မင်းအတွက် လက်ဆောင်ကြီးကြီး တစ်ခုပေးမယ်
Vol. 14 Ch. 196
သတင်းလာပို့သည့် စစ်သည်က သူတို့နှစ်ယောက်၏ခန္ဓာကိုယ်များကို အရင်ရှာဖွေစစ်ဆေးခိုင်းလိုက်သည်။ ကျိရွှေရှန့်က သူ့၏လက်နှစ်ဖက်စလုံးကို မြှောက်ပေးလိုက်ပြီး ငြိမ်သက်စွာ ရပ်နေကာ သူတို့ကို ရှာဖွေခွင့်ပေးလိုက်သည်။
ကျိရွှေရှန့်က သူ ဤနေရာသို့ မရောက်ခင်ကပင် ဤကဲ့သို့သော ရှာဖွေမှုကို မျှော်လင့်ထားပြီး ဖြစ်သည်။ ထို့ကြောင့် သူက လွမ်တောင်ကို လုံခြုံသောနေရာတွင် ဝှက်ထားခဲ့သည်။
စစ်သည်များက သူတို့၏ခန္ဓာကိုယ်အနှံ့ ရှာဖွေကြသော်လည်း မည်သည့်လက်နက်ကိုမျှ မတွေ့ကြပေ။ သို့သော် စစ်ဆေးသည့်အဖွဲ့မှ ခေါင်းဆောင်များက စိုးရိမ်နေကြဆဲဖြစ်ပြီး သူတို့နှစ်ယောက်ကို ကြိုးဖြင့် ချည်ထားရန် အမိန့်ပေးလိုက်ကြသည်။
ကျိရွှေရှန့်က သူတို့ လုပ်ချင်သမျှကို လုပ်ခွင့်ပြုထားခဲ့သည်။
ဘာပဲဖြစ်ဖြစ် အဲ့လိုကြိုးလောက်နဲ့ သူ့ကို ဘယ်လိုမှ ချည်နှောင်ထားနိုင်မှာ မဟုတ်ဘူး။
သူ့ကို ကြိုးဖြင့် လာချည်ချိန်တွင် ကျိရွှေရှန့်က သူ့၏ခန္ဓာကိုယ် ပိုကြီးထွားလာစေရန် ချင်ကုန်း(အတွင်းအား)ကို အသုံးပြုလိုက်သည်။ ကြိုးချည်ပြီးပြီးချင်းမှာပင် သူက သူ့ခန္ဓာကိုယ်ကို ပြန်လျော့ချလိုက်သောကြောင့် ကြိုးက တင်းမနေတော့ပေ။ သူ၏ ခွန်အားအနည်းငယ်ကို သုံးလိုက်ရုံဖြင့် လွတ်မြောက်နိုင်မည် အခြေအနေမျိုး ဖြစ်သွားခဲ့သည်။
ဝမ်ယွိရှန်းကတော့ ကြောက်လန့်နေခဲ့သည်။ သူက ပြေးလမ်းကို ရှာဖွေနေခဲ့သော်လည်း ရန်သူဘက်မှ စစ်သည်များက သူ့ကို ဝိုင်းထားကြသည်။
သူ သတ္တိရှိလို့ ပြေးရဲရင်တောင် ချက်ချင်း ပြန်မိသွားပြီး အပိုင်းပိုင်း အဖြတ်ခံရလိမ့်မယ်။
နောက်ဆုံးတော့ သူ ကူကယ်ရာမဲ့စွာနဲ့ နာနာခံခံ ကြိုးချည်ခံရုံပဲ တက်နိုင်တော့တယ်။ ပြီးတော့ ဒီလူတွေရဲ့လက်ထဲကို ကျရောက်သွားတာက အဲ့ဒိနတ်ဆိုးမရဲ့လက်ထဲမှာ နေရတာထက် အများကြီး ပိုကောင်းမှာ သေချာတယ်။ အနည်းဆုံးတော့ သူ မြန်မြန်ဆန်ဆန် သေခွင့်ရနိုင်တယ်။
စစ်သည်များက ကျိရွှေရှန့်နှင့် ဝမ်ယွိရှန်းတို့ကို တဲအတွင်းသို့ ခေါ်ဆောင်သွားခဲ့ပြီး အန်းကွမ်ရှင်းက သူ့လက်များကို လက်ဖက်ရည်စားပွဲလေးပေါ်တင်ထားကာ အေးစက်စွာ ကြည့်နေခဲ့သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်နေသော အန်းကွမ်ရှင်း၏မျက်လုံးများတွင် မောက်မာသော အကြည့်များ ရှိနေလေသည်။
ကျိရွှေရှန့်ကို မြင်လိုက်ချိန်တွင် အန်းကွမ်ရှင်းက သူ ဤလူကို ယခင်က တစ်နေရာရာတွင် မြင်ဖူးသလို ခံစားလိုက်ရသည်။ သူက ဝါးဦးထုပ်နဲ့ ဖုံးကွယ်ထားသော ဝမ်ယွိရှန်းကို တစ်ချက်ကြည့်လိုက်ပြီး ကျိရွှေရှန့်ကို လှမ်းမေးလိုက်သည်။
"ဒီလူကြောင့် ငါ့ကို အကျိုးဆောင်ပေးနိုင်တယ်လို့ မင်း ပြောခဲ့တာလား?"
