါတို့ သခင်ကြီးရဲ့ မျိုးဆက်ကို သတ်ဖြတ်ခဲ့တယ် ... အခုဆို မင်းက သွေးမျိုးဆက် အားလုံးရဲ့ ရန်သူ ဖြစ်သွားပြီ ... ငါတို့ သေတဲ့အထိ မင်းကို တိုက်ခိုက်မယ် ဆိုတာ မှတ်ထားပါ ..."

"မင်းတို့ လုပ်ရဲရင် ငါကလည်း သတ်ရဲတယ် ..."

ချန်းဖန်က ပေါ့ပေါ့ပါးပါး ပြန်ဆိုလိုက်သည်။

သူ့အနေဖြင့် အမှောင်မြို့စားတို့ တစ်သိုက်ကို သွေးမျိုးဆက်များဟုပင် ခံယူမထားချေ။ သူတို့ကား သွေးမျိုးဆက်၏ DNA ဖြင့် ဖန်တီးထားသည့် မျိုးစပ် သတ္တဝါလေးများသာ ဖြစ်သည်။

သူတို့၏ ခွန်အားသည် အစစ်အမှန် သွေးမျိုးဆက်များနှင့် ယှဉ်ပါက နင်းချေခံ ပုရွက်ဆိတ်လောက်သာ ရှိ၏။

"ဆုတ်ကြမယ် ..."

အမှောင်မြို့စားက လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း အသက်ရှင် ကျန်ရှိ နေသေးသော စစ်သားများအား အမိန့်ပေးလိုက်သည်။

ချန်းဖန်ကမူ သူတို့အား ကြည့်ရင်း မတုန်မလှုပ်ပင် ရှိနေသေး၏။ သူ့အတွက် ဤနေရာ၌ လူများကား အားနည်းလွန်းသည်။ သူ့အား နျူကလိယမှ လွဲ၍ မည်သည့် အရာမျှ ခြိမ်းခြောက်နိုင်မည် မဟုတ်ချေ။

"ဒါပေမဲ့ အင်္ဂလိပ်နဲ့ ပြင်သစ်တို့က ဥရောက မြေပေါ်မှာ နျူကလိယကို သုံးရဲမှာလား ..."

ချန်းဖန်က အနည်းငယ် ပြုံးလိုက်၏။

နျူကလိယ လက်နက် အသုံးပြုရန် ဆုံးဖြတ်ခြင်းသည် နိုင်ငံ တစ်နိုင်ငံ အတွက် အလွန် အရေးကြီး၏။ သေရေး၊ ရှင်ရေး အခြေမှလွဲလျှင် နိုင်ငံကြီးများသည် နျူကလိယ လက်နက်ကို ထုတ်သုံးရန် ဝန်လေးကြသည်။

ထို့အပြင် ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားနှင့် မတူညီစွာပင် ဥရောကသည် လူနေ ထူထပ်နေသော နေရာဖြစ်သည်။ အကယ်၍ နျူကလိယသာ ကြဲချမည် ဆိုပါက ပြည်သူများ အနည်းနှင့် အများ ဒုက္ခရောက်မည်မှာ ကျိန်းသေသည်။

ထို့ကြောင့်ပင် အမှောင်မြို့စားသည် ဆုတ်ခွာရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သူကား အပြည့်အဝ ပြင်ဆင်ပြီးသည့် အချိန်ရောက်မှ ချန်းဖန်ကို နောက်တစ်ကြိမ် လာရောက် တိုက်ခိုက်ပေလိမ့်မည်။

"မင်းက တကယ့် သွေးမျိုးဆက် တစ်ယောက် ဖြစ်ရင် ငါ စိတ်ပူမိလိမ့်မယ် ... ဒါပေမဲ့ မင်းက ဘာမှ သောက်ရေး မပါတဲ့ သွေးရောလေးပဲလေ ... မင်း အနေနဲ့ ငါ့ကို မခြိမ်းခြောက်နိုင်သေးပါဘူး ..."

