ရေချိုးဖို့ သင့်တော်တယ်
Vol. 14 Ch. 197
ဒီလွမ်တောင်က သူ့အဖေချန်ထားခဲ့တဲ့ အမွေအနှစ်ပဲ။ သူက အဲ့ဒါကို ပျောက်ဆုံးစေရင် သူ အပြစ်သားဖြစ်သွားလိမ့်မယ်။
ကျိရွှေရှန့်က အန်းကွမ်ရှင်း၏စခန်းသို့ သွားရန် စိတ်အားထက်သန်နေပြီး လွမ်တောင်ကို သစ်ခေါင်းထဲတွင် ဝှက်ထားခဲ့သည်။
အခု ဘယ်လို ပျောက်သွားတာလဲ?
သူက သူ သစ်ပင်မှားမှာကို စိုးရိမ်တာကြောင့် ဒီသစ်ပင်ရဲ့ပင်စည်ပေါ်မှာ အမှတ်အသားတစ်ခုကို ရှင်းရှင်းလင်းလင်း ချန်ထားခဲ့တယ်လေ။ သူ လုံးဝ မမှားနိုင်ဘူး။ ဖြစ်နိုင်တာက သူ ဓားကို ဖွက်နေတဲ့ အချိန်မှာ တစ်ယောက်ယောက်က တွေ့သွားပြီး သူ ထွက်သွားတာနဲ့ အဲ့လူက သစ်ပင်ပေါ်ကိုတက်ပြီး သူ့ရဲ့ရတနာဓားကို ခိုးသွားတာဖြစ်နိုင်တယ်။
ကျိရွှေရှန့်က စိုးရိမ်စိတ်ဖြင့် ပူလောင်နေသော်လည်း သူ့ထံတွင် ဘာသဲလွန်စမှ မရှိခဲ့ပေ။ ဤသစ်တောက လမ်းကြောင်းများ အားလုံးနှင့် ဆက်စပ်နေပြီး လွမ်တောင်က မည်သည့်အချိန်တွင် ပျောက်ဆုံးသွားသည်ကိုပင် သူ မသိနိုင်တော့ပေ။ ထိုအရာက ပင်လယ်ထဲသို့ နစ်မြုပ်သွားသည့် ကျောက်တုံးနှင့်သာ တူနေတော့သည်။
ကျိရွှေရှန့်က အချိန်အတော်ကြာအောင် ရှာဖွေနေခဲ့သော်လည်း သူ့ဓားကို ပြန်မတွေ့တော့ဘဲ ရွာသားများ စခန်းချသည့်နေရာသို့ အလျင်အမြန် ပြန်လာခဲ့ရသည်။
လောချန်တွင် အန်းကွမ်ရှင်းက သူ၏တပ်များခေါ်ဆောင်ကာ ယုံဝမ်ကောက်နှံဆိုင်သို့ ရောက်လာခဲ့သည်။ သူက သူ့လူများကို ပင်မဝင်ပေါက်မှ ချက်ချင်း မဝင်စေဘဲ စပါးဆိုင်တစ်ခုလုံးကို ဝန်းရံစေပြီးမှ အနောက်တံခါးဆီသို့ ဦးတည့်လိုက်သည်။ သူတို့ ဖောက်ထွင်းဝင်ရောက်လိုက်သည်နှင့် မသမာသူများကို ဖမ်းမိခဲ့ကြသည်။
သူက ထိုဆိုင်မှ လူများ အားလုံးကို ဖမ်းဆီးခဲ့ပြီး ကျိရွှေရှန့်ပေးခဲ့သော ဝမ်မိသားစု၏ အကျင့်ပျက်ခြစားမှု စာရင်းစာအုပ်ကို မြို့တော်သို့ အရေးတကြီး ပို့ဆောင်ရန် ခြေမြန်တော်များ စေလွှတ်လိုက်သည်။
ထိုအဖြစ်အပျက်များ ပြီးစီးသွားပြီး နှစ်ရက်အကြာမှသာ ဝမ်ယွိလင်က လောချန်တွင် ဖြစ်ပျက်ခဲ့သည့်အရာများကို သိရှိခဲ့ရသည်။ ကပ်ဘေးကယ်ဆယ်ရေးအတွက် ရိက္ခာများကို ခိုးယူခြင်းက ဆိုးရွားသော ရာဇ၀တ်မှုတစ်ခု ဖြစ်သော်လည်း ဝမ်ယွိလင်ကလည်း ထိုကိစ္စကို လုံးဝ ဂရုမစိုက်ပေ။ သူအတွက် အကြီးမားဆုံးသော စိုးရိမ်မှုက သူ့အဖေ၏တရားမဝင်သားနှင့် စာရင်းစာအုပ်ကို ဆုံးရှုံးလိုက်ရခြင်းပင် ဖြစ်သည်။
