← Chapters

ကမ္ဘာကြီး၏ အံ့အားသင့်မှု

Vol. 6 Ch. 561

ကမ္ဘာကြီး၏ အံ့အားသင့်မှု

Vol. 6 Ch. 561

စစ်သင်္ဘောများ၊ တိုက်လေယာဉ်များ၊ ဒုံးကျည်များ ...

ထိုအရာများကား နည်းပညာ အမြင့်ဆုံး စစ်လက်နက်များ ဖြစ်ကာ ကမ္ဘာပေါ်တွင်ပင် လက်တစ်ဆုပ်စာ နိုင်ငံများကသာ ပိုင်ဆိုင်ကြသည်။

သို့သော်လည်း ထိုအရာများသည် ချန်းပေ့ရွှမ်း၏ ဓားပျံအား ခုခံနိုင်စွမ်း မရှိခဲ့ချေ။ ချန်းပေ့ရွှမ်းသည် ဓားပျံများကို ထိန်းချုပ်၍ ကီလိုမီတာ ငါးဆယ် အတွင်းရှိ အရာတိုင်းကို လွယ်လွယ်ကူကူပင် ဖျက်ဆီးပစ်ခဲ့သည်။

သူကား အစစ်အမှန် စစ်နတ်ဘုရားပင် ဖြစ်တော့သည်။

အမေရိကန် ပင်တဂွန် စစ်ဌာနချုပ် အတွင်း ...

အမေရိကန် စစ်တပ်၏ များစွာသော အကြီးအကဲများသည် ဂြိုဟ်တုမှ ဖမ်းယူထားသော တိုက်ပွဲ မှတ်တမ်းကို နောက်တစ်ကြိမ် ပြန်လည် ကြည့်ရှုနေကြ၏။

ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကိန်းက အခြားလူများကို တစ်ချက် ဝှေ့ကြည့်ရင်း မေးလိုက်သည်။

"လူကြီးမင်းတို့ ... ချန်းပေ့ရွှမ်းရဲ့ စွမ်းအား အပေါ် ခင်ဗျားတို့ ဘယ်လို ခန့်မှန်းကြသလဲ ..."

ဗိုလ်မှူးကြီး အဆင့် တစ်ယောက်က ထရပ်၍ ဖြေလိုက်သည်။

"ဗိုလ်ချုပ် ... ကျုပ်တို့ရဲ့ မဟာမိတ် ဥရောပ ပိုင်ဆိုင်ထားတဲ့ နည်းပညာနဲ့ အင်အားက ကျုပ်တို့နဲ့ သိပ်မကွာလှဘူး ... သူတို့ရဲ့ လောင်ချာတွေတောင် ချန်းပေ့ရွှမ်းကို မသတ်နိုင်ဘူး ဆိုတော့ ကျုပ်တို့ အတွက်လည်း အခွင့်အရေးက သိပ်ရှိမယ် မထင်ဘူး ... ဒါပေမဲ့ စူပါ တင့်ဖြို ဒုံးကျည်တွေနဲ့ ပယ်နယ်ထရိတ်တာ ဒုံးတွေ သုံးရင်တော့ ဖြစ်နိုင်ချေ ရှိတယ် ..."

"ကျုပ်တို့မှာ လေဆာ လက်နက်တွေ ရှိတယ် ... ကျုပ်တို့ရဲ့ လက်နက် အသစ် သောရ် လေဆာ အမြောက်ဆိုရင် တင့်ကား သုံးစင်းကိုတောင် ဖျက်ဆီးနိုင်စွမ်း ရှိတယ် ... ချန်းပေ့ရွှမ်းက အဲဒီလို လက်နက်မျိုးကို တားနိုင်မယ် မထင်ဘူး ..."

စီအိုင်အေ၏ ဗျူဟာမှူး တစ်ယောက်ကလည်း တင်ပြသည်။

လေတပ်မတော်၏ ဗိုလ်မှူးကြီး ဒေါ်နယ်ကလည်း မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။

"လေဆာ အမြောက်ကို သူ့ခန္ဓာကိုယ်ပေါ် ကျအောင် ပစ်ဖို့က မလွယ်ကူလှဘူး ... မဟာမိတ် ပြင်သစ်ရဲ့ ပြောစကား အရဆို ဩစတြီးယားမှာ လေဆာ လက်နက်နဲ့ ချန်းပေ့ရွှမ်းကို တိုက်ခိုက်ခဲ့သေးတယ်တဲ့ ... ဒါပေမဲ့ တစ်ချက်ပဲ သူ့ကို ထိအောင် ပစ်နိုင်ခဲ့တယ် ဆိုပဲ ..."

