သူမနှလုံးသားထဲမှာ သူရှိနေကြောင်း သက်သေပြနေတယ်
Vol. 14 Ch. 198
စူးချင်းက သူမ၏ပတ်ဝန်းကျင်ကို စူးစမ်းလိုက်ပြီး ဤနေရာက လူသူအရောက်အပေါက်နည်းသော ဝေးလံခေါင်သီသည့် တောအုပ်တစ်ခုဖြစ်ကြောင်း နားလည်လိုက်သည်။ ကပ်ဘေးဒုက္ခသည်များက ဤကဲ့သို့သော တောနက်ထဲသို့ မဝင်ရဲကြပေ။ ထို့အပြင် နေ့ခင်းကြောင်တောင်၌ ဤနေရာသို့ မည်သူမျှ မလာလောက်ဘူးဟု တွေးမိသောကြောင့် စူးချင်းက ရေချိုးရန် သူမ၏အဝတ်အစားများ ချွတ်ပြီး စမ်းချောင်းလေးထဲသို့ ဆင်းသွားခဲ့သည်။
ပထမဦးစွာ သူမက သူမ၏အဝတ်အစားများကို စမ်းရေဖြင့် လျှော်ဖွတ်လိုက်ပြီး ကျောက်ဆောင်ကြီးတစ်ခုပေါ်တွင် တင်ထားလိုက်သည်။ နေပူရှိန်က ပြင်းထန်နေသောကြောင့် အဝတ်များက ခဏတာအတွင်း ခြောက်သွားပေလိမ့်မည်။
ထို့နောက် စူးချင်းက နောက်သို့ ပြန်လှည့်ကာ စမ်းရေထဲသို့ ခုန်ဆင်းလိုက်ပြီး သူမ စိတ်ကျေနပ်သည်အထိ ရေထဲတွင် လွတ်လွတ်လပ်လပ် ကူးခတ်နေခဲ့သည်။ သူမ ထိုကဲ့သို့ စိတ်လွတ်ကိုယ်လွတ် အနားမယူနိုင်သည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်သည်။ ရေထဲတွင် သူမက အလှပဆုံး ဆီဆေးပန်းချီထဲမှ ဖြူစင်သော ရေသူမလေးနှင့်တူနေခဲ့သည်။
ကျိရွှေရှန့်က တောထဲသို့ ဝင်လာခဲ့သော်လည်း စူးချင်းကို ရှာမတွေ့ဘဲ တိုက်တိုက်ဆိုင်ဆိုင်ဖြင့် စမ်းချောင်းဘက်သို့ ရောက်လာခဲ့သည်။ သူက ရေငတ်နေပြီး စူးချင်းကို ဆက်မရှာခင် ရေတစ်ငုံလောက် သောက်ရန် တွေးလိုက်မိသည်။ သို့သော်လည်း သူ့သွေးများကို ဆူပွက်စေလောက်မည့် မြင်ကွင်းမျိုးကို မြင်ရမည်ဟုတော့ သူ မမျှော်လင့်ထားခဲ့မိပေ။
ကျောက်စိမ်းဖြူရောင်ခန္ဓာကိုယ်လေးတစ်ခုက စိမ်းဖျော့ဖျော့ရေမျက်နှာပြင်ပေါ်တွင် အပြန်အလှန် ကူးခတ်နေပြီး လှိုင်းလေးများကို ဖန်တီးနေလေသည်။ သူမ၏လက်များနှင့် ခြေထောက်များက သူမ၏ခန္ဓာကိုယ်လေးနှင့် လိုက်လျောညီထွေဖြစ်အောင် ဆန့်ထွက်နေပြီး သူမ၏အနက်ရောင်ဆံပင်များက ရေပေါ်တွင် ပြန့်ကျဲနေကာ သူမက ရေပေါ်တွင် လှပစွာ ကခုန်နေသည့် နတ်သူငယ်လေးတစ်ကောင်နှင့် တူနေခဲ့သည်။
ကျိရွှေရှန့်၏မျက်လုံးများက ကျဉ်းမြောင်းလာပြီး သူ့ခန္ဓာကိုယ်ရှိ သွေးများက သူ့မျက်နှာပေါ်သို့ ထိုးတက်လာကာ သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားတော့သည်။ ထိုအခိုက်အတန့်တွင် သူ့၏အတွင်းစိတ်ထဲမှ အသံတစ်ခုကလည်း အော်ဟစ်နေခဲ့သည်။
‘ရေချိုးနေတဲ့ မိန်းခလေးတစ်ယောက်ကို ချောင်းကြည့်နေတာက လူကြီးလူကောင်းတစ်ယောက်ရဲ့ အပြုအမူ မဟုတ်ဘူး။ အဲ့လို ကြည့်တာက မသင့်တော်ဘူး။ အဲ့လို ကြည့်တာက မမှန်ဘူး.....’