အဲဒီ အရာရှိတွေ အကုန်လုံးက သူတို့မိသားစုက သိမ်းသွင်းထားပြီး ရင်းနှီးမြုပ်နှံထားတဲ့ လူတွေလေ။ ဧကရာဇ်က သူတို့ကို ထိန်းချုပ်ပြီး ရှင်းထုတ်ပစ်လိုက်ရင် ဝမ်မိသားစုဘက်မှာ သိသိသာသာ ဆုံးရှုံးမှုတွေ ဖြစ်သွားလိမ့်မယ်။
"ဘယ်သူ လုပ်လိုက်တာလဲ?"
ဝမ်ယွိလင်က ဒေါသတကြီး အံကြိတ်နေပြီး အခုတလော သူတို့၏ဝမ်မျိုးနွယ်ဝင်များ ကံမကောင်းစွာဖြင့် မတော်တဆမှုများစွာ ကြုံတွေ့နေရသည်ဟု တွေးနေခဲ့သည်။
လုယွဲ့က သူ့၏အမွေးပွယပ်တောင်ကို ဝှေ့ယမ်းလိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်နေရင်း ဝမ်ယွိလင်ကို ပြန်ဖြေလိုက်သည်။
"ခိုစာတွေအရတော့ အန်းကွမ်ရှင်းက သူ့တပ်တွေကို ဦးဆောင်ပြီး ယုံဝမ်ကောက်နှံဆိုင်ကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။ စာရင်းစာအုပ်နဲ့ ဝမ်ယွိရှန်းက ဘယ်သူနဲ့အတူ ရှိနေလဲဆိုတာ မသိရသေးပါဘူး။ ဧကရာဇ်ရဲ့လက်ထဲကို ကျရောက်သွားရင်တော့ ကျွန်တော်တို့အတွက် သိသာထင်ရှားတဲ့ အားနည်းချက်ဖြစ်သွားလိမ့်မယ်”
“ဧကရာဇ်က ငါတို့ရဲ့ဝမ်မိသားစုကို ဖြုတ်ချဖို့ မစောင့်နိုင်ဖြစ်နေတာလေ၊ ဒီစာရင်းစာအုပ် မရှိရင်တောင် သူက ဝမ်မိသားစုကို ဆက်ပြီး ကြီးထွားခွင့်ပေးမှာ မဟုတ်ဘူး”
ဝမ်ယွိလင်၏မျက်နှာက မှုန်မှိုင်းနေပြီး မကြာမီ မုန်တိုင်းတိုက်တော့မည် ကောင်းကင်ကြီးကဲ့သို့ မည်းမှောင်နေသည်။ သူက သူ့ခေါင်းကို မော့လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်နေကာ “ဧကရာဇ်က သူ့ရဲ့ကံကြမ္မာကို နားလည်ဖို့ ငါတို့ သူ့ကို လုံလုံလောက်လောက် ဒုက္ခမပေးခဲ့မိပုံရတယ်။ ကောင်းကင်က ဘယ်လောက်မြင့်ပြီး မြေကြီးက ဘယ်လောက်နက်တယ်ဆိုတာ မသိတဲ့ အန်းမိသားစုက ကောင်လေးကိုတော့ ချန်ထားဖို့ မလိုတော့ဘူး"
ကျိရွှေရှန့်က မျှော်လင့်ထားသည့်အတိုင်း အန်းမိသားစုနှင့် ဝမ်မိသားစုက သေသည်အထိ တိုက်ခိုက်ကြရတော့မည် ဖြစ်သည်။
လွမ်ဆောင်ကို ပြန်မရှာနိုင်ခဲ့သော ကျိရွှေရှန့်ကလည်း သူတို့အနားယူသည့်နေရာသို့ ပြန်သွားရန်မှတပါး ရွေးချယ်စရာ မရှိခဲ့ပေ။ သူ ပြန်ရောက်လာသည်ကို တွေ့လိုက်သည်နှင့် ချိုးယုံခန်းက စိတ်သက်သာရာရသွားပြီး အခေုအနေကို မေးမြန်ရန် အမြန် ပြေးလာခဲ့သည်။
"အခြေအနေ ဘယ်လိုလဲ?"
