အမှောင် သခင်ကြီး
Vol. 6 Ch. 562
"အမှောင်မြို့စား ..."
ဖိုရမ် တစ်ခုလုံး တစ်ခဏမျှ တိတ်ဆိတ် သွားလေသည်။
တစ်ခဏမျှ ကြာမှ တစ်ယောက်က နားမလည်စွာ မေးလိုက်၏။
"သူက ဘယ်သူလဲ ... ငါ တစ်ခါမှ အဲဒီနာမည်ကို မကြားဖူးဘူး ..."
"ဟုတ်တယ် ... နတ်ဘုရား သတ်မှတ်ချက်မှာ အဲဒီနာမည်ကို မတွေ့ဖူးပါဘူး ..."
"သူက အနောက်တိုင်းရဲ့ လျှို့ဝှက် တန်ခိုးရှင် တစ်ယောက်လား ... ဒါပေမဲ့ အရှေ့တိုင်းရဲ့ တန်ခိုးရှင်တွေကို သူက ဘယ်လို တစ်ယောက်တည်းနဲ့ အနိုင်ယူနိုင်မှာလဲ ..."
လူများက မေးကြသည်။
ရဲ့ချင်စန်း၊ လင်းရှု့မင်၊ ယောင်တောက်ရီ၊ ဝါတနာဘေ၊ လီချန်းရှန့် ... စသည်ဖြင့် အရှေ့တိုင်း၏ တန်ခိုးရှင် အရေအတွက်သည် အနည်းဆုံး တစ်ဒါဇင်ခန့် ရှိသည်။
သူတို့ အထဲမှ အချို့ဆိုလျှင် တန်ခိုးရှင် ထိပ်ဆုံး အဆင့်သို့ပင် ရောက်နေသူများ ဖြစ်သည်။
သို့သော်လည်း အနောက်တိုင်းတွင်မူ အမှောင်ကမ္ဘာ ခေါင်းဆောင် သုံးယောက်နှင့် ဒမွန်တို့သာ ရှိသည်။ ယခု အမှောင်မြို့စားပါ ထည့်ပေါင်းပါက ငါးယောက်သာ ရှိသေးသည်။
ထိုမျှသော အင်အားဖြင့် အရှေ့တိုင်းကို အနိုင်ယူနိုင်မည်လား။
"အမှောင်မြို့စားက ငါတို့ မမွေးသေးတဲ့ ရာစုနှစ်တွေတုန်းက နတ်ဘုရား သတ်မှတ်ချက်မှာ ရပ်တည်ခဲ့တဲ့ တစ်ယောက်ပေါ့ ..."
မစ္စတာ လေ့လာသူက အဖြေပေးသည်။
"ဘယ်လို ..."
လူတိုင်း အံ့ဩသွားကြ၏။
"အမှောင် မြို့စားဆိုတော့ ... ခင်ဗျား ပြောတဲ့ သူက အမှောင် သခင်ကြီးလား ..."
တစ်ယောက်က ရုတ်တရက် မေးလိုက်သည်။
ရှေးဟောင်းခေတ်များ ကတည်းက ဥရောပ၏ အမှောင်ကမ္ဘာကို တစ်စုံ တစ်ယောက်က ထိန်းချုပ်ခဲ့သည်။ သူသည် များစွာသော ကြေးစား အဖွဲ့များ၊ စီးပွားရေး လုပ်ငန်းများ၊ လုပ်ကြံခြင်း အဖွဲ့အစည်းများကို နောက်ကွယ်မှ နေ၍ စနစ်တကျ ထိန်းချုပ်ခဲ့သည်။
ထို တစ်စုံတစ်ယောက်ကား အမှောင် သခင်ကြီး ဖြစ်သည်။
ကောလာဟလများကမူ အမှောင် သခင်ကြီးသည် အနောက်တိုင်း၏ နောက်ကွယ်မှ ထိန်းချုပ်သူဟု ဆိုကြသည်။
မရေမတွက်နိုင်သော နိုင်ငံများသည် အမှောင် သခင်ကြီးအား ခစားရသည်။ အနောက်တိုင်း၏ တန်ခိုးရှင်များပင်လျှင် အမှောင် သခင်ကြီး၏ အမိန့်ကို လိုက်နာရသည်။
သူကား တကယ့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ် ဖြစ်သည်။ သို့သော်လည်း သူ၏ တည်ရှိမှုကို မည်သူမျှ အတည် မပြုနိုင်ခဲ့ချေ။
"ဟုတ်တယ် ... သူက အမှောင် သခင်ကြီးပဲ"
မစ္စတာ လေ့လာသူက အဖြေပေးလိုက်သည်။
"မဖြစ်နိုင်ဘူး ..." မစ္စတာ လေ့လာသူ၏ စကားကို အချို့က ငြင်းဆန်ကြသည်။
"အတိအကျ ပြောရရင် အမှောင် သခင်ကြီး ဆိုတာက အဖွဲ့အစည်း တစ်ခုကို ကိုယ်စားပြုတဲ့ နာမည်ပဲ ... အမှောင်မြို့စား ဆိုတာကတော့ အဲဒီ အဖွဲ့ရဲ့ ခေါင်းဆောင်ပေါ့..."