“ဟုတ်ပါတယ်၊ ကျွန်တော်မျိုးက စစ်သူကြီးမင်းရဲ့ဂုဏ်သတင်းကို အရမ်းလေးစားပါတယ်။ စစ်သူကြီးမင်းကပဲ အင်အားကြီးမားတဲ့ ဝမ်မျိုးနွယ်ရဲ့မှူးမတ်ကြီးတွေကို မကြောက်ဘဲ ပြည်သူတွေရဲ့ ဒုက္ခတွေကို ဖယ်ရှားပေးနိုင်မှာပါ”
ကျိရွှေရှန့်က အန်းကွမ်ရှင်းကို အရင် ဦးညွှတ်လိုက်ပြီး သူ သဘောကျတက်သည့်ပုံစံဖြင့် ချီးကျူးပေးလိုက်သည်။
"မင်း... အရင်က ငါ့ကို တွေ့ဖူးလား?"
အန်းကွမ်ရှင်းက 'စစ်သူကြီးမင်း' ဟူသော စကားလုံးကို ရင်းနှီးနေသလို ခံစားလိုက်ရပြီး ရုတ်တရက် ပြန်တွေးကြည့်လိုက်ရာ ကျိရွှေရှန့်၏ မျက်နှာကို ချက်ချင်း မှတ်မိသွားသည်။
ကျိရွှေရှန့်က အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ်၊ စစ်သူကြီးမင်းက ကျွန်တော်မျိုးတို့ဆီကနေ အမဲသားတောင် ဝယ်ခဲ့ဖူးပါတယ်!"
“အိုး၊ အဲဒါ မင်းပဲ။ တစ်ယောက်လောက် လာစမ်း၊ သူ့ကို ကြိုးဖြည်ပေးပြီး ထိုင်ခိုင်းလိုက်"
ကျိရွှေရှန့်၏စကားကို ကြားလိုက်သည်နှင့် အန်းကွမ်ရှင်းက ရုတ်တရက် သဘောပေါက်သွားသည်။
အဲ့နေ့က သူ အသက်ရှင်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကာလအတွင်းမှာ သူ့ဘဝရဲ့ ရင်သပ်ရှုမောဖွယ်ရာ အကောင်းဆုံးနေ့တစ်နေ့ဖြစ်ခဲ့တယ်လေ။ သူ့ကို “စစ်သူကြီးမင်း” လို့ ခေါ်တဲ့အသံကို ကြားရတာ သူ သဘောကျတယ်။ သာမန်ပြည်သူတွေ အများကြီးက သူ့ကို စစ်သူကြီးလို့ အော်ဟစ်နေတာက သူ့ကို ဘဝင်ခိုက်လောက်အောင် ကျေနပ်စေခဲ့တယ်။
သူ့ရှေ့ကလူကတော့ သူ့ကို 'စစ်သူကြီးမင်း' လို့ ခေါ်ပြီး တိုင်တည်ကြွေးကြော်ဖို့ စတင်ဦးဆောင်ပေးခဲ့တဲ့သူပဲ။ ပြီးတော့ သူတို့ရောင်းတဲ့ အမဲသားကလည်း မမေ့နိုင်စရာပါပဲ။ သူ အခုထိ အဲ့အရသာကို လွမ်းနေသေးတယ်!