"ညံ့လိုက်လေခြင်းကွာ ... သူတို့ တစ်ချိန်လုံး ချီးကျူးနေတဲ့ ဗီဇပြောင်း စစ်သားတွေကရော ဘယ်ရောက်နေလဲ ..."

ဗိုလ်ချုပ် တစ်ယောက်က လှောင်ပြုံး ပြုံးရင်း မေးလိုက်သည်။

ထိုဗိုလ်ချုပ်သည် ပခုံးထက်တွင် ကြယ်သုံးပွင့် ရှိပြီး အတ္တန္တိတ် ရေတပ်မ၏ ခေါင်းဆောင် ဖြစ်သည်။ သူသည် ဥရောပကို မည်သည့် အခါကမျှ မနှစ်သက်ခဲ့ချေ။

"သူတို့ရဲ့ ပင်လယ်နတ်ဘုရား (ပိုဆိုက်တွန်) တွေက ဗန်ပိုင်းယား သွေးနဲ့ရောပြီး ဖန်တီးထားတာလို့ သိရတယ် ... ဒါပေမဲ့ သူတို့က ကျုပ်တို့ရဲ့ ဇီဝ စစ်သားတွေနဲ့ ယှဉ်ရင် အဆင့်နိမ့် လေးတွေပါပဲ ..."

စီအိုင်အေ၏ ဗျူဟာမှူးက ပြန်လည် အဖြေပေးလိုက်၏။

ဗိုလ်ချုပ်ကိန်းကမူ စကား တစ်ခွန်းပင် ဝင်မပြောပဲ တိတ်တဆိတ်သာ နားထောင် နေခဲ့သည်။

ကမ္ဘာပေါ်ရှိ အင်အားကြီး နိုင်ငံများတွင်ပင် အမေရိကန်သည် သီးခြား အဆင့် တစ်ခု၌ ရှိနေသော နိုင်ငံဖြစ်သည်။ အမေရိကန်၏ စစ်တပ် အင်အားနှင့် နည်းပညာသည် အင်္ဂလန်၊ ပြင်သစ် စသည့် နိုင်ငံများထက်ပင် များစွာ သာလွန်သည်။

"ချန်းပေ့ရွှမ်းက အမှောင်မြို့စားကို ထွက်ပေါ် လာအောင် အထိ ဖိအားပေးနိုင်ခဲ့တယ် ... အမှောင် မြို့စားက ခရစ်ယာန် ဘုရားကျောင်း စစ်ဆင်ရေး ပြီးကတည်းက ပျောက်နေတာ ဆယ်နှစ်ကျော်ပြီ ..."

ဗိုလ်ချုပ်ကိန်းက အတန်ကြာမျှ ငြိမ်သက် နေပြီးနောက် ပထမဆုံး ပြောလိုက်၏။

ထိုနာမည်က စီနီယာ အကြီးအကဲများ၏ မျက်နှာကို မည်းမှောင် သွားစေသည်။ ငယ်ရွယ်သော အရာရှိများမှာမူ "အမှောင်မြို့စား" ဟူသော နာမည်အား ကြားဖူးပုံ မပေါ်ချေ။

"အမေရိကန်ကို ခြိမ်းခြောက် နိုင်တဲ့သူက ဘယ်လောက်များ များခဲ့လို့လဲ ..."

ဗိုလ်မှူးကြီး ဒေါ်နယ်က  အသက်ပြင်းပြင်း ရှူရင်း ရေရွတ်လိုက်သည်။

အမေရိကန်သည် များစွာသော တန်ခိုးရှင်များကို ခေတ်မီ နည်းပညာဖြင့် ဒူးထောက် စေခဲ့သည်။ ဟောင်ဂိုဏ်း ကဲ့သို့သော နာမည်ကြီး ဂိုဏ်းကြီးပင်လျှင် ပစိဖိတ်၏ မထင်မရှား ကျွန်းကလေးတွင်သာ အခြေစိုက်ရဲခဲ့သည်။

"အမေရိကန်ကို ခြိမ်းခြောက် နိုင်ခဲ့တဲ့ လူတွေကို ရေတွက်ရရင် နှစ်ယောက်နဲ့ တစ်ပိုင်းလို့ ဆိုနိုင်တယ် ... ပထမ တစ်ယောက်က အမှောင်မြို့စား ... ဒုတိယ တစ်ယောက်က ခရစ်ယာန် ဘုရားကျောင်းက တစ်ယောက် ... ကျန်တဲ့ တစ်ပိုင်းကတော့ အရှေ့တိုင်းက ရဲ့ချင်စန်းပဲ ..."

