အခန်း (၂၀၂)
Vol. 14 Ch. 202
သူတို့နှစ်ဦးက သာမာန်အဝတ်အစားများကိုသာ ၀တ်ဆင်ထားသော်လည်း မျက်ခုံးနက်နက်နှင့် နှာတံမြင့်မြင့်ရှိပြီး အလယ်ပိုင်းလွင်ပြင်မှ လူများနှင့် ကွဲပြားခြားနေသည်။
ရှေ့မှ ဦးဆောင်လာသူက အရပ်ရှည်ပြီး အပြာရောင်ဖျော့ဖျော့ အင်္ကျီကို ဝတ်ဆင်ထားပြီး သူ့အင်္ကျီ၏လက်အနားစကို ငွေချည်ဖြင့် ပန်းထိုးထားသည်။ ထိုအင်္ကျီ၏အပေါ်မှ အနက်ရောင် ဝတ်ရုံကို ထပ်ဝတ်ထားပြီး တိမ်ဖြူပုံသဏ္ဍန်များ ပန်းထိုးထားသည့် ခါးပတ်ကြိုးပြားရှည်ကို ၀တ်ဆင်ထားသည်။ သူက အနက်ရောင် ဖိနပ်ကို ၀တ်ဆင်ထားပြီး ကျားတစ်ကောင်ကဲ့သို့ ဝင့်ဝင့်ကြွားကြွား လျှောက်လှမ်းနေလေသည်။ သူ့ခါးပေါ်ရှိဓားက စူးချင်း၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ထိုဓားကို ကြည့်လိုက်ရုံဖြင့် လေးလံမည်ဟု ခံစားရစေပြီး ဓားရိုးပေါ်တွင် အနက်ရောင်ကျောက်မျက်ရတနာများ မြုပ်နှံထားပြီး အဖိုးဖြတ်နိုင်မည့်ပုံ မပေါ်ပေ။
သူ့နောက်မှလူက ရှေ့မှလူလောက် အဆင့်မြင့်မြင့် ၀တ်ဆင်ထားခြင်း မရှိသော်လည်း သူက ရှေ့မှလူနှင့် ခြေတစ်လှမ်းအတိအကျ နောက်ဆုတ်နေပြီး စားသောက်ဆိုင်အတွင်းရှိ စားသောက်နေသူများအားလုံးကို သူ့၏စူးရှသောမျက်လုံးများဖြင့် ဖျက်ခနဲ စူးစမ်းလိုက်သည်။ သူက ရှေ့မှလူ၏သက်တော်စောင့်ဖြစ်နိုင်ပြီး သူတို့နှစ်ယောက်လုံး၏ခန္ဓာကိုယ်တွင် သတ်ဖြတ်ခြင်းအငွေ့အသက်များ ဝန်းရံနေသည်။ သူတို့က ၎င်းကို တမင် ဖုံးကွယ်ထားခဲ့သော်လည်း စူးချင်းအတွက်တော့ တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်ဆဲ ဖြစ်သည်။
စားသောက်ဆိုင်အတွင်းရှိ လူရမ်းကားများက ကျင်းဟူမှလူများ ဖြစ်ကြသော်လည်း သူတို့ထံတွင် ထိုကဲ့သို့သော ပြင်းထန်သည့် သတ်ဖြတ်ခြင်းရောင်ဝါ မရှိကြပေ။ နောက်မှ ဝင်လာသူ နှစ်ယောက်က စစ်မြေပြင်မှ လာသော စစ်သည်များ ဖြစ်နိုင်ပြီး ၎င်းက လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သောလူများတွင်သာ ရှိတက်သည့် သတ်ဖြတ်ခြင်းရောင်ဝါ ဖြစ်သည်။
"ဆိုင်ရှင်၊ မင်းတို့မှာ အခန်းရှိသေးလား?"
သက်တော်စောင့်ဖြစ်ဟန်တူသူက ရှေ့တိုးလာပြီး မေးမြန်းလိုက်သောကြောင့် ဆိုင်ရှင်က သူတို့ကို မော့ကြည့်ပြီး လက်သုံးချောင်း ထောင်ပြလိုက်သည်။
“အပေါ်ထပ်မှာ အခန်းနှစ်ခန်းရှိတယ်။ တစ်ညကို ငွေဆယ်လျန်"
ကျိရှောင်ယင်က စုတ်သတ်လိုက်သည်။ ဒါက မှောင်ခိုဈေးကွက်တစ်ခုလား? တစ်ညကို ငွေဆယ်လျန်လား?