သူ မှန်ကန်သော အလောင်းအစားတစ်ခု ပြုလုပ်နိုင်ခဲ့သည်ကို တွေ့လိုက်ရသဖြင့် သတင်းလာပို့သည့် စစ်သည်က ကျိရွှေရှန့်ကို အမြန်ကြိုးဖြည်ပေးလိုက်ပြီး ကုလားထိုင်တစ်လုံးကို ယူလာပေးခဲ့သည်။ သူက ကျိရွှေရှန့်ကိုလည်း အလွန်ယဉ်ကျေးနေခဲ့သည်။
"လူကြီးမင်း၊ ထိုင်ပါဦး"
ကျိရွှေရှန့်က သူ့ကို ကျေးဇူးတင်စကားပြောလိုက်ပြီး ခုံတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် သူက ချက်ချင်း လက်သီးအုပ်လိုက်ပြီး အန်းကွမ်ရှင်းကို ဦးညွှတ်ကာ ထပ်ပြောလိုက်သည်။ "ထိုင်ခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ် စစ်သူကြီးမင်း။ အခြေအနေက အရေးတကြီးဖြစ်နေတော့ တိုတိုနဲ့ လိုရင်းကို ပြောပါ့မယ်"
“ပြောပါ!”
ကျိရွှေရှန့်က မည်မျှစိတ်လှုပ်ရှားနေသည်ကို မြင်နေရသောကြောင့် အန်းကွမ်ရှင်းကလည်း သူ ယူဆောင်လာပေးမည့် ထူးခြားသောပံ့ပိုးကူညီမှုကို သိချင်နေပြီး သူ့ကို ဆက်ပြောခွင့်ပြုလိုက်သည်။
“စစ်သူကြီးမင်း ကျေးဇူးပြုပြီး မသက်ဆိုင်တဲ့လူတွေကို ပြန်လွှတ်လိုက်ပါ။ ကျွန်တော်မျိုး ပြောတာကို ဒုတိယလူ သိလို့ မဖြစ်ဘူး”
ကျိရွှေရှန့်က လေးနက်သော အမူအရာဖြင့် တောင်းဆိုလိုက်ပြီး အနားတွင် ရှိနေသည့် လက်ထောက်တပ်မှူးတစ်ဦးက အန်းကွမ်ရှင်းကို ကမန်းကတန်း ဝင်ပြောလိုက်သည်။
"တပ်မှူး၊ ထောင်ချောက်ကို သတိထားပါ"
“ရတယ်။ မင်းတို့ ထွက်သွားလိုက်ကြ"
အန်းကွမ်ရှင်းက ငယ်ရွယ်ပြီး အမြဲတမ်း ပေါ့ပေါ့ပျက်ပျက် ပြုမူတက်သည်။ သူ့၏အတွေးထဲတွင် သာမာန်ရွာသားတစ်ယောက်က သူ့ကို ထိခိုက်နာကြင်စေရန် မဖြစ်နိုင်ဘူးဟုသာ ထင်ထားခဲ့သည်။ ထို့ကြောင့် သူက သူ့လက်ကို ပေါ့ပေါ့ဆဆ ဝှေ့ယမ်းလိုက်ပြီး သူ့၏လက်အောက်ငယ်သားများ အားလုံးကို မောင်းထုတ်လိုက်သည်။ ထို့နောက် သူက ကျိရွှေရှန့်ကို အမိန့်ပေးလိုက်သည်။
"မင်း ဆက်ပြောလို့ ရပြီ!"
