သွေးမျိုးဆက် သခင်ကြီး၏ ဒဏ္ဍာရီများ
Vol. 6 Ch. 563
"သွေးမျိုးဆက် သခင်ကြီး ..."
ချန်းဖန်သည် ထိုနာမည်ကို ယခုမှ ပထမဆုံး အကြိမ် ကြားဖူးခြင်း မဟုတ်ပေ။ သွေးမျိုးဆက် သခင်ကြီးသည် ကမ္ဘာ၏ နောက်ဆုံး သွေးစုပ်ဖုတ်ကောင် အဖြစ် ကျော်ကြားသည်။
အရှေ့တိုင်း မှတ်တမ်များ အရဆိုလျှင် ဓားလျှို့ဝှက်ချက်သည် အနောက် အရပ်သို့ ခရီးသွားချိန်၌ သွေးမျိုးဆက် သခင်ကြီးနှင့် တွေ့ဆုံခဲ့ရသည်ဟု ဆိုသည်။
သို့သော်လည်း ထိုအရာသည် လွန်ခဲ့သည့် နှစ်ထောင်ချီက အဖြစ်အပျက်များ ဖြစ်သည်။ အကယ်၍ သွေးမျိုးဆက် သခင်ကြီးသာ ယခု အချိန်ထိ အသက်ရှိနေမည် ဆိုပါက သူ၏ သက်တမ်းမှာ နှစ်ထောင်ချီ နေလောက်ပြီ ဖြစ်သည်။
"ဟုတ်တယ် ... သွေးမျိုးဆက် သခင်ကြီးပဲ ..."
အိုလက်က ဆက်ပြောလိုက်သည်။
"သွေးမျိုးဆက်တွေက ကျုပ်တို့လို သမန်း ဝံပုလွေတွေနဲ့ ခြားနားတယ် ... ကျုပ်တို့ရဲ့ ဘိုးဘေးက ခရစ်ယာန် ဘုရားကျောင်းရဲ့ လုပ်ကြံမှုမှာ သေဆုံးခဲ့ရတယ် ... ဒါကြောင့် ကျုပ်တို့ အားလုံး ဆိုက်ဘေးရီးယားကို ပြောင်းရွှေ့ခဲ့ရတာပေါ့ ... ဒါပေမဲ့ သွေးမျိုးဆက်ရဲ့ သခင်ကြီးကတော့ ခရစ်ယာန် ဘုရားကျောင်းရဲ့ သူတော်စင် ဩဂတ်စတင်းနဲ့ တိုက်ပွဲမှာ ဒဏ်ရာပဲ ရရှိခဲ့ပြီး လွတ်မြောက်ခဲ့တယ် ..."
"အချို့ ဒဏ္ဍာရီတွေ အရဆို သူက အရှေ့ ဥရောပရဲ့ ရဲတိုက်ကြီး တစ်ခုတည်းမှာ အိပ်ပျော်နေတုန်းပဲတဲ့ ... သူက ရာစုနှစ် တစ်ခုမှာ အစာစားဖို့ နှစ်အနည်းငယ်ပဲ နိုးထတယ် ... သူက နိုးထလာတာနဲ့ ဥရောပရဲ့ မြို့တစ်မြို့ကို ရွေးချယ်ပြီးတော့ သန်းချီတဲ့ မြို့သူ မြို့သားတွေကို သတ်ဖြတ် စားသောက်တယ်တဲ့ ... နောက်ဆုံး သူနိုးလာတာက လွန်ခဲ့တဲ့ နှစ်တစ်ရာ လောက်ကပေါ့ ... ဒမွန်ကသာ သူ့ရဲ့ မျိုးဆက် ဆိုရင် အဲဒီနှစ်တွေတုန်းက မွေးလာခဲ့တာလို့ ခန့်မှန်းလို့ ရတယ်"
ရုရှား ဗိုလ်ချုပ် အိုလက်က ရှည်လျားစွာ ရှင်းပြလိုက်သည်။
"ဘယ်လို ... သူက နှစ်ထောင်ချီပြီး အသက်ရှည်တာလား ..."