"အားလုံး အဆင်ပြေသွားပြီ။ မင်းရော? စာရွက်စာတမ်းတွေ ရေးပြီးပြီလား?"
ကျိရွှေရှန့်က ချိုးယုံခန်းအား အတိုချုံး ရှင်းပြလိုက်ပြီး သက်တော်စောင့်လုပ်ငန်းအတွက် စာရွက်စာတန်းများ ပြင်ဆင်မှုကို ပြန်မေးလိုက်သည်။
"ငါဘက်က ပြီးသွားပြီ။ တစ်ခုခု လွဲချော်နေတာ ရှိ မရှိ မင်း စစ်ကြည့်လိုက်ဦး"
ချိုးယုံခန်းက သူ့လုပ်ထားသော သက်တော်စောင့်လုပ်ငန်း၏ စာရွက်စာတမ်း အတုများကို ထုတ်ယူလိုက်သည်။ ၎င်း၏အပေါ်တွင် လောချန်မှ စီရင်စုအမတ်၏တံဆိပ်တုံးကို ရိုက်နှိပ်ထားခဲ့သည်။
ကျိရွှေရှန့်က ထိုစာရွက်စာတမ်းများကို စစ်ဆေးလိုက်ပြီး ခေါင်းညိတ်လိုက်ကာ “အင်း... မှန်တယ်...အားလုံး အတူတူပဲ။ ဒါနဲ့ဆိုရင် ငါတို့ မြန်မြန် ခရီးဆက်လို့ ရလိမ့်မယ်"
"ပြီးတော့ ငါလည်း အာမခံနောက်တစ်ခု ရလာခဲ့တယ်"
ကျိရွှေရှန့်က အန်းကွမ်ရှင်း ပေးလိုက်သည့် ခါးတံဆိပ်ပြားကို ထုတ်ယူပြီး ချိုးယုံခန်းကို ပြသလိုက်သည်။
"စစ်သူကြီးအန်းရဲ့ ခါးချိတ် တံဆိပ်ပြား... အဲဒါက အရမ်းကောင်းတယ်။ ငါတို့ ပိုပြီး လုံခြုံသွားလိမ့်မယ်”
ချိုးယုံခန်းက ထိုသို့သော အံ့အားသင့်ဖွယ် ကံကောင်းမှုကို မမျှော်လင့်ထားခဲ့ပေ။ သူက တံဆိပ်ပြားကို စိတ်အားထက်သန်စွာ လှမ်းယူလိုက်ချိန်တွင် ကျိရွှေရှန့်က သူ့ကို ငွေလျန်ငါးရာပါ တစ်ခါတည်း လှမ်းပေးလိုက်သည်။
“ငွေစက္ကူလက်မှတ်တွေလည်း ရှိသေးတယ်”
"ရွှေရှန့်၊ မင်းက အရမ်း တော်လွန်းတယ်"
ယခုအချိန်တွင် ချိုးယုံခန်းက ပို၍ပင် စိတ်လှုပ်ရှားနေခဲ့သည်။
ဒီတစ်ကြိမ်မှာ ရွှေရှန့်က ငှက်သုံးကောင်ကို ကျောက်ခဲတစ်လုံးနဲ့ သတ်နိုင်ခဲ့တယ်။ ခရီးစဉ်တစ်ခုထဲမှာ ပန်းတိုင်သုံးခုတောင် အောင်မြင်ခဲ့တယ်။ ငွေကြေးရယ်.... လမ်းခရီးက အတားအဆီးတွေကို ဖြတ်ကျော်ဖို့ အာမခံချက်ရယ်... သူ လက်စားချေဖို့ နန်းတွင်းက လူတွေကို အနှောင့်အယှက်ပေးနိုင်ခဲ့တာရယ်....