စီအိုင်အေ ဗျူဟာမှူးက ခဏမျှ စကားကို ရပ်ကာ ဆက်ပြောလိုက်သည်။

"အခု ချန်းပေ့ရွှမ်း တစ်ယောက် တိုးလာပြီ ..."

***

ချန်းဖန်၏ စွမ်းအားများ အပေါ် မယုံကြည်နိုင်အောင် ဖြစ်နေသည်က အမေရိကန် နိုင်ငံ တစ်ခုတည်း မဟုတ်ချေ။ ကမ္ဘာပေါ်ရှိ နိုင်ငံရေး အဖွဲ့အစည်းတိုင်း လိုလိုပင် ဖြစ်သည်။

သူကား ကမ္ဘာ့အင်အားကြီး ဥရောပကိုပင် တစ်ကိုယ်တည်း အနိုင်ယူခဲ့သည်။ ထိုအရာကား လွန်ကဲလွန်းလှသည်။

"သူ့ကို မဟာအင်အားကြီးချန်းလို့ ခေါ်တာ အံ့အားသင့်စရာ မရှိတော့ဘူးပဲ ... ကုလ သမဂ္ဂရဲ့ အမြဲတမ်း အဖွဲ့ဝင် သုံးနိုင်ငံတောင် သူ့ဆီမှာ ရှုံးနိမ့်ပြီးပြီ ..."

ကျားဖြူက ခေါင်းကို ခါရင်း တီးတိုး ရေရွတ်လိုက်သည်။

သူ၏ မျက်လုံးများကမူ ကွန်ပျူတာ စခရင်ပေါ်ရှိ စာတန်း တစ်ခုအား ငေးမော ကြည့်နေခဲ့၏။ ထိုစာတန်းမှာ ချန်းဖန်နှင့် ဟိုက်ဒရိုဂျင်ဗုံး၊ နျူကလိယဗုံးတို့နှင့် တန်းတူ ကမ္ဘာ့ အစွမ်း အထက်ဆုံး အရာ သုံးခုအဖြစ် ခိုင်းနှိုင်း ရေးသားထားခြင်း ဖြစ်၏။

"ဥရောပကရော ဘယ်လိုလဲ ... သူတို့ဆီက ဘာ သတင်းရသေးလဲ ..."

ဒါရိုက်တာရှောင်က စားပွဲကို ခေါက်ရင်း မေးလိုက်၏။

"ဥရောပ ယူနီယံက ကမ်းလှမ်းလာတာတော့ ရှိပါတယ် ... သူတို့က ချန်းပေ့ရွှမ်းနဲ့ ပြေလည်ဖို့ အတွက် ကျွန်မတို့ကို ကြားဝင် ညှိုနှိုင်းပေးစေချင်ကြတယ် ..."

ပျံလွှားနီလေးက မျှော်လင့်ချက် မဲ့သော ဆိုလိုက်သည်။

ချန်းဖန်သည် လက်စားချေရန် အတွက် မည်သည့်အခါမျှ လက်လျှော့တတ်သူ မဟုတ်ကြောင်း သူမ ကောင်းစွာ သိသည်။ အထူးဌာန အနေဖြင့် ကြားဝင် ညှိနှိုင်းလျှင်ပင် ချန်းဖန်ဘက်မှ လိုက်လျောရန်မှာ ရာခိုင်နှုန်း အလွန် နည်းပါး၏။

"ငါ ဗိုလ်ချုပ် လီဝူချန်း ချန်းမိသားစုတို့နဲ့ စကားပြောကြည့်ပါဦးမယ်လေ ..."

ဒါရိုက်တာရှောင်က ဆိုလိုက်၏။

သူ၏ စကားအဆုံး၌ အစည်းအဝေး ခန်းမ တစ်ခုလုံးသည် ယာယီ တိတ်ဆိတ် သွားပြန်သည်။

တစ်ခဏမျှ ကြာမှ ပျံလွှားနီလေးက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။

"ဒါရိုက်တာ ... အမှောင်မြို့စား ဆိုတာ ဘယ်သူလဲ ... အစီရင်ခံစာတွေ အရ ချန်းပေ့ရွှမ်းက အမှောင်မြို့စားနဲ့ တိုက်ခိုက်ခဲ့ သေးတယ်တဲ့ ..."