"စစ်သူကြီးမင်း၊ ဒီလူက ဝန်ကြီးချုပ်ဝမ်ရဲ့တရားမဝင်သား ဝမ်ယွိရှန်းပါ။ ဒါက ဝန်ကြီးချုပ်ဝမ်နဲ့ စီရင်စုအသီးသီးမှာ ရှိနေတဲ့ အရာရှိတွေကြားထဲက ဆက်နွယ်မှုအထောက်အထားတွေပါ။ သူတို့ အကျင့်ပျက်ခြစားတဲ့ကိစ္စတွေနဲ့ ပတ်သတ်တဲ့ အရေးကြီးတဲ့ အထောက်အထားတွေကိုလည်း ကျွန်တော်မျိုး ရရှိထားပါတယ်။ ကျေးဇူးပြုပြီး စစ်သူကြီးက ကြည့်ပေးပါ"
ကျိရွှေရှန့်က မတ်တပ်ထရပ်လိုက်ပြီး စာရင်းစာအုပ်ကို အန်းကွမ်ရှင်းအား လက်နှစ်ဖက်ဖြင့် လှမ်းပေးလိုက်သည်။
"မင်း ဒါကို ဘယ်လိုရခဲ့တာလဲ?"
အန်းကွမ်ရှင်းက ငယ်ရွယ်သေးသော်လည်း သူက ငယ်ငယ်လေးနှင့် စစ်သူကြီးရာထူးကို ထမ်းဆောင်နိုင်ရန် အလုံအလောက် ထက်မြက်နေပြီ ဖြစ်သည်။ သူက တခြားသူကို လွယ်လွယ်နှင့် မယုံဘဲ ကျိရွှေရှန့်၏မျက်လုံးများကို စိုက်ကြည့်နေခဲ့သည်။
“ဒီလူတွေက ကျွန်တော်မျိုးရဲ့ညီမလေးကို ဖမ်းခေါ်သွားကြပါတယ်။ ကျွန်တော်မျိုးက ကျွန်တော်မျိုးရဲ့ညီမလေးကို ကယ်တင်ပေးချင်တာကြောင့် သူတို့ နောက်ကို လိုက်သွားခဲ့ပြီး ဒီဝမ်မျိုးရိုးနဲ့လူကို အလစ်အငိုက် ဖမ်းနိုင်ခဲ့ပါတယ်။ သူ့ကို ညှဉ်းပန်းနှိပ်စက်ပြီးတဲ့နောက်မှာ သူက သူ ဝန်ကြီးချုပ်ဝမ်ရဲ့တရားမဝင်သားဖြစ်ကြောင်း ဝန်ခံခဲ့ပြီး ဒီစာရင်းစာအုပ်ကိုလည်း ကျွန်တော်မျိုးဆီကို ပေးခဲ့ပါတယ်”
ကျိရွှေရှန့်က သူ ဤနေရာသို့ မလာခင်ကတည်းက အကြောင်းပြချက်တစ်ခု စဉ်းစားထားပြီး ဖြစ်ကာ ယခုမေးခွန်းက သူ့ကို မည်သို့မျှ မတုန်လှုပ်စေခဲ့ပေ။
“အိုး!”
