← Chapters

ဆိုးသွမ်းတဲ့သခင်ကြီးက သခင့်ကို အနိုင်ကျင့်နေတယ်

Vol. 14 Ch. 199

ဆိုးသွမ်းတဲ့သခင်ကြီးက သခင့်ကို အနိုင်ကျင့်နေတယ်

Vol. 14 Ch. 199

စူးချင်း၏ခန္ဓာကိုယ်လေးက အရိုးမရှိသလို ပျော့ခွေနေပြီး သူမ၏ကိုယ်သင်းရနံ့လေးက သူ၏နှာခေါင်းဆီသို့ တိုးဝင်နေခဲ့သည်။ သူမက အေးစက်သော လူတစ်ယောက်နှင့် လုံးဝ မတူတော့ပေ။ ကျိရွှေရှန့်၏အမူအရာက လေးနက်လာပြီး သူက စူးချင်း၏နား နားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။

"ကိုယ့်မိဘတွေရဲ့သွေးကြွေးအတွက် လက်စားချေပြီးရင် ကိုယ်တို့တွေ မင်း လိုချင်တဲ့ဘဝလေးအတိုင်း အတူနေကြမယ်လေ။ မြေသြဇာကောင်းတဲ့ မြေတွေ အများကြီး ရှာဖွေပြီး လယ်စိုက်ကြမယ်၊ သားသမီးတွေ ရှစ်ယောက်ကနေ ဆယ်ယောက်လောက်အထိ မွေးကြမယ်။ ယောက်ျားက လယ်လုပ်မယ်၊ မိန်းမက ရက်ကန်းယက်ပေါ့၊ အဆင်ပြေတယ်မလား?”

ထိုစကားက စူးချင်း၏နှလုံးသားကို တည့်တည့် ထိမှန်သွားသလို ခံစားရစေခဲ့သည်။

ဒါက သူမ လိုချင်တဲ့ဘဝ မဟုတ်ဘူးလား? ကျိရွှေရှန့်က သူမကို ကောင်းကောင်း နားလည်နေပုံရတယ်။ သူမက သူကို မကြိုက်တာမျိုး မရှိသလို သူနဲ့ အတူရှိနေဖို့ကလည်း မဖြစ်နိုင်တာမျိုးတော့ မဟုတ်ဘူး။

စူးချင်းက သူမ၏ မြှောက်ထားသော လက်ကို ပြန်ချလိုက်ပြီး ကျိရွှေရှန့်ကို တွန်းထုတ်လိုက်သည်။ ထို့နောက် သူမက သူ့မျက်လုံးများကို ခပ်တင်းတင်း စိုက်ကြည့်ကာ ပြန်ပြောလိုက်သည်။

"တကယ်လို့ ကျွန်မရဲ့ယောက်ျား ဖြစ်ချင်ရင် ရှင့်တစ်ဘဝလုံးမှာ ကျွန်မတစ်ယောက်ပဲ ရှင့်ရဲ့မိန်းမ ဖြစ်ရမယ်"

"ကိုယ်က မင်းတစ်ယောက်တည်းကို ချစ်ဖို့ ဆန္ဒရှိပါတယ်။ ဘယ်တော့မှ မခွဲခွာသွားဘူး"

ကျိရွှေရှန့်က စူးချင်း၏ အမြဲတမ်းအေးစက်နေတက်သော မျက်လုံးများကို စိုက်ကြည့်ရင်း အလေးအနက် ပြန်ဖြေလိုက်သည်။ ဒီလိုဇနီးလေးတစ်ယောက် ရှိနေမှတော့ တခြားပျော့ညံ့တဲ့မိန်းခလေးတွေက သူ့မျက်လုံးထဲကို ဘယ်လို ဝင်နိုင်တော့မှာလဲ? ပြီး‌တော့ သူက ဒီအမျိုးသမီးလေးကို နွေးထွေးအောင်လုပ်ပေးနိုင်မယ်လို့ သူ့ကိုယ်သူ ယုံကြည်တယ်။