နာတာရှာ၏ မျက်လုံးများကား ဝိုင်းစက် နေခဲ့ပြီ ဖြစ်သည်။
သူမသည် KGB အဖွဲ့ကို ဝင်ရောက် ပြီးချိန်မှ စ၍ သွေးစုပ်ဖုတ်ကောင်၊ သမန်း ဝံပုလွေ စသဖြင့် များစွာသော သဘာဝလွန် သတ္တဝါများကို လေ့လာခွင့် ရခဲ့သည်။ သို့သော်လည်း နှစ်ထောင်ချီ အသက်ရှင်ခဲ့သည့် သွေးစုပ်ဖုတ်ကောင် အကြောင်းကိုမူ သူမ မကြားဖူးခဲ့ချေ။
"သူသာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပြီးတော့ စွမ်းအင် ဆုံးရှုံးမှုကို လျှော့ချမယ် ဆိုရင် နှစ်ထောင်ချီ အသက်ရှင်ဖို့က ဖြစ်နိုင်ပါတယ် ..."
ချန်းဖန်က ခေါင်းညိတ်လိုက်သည်။
ထိုအရာသည် တန်ခိုးရှင် လောက၌ ရွေးချယ်မှု မရှိတော့သော ကျင့်ကြံသူများ၏ အသက် ဆွဲဆန့်သည့် နည်းလမ်း တစ်ခု ဖြစ်သည်။ ခန္ဓာကိုယ် တစ်ခုလုံးသာ လောက၏ တာအို၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် နေပါက ထိုပုဂ္ဂိုလ်၏ သက်တမ်း ကုန်ဆုံးမှုသည်လည်း နှေးကွေး သွားပေလိမ့်မည်။
"ဒါပေမဲ့ အဲဒါက ဒဏ္ဍာရီတွေ သက်သက်ပါ ... ခရစ်ယာန် ဘုရားကျောင်းကို ခြိမ်းခြောက်နိုင်ဖို့ အတွက် အမှောင် မြို့စားက ပုံပြင် တစ်ပုဒ်ကို ဖန်တီး ထားတာလည်း ဖြစ်နိုင်တာပဲ ..."
အိုလက်က ခေါင်းကိုခါရင်း ဆိုလိုက်သည်။
မည်သို့ပင် ဆိုစေ ဝံပုလွေ နတ်ဘုရား၊ သွေးမျိုးဆက် သခင်ကြီး၊ မြေကမ္ဘာ နတ်ဘုရားများ စသည့် ဒဏ္ဍာရီများသည် လွန်ခဲ့သည့် နှစ်ထောင်ချီ၏ ရှေ့ဟောင်း မှတ်တမ်းများတွင်သာ ရှိသော အရာများ ဖြစ်သည်။ ထိုပုဂ္ဂိုလ်ကြီးများ ယခု အချိန်ထိ ဆက်လက် ရှင်သန်နေသည် ဆိုသော အကြောင်းအရာမှာ ယုံကြည်ရန် ခက်ခဲလွန်း၏။
"ဒါပေမဲ့ သွေးမျိုးဆက် သခင်ကြီး မရှိတော့ဘူး ဆိုရင်တောင် သွေးအစောင့်အရှောက် ငါးယောက် ရှိနေသေးတယ် ..."
အိုလက်က ဆက်ပြောလိုက်သည်။
"အရင်တုန်းက သွေးမျိုးဆက် သခင်ကြီးမှာ သွေးအစောင့်အရှောက် တစ်ဆယ့် သုံးယောက် ရှိခဲ့တယ် ... ဒါပေမဲ့ သူတို့ အထဲက အများစုက ခရစ်ယာန် ဘုရားကျောင်းနဲ့ တိုက်ပွဲမှာ ကျဆုံးခဲ့ရပြီးတော့ ငါးယောက်သာ ဆက်ပြီး အသက်ရှင် နေနိုင်ခဲ့တယ် ... အမှောင်မြို့စားက အဲဒီ ငါးယောက်တည်းက တစ်ယောက်ပေါ့ ... သူတို့ ငါးယောက်က အမှောင်ခုံရုံးကို တည်ထောင်ခဲ့ပြီးတော့ အနောက်တိုင်း အမှောင်ကမ္ဘာကို ဒီနေ့ ထိအောင် အုပ်စိုးနိုင်ခဲ့တယ် ..."