အန်းကွမ်ရှင်းက ခေါင်းညိတ်လိုက်ပြီး စာရှင်းစာအုပ်ကို ပေါ့ပေါ့ပါးပါး လှန်ကြည့်လိုက်သည်။ သို့သော်လည်း သူက အနည်းငယ် စိတ်ရှုပ်နေသေးသည်။
ဒီစာအုပ်လောက်နဲ့ ဘယ်လိုလုပ်ပြီး ဝန်ကြီးချုပ်ဝမ် အကျင့်ပျက်ခြစားတာကို သက်သေပြနိုင်မှာလဲ? သူ လုံးဝ နားမလည်နိုင်ဘူး။
"စစ်သူကြီးမင်း၊ ဒီ ကျင်းကော် ၅၈ က ကျင့်ချန်ရဲ့ အုပ်ချုပ်ရေးအမတ်ကော်က သူတို့ကို ပေးခဲ့တဲ့ ငွေလျန်ပေါင်း ငါးသိန်းရှစ်သောင်းပါ"
ကျိရွှေရှန့်က အန်းကွမ်ရှင်းတစ်ယောက် စာရင်းစာအုပ်ထဲမှ လျို့ဝှက်စကားလုံးများကို နားမလည်နိုင်ဖြစ်နေကြောင်း တွေ့လိုက်ရပြီး ကူညီရှင်းပြလိုက်သည်။
"အင်း... ငါ အခုနားလည်သွားပြီ"
ထို့နောက်တွင် အန်းကွမ်ရှင်း၏ မျက်လုံးများက ပို၍ ပို၍ တောက်ပလာသည်။ ကျိရွှေရှန့်က သူ့ကို ထောက်ပြပြီးနောက် သူက အရာအားလုံးကို နားလည်သွားခဲ့သည်။ ဤစာရင်းစာအုပ်က အလွန်အရေးကြီးပြီး ထိုစာအုပ်မှတဆင့် ဝမ်ရှန့်ချန်နှင့် လျှို့ဝှက်ဆက်သွယ်နေသည့် အရာရှိများအားလုံးကို သူ ရှာဖွေနိုင်တော့မည် ဖြစ်သည်။
တာ့ရှားပြည်ထောင်မှာ အရာရှိတွေရဲ့ အဂတိလိုက်စားမှုနဲ့ အကျင့်ပျက်ခြစားမှုတွေကို တားဆီးနိုင်ဖို့အတွက် အရာရှိတွေအချင်းချင်း ကိုယ်ပိုင်ငွေလွှဲပြောင်းမှုပြုလုပ်တာကို အတိအလင်း တားမြစ်ထားတယ်။
ဒီစာအုပ်ထဲမှာ မှတ်ထားတဲ့ အလွဲသုံးစား ပြုလုပ်ခဲ့တဲ့ ငွေပမာဏက တိုင်းပြည်ဘဏ္ဍာတော်ထက်တောင် သုံးဆကျော်လောက် ပိုများနေပြီး ငွေပမဏက သန်းဆယ်ဂဏန်းနဲ့ ချီနေပြီ။
ဧကရာဇ်မင်းမြတ်သာ ဒီစာအုပ်ကို မြင်သွားရင် အရမ်းဝမ်းမြောက်ဝမ်းသာ ဖြစ်သွားမှာ သေချာတယ်။ ဒါက ဝမ်မိသားစုကို ဖြုတ်ချဖို့ အကောင်းဆုံးအခွင့်အရေးပဲ။ သူက သိသိသာသာ အကျိုးဆောင်ပြီး အန်းမိသားစုတစ်ခုလုံး သူတို့ရဲ့ဦးခေါင်းတွေကို မော့ထားနိုင်လိမ့်မယ်။
“နောက်တစ်ခု ရှိပါသေးတယ် စစ်သူကြီးမင်း၊ လောချန်မှာ ရှိတဲ့ ယုံဝမ်ကောက်နှံဆိုင်ကလည်း ဝမ်မိသားစုရဲ့ပိုင်ဆိုင်မှုဆိုတာကကို ကျွန်တော်မျိုး ရှာတွေ့ခဲ့ပါတယ်။ သူတို့က ကပ်ဘေးကယ်ဆယ်ရေးအတွက် စားနပ်ရိက္ခာတွေကို ခိုးယူပြီး စျေးကြီးကြီးနဲ့ ပြန်ရောင်းနေကြတယ်။ ကျွန်တော် အဲ့နေရာကို ရောက်သွားတုန်းက ကပ်ဘေး ကယ်ဆယ်ရေးအတွက် စားနပ်ရိက္ခာ တစ်သုတ် ပို့ထားတာကို တွေ့ခဲ့တယ်။ အခုအချိန် သွားလိုက်ရင် သူတို့ကို ချက်ချင်း ဖမ်းနိုင်မှာ သေချာပါမယ်”
ကျိရွှေရှန့်က အန်းကွမ်ရှင်း၏မျက်လုံးများထဲမှ မောက်မာမှုကို မြင်လိုက်ပြီး နောက်ထပ် လက်ဆောင်အကြီးကြီးတစ်ခု ထပ်ပေးလိုက်သည်။
"ဟား ဟား၊ ကောင်းတယ်... ကောင်းကင်ကတောင် ငါ့ကို ကူညီနေတာပဲ"
ကျိရွှေရှန့်၏ စကားကို ကြားသောအခါ အန်းကွမ်ရှင်းက စားပွဲကို ဆောင့်ကန်လိုက်ပြီး စိတ်လှုပ်ရှားစွာ ထရပ်လိုက်သည်။ သူက ဧကရာဇ်မင်းထံမှ ချီးမြှောက်ခံရပြီး ရာထူးတိုးသွားမည့် သူ့ကိုယ်သူ မြင်ယောင်နေသလို ဂုဏ်ယူစွာ ပြုံးနေပြန်သည်။ ထို့နောက် အန်းကွမ်ရှင်းက သူ့အတွက် သိသာထင်ရှားသောလက်ဆောင်တစ်ခု ယူဆောင်လာပေးသော ကျိရွှေရှန့်ကို စိတ်အားထက်သန်စွာ စိုက်ကြည့်လိုက်သည်။
“မင်း ဘာဆု လိုချင်လဲ?”