သို့သော်လည်း သူ့၏ခန္ဓာကိုယ်က အလွန်ရိုးသားနေပြီး သူ့၏အတွေးက သူ့၏အမြင်အာရုံကို လုံးဝ မထိန်းနိုင်ဘဲ နတ်သမီးနှင့်တူသော အမျိုးသမီးလေးကို စိုက်ကြည့်နေမိသည်။ ထို့နောက်တွင်မူ သူ့၏နှာခေါင်းက ရုတ်တရက် ပူလာပြီး သွေးများ စီးကျလာသည်။
ကျိရွှေရှန့်က သူ့နှာခေါင်းကို သူ့လက်နှစ်ဖက်ဖြင့် ကမန်းကတန်း ဖုံးအုပ်လိုက်သည်။ ထိုအချိန်တွင် ရေထဲရှိ အမျိုးသမီးလေးက ပက်လက်လှန်လိုက်ပြီး သူမ၏ သွယ်လျသော လက်မောင်းများကို ကျောဘက်သို့ ပို့ကာ ရေကို ယက်နေပြီး သူမ၏ သေးသွယ်သော ခြေတံရှည်နှစ်ချောင်းဖြင့် ရေမျက်နှာပြင်ကို ပုတ်ခတ်နေလေသည်။ ကျိရွှေရှန့်က သူ မြင်သင့်သောအရာများအပြင် မမြင်သင့်သောအရာများအားလုံးကိုပါ မြင်လိုက်ရသည်။
ဒါကို ဘယ်သူက ခံနိုင်ရည်ရှိမှာလဲ?
ကျိရွှေရှန့်က သူ့သွေးထွက်နေသော နှာခေါင်းကို လက်ဖြင့်အုပ်ထားရင်း ထွက်ပြေးသွားတော့သည်။
သူ ဆက်ကြည့်နေရင် သူ့ခန္ဓာကိုယ်ထဲက ရိုင်းစိုင်းတဲ့စွမ်းအားတွေကို သူ ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး။
စူးချင်းက အသံကို ကြားသွားပြီး သူမ၏တစ်ကိုယ်လုံးကို ရေထဲသို့ ပြန်မြုပ်လိုက်ကာ သူမ၏လှပသောမျက်နှာလေးကိုသာ ရေပေါ်တွင် ဖော်ထားခဲ့သည်။ သူမ၏စူးရှသောမျက်လုံးများက အသံလာသည့်နေရာဆီသို့ လှမ်းကြည့်လိုက်ပြီး ရှက်ရွံစွာ ထွက်ပြေးသွားသည့် ကျိရွှေရှန့်၏နောက်ကျောကို တွေ့လိုက်ရသည်။
စူးချင်းက ရေမျက်နှာပြင်ပေါ်ကို လက်တစ်ဖက်တည်းဖြင့် ယက်ကာ ကူးခတ်နေရင်း ရုတ်တရက် ရယ်စရာကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ ကျိရွှေရှန့်က အပြစ်ကင်းစင်သော လူငယ်တစ်ယောက်ကဲ့သို့ ကြောက်လန့်တကြား ထွက်ပြေးသွားသောကြောင့် ဖြစ်သည်။
စူးချင်းက ကျောက်တုံးဆီသို့ ဖြည်းညှင်းစွာ ပြန်ကူးလာခဲ့ပြီး သူမ၏အဝတ်အစားများက စိုနေသေးသည်ကို တွေ့လိုက်ရသည်။ သူမက ၎င်းတို့ကို စနစ်ထဲသို့ ပစ်ထည့်လိုက်ပြီး ရှောင်ချီကို သူမအတွက် အခြောက်ခံခိုင်းလိုက်သည်။
ရှောင်ချီက စူးချင်း၏အဝတ်များကို ယူကာ ဆေးအခြောက်ခံစက်ဆီသို့ ပြေးသွားခဲ့ပြီး အဝတ်များ ခြောက်ရန် အချိန် သိပ်မကြာလိုက်ပေ။