မစ္စတာ လေ့လာသူက ရှင်းပြလိုက်သည်။
အင်္ဂလန်သည် လွန်ခဲ့သည့် ရာစုနှစ်များစွာက မြေအောက်လောက၏ တိုက်ခိုက်ရေး သမားများကို စုစည်း၍ အဖွဲ့အစည်း တစ်ခု ဖွဲ့ခဲ့သည်။ သူတို့၏ ရည်ရွယ်ချက်ကား ခရစ်ယာန် ဘုရားကျောင်း၏ လွှမ်းမိုးမှုကို ပြန်လည် ချေပနိုင်ရန် ဖြစ်၏။
ထိုအဖွဲ့အစည်းသို့ သွေးစုပ်ဖုတ်ကောင်၊ အမှောင် စစ်သည်၊ မှော်ဆရာ၊ စုန်းကဝေ၊ သမန်း ဝံပုလွေ မည်သည့် သတ္တဝါမျိုးမဆို ဝင်ရောက်နိုင်သည်။
ထိုအဖွဲ့အစည်း၏ အမည်မှာ "အမှောင် ခုံရုံး" ဟူ၍ ဖြစ်သည်။ သူတို့၏ ခေါင်းဆောင်မူကား အမှောင်မြို့စား ဖြစ်သည်။
အမှောင်မြို့စားသည် ထိုအဖွဲ့အစည်းကို ရာစုနှစ် သုံးခုတိုင်တိုင် ဦးဆောင်ကာ အမှောင် ကမ္ဘာရှိ ပညာရှင် အားလုံးကို စုစည်းခဲ့သည်။ ထို့နောက် သူသည် ထိုအင်အားစုဖြင့် ခရစ်ယာန် ဘုရားကျောင်းကို ဆန့်ကျင် တိုက်ခိုက်ခဲ့သည်။
အမှောင် ခုံရုံနှင့် ခရစ်ယာန် ဘုရားကျောင်းတို့၏ တိုက်ပွဲကား ရာစုနှစ်နှင့် ချီကာ ကြာမြင့်ခဲ့သည်။ ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ် အတွင်းတွင်ပင် ထို စစ်ပွဲကား အဆုံး မသတ်ခဲ့ချေ။
နောက်ဆုံး၌ အမှောင် ခုံရုံးသည် နျူကလိယနှင့် ခေတ်မီ စစ်အင်အား၏ အကူအညီကို ရယူကာ ခရစ်ယာန် ဘုရားကျောင်းကို ပိတ်ပစ်ခဲ့သည်။
"အမှောင်မြို့စားက အမှောင်ခုံရုံးကို ရာစုနှစ်နဲ့ချီပြီး ထိန်းချုပ်ခဲ့တယ် ... သူက အမှောင် ကမ္ဘာနဲ့ ဥရောပ နိုင်ငံတွေ အကြားမှာ စည်းမျဉ်းတွေ ချမှတ်ခဲ့တယ် ... ဒါကြောင့်မလို့ လူတွေက သူ့ကို အမှောင်သခင်ကြီးလို့ ကင်ပွန်းတပ်ကြတာ ..."