"သွေးမျိုးဆက် သွေးရော ငါးယောက် ..."
ချန်းဖန်က ခေါင်းညိတ်လိုက်သည်။
သူ့အနေဖြင့် အမှောင်မြို့စားတို့ တစ်သိုက် မည်မျှ အစွမ်းထက်သည်ကို ဂရုမစိုက်ချေ။ သူ၏ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်သည့် တစ်ခုတည်းသော ပုဂ္ဂိုလ်က သွေးမျိုးဆက် သခင်ကြီး ဖြစ်သည်။
"ဒါနဲ့ ဥရောပ ယူနီယံက ရှင့်အတွက် တောင်းပန်တဲ့ ပါတီပွဲ တစ်ခု လုပ်ပေးချင်လို့တဲ့ ..."
နာတာရှာက ပြောလိုက်၏။
"ဥရောပ ယူနီယံ ..."
ချန်းဖန်က တစ်ချက် ပြုံးလိုက်သည်။
ဥရောပ ယူနီယံ၏ တိုက်ခိုက်မှုက သူ့ကို မထိခိုက် စေခဲ့သည့်တိုင် ထိုအရာက စော်ကားမှု ဖြစ်သည်။ သူ၏ ဒေါသကို ဖြေဖျောက်ရန်မှာ ထိုမျှ လွယ်ကူလိမ့်မည် မဟုတ်ချေ။
ချန်းဖန်နှင့် အိုလက်တို့ စကားပြော နေစဉ်မှာပင် စားသောက်ဆိုင်နှင့် မျက်နှာချင်းဆိုင် JSDT မှ ဖက်ရှင်ကျကျ ဝတ်ဆင်ထားသော အာရှမိန်းကလေး တစ်ယောက် ထွက်လာခဲ့သည်။ သူမ၏ ဘေးတွင်မူ အရပ် ရှည်ရှည်နှင့် ခန့်ညားသော လူဖြူ တစ်ယောက် ပါလာ၏။
သူမက စားသောက်ဆိုင် မှန်ပြတင်းပေါက်မှ တစ်ဆင့် ချန်းဖန်ကို မြင်သည်နှင့် အတွင်းသို့ ဝင်လာကာ နှုတ်ဆက်လိုက်သည်။
"မစ္စတာချန်း ... ကျွန်မကို မှတ်မိလားရှင့် ... ကျွန်မက လီရှင်းရုလေ ..."
"လီရှင်းရု ..."
ချန်းဖန်သည် အစပိုင်း၌ အနည်းငယ် ကြောင်အသွား၏။ သို့သော်လည်း သိပ်မကြာခင်မှာပင် ထိုမိန်းကလေးကို သူမှတ်မိ လိုက်သည်။
ချန်းဖန်သည် သူမကို ဟောင်ကောင်ရှိရေ မင်းသမီး သင်္ဘောပေါ်တွင် တွေ့ဆုံခဲ့ဖူးသည်။ သူ့အနေဖြင့် ထိုမိန်းကလေးနှင့် ဩစတြေးလျ၌ ပြန်လည် တွေ့ဆုံရလိမ့်မည်ဟု ထင်မှတ် မထားခဲ့ချေ။
"ရှင်ဒီကိုလာတာ မစ္စဟယ်တစ်ရဲ့ ရှိုးပွဲကို ကြည့်ဖို့မလား ... သူက အရမ်း ချောသလို အသံကလည်း တကယ့်ကို ကောင်းတာ ..."
လီရှင်းရုက စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။
"အာ ... ဟုတ်မယ် ထင်တယ် ..."