စူးချင်းက သူမ၏အဝတ်အစားများကို ပြန်၀တ်လိုက်ပြီး သူမ၏စိုစွတ်နေသော ဆံပင်များကို ဖြီးရန် ကျောက်တုံးကြီးပေါ်တွင် ထိုင်နေခဲ့သည်။ သူမ၏ အနက်ရောင် ဆံပင်များက ရေတံခွန်မှ စီးကျလာသော အနက်ရောင်ရေများကဲ့သို့ ချောမွတ်ကာ ဖြောင့်စင်းနေလေသည်။
သူမ၏ဆံပင်များက သူမ ကူးပြောင်းလာခါစကကဲ့သို့ မြက်ခြောက်များပြည့်နေသည့် ဦးခေါင်းကြီး မဟုတ်တော့ပေ။ ထိုအရာက ရှောင်ချီ၏ပံ့ပိုးကူညီမှုကြောင့်ဖြစ်ပြီး သူမ၏ဦးခေါင်းရှိ ဦးရေပြားနှင့် လိုက်လျောညီထွေဖြစ်စေမယ့် အာဟာရဓာတ်များ အလုံအလောက် ရရှိလာသောကြောင့် ဖြစ်သည်။
နောက်ဆုံးတွင် ကျိရွှေရှန့်က သူ့၏နှာခေါင်းသွေးယိုခြင်းကို တားဆီးနိုင်ခဲ့သော်လည်း စမ်းချောင်းဘက်သို့ ပြန်မသွားရဲတော့ပေ။ စူးချင်းက သူ့ကို အကျင့်ပျက်သူတစ်ယောက်ဟု ထင်သွားမည်ကို သူ ကြောက်နေမိသည်။
သို့သော် ရေထဲမှ အကွေ့အကောက် မှန်မှန်ဖြင့် လှပသော ကျောက်စိမ်းဖြူရောင်ကိုယ်လုံးလေးက သူ့မျက်လုံးများရှေ့တွင် ယိမ်းထိုးနေပြန်သည်။ သူက သူ့၏စိတ် တည်ငြိမ်စေရန် နတ်ဘုရားသုတ္တန်ကို အလျင်အမြန် ရွတ်ဆိုနေခဲ့သည်။
နတ်ဘုရားသုတ္တန်က လူတို့၏စိတ်ကို အေးချမ်းစေနိုင်ပြီး သူ ရွတ်ဆိုနေရင်း တစ်ဝက်လောက် အရောက်တွင် သူ၏ မငြိမ်မသက်ဖြစ်နေသော စိတ်နှလုံးက တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။ သူက ရေထဲမှ ရေသူမလေးအကြောင်း မတွေးမိအောင် ခက်ခက်ခဲခဲ ကြိုးစားနေချိန်တွင် ရေသူမလေးက သူ့အနားသို့ ရောက်လာခဲ့သည်။
"ရှင် ဒီမှာ ဘာလုပ်နေတာလဲ?"
သူမ၏ အေးစက်သောအသံက သူမ၏ပုံမှန်အတိုင်း ခံစားချက်မဲ့နေပြီး ကျယ်လောင်ခြင်းမရှိသော်လည်း ကျိရွှေရှန့်၏နားထဲတွင် မိုးကြိုးသံကဲ့သို့ ထွက်ပေါ်လာခဲ့သည်။ နတ်ဘုရားသုတ္တန်ကလည်းပင် သူ့ကို မကယ်တင်နိုင်တော့ပေ။
သူ့နှာခေါင်းမှ သွေးများက တဖန်စီးကျလာပြန်သောကြောင့် ကျိရွှေရှန့်က ရှက်ရွံ့လွန်းသောကြောင့် သူ့နှာခေါင်းကို လက်ဖြင့် အုပ်ထားလိုက်သည်။ သူက စူးချင်း၏လက်ရှိပုံစံကိုလည်း မကြည့်ရဲသောကြောင့် နောက်သို့လည်း လှည့်မကြည့်ရဲတော့ပေ။
စူးချင်းက သူ့၏အပြုအမူကြောင့် ရယ်ချင်နေပြီး ဘာကြောင့်မှန်းမသိ သူ့ကို ကျီစားချင်နေခဲ့သည်။ သူမက ရှေ့သို့ တိုးလိုက်ပြီး ကျိရွှေရှန့်၏ဘယ်ဘက်ခြမ်းသို့ တိုးသွားကာ တိုးတိုးလေး မေးလိုက်သည်။
"ရှင် ဒီကို ရောက်နေတာ ဘယ်လောက်ကြာပြီလဲ?"