ကျိရွှေရှန့်က သူ့ကို လေးလေးနက်နက် ဦးညွှတ်လိုက်ပြီး "ကျွန်တော်မျိုးအတွက် အသက်ရှင်ဖို့ အခွင့်အရေးလေးတစ်ခုလောက် လိုချင်ပါတယ်"
"မင်း ဘာကို ဆိုလိုတာလဲ?"
အန်းကွမ်ရှင်းက မျက်ခုံးပင့်ကာ ကျိရွှေရှန့်ကို ပြန်မေးလိုက်သည်။
နေ့တစ်ဝက်လောက် အချိန်သုံးပြီး ကြိုးစားပမ်းစား ရောက်လာခဲ့ပေမယ့် အသက်ရှင်ဖို့ လိုချင်တာလား? ဆုလာဘ်တွေ မလိုချင်ဘူးလား?
“လမ်းတလျှောက်မှာ အရာရှိတွေနဲ့ စစ်သည်တွေက လူတွေကို ဖမ်းဆီးစစ်ဆေးတာတွေ ရှိနေတယ်။ ကျွန်တော်မျိုးက လုပ်ငန်းသေးသေးလေးအတွက် မြောက်ဘက်ကို သွားချင်ပေမယ့် စစ်ပွဲရဲ့ ပရမ်းပတာအခြေအနေကြောင့် အသက်ဆုံးရှုံးမှာကို ကြောက်ပါတယ်။ ကျေးဇူးပြုပြီး အသက်ကယ်တင်ပေးနိုင်မယ့် စာရွက်စာတမ်းလေး တစ်ခုလောက် ပေးရင် အဆင်ပြေပါတယ်”
ကျိရွှေရှန့်က ကပ်ဘေးမှ ရှောင်တိမ်းထွက်ပြေးလာသည့်အကြောင်းကို မပြောဘဲ စီးပွားရေးလုပ်ငန်းအသေးလေးဟုသာ ပြောလိုက်သည်။ ထို့ကြောင့် အန္တရာယ်ကင်းစွာ ခရီးသွားနိုင်ရန် အကောက်ခွန်ဆောင်ထားသည့် စာရွက်စာတမ်းများကို လိုချင်သည်ဟု ဆိုလိုသည်။
ကျိရွှေရှန့်၏စကားကို ကြားလိုက်သည်နှင့် အန်းကွမ်ရှင်းကလည်း ချက်ချင်း သဘောပေါက်သွားခဲ့သည်။ လမ်းတစ်လျှောက်တွင် စစ်သည်များက ဒုက္ခသည်များကို ဖမ်းဆီးသတ်ဖြတ်နေပြီး ဤလူက ပုန်ကန်သော ဒုက္ခသည်အဖြစ် စွပ်စွဲခံရမည်ကို ကြောက်နေသည်ဟု သူ နားလည်သွားခဲ့သည်။ ထို့ကြောင့် အန်းကွမ်ရှင်းက 'အန်း' ဟူသော စာလုံးပါသည့်တံဆိပ်ပြားတစ်ခုကို ထုတ်ယူပြီး ကျိရွှေရှန့်ကို လှမ်းပေးလိုက်သည်။
“ဒါက ကိစ္စသေးသေးလေးပါပဲ။ ဒီတံဆိပ်ပြားကို မင်းနဲ့အတူ ယူသွားလိုက်။ တကယ်လို့ မင်း စစ်သည်တွေနဲ့ တွေ့ခဲ့ရင် မင်းက ငါ့လူ ဖြစ်ကြောင်း သက်သေပြဖို့ အဲ့ဒါကို ထုတ်ပြလို့ ရတယ်”