"အမှောင်မြို့စား ..."

ဒါရိုက်တာရှောင်၏ မျက်နှာက မည်းမှောင်သွား၏။

***

"သူ ပြန်ပေါ်လာတာလား ..."

နိုင်ငံ ခေါင်းဆောင်များ ချန်းဖန် အပေါ် အာရုံစိုက်နေသည့် တစ်ချိန်တည်းတွင်ပင် အမှောင် ကမ္ဘာရှိ များစွာသော ပညာရှင်များမှာ ချန်းဖန်နှင့် ဒမွန်တို့၏ တိုက်ပွဲကို စိတ်ဝင်စား နေကြသည်။

"ကျွတ်ကျွတ် ... ချန်းပေ့ရွှမ်းက တကယ် မလွယ်တာပဲ ... သူက ဒမွန်ကို သတ်ဖို့ တရုတ်ကနေ ဩစတြီးယား အထိ လိုက်ခဲ့တာ ... သူက လမ်းတစ်လျှောက်လုံးမှာ စစ်သွေးကြွတွေကို သတ်ဖြတ်ခဲ့တဲ့အပြင် မြေထဲပင်လယ်ကိုပါ သွေးရောင် လွှမ်းစေခဲ့တယ် ... နောက်ပြီး သူ့လက်အောက်မှာ အနောက်တိုင်း အမှောင်ကမ္ဘာရဲ့ ခေါင်းဆောင် နှစ်ယောက်လည်း သေဆုံးခဲ့ရသေးတယ် ..."

ကိုရီးယား တိုက်ကွမ်ဒို ဆရာ တစ်ယောက်က ပြောသည်။

သူသည် ချန်းဖန် အရှေ့တိုင်းမှ တန်ခိုးရှင်များကို သတ်ဖြတ်စဉ် အချိန်က မုန်းတီးခဲ့သော်လည်း ယခု အခါတွင်မူ ချန်းဖန်၏ ပရိသတ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

"ရှေ့ဟောင်းရဲတိုက်ရဲ့ ဆန်ဒရို အမှောင် ကောင်စီက နော့လန် သွေးမိစ္ဆာ ဒမွန် ... သူတို့ သုံးယောက်စလုံးက အနောက်တိုင်းရဲ့ အစွမ်း အထက်ဆုံး တန်ခိုးရှင်တွေချည်းပဲ ... ဒမွန်ဆိုရင် နတ်ဘုရား သတ်မှတ်ချက်မှာတောင် နံပါတ်သုံး စာရင်း ဝင်ခဲ့တယ် ..."

မလေးရှား၏ အစီအရင် ပညာရှင် တစ်ယောက်က စီအိုင်အေ သီးသန့်ဖိုရမ်တွင် ပို့စ်တင်ကာ မေးသည်။

"ငါ သိပ်နားမလည်ဘူး ... အနောက်တိုင်းမှာ ရှိတဲ့ တန်ခိုးရှင် အရေအတွက်က လက်တစ်ဆုပ် စာရယ် ... အရှေ့တိုင်းရဲ့ တန်ခိုးရှင် တန်ခိုးရှင် အရေအတွက်က သူတို့ထက်တောင် ပိုများသေးတယ် ... အဲဒီလို အခြေအနေမှာတောင် ဘာလို့ အနောက်တိုင်းက အရှေ့တိုင်းကို နှစ်တစ်ရာလောက် စိုးမိုးနိုင်ခဲ့တာလဲ ..."

လွန်ခဲ့သည့် နှစ်တစ်ရာခန့်က နတ်ဘုရား သတ်မှတ်ချက် စာရင်း၏ ထိပ်ဆုံး ဆယ်ယောက်တွက် ခုနစ်ယောက်မှာ အရှေ့တိုင်းမှ ဖြစ်သည်။ အနောက်တိုင်း၏ တန်ခိုးရှင် အရေအတွက်မှာ သုံးယောက်သာ ရှိသည်။

သို့တိုင်အောင် အရှေ့တိုင်းသည် အဘယ်ကြောင့် အနောက်တိုင်း၏ လက်အောက်သို့ ကျရောက်ခဲ့ရသနည်း။

ထိုအရာကား လူတိုင်း သိချင်နေသည့် မေးခွန်းပင်။

"အမှောင်မြို့စား ကြောင့်ပေါ့ ..."

မစ္စတာ လေ့လာသူက ရုတ်တရက် ဝင်ပြောလိုက်၏။

***

All Chapters