“ဒီ ဒုက္ခပေးနိုင်တဲ့နေရာကနေ မြန်မြန်ထွက်သွားရအောင်။ ငါတို့ ဒီတံဆိပ်ပြားကို အကြာကြီး သုံးနိုင်ပါ့မလားတောင် မသိဘူး”
ကျိရွှေရှန့်က ချိုးယုံခန်းလောက် မပျော်နိုင်ပေ။
အန်းမိသားစုက ဝမ်မိသားစုလောက် အင်အားမကြီးသေးဘူး။ အန်းကွမ်ရှင်းက စာရင်းစာအုပ် ရသွားတာကို ဝမ်မိသားစုက သိသွားရင် အန်းကွမ်ရှင်း အသက်မရှင်နိုင်လောက်တော့ဘူး။
တကယ်လို့ ဝမ်မိသားစုက အန်ကွမ်ရှင်းကို သတ်လိုက်မယ်ဆိုရင် ဝမ်မိသားစုက အန်းကွမ်ရှင်းဆီကို စာရင်းစာအုပ် အပ်လိုက်တဲ့လူကို သိသွားပြီလို့ ဆိုလိုတယ်။ အဲအချိန်ရောက်ရင် သူ ဒီမျက်နှာကို မသုံးနိုင်တော့သလို ဒီတံဆိပ်ပြားကိုလည်း မသုံးနိုင်လောက်တော့ဘူး။
"စူးချင်း ဘယ်မှာလဲ?"
ကျိရွှေရှန့်က ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သော်လည်း စူးချင်းကို မတွေ့ရပေ။ ထို့အပြင် သူ့ညီမနှင့် တခြားကောင်မလေးများလည်း မရှိသောကြောင့် သူက ချိုးယုံခန်းကို မေးမြန်းလိုက်သည်။
“သူတို့က ဆေးပင်နဲ့ တောရိုင်းဟင်းရွက်တွေ ရှာဖို့ တောင်ပေါ်တက်သွားကြတယ်။ စိတ်မပူပါနဲ့။ ကျုံးယုံက သူတို့နောက်ကို လိုက်သွားတယ်!"
ချိုးယုံခန်းက တံဆိပ်တုံးအတု ရေးထွင်းရန် အလုပ်များနေခဲ့ပြီး စူးချင်းက ဆေးပင်ရှာရန် မိန်းကလေးများကို တောင်ပေါ်သို့ ခေါ်ဆောင်သွားသည်ကို မြင်လိုက်ရသောကြောင့် သူမတို့ကို ကာကွယ်ပေးနိုင်ရန် ကျုံးယုံကို လိုက်သွားခိုင်းခဲ့သည်။
စူးချင်းအတွက် သူ့၏အကာအကွယ်ကို မလိုအပ်ကြောင်း ကျုံးယုံက သိနေသော်လည်း သူက သူမတို့နောက်သို့ အေးအေးဆေးဆေး လိုက်သွားခဲ့သည်။
"ကောင်းပြီ၊ အားလုံးကို ထုပ်ပိုး ခိုင်းလိုက်တော့။ စူးချင်းနဲ့ တခြားသူတွေ ပြန်လာရင် ငါတို့ မြန်မြန် ခရီးဆက်ကြမယ်"
ကျိရွှေရှန့်က ခေါင်းညိတ်လိုက်ပြီး ချိုးယုံခန်းကို သတင်းစကား ဖြန့်ခိုင်းလိုက်သည်။
ချင်ဖုန်းက မြေးဖြစ်သူ၏မျက်လုံးများမှ စိုးရိမ်ပူပန်မှုကို မြင်သွားပြီး စိုးရိမ်စိတ်ဖြင့် မေးမြန်းလိုက်သည်။
"မင်း ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူးလား?"