စူးချင်းက ကျိရွှေရှန့်၏မျက်လုံးများကို သေသေချာချာ ပြန်စိုက်ကြည့်နေခဲ့သည်။

မျက်လုံးတွေက စိတ်ဝိညာဉ် ပြတင်းပေါက်ပဲ။ အရာရာက လိမ်ညာနိုင်ပေမယ့် မျက်လုံးကတော့ မလိမ်နိုင်ဘူး။

စူးချင်းက သူ့မျက်လုံးများထဲမှ စိတ်ပိုင်းဖြတ်မှုနှင့် ရိုးသားမှုကို မြင်နိုင်ခဲ့သည်။ သူက သူ့ကတိကို တည်မည့်သူဖြစ်ပြီး ယောက်ျားတစ်ယောက်၏တာဝန်ကို ကျေပွန်မည်မှန်း သူမ သိနေသော်လည်း စူးချင်းက ကျိရွှေရှန့်ကို သတိထပ်ပေးလိုက်သည်။

“ကောင်းပြီ ဒီနေ့ ရှင် ကျွန်မကို ပြောခဲ့တဲ့စကားကို မှတ်ထားပါ။ ရှင် ကျွန်မကို သစ္စာဖောက်ရဲရင် ရှင့်အတွက် သေတာက အသက်သာဆုံးဆိုတာ သိရအောင် ကျွန်မ ပြောပြပေးမယ်"

"တကယ်လို့ ကိုယ် မင်းကို သစ္စာဖောက်မိရင် မင်း ကိုယ့်ကို ဘာမှ လုပ်ဖို့ မလိုပါဘူး။ ကိုယ့်ဘာသာကိုယ် ကိုင်တိုင် ဖြေရှင်းပါ့မယ်"

ကျိရွှေရှန့်က သူ့လက်ကို မြှောက်လိုက်ပြီး သူ့လက်သုံးချောင်းကို ထောင်ကာ စူးချင်းအတွက် လေးနက်သော ကတိတစ်ခု ပေးခဲ့သည်။ စူးချင်းက ခေါင်းညိတ်လိုက်ပြီး သူမတို့၏ဆက်ဆံရေးကို သဘောတူလိုက်သည်။

သူမ သဘောတူလိုက်သည်ကို မြင်ရချိန်တွင် ကျိရွှေရှန့်က ဝမ်းသာသွားပြီး သူ၏အမျိုးသမီးလေးကို သူ့ရင်ခွင်ထဲသို့ ဆွဲယူကာ တင်းကျပ်သွားအောင် ပွေ့ဖက်လိုက်ပြီး သူမ၏နီရဲပြီး ချိုမြပုံရသော နှုတ်ခမ်းလေးများကို နမ်းရန် ခေါင်းငုံ့လိုက်သည်။ စူးချင်းက သူမ၏မျက်လုံးများကို မှိတ်ထားခဲ့ပြီး သူမ၏မျက်တောင်ရှည်များက သူမ၏အေးစက်နေသော မျက်လုံးများကို ဖုံးအုပ်ပေးထားခဲ့သည်။

ကျိရွှေရှန့်၏အနမ်းက တဖြည်းဖြည်း ပြင်းပြလာပြီး ကြာရှည်လွန်းလှသည်။ သူက သူမ၏ခန္ဓာကိုယ်လေးကို သူ့ရင်ခွင်ထဲ မြှုပ်ထားချင်ပုံဖြင့် ပွေ့ဖက်ထားပြီး သူ့လက်များက သန်မာလွန်းသလို သူ့ရင်ခွင်ကလည်း ကျယ်ဝန်းကာ တောင့်တင်းခိုင်မာလွန်းလှသည်။