ချန်းဖန်က ခေါင်းခါရင်း သက်ပြင်း ချလိုက်သည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်က တစ်ချက် လှုပ်ခါကာ မူလ နေရာမှ ပျောက်ကွယ် သွားတော့၏။

***

တိုက်ပွဲသတင်းကား လျင်မြန်စွာပင် ပျံ့နှံ့သွား၏။ ထိုသတင်းက များစွာသော နိုင်ငံ ခေါင်းဆောင်များ အပါအဝင် အမှောင် ကမ္ဘာရှိ လူတိုင်းအား ဆွံ့အ သွားစေသည်။

ချန်းပေ့ရွှမ်းသည် ဒမွန်အား သတ်ဖြတ်ရန် အတွက် သွေးခင်းသော လမ်းဖြင့် အနောက် အရပ်သို့ လိုက်ခဲ့သည်။

သူသည် များစွာသော ယူရိုဖိုက်တားများကို ဖျက်ချ၍ ရေတပ်မ တစ်ခုလုံးကို ဖျက်ဆီး ပစ်ခဲ့သည်။ သူ၏ တိုက်ခိုက်မှု အောက်၌ ဥရောပ ယူနီယံ တစ်ခုလုံး ကျဆုံးခဲ့ရသည်။

ထို့အပြင် သူသည် ဩစတြီးယား အထိ သွားကာ မဟာ မှော်ဆရာ ဆန်ဒရို၊ အမှောင်ကောင်စီ ခေါင်းဆောင် နော့လန်နှင့် သွေးမိစ္ဆာ ဒမွန်တို့ကို သတ်ဖြတ် ပစ်ခဲ့သေးသည်။

ဥရောပသည် ရုရှားထက်ပင် ပိုမို အင်အား ကြီးမား၏။ ထို့အပြင် သူတို့သည် ကမ္ဘာ့ ခေါင်းဆောင်ဟု ဆိုနိုင်သည့် အမေရိကန်၏ ထောက်ခံမှုကိုပါ အပြည့် ရရှိထားသေးသည်။

ဥရောပ၏ အင်္ဂလန်နှင့် ပြင်သစ်တို့ ဆိုလျှင် နျူကလိယ လက်နက်ကိုပါ ပိုင်ဆိုင်ထားသေးသည်။

သို့သော်လည်း ထိုကဲ့သို့သော အင်အားစုကြီးသည် လူတစ်ယောက်၏ တိုက်ခိုက်မှု၌ ကျဆုံးခဲ့ရသည်။ ထိုကဲ့သို့သော လုပ်ဆောင်ချက်များက မယုံကြည်နိုင် စရာပင်။

"ဆန်ဒရို နော့လန် ဒမွန် သူတို့တွေ အကုန်လုံး သေကုန်ပြီပေါ့ ... ချန်းပေ့ရွှမ်းက ဘာကို လိုချင်တာလဲ ..."

အမှောင်ကမ္ဘာ၏ ပညာရှင် တစ်ယောက်က လေအေးများကို ရှိုက်သွင်းရင်း ရေရွတ်သည်။

"သူက အမှောင်ကမ္ဘာ တစ်ခုတည်းကို ခြိမ်းခြောက်နေတာ မဟုတ်ဘူး ... အနောက်တိုင်းရဲ့ လူနေမှု အဖွဲ့အစည်း တစ်ခုလုံးကိုပါ ခြိမ်းခြောက်နေတာ ..."

များစွာသော လူများက တွေးတောကြသည်။

တန်ခိုးရှင် သုံးယောက် သေဆုံးမှုနှင့်စာလျှင် ရေတပ်မကြီး ပျက်စီးမှုက ပိုမို ထိတ်လန့်စရာ ကောင်းသည်။

ထိုအရာက ခေတ်မီ လက်နက်များ တပ်ဆင်ထားသည့် စစ်တပ်ကြီး ဖြစ်သည် မဟုတ်ပါလား။

"စစ်သင်္ဘောကြီးတွေတောင် သူ့ကို တားလို့ မရနိုင်ခဲ့ဘူး ဆိုတော့ ဘယ်သူက သူ့ကို တားနိုင်တော့မှာလဲ ..."

***

All Chapters