“လုပ်နိုင်ခဲ့ပါတယ်”
ကျိရွှေရှန့်က သူ့အဘိုးကို အမှတ်တမဲ့ ပြန်ဖြေလိုက်သည်။
"ဒါဆို မင်းက ဘာလို့ စိတ်ဓာတ်ကျနေတဲ့ပုံ ပေါက်နေရတာလဲ?"
ကျိရွှေရှန့်၏ စိတ်ခံစားချက်က တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိနေသောကြောင့် ချင်ဖုန်းက ထပ်မေးလိုက်ပြီး ကျိရွှေရှန့်၏အမူအရာက ပို၍ ဆိုးရွားလာကာ "ကျွန်တော် အဖေ့ရဲ့လွမ်တောင်ကို ပျောက်သွားအောင် လုပ်ခဲ့မိတယ်"
"ပျောက်သွားတာလား?"
ချင်ဖုန်းထံမှ အသံအကျယ်ကြီး ထွက်လာခဲ့သည်။
လွမ်တောင်က ရှောင်းဟမ် အမြတ်နိုးဆုံးအရာလေ။
"ကျွန်တော် သတိလက်လွတ် ဖြစ်သွားခဲ့တယ်"
ကျိရွှေရှန့်က ပို၍ပင် စိတ်ဓာတ်ကျလာပုံရသည်။ သူ့မြေးလေးက စိတ်ထိခိုက်နေသည်ကို မြင်လိုက်ရသောကြောင့် ချင်ဖုန်းက သူ့ကို အမြန်နှစ်သိမ့်ပေးလိုက်သည်။
“အဖိုးတန်တဲ့ ဓားတွေက သူတို့ရဲ့သခင်ကိုပဲ အသိအမှတ် ပြုကြတယ်။ နောင်မှာ မင်းဆီကို ပြန်ရောက်လာတာမျိုး ဖြစ်နိုင်ပါသေးတယ်"
ကျိရွှေရှန့် သူ့အဘိုးနှင့် စကားပြောနေချိန်တွင် သူ့ညီမလေးနှင့် ထောင်ဟွားဝူမှ မိန်းကလေးများ ပြန်လာသည်ကို တွေ့လိုက်ရသည်။ ကျိရှောင်ယင်၏လက်ထဲတွင် သမင်တစ်ကောင် ကိုင်ဆောင်ထားပြီး လီရွှမ်းအာနှင့် ကျန်းယွိရန်တို့က တောယုန်များနှင့် တောငှက်များကို သယ်ဆောင်လာကြသည်။ သူမတို့အားလုံးက လမ်းလျှောက်နေရင်း ပျော်ပျော်ရွှင်ရွှင် ရယ်မောကာ စကားစမြည် ပြောလာကြသည်။
ကျုံးယုံက သူ၏သံတူကြီးနှစ်ချောင်းကို ကိုင်ဆောင်ထားရင်း ကောင်မလေးများ၏နောက်မှ လိုက်ပါလာခဲ့သည်။ သူက ယခင်အချိန်က သင်ခန်းစာကို မှတ်မိနေသေးပြီး လမ်းတွင် သူမြင်ခဲ့ရသည့် သားကောင်များ၏နောက်သို့ပင် လိုက်မသွားရဲတော့ပေ။ ထိုအစား သူက ကျိရှောင်ယင်နှင့် အခြားမိန်းခလေးများ၏နောက်မှ အနီးကပ် လိုက်ပါလာခဲ့သည်။
"အစ်ကိုကြီး၊ ညီမလေး ပစ်လာတာကို ကြည့်ပါဦး"
ကျိရွှေရှန့်ကို မြင်လိုက်ချိန်တွင် ကျိရှောင်ယင်က သူမ၏အစ်ကိုကို ပြသရန် သမင်ကို ဂုဏ်ယူစွာ မြှောက်ပြလိုက်သည်။
"အဲ့ဒါကို ရှောင်ယင် ပစ်လာတာလား?"