အစပိုင်းတွင် စူးချင်းက မလှုပ်မယှက် ဖြစ်နေသေးသည်။ သူမက ဤနယ်ပယ်တွင် အတွေ့အကြုံ မရှိပေ။ သို့သော်လည်း နောက်ဆုံးတွင် သူမက ကျိရွှေရှန့်၏ စိတ်အားထက်သန်မှုကို တောင့်မခံနိုင်တော့ဘဲ ဘေးနှစ်ဖက်တွင် တွဲလောင်းချထားသည့် သူမ၏လက်များက တဖြည်းဖြည်း မြှောက်တက်လာပြီး ကျိ‌ရွှေရှန့်၏ခါးဆီသို့ ရောက်သွားခဲ့သည်။ သူမ၏လက်များမှ အရေပြားများက ပူလောင်နေပြီး သူမ၏ နူးညံ့သော လက်လေးများက ကျိရွှေရှန့်၏တောင့်တင်းသော ခါးကို ထိလိုက်မိချိန်တွင် သူမ၏လက်ချောင်းများမှ လျှပ်စစ်ဓာတ်များ ပေါက်ကွဲထွက်လာသလို သူမ ခံစားလိုက်ရသည်။

အမျိုးသမီးတွေက ဘာကြောင့် အမျိုးသားတွေရဲ့ခန္ဓာကိုယ်ကို နှစ်သက်သဘောကျကြတယ် ဆိုတာကို သူမ နားလည်သွားပြီ။ သူ့ရဲ့ကြွက်သားတွေရဲ့ ဤရမ်းဆွဲဆောင်မှုရှိတယ်။

စူးချင်း၏လုပ်ရပ်က ကျိရွှေရှန့်၏သွေးများကို ပွက်ပွက်ဆူလာစေသည်။

သူက ဒီအမျိုးသမီးလေးကို အရမ်း လိုချင်နေပြီး အဲ့တာကို အခုချက်ချင်း လုပ်ချင်လာပြီ။

ကျိရွှေရှန့်က စူးချင်းကို ကောက်ပွေ့လိုက်ပြီး တောနက်ထဲသို့ လျှောက်လာခဲ့သည်။ သူက လမ်းလျှောက်နေရင်း ရေကဲ့သို့ နူးညံ့ပျော့ပြောင်းသွားသည့် သူ့ရင်ခွင်ထဲမှ အမျိုးသမီးလေးကို အရူးအမူး နမ်းနေခဲ့သည်။

သို့သော် စူးချင်းက ရုတ်တရက် သတိပြန်ဝင်လာခဲ့သည်။ သူမက ရှေးရိုးဆန်သူ မဟုတ်သော်လည်း သူမနှင့် ကျိရွှေရှန့်က ထိုမျှအချိန်မပေးသေးပေ။ ထောင်ဟွားဝူမှ ရွာသားများက သူမတို့ ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသေးသည်။

ဒီအချိန်မှာ နေရာတိုင်းက အန္တရာယ်တွေ အပြည့်ပဲ။ သူမတို့ နှစ်ယောက်အတွက် ချစ်ကြည်နူးနေဖို့ အချိန် ဘယ်လို ရှိနိုင်မှာလဲ?

"ရွှေရှန့် ကျွန်မတို့ ပြန်မှ ဖြစ်မယ်"

စူးချင်း၏စကားများက ကျိရွှေရှန့်၏ ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များကို ငြိမ်းသတ်ပေးနိုင်သော ရေအေးတစ်ပုံးနှင့်တူနေခဲ့သည်။

သူမှာ လက်စားချေဖို့ တာဝန်တွေနဲ့ နက်ရှိုင်းတဲ့ အမုန်းတရားတွေ ရှိနေတုန်းပါပဲ။

ကျိရွှေရှန့်က မချင့်မရဲဖြစ်နေသည့်အမူအရာဖြင့် စူးချင်းကို မြေပြင်ပေါ်သို့ ပြန်ချပေးလိုက်သည်။ စူးချင်း၏အမြဲတမ်းအေးစက်နေတက်သော မျက်နှာလေးက နီရဲနေပြီး သူမ၏မျက်လုံးလေးများက စမ်းရေကဲ့သို့ ကြည်လင်နေသည်။ သူမထံတွင် မိန်းခလေးဆန်သော ကျက်သရေရှိမှု အရိပ်အမြွက်လေးများ ရှိနေသော်လည်း သူမ၏ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းရောင်ဝါကတော့ ရှိနေသေးသည်။

"အင်း ပြန်ကြမယ်!"