"ကျေးဇူးတင်ပါတယ် စစ်သူကြီးမင်း။ စစ်သူကြီးမင်းသာ ရှိနေရင် တာ့ရှားပြည်ထောင်က မကြာခင်တိုးတက်စည်ပင်ဝပြောလာမှာ သေချာပါတယ်"
ကျိရွှေရှန့်က ခါးတံဆိပ်ပြားကို လှမ်းယူလိုက်ပြီး အန်းကွမ်ရှင်းကို ထပ်မံ မြှောက်ပင့်လိုက်သည်။ ထိုစကားက အန်းကွမ်ရှင်းကို အလွန်ပျော်ရွှင်စေပြီး သူ့ကိုယ်သူ အလွန် ဂုဏ်ယူသွားစေခဲ့သည်။ သူက သူ ပျော်နေသည့်အချိန်တွင် တခြားလူများအား ဆုလာဒ်များ ပေးရသည်ကို ကြိုက်နှစ်သက်သည့်အပြင် ကျိရွှေရှန့်က သူ့အတွက် ထူးထူးခြားခြား လက်ဆောင်နှစ်ခု ပေးခဲ့သောကြောင့် သူအနေဖြင့် ကျိရွှေရှန့်ကို ဆုချခြင်းက ကျိုးကြောင်းဆီလျော်လှသည်။
“တစ်ယောက်လောက် လာခဲ့ဦး၊ ငွေလှန်ငါးရာ ထုတ်ယူပြီး ဒီက ညီအစ်ကိုကို ဆုချလိုက်ကြ”
"ကျေးဇူးတင်ပါတယ် စစ်သူကြီးမင်း"
ကျိရွှေရှန့်က လက်သီးအုပ်ပြီး ကျေးဇူးတင်လိုက်သည်။
ဒီခရီးစဉ်က မဆိုးဘူး။ အလုပ်ပြီးမြောက်တဲ့အပြင် ဝင်ငွေလည်း ရခဲ့တယ်။
“အားလုံး အမိန့်ကို နာခံကြ... မြို့ထဲကို ဝင်မယ်”
အန်းကွမ်ရှင်းက ကျိရွှေရှန့်ကို ဆုလာဒ်များ ပေးလိုက်ပြီး သူ့၏ လက်အောက်ငယ်သားများအား ၎င်းတို့၏တပ်များကို စုစည်းရန် အမိန့်ပေးလိုက်သည်။
ထိုစခန်းမှ ထွက်လာပြီးနောက်တွင် ကျိရွှေရှန့်၏မျက်နှာပေါ်မှ ဖြူစင်သောအပြုံးက ပျောက်ကွယ်သွားပြီး သူက နောက်သို့ ပြန်လှည့်ကြည့်ကာ စိတ်အားထက်သန်နေသည့် အန်းကွမ်ရှင်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
'မင်းတို့ အချင်းချင်း ရန်ဖြစ်မှ ငါ အခွင့်အရေး ရမှာပေါ့'
အန်းကွမ်ရှင်းက သူ့၏တပ်များကို မြို့ထဲသို့ ခေါ်ဆောင်သည်ကို ကြည့်နေပြီးနောက် ကျိရွှေရှန့်က သူ့၏ရတနဓားကို ဝှက်ထားသည့် တောထဲသို့ မဝင်မီ သူ့နောက်သို့ မည်သူမျှ လိုက်မလာကြောင်း သေချာစေရန် စစ်ဆေးလိုက်သည်။ သို့သော်လည်း ထိုနေရာသို့ အရောက်တွင် သူ့၏လွမ်တောင်က ပျောက်ကွယ်သွားသည်ကို သူ တွေ့လိုက်ရသည်။