သူ့ညီမလေးကို မြင်လိုက်ရချိန်တွင် ကျိရွှေရှန့်၏စိတ်တိုဒေါသထွက်မှုက အနည်းငယ် သက်သာသွားပြီး သူက သူ့ညီမလေးကို ပေါ့ပေါ့ပါးပါး ပြန်မေးလိုက်သည်။
"ဟုတ်တယ်၊ ညီမလေး ဒါကို တောင်ပေါ်ရောက်ရောက်ချင်း မြင်လိုက်တာ၊ ပြီးတော့ ဒူးလေးနဲ့ ပစ်လိုက်တယ်"
ကျိရှောင်ယင်က ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။ သူမ၏ ဂုဏ်ယူဝင့်ကြွားသော အပြုံးလေးက နေရောင်အောက်တွင် အထူးလှပနေသည်။ ချိုးယုံခန်းက လမ်းလျှောက်လာနေပြီး ကျိရှောင်ယင်၏အပြုံးကို မြင်သွားကာ သူ၏လေးနက်တည်ငြိမ်သော မျက်နှာကလည်း လိုက်ပြုံးနေလေသည်။
"အကိုကြီး၊ ကျွန်တော် သူတို့ကို ပြန်ခေါ်လာခဲ့ပြီ"
ကျုံးယုံက သူ၏သံတူကြီးများနှင့်အတူ လျှောက်လာပြီး သူ့၏အစ်ကိုကြီးကို လှမ်းပြောလိုက်သည်။
ထို့နောက် သူက “စူးချင်းက တောင်ပေါ်မှာ ရှိနေတုန်းပဲ။ ကျွန်တော် ပြန် သွားရှာလိုက်ဦးမယ်”
“မင်း ဒီမှာပဲ နေပြီး ကူညီထုပ်ပိုးပေးလိုက်... ငါ သွားကြည့်လိုက်မယ်"
ကျိရွှေရှန့်က ကျုံးယုံကို လှမ်းတားလိုက်ပြီး ရွာသားများကို အကာအကွယ်ပေးရန်နှင့် ပစ္စည်းများ ကူညီထုပ်ပိုးရန် သူ့ကို ထိုနေရာတွင် နေခိုင်းလိုက်သည်။ သူတို့ အဖွဲ့က လူများလွန်းသောကြောင့် ပရမ်းပတာ ဖြစ်တက်ပြီး သက်ကြီးရွယ်အိုများ၊ အားနည်းသူများ၊ ဖျားနာသူများ၊ မသန်စွမ်းသူများက ဖြည်းဖြည်းချင်းသာ လှုပ်ရှားနိုင်သောကြောင့် တစ်ယောက်ယောက်က ကူညီပေးရန် လိုအပ်လေ့ရှိသည်။
"ဦးလေးချွီနဲ့ ဦးလေးကျန်း ရှိတယ် မဟုတ်ဘူးလား?"