ထိုသို့ ပြောလိုက်သော်လည်း ကျိရွှေရှန့်က တုံ့ဆိုင်းနေသေးပြီး သူတို့ အပြင်ပြန်မထွက်မီ သူမ၏မျက်နှာလေးကို ထပ်မံနမ်းရှိုက်လိုက်သည်။ ထို့နောက် သူက သူမ၏လက်ကို ဆုပ်ကိုင်ကာ တောထဲမှ ထွက်လာခဲ့သည်။

စနစ်ထဲမှ ရှောင်ချီက သူမ၏လက်ဖောင်းဖောင်းလေးများဖြင့် သူမ၏မျက်လုံးများကို ဖုံးအုပ်ထားခဲ့သည်။

အိုး ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်သလဲ? နောက်ဆုံးတော့ သခင်ရဲ့ နှလုံးသားက နိုးကြားလာခဲပြီး။

ဒီအကျင့်မကောင်းတဲ့ သခင်ကြီးက သူမရဲ့သခင်ကို အနိုင်ကျင့်တယ်။

ဟမ့်....

စူးချင်းက သူမ၏လက်ကို ကိုင်ထားသော ကျိရွှေရှန့်၏ကြီးမားသောလက်ဖဝါးကြီးကို တစ်ချက်ကြည့်လိုက်သည်။

သူ့ရဲ့လက်ဖဝါးကြီးက ကျယ်ဝန်းပြီး နွေးထွေးလွန်းတယ်။ သူ့ရဲ့လက်ချောင်းထိပ်တွေနဲ့ လက်မပေါ်မှာ ပါးလွှာတဲ့ အသားမာတွေ ရှိနေတယ်။ အဲ့တာက သိုင်းပညာကို အချိန်အတော်ကြာ လေ့ကျင့်ထားတဲ့ ရလဒ်ပဲ။ သူက အခုလိုမျိုး သူမရှေ့ကနေ ဦးဆောင်နေတာကြောင့် လွင့်မျောနေတဲ့ သူမရဲ့နှလုံးသားက ရုတ်တရက် နားခိုရာတစ်ခု ရှာတွေ့သွားသလို ခံစားရတယ်။

ဒီလူက မဆိုးဘူး။ သူ့ရဲ့ကိုယ်ခံပညာ၊ ရဲစွမ်းသတ္တိနဲ့ အခြားအရာတွေ အားလုံးက သူမရဲ့စံနှုန်းတွေနဲ့ ကိုက်ညီတယ်။

ကျိရွှေရှန့်က သူ့၏အသွင်အပြင်ကို ထပ်ပြောင်းပေးရန် ပြောလာခဲ့ပြီး ထိုအရာက စူးချင်းအတွက် ကလေးကစားစရာသာ ဖြစ်သောကြောင့် သူမက ဖုံးကွယ်ဆေးပြားကို သုံးကာ ဖြေရှင်းပေးလိုက်သည်။

ထောင်ဟွားဝူမှ ရွာသူရွာသားများက ချွီတာ့နှင့် အခြားသူများ၏အကူအညီဖြင့် သူတို့၏ပစ္စည်းများအားလုံးကို လှည်းများပေါ်သို့ တင်ထားပြီး ဖြစ်သည်။ လူတိုင်းက အဝတ်အစားအသစ်များနှင့် ဖိနပ်အသစ်များအဖြစ်ကို ပြောင်းလဲဝတ်ဆင်ထားသောကြောင့် တခဏအတွင်းမှာပင် သူတို့က ကပ်ဘေးမှ ထွက်ပြေးလာသော လူတစ်စုအဖြစ်မှ ခရီးဝေး ထွက်ခွာလာသော လူချမ်းသာမိသားစုကြီးအဖြစ်သို့ ကူးပြောင်းသွားကြသည်။

သူတို့အားလုံးက စူးချင်းနှင့် ကျိရွှေရှန့်တို့ ပြန်ရောက်လာမည့်အချိန်ကို စောင့်နေကြခြင်း ဖြစ်ပြီး ကျိရှောင်ယင်နှင့် အခြားသူများက သူမတို့၏ သားကောင်များကို လီတာနျိုနှင့် ကျိုးယုံတို့ထံ ပေးခဲ့ကြသည်။