သူမ၏ကိုယ်သင်းနံ့က သူ့နှာခေါင်းထဲသို့ ဝင်ရောက်လာပြီး သူမ၏မျက်နှာပေါ်က အပူငွေ့က သူရင်ဘတ်ကို တိုးဝင်နေခဲ့သည်။ သူမ၏ဝင်သက်ထွက်သက်မှ သစ်ခွပန်းကဲ့သို့ အနံလေးကို သူ ခံစားနိုင်ဖြစ်ပြီး ထိုအသံက သူ့နားကိုပင် နွေးထွေးသွားစေခဲ့သည်။ ကျိရွှေရှန့်က သူ့ခန္ဓာကိုယ်တွင် စပရိန်တပ်ဆင်ထားသကဲ့သို့ နောက်သို့ ခုန်ဆုတ်သွားကာ ကမန်းကတန်း ရှင်းပြလိုက်သည်။
"ငါ အခုမှ ရောက်တာ"
စူးချင်းက လက်နောက်ပစ်ထားရင်း ကျိရွှေရှန့်ကို စိုက်ကြည့်နေကာ သူမ၏အေးစက်သော မျက်နှာတွင် နှင်းခဲအလွှာများ ဖုံးလွှမ်းနေပုံရသည်။
သူမက လေးနက်သောအသံဖြင့် "ရှင် ဘာတွေ တွေ့ခဲ့သေးလဲ?"
"မင်း ရေချိုးနေတာကို တွေ့ခဲ့တယ်"
ကျိရွှေရှန့်က စူးချင်း သူ့ကို တွေ့သွားခဲ့သည်ဟု ခံစားမိသောကြောင့် ဖုံးကွယ်ရန် မလိုအပ်ဘူးဟု ယူဆလိုက်ပြီး ဝန်ခံလိုက်သည်။ စူးချင်းက နက်မှောင်သော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေပြီး သူမ၏မျက်လုံးများက လှပသော်လည်း အေးစက်လွန်းလှသည်။ ထို့ကြောင့် ကျိရွှေရှန့်က ထိုအေးစက်သော မျက်လုံးလေးများ မီးလုံးလေးများ ဖြစ်သွားသည်အထိ သူမကို မီးကင်ချင်နေခဲ့သည်။
"ရှင် ရှင့်မျက်လုံးတွေကို ဖောက်ထုတ်မလား? ဒါမှမဟုတ် ကျွန်မကို လုပ်စေချင်လား?"
စူးချင်းက သူမ၏လက်သွယ်သွယ်လေးနှစ်ဘက်ကို ဆန့်ထုတ်ရင်း ခပ်တည်တည် ထပ်မေးလိုက်သည်။ သူမ ကူးပြောင်းလာစအချိန်တွင် သူမ၏လက်များက ကြက်ခြေထောက်များနှင့်တူနေပြီး ရေအေးထဲတွင် အကြာကြီး စိမ်နေခဲ့ရသောကြောင့် ပုံပျက်ပန်းပျက် ဖြစ်နေခဲ့သည်။
စူးချင်းက ထိုအရာကို လုံးဝ သည်းမခံနိုင်ခဲ့ပေ။ ရှောင်ချီ ပေးသော ဆေးကို သောက်ပြီးနောက် သူမ၏လက်များက မိန်းကလေးတစ်ဦး၏လက်လေးများကဲ့သို့ ပြန်ဖြစ်သွားခဲ့သည်။ ထိုလက်လေးများက သိမ်မွေ့၊ နူးညံ့၊ သွယ်လျ၊ လှပနေပြီး သူမ၏ကျောက်စိမ်းနှင့်တူသော လက်ချောင်းလေးများပေါ်မှ ပန်းရောင်လက်သည်းလေးများကလည်း နေရောင်အောက်တွင် တဖျပ်ဖျပ် လင်းလက်နေသည်။ ထိုလက်များကို ကြည့်ရရုံဖြင့် သူမက လှပမှန်း သိသာနေမညီ် ဖြစ်သည်။
သို့သော် သူမ၏အေးစက်သောအမူအရာနှင့် ရက်စက်ကြမ်းကြုတ်ပုံရသောလေသံတို့ ပေါင်းစပ်လိုက်ချိန်တွင် အခြားလူ၏နှလုံးသားကို တုန်လှုပ်သွားစေရန် လုံလောက်နေခဲ့သည်။ အလွန်တကူ ကြောက်လန့်တက်သူဖြစ်ပါက သူမကို အလွန်အမင်း ကြောက်လန့်သွားပေလိမ့်မည်။
သို့သော် သူမ မျက်နှာချင်းဆိုင်နေရသူက ကျိရွှေရှန့် ဖြစ်နေပြီး သူက သူမကို မကြောက်ရုံသာမကပြုံးတောင် ပြုံးပြလိုက်သေးသည်။
"ငါ့မိန်းမက ငါ့ရဲ့မျက်လုံးတွေကို ဖောက်ထုတ်ချင်နေတာလား?"