ချန်းဖန်က မည်သို့ ပြန်လည် ပြောရမှန်း မသိချေ။ ထို့ကြောင့် ခေါင်းကိုသာ ညိတ်ပြလိုက်သည်။
ချန်းဖန်၏ ပုံစံကို ကြည့်၍ လီရှင်းရု ဘေးရှိ လူဖြူ၏ မျက်လုံးတွင် အထင်သေးမှု အချို့ ဖြတ်ပြေးသွား၏။
ယခု အချိန်၌ ချန်းဖန်သည် သာမန် ပုံစံကိုသာ ပြန်လည် ပြောင်းထားခဲ့သည်။ အဇူရာ သက်ရှည်ခန္ဓာသည် အလွန်အမင်း ချောမောသည် ဖြစ်ရာ မလိုအပ်သော အာရုံစိုက်မှုများ ဖြစ်ပေါ် လာနိုင်သည်။
ထို့်အပြင် သူ၏ ဘေးရှိ ရုရှား အဘိုးအိုနှင့် နာတာရှာ တို့မှာလည်း သာမန် အဝတ်အစား များကိုသာ ဖြစ်သလို ဝတ်ဆင်ထားရာ ပတ်ဝန်းကျင်၌ ထူးခြားစွာ ပေါ်လွင်နေခြင်းမျိုး မရှိချေ။
လူဖြူက လီရှင်းရု၏ ချန်းဖန် အပေါ် ရင်းနှီးစွာ ဆက်ဆံနေသော ပုံစံကို ကြည့်၍ မျက်မှောင်ကြုတ် သွား၏။ သူက စားသောက်ဆိုင် မန်နေဂျာအား လက်ယပ်ကာ ခေါ်ရင်း တစ်ခုခု တီးတိုး ပြောလိုက်သည်။
ထို့နောက် ချန်းဖန်တို့ ဘက်သို့ လှည့်ရင်း ဖိတ်ခေါ်လိုက်၏။
"ခင်ဗျားတို့က လင်ဒါရဲ့ မိတ်ဆွေတွေ ဆိုရင် အဆောက်အဦ အမိုးပေါ်က အထူး စားပွဲဝိုင်းတွေဆီကို ကြွပါလား ... ဒီလမ်းဘေး မြင်ကွင်းနဲ့ စားပွဲဝိုင်းတွေက သာမန် လူတန်းစားတွေ အတွက် စီစဉ်ထားတာပါ ..."
သို့သော်လည်း ချန်းဖန်နှင့် အိုလက်တို့က သူ့အားလှည့်ပင် မကြည့်ခဲ့ချေ။ ချန်းဖန်တို့၏ မတုန်မလှုပ် ပုံစံကို ကြည့်၍ လီရှင်းရုက ကြားဝင်ကာ မိတ်ဆက် ပေးလိုက်သည်။
"ရစ်ချက်က တေမွန် မိသားစုရဲ့ မျိုးဆက်လေ ... သူက ငယ်ငယ်လေးနဲ့တင် ဖက်ရှင်ဘရန်း တစ်ခုနဲ့ ရေမွှေးစက်ရုံ တချို့ကို ပိုင်ဆိုင်နေပြီ ... နောက်ပြီး ဒီစားသောက်ဆိုင် ကလည်း သူ့မိသားစုက ပိုင်တာလေ ..."
ရစ်ချက်ကလည်း ယဉ်ကျေးစွာ ကိုယ်ကို ကိုင်းညွှတ်ရင်း မိတ်ဆက် လိုက်၏။
"ဟယ်လို ... ကျွန်တော့် နာမည်က ရစ်ချက်ပါ ..."