သားကောင်ကို သန့်ရှင်းရေး လုပ်နေသော ကျုံးယုံက သူ့၏ပါးစပ်ကြီးများကို ဖွင့်ထားပြီး မကျေမနပ်ဖြင့် ရွေရွတ်နေပြန်သည်။

စိတ်ပျက်စရာ ကောင်းလိုက်ကာ၊ စိတ်ဓာတ်ကို ကျရောပဲ။ သူက‌ ယောကျာ်းကြီး ဖြစ်နေပြီး မိန်းခလေးတွေ အမဲလိုက်တာကို လိုက်ကြည့်ပေးနေရတယ်။

“နောက်တစ်ခါဆိုရင် ငါ မင်းတို့ကို ဝက်ဝံ ဖမ်းပြမယ် ဟဲ ဟဲ”

ကျုံးယုံက သူ့ဘာသာသူ ရေရွတ်နေရင်း လီတာ့ကျွမ်းကို အော်ပြောလိုက်သေးသည်။ ကျန်းယွိရန်က သူ့ကို ကြည့်နေပြီး သူက ရယ်စရာကောင်းလွန်းသည်ဟု ခံစားနေရသည်။ သူက သူမ၏ ကယ်တင်ရှင်ဖြစ်သောကြောင့် ကျန်းယွိရန်က ကျုံးယုံအပေါ် ထူးခြားသော ခံစားချက်တစ်ခု ရှိနေခဲ့သည်။

အခြားသူများ၏အမြင်တွင် ကျုံးယုံက အနက်‌ရောင်ဝက်ဝံကြီးနှင်တူသော လူနုံလူအတစ်ယောက်သာ ဖြစ်သည်။ ကျန်းယွိရန်၏အမြင်တွင် သူက မိဘအပေါ် သိတက်ပြီး သန်မာကာ သတ္တိရှိသည့် ကောင်းမွန့်သော လူငယ်လေးတစ်ယောက်သာ ဖြစ်သည်။

စူးချင်းနှင့် ကျိရွှေရှန့်တို့ ပြန်ရောက်လာချိန်တွင် သူတို့က သားကောင်များကို ကိုင်တွယ်ပြီးနေပြီ ဖြစ်သည်။ သို့သော် ဆားကုန်နေသဖြင့် အကြာကြီးထားရန် မဖြစ်နိုင်တော့ပေ။ ယခုကဲ့သို့ ပူပြင်းသောနေ့မျိုးတွင် ချက်ချင်း မစားလျှင် အသားများ ပုတ်သိုးသွားမည် ဖြစ်သည်။

“ကင်ပြီးတော့ လမ်းမှာစားဖို့ ယူသွားကြမယ်”

စူးချင်းက အကြံပြုလိုက်သည်။ စူးချင်း အသားကင်မည့်အကြောင်း ကြားသွားချိန်တွင် ထောင်ဟွားဝူမှ ကလေးများအားလုံးက ဝမ်းသာအားရ ခုန်ပေါက်နေကြသည်။

အသားကင်ရမည် ဖြစ်သောကြောင့် သူတို့၏ခရီးက ခတ္တနှောင့်နှေးသွားပြန်ပြီး ကျုံးယုံနှင့် လီတာ့နျိုတို့က သစ်ကိုင်းခြောက်များကို ခုတ်ထစ်ကာ မီးဖိုရန် အမြန် ပြင်ဆင်နေကြသည်။ စူးချင်းက မိန်းကလေးများအား အထည်စအကောင်းစားများ ဝေငှလိုက်ပြီး အတွင်းခံချုပ်ခိုင်းရင်း စောင့်ဆိုင်းနေခဲ့သည်။

သူမက ထိုမိန်းခလေးများကို အတွင်းခံချုပ်ရမည့်ပုံစံ သင်ကြားပေးထားပြီး ဖြစ်သောကြောင့် မိန်းခလေးများ အဝတ်ချုပ်သည့်အချိန်အတွင်းလည်း သူမ၏ချုပ်လုပ်ခြင်းကျွမ်းကျင်မှုအဆင့်ကို မြှင့်တင်နိုင်လုနီးပါး ဖြစ်နေခဲ့သည်။