ကျုံးယုံက ဤနေရာတွင် မနေချင်ပေ။ သူက တောင်ပေါ်တွင် တောဝက်တစ်ကောင် တွေ့ခဲ့ပြီး မဖမ်းခဲ့ရသောကြောင့် သူ့စိတ်ထဲမှ နာကျင်နေခဲ့ရသည်။
ကျိရွှေရှန့်၏မျက်နှာက မည်းမှောင်သွားပြီး "မင်းကို နေဖို့ပြောရင် နေလေ"
“ကောင်းပါပြီ”
ကျုံးယုံက နှုတ်ခမ်းစူလိုက်သော်လည်း သဘောတူလိုက်ရသည်။ သို့သော်လည်း သူက တောင်တန်းကြီးကို မဝံ့မရဲ လှမ်းကြည့်နေခဲ့သည်။
သူ့ရဲ့အသားကတော့ ပျောက်သွားပြီ။ စူးချင်း ချက်တဲ့ တောဝက်အသားက အရမ်းအရသာ ရှိတာကို အခုတော့ သွားပြီ။
ကျိရွှေရှန့်က ကျုံးယုံကို လုံးဝ ဂရုမစိုက်ပေ။
ကျုံးယုံက မပျော်မရွှင် ဖြစ်နေလည်း သူက အဲ့တာတွေကို မျက်စိတစ်မှိတ်အတွင်း ပြန်မေ့သွားတက်တယ်။
စူးချင်းက မိန်းကလေးများကို အရင် ပြန်လွှတ်လိုက်ရသည့် အကြောင်းပြချက်က သူမက တောင်ပေါ်တွင် ဆေးများကို တခါတည်း ပြင်ဆင်ချင်သောကြောင့် ဖြစ်သည်။ စူးချင်းက သူမ ဆေးဖော်လျှင် တခြားသူများကို ကြည့်ခွင့်မပေးခြင်းအား ကျင့်သားရနေကြပြီ ဖြစ်သောကြောင့် ကောင်မလေးများကလည်း မကန့်ကွက်ကြပေ။ သူမတို့က သူမတို့ ခူးဆွတ်ထားခဲ့သော ဆေးပင်များကို ပေးခဲ့ပြီး အရင်ပြန်သွားကြသည်။
စူးချင်းက ဆေးပင်များအားလုံးကို စနစ်ထဲသို့ မထည့်မီ သူမတို့အားလုံး အဝေးသို့ ရောက်သွားရန် စောင့်ဆိုင်းနေခဲ့သည်။ သူမ ဆေးပင်များကို ထည့်ပေးလိုက်ချိန်တွင် ရှောင်ချီက အလွန်ပျော်ရွှင်နေပြီး သူမက ထိုနေရာတွင် အဆင်မပြတ် လှည့်ပတ်ကာ ကုခုန်နေခဲ့သည်။
နောက်ဆုံးတော့ ဆေးသေတ္တာအလွတ်ကြီးကို ပြည့်ဖြည့်နိုင်ခဲ့ပြီ။ သခင်က အရမ်း အလုပ်ကြိုးစားတယ်။
စူးချင်းက ရေသံအတိုင်း လျှောက်လာခဲ့ပြီး စမ်းချောင်းငယ်လေးတစ်ခုကို တွေ့သွားခဲ့သည်။ ထိုစမ်းချောင်းနားတွင် ဘယ်သူမှ မရှိဘဲ တောင်ပေါ်မှ စီးဆင်းလာသော ရေများက ထိုစမ်းချောင်းလေးထဲသို့ စီးဝင်နေခြင်း ဖြစ်သည်။ နံနက်ခင်းနေရောင်နှင့် ထိတွေ့ပြီးနောက်တွင် စမ်းရေက နွေးနွေးထွေးထွေး ရှိမည့်ပုံပေါ်နေပြီး ရေချိုးရန် သင့်တော်လှသည်။
(T/N: သိပ်မကြာခင် ဇာတ်လမ်းတွေ စတော့မယ်နော်.... မုတ်ဆိတ်မွေးနဲ့လူကြမ်းကြီးက ချင်းအာတဲ့)