စူးချင်းက သူ့ကို တအံ့တသြ ပြန်ကြည့်လိုက်ပြီး “ဘယ်သူ ရှင့်မိန်းမလဲ"
“မင်းလေ... မင်း ငါ့ကို ဂူထဲမှာ နမ်းခဲ့တယ်မလား? မင်း ငါ့ကို နမ်းပြီးကတည်းက မင်းက ငါ့အပိုင်ပဲ။ မင်းက ငါ့မိန်းမ မဟုတ်ရင် ဘယ်သူက ငါ့မိန်းမ ဖြစ်မှာလဲ? ဘယ်သူက ကိုယ်ရဲ့ဇနီးလေးကို ထွက်ပြေးအောင် လုပ်ချင်နေတာလဲ?”
ကျိရွှေရှန့်က စူးချင်းကို ပြုံးပြုံးကြီး ကြည့်နေပြီး သူ့၏စကားများက ပို၍ ပိုင်စိုးပိုင်နင်း ဆန်လာကာ သူ့အမူအရာက ပို၍ပင် ခိုင်မာလာပုံရသည်။
"အဲ့တုန်းက ကျွန်မမှာ ရှင့်ကို ကယ်တင်ဖို့ တခြားနည်းလမ်းမရှိလို့"
စူးချင်းက သူ့ကို မျက်စောင်းထိုးလိုက်သည်။ စူးချင်းက သူနှင့် ပြန်ငြင်းခုံနေသေးသောကြောင့် သူမက အကြင်နာကင်းမဲ့သူ မဟုတ်ကြောင်း ကျိရွှေရှန့်က သိလိုက်သည်။ ထို့ကြောင့် သူက ပို၍ပင် ရဲရဲတင်းတင်း ထပ်ပြောလိုက်သည်။
“ကိုယ် ဂရုမစိုက်ဘူး။ မင်းက ကိုယ်ရဲ့အပြစ်ကင်းစင်မှုကို ညှိုးနွမ်းစေခဲ့တဲ့အတွက် မင်း ကိုယ့်ကို တာဝန်ယူပေးရမယ်"
စူးချင်းက ဒေါသတကြီးဖြင့် သူမ၏လက်ဖဝါးကို မြှောက်လိုက်သော်လည်း ကျိရွှေရှန့်က လုံးဝ မရှောင်ဘဲ ရှေ့သို့ ခြေတစ်လှမ်းတိုးလာပြီး သူ့မျက်နှာကို စူးချင်းရှေ့သို့ ကပ်ပေးလိုက်သည်။ ထို့နောက် သူ့၏သံလိုက်ဓာတ်ပါသည့်အသံက လျှပ်စစ်ကြောင်းကဲ့သို့ စူးချင်း၏ နားထဲသို့ တိုးဝင်လာသည်။
“ရိုက်နှက်တာကလည်း ချစ်လို့ပဲ၊ ဆူပူကြိမ်းမောင်းတာကလဲ ချစ်လို့ပဲ။ မင်း ကြိုက်သလောက် ရိုက်လို့ရပါတယ်!"
"လူဆိုးကောင်"
ဘာပဲဖြစ်ဖြစ် သူမက သူကို မသတ်နိုင်သောကြောင့် စူးချင်းက ကျိရွှေရှန့်၏လက်ကို ဆွဲလိမ်လိုက်ပြီး သူ့ကို တွန်းထုတ်လိုက်သည်။ ကျိရွှေရှန့်က ထိုလှုပ်ရှားမှုကို အခွင့်အရေးယူလိုက်ပြီး သူ့လက်တစ်ဖက်ဖြင့် စူးချင်း၏လက်ကို ဖယ်ထုတ်လိုက်ကာ အခြားလက်တစ်ဖက်ဖြင့် သူမ၏လက်ကို တင်းတင်းကျပ်ကျပ် ပြန်ဆုပ်ကိုင်ထားသည်။ သူ့မျက်လုံးများက စူးချင်းကို ပရောပရည် ကြည့်နေပြီး သူ့အသံ၏နောက်ပိုင်းက တဖက်လူ၏နှလုံးသားကို ယိမ်းယိုင်လာအောင် ဆွဲဆောင်နေလေသည်။
"ကိုယ် လူဆိုး မလုပ်ရင် မင်းက ကိုယ့်ဇနီး ဖြစ်လာပါ့မလား?"