မစ္စတာ လေ့လာသူက သူ၏ ရှင်းပြမှုကို အဆုံးသတ်လိုက်၏။
လူတိုင်းက ငေးငိုင်ကာ စဉ်းစား နေမိသည်။
"ဒါဆို ငါတို့က သူချမှတ်ခဲ့တဲ့ စည်းမျဉ်းတွေကို လိုက်နာ နေရတာပေါ့ ..."
ကြေးစား ကွန်မန်ဒါ တစ်ယောက်က သက်ပြင်း တစ်ချက် ချသည်။
"သိပ်မဟုတ်သေးဘူး ... တန်ခိုးရှင်တွေက နှစ်တစ်ရာကျော်လောက်ပဲ နေနိုင်တာပါ ... ဘယ်လိုဖြစ်ပြီး အမှောင်မြို့စားက ရာစုနှစ် သုံးခု အထိ နေနိုင်တာလဲ ..."
တစ်ယောက်က သံသယ အပြည့်ဖြင့် မေးလိုက်သည်။
"အမှောင်မြို့စားက ဒဏ္ဍာရီလာမျိုးစိတ် တစ်ခုက ဆင်းသက်လာတာ ... သူက တန်ခိုးရှင် အဆင့်ပဲ ရှိသေးပေမဲ့ မျိုးရိုးဗီဇကြောင့် ပိုပြီး အသက်ရှည်အောင် နေနိုင်တဲ့အပြင် သာမန် တန်ခိုးရှင်တွေ ထက်လည်း အများကြီး ပိုပြီး အစွမ်းထက်တယ် ... သေမျိုး နတ်ဘုရားတွေပဲ သူ့ရဲ့ အစွမ်းကို ယှဉ်နိုင်လိမ့်မယ် ..."
မစ္စတာ လေ့လာသူက ရှင်းပြလိုက်သည်။
"ဟမ့် ... အမှောင်မြို့စား ဘာမှ မတတ်နိုင်ပါဘူး ... ချန်းပေ့ရွှမ်းက ဥရောပ ယူနီယံနဲ့ တန်ခိုးရှင် ခုနစ်ယောက်ကိုတောင် အနိုင်ယူနိုင်ခဲ့တာ ... အမှောင်မြို့စားက သူ့အတွက် ဘာမှ မဟုတ်ဘူး ..."
တရုတ်ပညာရှင် တစ်ယောက်က ဆိုလိုက်သည်။
သို့သော်လည်း အနောက်တိုင်း ပညာရှင်များက အမှောင်မြို့စားကသာ ပိုမို အစွမ်းထက်ကြောင်း ငြင်းခုံကြသည်။
ချန်းဖန်သည် အရှေ့တိုင်း၏ တန်ခိုးရှင်များကို အနိုင်ယူခဲ့သော်လည်း ထိုအထဲ၌ အမှောင်မြို့စားကဲ့သို့ နှစ်သုံးရာအထိ အသက်ရှင်ခဲ့သူ မပါဝင်ချေ။ အမှောင်မြို့စားကား အနောက်တိုင်း အမှောင်ကမ္ဘာ၏ ခေါင်းဆောင်ကြီး ဖြစ်သည်။
"ခင်ဗျားတို့ အကုန်လုံး မှားတယ် ... ကျုပ် ခုနက ပြောခဲ့သလိုပဲ ... အမှောင်သခင်ကြီး ဆိုတာက လူတစ်ယောက် မဟုတ်ဘူး ... လူတစ်စုကို ကိုယ်စားပြုတဲ့ နာမည်သာ ဖြစ်တယ် ..."
အားလုံး ငြင်းခုံ နေကြစဉ်မှာပင် မစ္စတာ လေ့လာသူဝင်ရောက် ရေးလိုက်၏။
"အမှောင်ခုံရုံးမှာ ခုံသမာဓိ ငါးယောက် ရှိတယ် ... အမှောင်မြို့စားက သူတို့ထဲက တစ်ယောက်ပဲ ..."