ကျိရွှေရှန့်၊ ချိုးယုံခန်းနှင့် ချွီတာ့တို့က လမ်းခရီးတွင် လိုအပ်မည့်အကြောင်းအရာများကို ဆွေးနွေးနေကြသည်။ ကျိရွှေရှန့်က သက်တော်စောင့်လုပ်ငန်းနှင့်ဆိုင်သည့် စာရွက်စာတမ်းများနှင့် အလံကို ချွီတာ့အား ပေးလိုက်ပြီး ကျန့်ယွမ်သက်တော်စောင့်လုပ်ငန်း၏ အခြေအနေအကြောင်း အသေးစိတ် ပြောပြလိုက်သည်။

ကျိရွှေရှန့်၏စွမ်းဆောင်နိုင်မှုက ချွီတာ့နှင့် ကျန်းချမ်တို့ကို ကျေနပ်စေခဲ့သည်။

ဒီလို ထက်မြက်တဲ့ သားတစ်ယောက် ရှိနေတာကြောင့် သူတို့ရဲ့အစ်ကိုကြီးက မြေအောက်ကမ္ဘာမှာ ဆေးဆေးဆေးဆေး မျက်စိမှိတ်ပြီး အနားယူနိုင်မှာ သေချာပါတယ်။

အကိုကြီးအတွက် လက်စားချေနိုင်မယ့်နေ့က မဝေးတော့ဘူး။

တစ်ဖက်မှ စူးချင်းက အသားကင်ပြီးချိန်တွင် ကျိရွှေရှန့်တို့၏အစည်းအဝေးကလည်း ပြီးစီးသွားပြီ ဖြစ်သောကြောင့် အားလုံးက ခရီးဆက်ရန် အဆင်သင့် ဖြစ်သွားခဲ့သည်။

လှည်းများ ရှိနေသောကြောင့် ပင်ပန်းနွမ်းနယ်လွယ်သည့် မကျန်းမာသူများ၊ မသန်စွမ်းသူများလည်း လမ်းလျှောက်ရန် မလိုအပ်တော့ပေ။ လှည်းပေါ်သို့ ပြန်တက်နိုင်သောကြောင့် သူတို့လည်း အလွန်စိတ်လှုပ်ရှားနေပြီး ငိုလုနီးပါး ဖြစ်နေကြသည်။

လောချန်အနီးတွင် သူတို့က အလံကို ချိတ်ဆွဲရန် မဝံ့မရဲ ဖြစ်နေကြသော်လည်း လောချန်မှ ထွက်ခွာလာပြီးနောက်တွင် ရှေ့ဆုံးမှ လှည်းတွင် အလံကို ချိတ်ဆွဲထားလိုက်ကြသည်။

ထိုလှည်းတွင် ဂွမ်းချည်သားအဝတ်အစားများ၊ ဟင်းခတ်အမွှေးအကြိုင်များနှင့် အထည်လိပ်အချို့ကို တင်ဆောင်ထားပြီး မြင်သူတိုင်းက သူတို့ ကုန်စည်များ သယဆောင်လာကြသည်ဟု ထင်ကြပေလိမ့်မည်။

သက်တော်စောင့် လုပ်ငန်းမှ သက်တော်စောင့်များအား လက်နက်များ ယူဆောင်ရန် ခွင့်ပြုထားသောကြောင့် ချွီတာ့နှင့် အခြားသူများကလည်း ဓားများကို ယူဆောင်လာခဲ့ကြသည်။

လက်ရှိအချိန်တွင် အန်းကွမ်ရှင်းက ဝမ်မိသားစုနှင့် ရင်ဆိုင်နေရသောကြောင့် ပုန်ကန်မှုကို သေသေချာချာ မကိုင်တွယ်နိုင်တော့ပေ။ ထို့ကြောင့် စစ်သည်များက ဒုက္ခသည်များကို လိုက်မဖမ်းနိုင်သေးဘဲ ဆင်းရဲသားများအတွက် အသက်ရှုရန် အခွင့်အရေး ရလာခဲ့သည်။