တေမွန် မိသားစုသည် ဩစတြေးလျ၌ နာမည်ကြီးသော အထက်တန်းစား မိသားစုကြီး ဖြစ်သည်။
ကမ္ဘာပေါ်မှ နာမည်ကြီး ဖက်ရှင် အမှတ်တံဆိပ် များသည် တေမွန် မိသားစု၏ ပိုင်ဆိုင်မှုများ ဖြစ်သည်။ သူတို့၏ ဘရန်းများကား အနောက်တိုင်း ရုပ်ရှင် ကုမ္ပဏီများနှင့် ရုပ်ရှင် စတားများ အကြား၌ အထူး ရေပန်းစား၏။
ရစ်ချက်သည် သူ၏ မိသားစု အကြောင်းကို ကြားသည်နှင့် ချန်းဖန်တို့ သုံးယောက် အနည်းငယ် အံ့ဩသွားမည်ဟု မျှော်လင့်ထားခဲ့သည်။ သို့သော်လည်း စိတ်ပျက်ဖွယ် ကောင်းအောင်ပင် ချန်းဖန်တို့ သုံးယောက်၏ အမူအရာက ပြောင်းလဲခြင်း မရှိချေ။
သူမသိသည့် အချက်ကား ချန်းဖန်သည် မြောက်ပိုင်း ကောင်းကင် အရှင်သခင် ဖြစ်ကာ အိုလက်က ရုရှား စစ်ဗိုလ်ချုပ် တစ်ဦး ဖြစ်နေခြင်းပင်။ သူတို့နှင့် ယှဉ်ပါက တေမွန် မိသားစု၏ ဖြစ်တည်မှုကား ပုရွက်ဆိတ် တစ်ကောင်လောက်သာ ရှိပေ၏။
ချန်းဖန်တို့ သုံးယောက်၏ မတုန်မလှုပ် အမူအရာကို ကြည့်၍ ရစ်ချက်၏ မျက်လုံး၌ ဒေါသ အချို့ ပေါ်လာခဲ့၏။
သူက ဆက်ကာ စကားပြောရန် ဟန်ပြင် လိုက်စဉ်မှာပင် ချန်းဖန်၏ ဖုန်း၌ အသံမြည် လာခဲ့သည်။ ချန်းဖန်က ချက်ချင်းပင် ဖုန်းကို ကောက်ကာ အဖြေပေးလိုက်၏။
ထိုဖုန်းမှာ ဥရောပ ယူနီယံ လူကြီး တစ်ယောက်၏ ဖုန်းဖြစ်ပြီး သူ့အား တောင်းပန်ခြင်း ပါတီသို့ လာရောက်ရန် ဖိတ်ခေါ်ခြင်း ဖြစ်သည်။
ဖုန်းကို ချပြီးနောက် ချန်းဖန်က မတ်တတ် ထရပ်လိုက်၏။
"သူတို့နဲ့ သွားတွေ့ရအောင်လေ ..."
"ကောင်းပြီ ..."
နာတာရှာနှင့် အိုလက်တို့က ခေါင်းညိတ်ကာ ထိုင်ရာမှ ထလိုက်ကြသည်။ ထို့နောက် သူတို့ သုံးယောက်သည် အေးဆေးစွာပင် စားသောက်ဆိုင် အတွင်းမှ ထွက်ခွာ သွားကြတော့၏။
သူတို့ကား ရစ်ချက်နှင့် လီရှင်းရုတို့ကို တစ်ချက်ပင် နှုတ်ဆက်၍ မသွားခဲ့ချေ။
ရစ်ချက်သည် ရိုင်းစိုင်းသော လူသုံးယောက်၏ နောက်ကျောကို ကြည့်ရင်း ဒေါသထွက်နေပြီ ဖြစ်သည်။
သူ၏ အမူအရာကို မြင်လျှင် လီရှင်းရုက အလျင်အမြန် ရှင်းပြလိုက်၏။
"မစ္စတာရစ်ချက် ... မစ္စတာချန်းက အရှေ့တိုင်းမှာ ကြီးမားတဲ့ ပုံရိပ်တစ်ခု ရှိတယ် ... ကျွန်မတို့ရဲ့ သူဌေးတောင် သူ့ကို လေးစားမှု ပြရတယ် ... ဒါပေမဲ့ သူက အရမ်း ရိုင်းစိုင်းတဲ့ လူတော့ မဟုတ်ပါဘူး ... ကြည့်ရတာ သူ့မှာ လုပ်စရာ တစ်ခုခု ရှိတာ ဖြစ်ရမယ် ..."
***