ဖိုရမ်တစ်ခုလုံးကား ရုတ်တရက် တိတ်ဆိတ်သွား၏။
"ခုံသမာဓိ ငါးယောက် ... သူတို့ ငါးယောက် စလုံးက အမှောင်မြို့စားနဲ့ အဆင့်တူ ... အဲဒါဆို သေမျိုး နတ်ဘုရား ငါးယောက်ပေါ့ ..."
ထိုအရာသည်ကား လွန်ကဲလှ၏။
အရှေ့တိုင်း အနေဖြင့် အနောက်တိုင်၏ လက်အောက်၌ ရှုံးနိမ့်ခဲ့ခြင်းကား မထူးဆန်းတော့ချေ။
"ချန်းပေ့ရွှမ်းတော့ ဒုက္ခရောက်ပြီ ..."
ဂျပန် ဆာမူရိုင်း တစ်ယောက်က ဝမ်းသာအားရ ရေးသည်။
တရုတ် ပညာရှင်များမှာမူ လုံးဝ တိတ်ဆိတ် နေကြပြီ ဖြစ်သည်။
"အမှောင်ခုံရုံးက အရမ်း အင်အားကြီးတယ် ... ဒါတောင် သူတို့က ခရစ်ယာန် ဘုရားကျောင်းကို အနိုင် မတိုက်နိုင်ခဲ့ဘူး ... ခရစ်ယာန် ဘုရားကျောင်းက ဘယ်လောက်တောင် အစွမ်းထက် နေပြီလဲ ..."
တစ်ယောက်က ပင့်သက်ရှိုက်ရင်း တွေးလိုက်မိသည်။
***
ထိုအချိန်၌ ချန်းဖန်ကမူ ဩစတြီးယား နိုင်ငံ၏ မြို့တော် ဗီယာနာရှိ စားသောက်ဆိုင် တစ်ခုတွင် ထိုင်နေခဲ့သည်။
သူ၏ ရှေ့တွင်မူ ဆံပင်ဖြူ အိုလက်နှင့် နာတာရှာတို့ ထိုင်နေကြ၏။
"ဆရာ ... ခင်ဗျားတော့ ဒုက္ခ ရောက်ပြီ ..."
အိုလက်က ခေါင်းကို ခါလိုက်သည်။
"ခင်ဗျား ပြောတာက ဥရောပ ယူနီယံကိုလား ... သူတို့က နျူကလိယကိုတော့ မသုံးလောက်ပါဘူး ..."
ချန်းဖန်က ပြန်ပေးလိုက်၏။
"မဟုတ်ဘူး ... ကျုပ် ပြောတာက အမှောင်မြို့စားရဲ့ အန္တရာယ်ကိုပါ ..."
အိုလက်က လေးနက်စွာ ဆက်ပြောလိုက်သည်။
"သူက သွေးမျိုးဆက် သခင်ကြီးရဲ့ အစောင့်အရှောက် ဆယ့်သုံးယောက်တည်းက တစ်ယောက်ပါ ... ဒီလောက် အချိန်တွေ ကြာပြီးတာတောင် သူ အသက်ရှင်နေလိမ့်မယ်လို့ ကျုပ် မထင်ခဲ့မိဘူး ... တကယ်လို့ အမှောင်မြို့စား ပေါ်လာရင် သူ့ရဲ့ သွေးသောက် လေးယောက်လည်း ပေါ်လာမှာ သေချာတယ် ..."
"ပိုပြီး အရေးကြီးတာက အမှောင်မြို့စား ပြောတာ အမှန်ဆိုရင် ဒမွန်က သွေးမျိုးဆက် သခင်ကြီးရဲ့ တိုက်ရိုက်မျိုးဆက် ဖြစ်နေနိုင်တယ် ..."
အိုလက်က ဖြူရော်စွာ ပြုံးရင်း ဆိုလိုက်သည်။
"သွေးမျိုးဆက် သခင်ကြီး ..."
ချန်းဖန်က မျက်မှောင်ကြုတ်လိုက်၏။
***