ကျိရွှေရှန့်နှင့် အခြားသူများက ကျင့်ရှီလျိုမြှောင်သို့ သွားနေစဉ် အန်းကွမ်ရှင်းက ဝမ်ယွိရှန်းနှင့် ယုံဝမ်ကောက်နှံဆိုင်မှ ဆိုင်ရှင်တို့ကို မြို့တော်သို့ ကိုယ်တိုင်ကိုယ်ကျ လိုက်လံ ပို့ဆောင်ပေးနေခဲ့သည်။

ဧကရာဇ်မင်းမြတ်ဆီသို့ ခြေမြန်တော်ဖြင့် ပို့ဆောင်လိုက်သည့် စာရင်းစာအုပ်က ဧကရာဇ်မင်းမြတ်၏လက်ထဲသို့ ရောက် မရောက်ကိုလည်း သူ မသိနိုင်သေးပေ။ သူက အလွန်စိုးရိမ်နေပြီး မြို့တော်သို့ ပြန်ရသည့် အပြန်ခရီးကိုပင် လုံခြုံမှု မရှိမည်ကို စိုးရိမ်နေကာ သူနှင့်အတူ တပ်စခန်းတခုလုံးကို ပြန်ခေါ်သွားခဲ့သည်။

မြို့တော်သို့ ရောက်ရန် တစ်ရက်စာ ခရီးအကွာအဝေးသာ ကျန်နေတော့ပြီး သူတို့ ဘေးကင်းကြောင်း သိလိုက်ရချိန်တွင် အန်းကွမ်ရှင်းက သက်ပြင်းချလိုက်သည်။

သူတို့က ရက်အနည်းငယ်ကြာအောင် ပြေးလွှားလာခဲ့ကြရပြီး ရေချိုးရန်ပင် အချိန်မရှိခဲ့ပေ။ နောက်ဆုံးတွင် သူက သည်းမခံနိုင်တော့ဘဲ ခရီးမဆက်ခင် ရေမိုးချိုးပြီး အစားအသောက် ကောင်းကောင်းစားနိုင်ရန် ရေအရင်းအမြစ်ရှိသည့်နေရာကို ရှာဖွေစေပြီး စခန်းချခိုင်းလိုက်သည်။

တပ်ဖွဲ့များအားလုံး ရပ်တန့်ကာ စခန်းချပြီးနောက်တွင် အန်းကွမ်ရှင်းက သူ၏လက်ထောက်အား ဝမ်ယွိရှန်းကို စောင့်ကြည့်ရန် အထူးညွှန်ကြားလိုက်သည်။ ဤလူက နန်းတွင်းမှ အလိုရှိနေသော ရာဇ၀တ်ကောင်ဖြစ်ကြောင်းသာ ပြောပြခဲ့ပြီး ဝမ်ယွိရှန်းက မည်သူဖြစ်သည်ကိုတော့ သူက မည်သူ့ကိုမျှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

အန်းကွမ်ရှင်း၏လက်အောက်ငယ်သားများက သူ့အတွက် ရေနွေးတွေ ပြင်ဆင်ပေးပြီး ရေချိုးစည်ထဲသို့ လောင်းထည့်ပေးခဲ့ကြသည်။ အန်းကွမ်ရှင်းက သူ့၏အဝတ်အစားများကို ချွတ်ကာ ရေချိုးစည်ထဲသို့ ဝင်သွားပြီး သူ့လက်ကို ရေချိုးစည်၏နှုတ်ခမ်းပေါ်တင်ထားရင်း မျက်လုံးမှိတ်ထားလိုက်သည်။

“ဟင့်!”

တိုးတိုးတိတ်တိတ် ညည်းတွားသံတစ်သံက အန်းကွမ်ရှင်း၏အာရုံကို ဖမ်းစားလိုက်ပြီး သူ ရုတ်တရတ် မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် မျက်နှာဖုံးစွပ်ထားပြီး အနက်ရောင်ဝတ်စုံများ ၀တ်ထားသည့် လူတစ်စုက သူ့၏ယာယီတဲထဲသို့ အပြေးအလွှား ဝင်လာသည်ကို သူ တွေ့လိုက်ရသည်။

All Chapters