"ရှင် ယုံချင်ယုံ မယုံချင်နေ... ရှင့်ကို ကျွန်မ သတ်ရဲတယ်"
စူးချင်းက မျက်မှောင်ကြုတ်နေပြီး သူမလက်ကို မဆင်မခြင် ဆုပ်ကိုင်ထားသည့်လူအား စိုက်ကြည့်နေခဲ့သည်။
ဒီလူက ဒီလောက်အရှက်ကင်းမဲ့တယ်ဆိုတာကို သူမ သိခဲ့ရင် သူမ သူ့ကို ကယ်တင်ခဲ့မှာ မဟုတ်ဘူး။
စူးချင်းက ခက်ခက်ခဲခဲ ရုန်းကန်နေပြီး လုံးဝ မလွတ်မြောက်နိုင်သေးဘဲ သူမ၏ မြှောက်ထားသောလက်ကလည်း လေထဲတွင် ရှိနေသေးသည်။ နေရောင်ခြည်က သူမ၏ ဖြူဖွေးသော လက်ဖဝါးပေါ်သို့ ကျရောက်နေပြီး ထိုလက်လေးကို ပန်းရောင်ပြောင်းသွားစေခဲ့သည်။
"မင်း ကိုယ့်ကို သတ်မယ်ဆိုရင် ကိုယ်က ပျိုနီပင်အောက်က အချစ်တစ္ဆေ ဖြစ်သွားမှာပေါ့”
ကျိရွှေရှန့်က သူ၏ ပုံမှန်ထက် အေးစက်သော အမူအရာမှ ချော်ထွက်လာပြီး အာသွက်လျှာသွက် ဖြစ်လာခဲ့သည်။ စူးချင်းက သူ၏သွယ်လျသော မျက်လုံးများကို ကြည့်ပြီး သူ့မျက်လုံးထောင့်များမှ စူးရှသော အကြည့်များက သူမကို ရင်ခုန်စေခဲ့သည်။
ဒီယောက်ျားရဲ့ခန္ဓာကိုယ်က သံလို မာကျောပြီး သူရဲ့အသွင်အပြင်က ကြမ်းတမ်းတယ်။ ဒါပေမယ့် သူက လှည့်စားတက်တဲ့သူ ဖြစ်နေမှာလား?
စူးချင်း၏လက်ဖဝါးက ကျိရွှေရှန့်၏ဦးခေါင်းပေါ်သို့ ရောက်မလာသော်လည်း သူ့မျက်နှာပေါ်သို့ ရောက်သွားပြီး အနီရောင် လက်ငါးချောင်းရာကို ချန်ထားခဲ့သည်။
ကျိရွှေရှန့်က သူ့မျက်နှာကို သူ ပြန်အုပ်ထားပြီး စူးချင်းကို တောက်ပသော အပြုံးဖြင့် စိုက်ကြည့်နေခဲ့သည်။
အရိုက်ခံရပေမယ့် သူ ပျော်တယ်။ စူးချင်းက သူ့ကို သတ်ဖို့ တွန့်ဆုတ်နေမှတော့ သူမရဲ့စိတ်ထဲမှာ သူ ရှိနေတယ်ဆိုတာ သက်သေပြနေတာပဲလေ။
သူမကို နောက်ဆုံးအကြိမ် ဝန်ခံပြီးကတည်းက သူတို့ကြားထဲမှာ သိသာတဲ့ တိုးတက်မှု မရှိခဲ့ဘူး။ ဒီနေ့တော့ ဒီအခွင့်အရေးကို အခိုင်အမာ ဆုပ်ကိုင်ရမယ်။
ကျိရွှေရှန့်က သူ ဆုပ်ကိုင်ထားသော စူးချင်း၏လက်ကို ဖြေလျှော့ပေးလိုက်ပြီး အေးစက်စက်မျက်နှာထား ရှိသော အမျိုးသမီးငယ်လေးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည်။