“ရတယ်၊ နှစ်ခန်းယူမယ် သုံးရက်စာ”
သက်တော်စောင့်က လုံးဝ လက်မတွန့်ဘဲ အခန်းနှစ်ခန်း မှာလိုက်ပြီး ငွေအနည်းငယ် ထုတ်ပြလိုက်သည်။ သူက ရက်ရက်ရောရောဖြင့် သုံးရက်စာ ကြိုမှာ လိုက်သည်။
"ရေချိုးဖို့ ရေအတွက် သီးသန့် ကောက်ခံတယ်"
ဆိုင်ရှင်က ငွေကို လှမ်းယူရင်း ထပ်ပြောလိုက်သည်။ ကျိရှောင်ယင်က လက်ဖက်ရည်ခွက်ကို ငုံ့ကြည့်ပြီး တွေးနေခဲ့ပြန်သည်။
ရေနွေးတစ်အိုးကို ငွေလျန်တစ်တောင် ကုန်ကျတယ်.... ရေချိုးစည်တစ်လုံးဆိုရင် ငွေဘယ်လောက်ကုန်ကျမှာလဲ?
ဒီရေချိုးခန်းက ကောင်းကင်လောက် စျေးကြီးမှာလား?
"ရတယ်၊ ဘယ်လောက်ကျလဲ"
အဆုံးတွင် ထိုနှစ်ယောက်က မျက်တောင်တောင်မခတ်ကြဘဲ သူတို့အတွက် ဈေးမကြီးပုံဖြင့် စျေးနှုန်းကို တိုက်ရိုက်မေးလိုက်သည်။
“ရေတစ်ပုံးအတွက် ငွေဆယ့်ငါးလျန်”
ဆိုင်ရှင်က ယဥ်ကျေးမနေဘဲ စျေးနှုန်းကို ပြောပြလိုက်ပြီး ငွေရှင်းလာမည်ကို စောင့်ဆိုင်းနေလေသည်။
“ရတယ်၊ မင်းကို ရွှေရွက်တွေ ပေးချေမယ်၊ သုံးရက်လုံး ရေနွေးယူမယ်”
သက်တော်စောင့်က ထိုသို့ ပြောလိုက်သော်လည်း စျေးနည်းနည်းကြီးသည်ဟု ခံစားမိပုံဖြင့် သူ့သခင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ တစ်ချိန်လုံး တိတ်ဆိတ်နေသောလူက ခေါင်းညိတ်ပြလိုက်ပြီး ရွှေရောင်သစ်ရွက်တစ်ရွက်ကို ထုတ်ယူကာ သူ့၏လက်အောက်ငယ်သားအား လှမ်းပေးလိုက်သည်။
"နှစ်ခန်းလုံးအတွက် ရေနွေး လိုချင်တာလား?"
ရွှေရောင်သစ်ရွက်ကို မြင်လိုက်ချိန်တွင် ဆိုင်ရှင်၏မျက်လုံးများက တောက်ပလာပြီး ထိုလူနှစ်ယောက်အပေါ်ထားသည့် သူ့သဘောထားက ပိုနွေးထွေးလာသည်။
"နှစ်ခန်းလုံး"
သက်တော်စောင့်က တခန်းစာအတွက်ဟု ပြောရန် ပြင်လိုက်သော်လည်း နှုတ်ဆိတ်နေခဲ့သည့် အမျိုးသားက ဝင်ပြောလိုက်သည်။
သူ့အသံက နက်နဲပြီး အားကောင်းပုံပေါ်ကာ သူ့ထံတွင် ခိုင်မာသော အတွင်းစွမ်းအားရှိကြောင်း သိသာနေသည်။
“ကောင်းပါပြီ”
ဆိုင်ရှင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး သူက ရွှေရောင်သစ်ရွက်ကို လှမ်းယူကာ စျေးနှုန်းကွာခြားချက်ကို တွက်ချက်ပြီးနောက် ပိုငွေကို ပြန်အမ်းပေးလိုက်သည်။
“လတ်လတ်ဆတ်ဆတ် ပြုတ်ထားတဲ့ အမဲသားအရွတ်တွေ ရှိတယ်။ မြည်းစမ်းကြည့်ချင်လား?"
"သုံးကျင်း ယူမယ်၊ ဘန်းမုန့် သုံးကျင်းပါပေး"
(T/N: ဘန်းမုန့်ဆိုတာကလေ ဂျုံမုန့်ညက်ကို ထောပတ်တို့ ဆီတို့ သုတ်ပြီး ဖုတ်ထားတာပါ)
သက်တော်စောင့်က ခေါင်းညိတ်လိုက်သည်။ သူတို့က တစ်လျှောက်လုံး ခရီးနှင်ခဲ့ပြီး ဗိုက်ဆာနေပြီ ဖြစ်သည်။
"ငါတို့လည်း အမဲသားအရွတ် တစ်ကျင်းနဲ့ ဘန်းမုန့်တစ်ကျင်း လိုချင်တယ်"
အစားအစာ မှာယူနိုင်ရန် စူးချင်းတို့၏စားပွဲသို့ မည်သူမျှ ရောက်မလာခဲ့ပေ။ ပြုတ်ထားသော အမဲသားအရွတ်ဟု ကြားလိုက်သည်နှင့် စူးချင်းက စားပွဲထိုးကို လှမ်းအော်လိုက်သည်။
စူးချင်း၏အသံကို ကြားလိုက်ချိန်တွင် ထိုလူက သူမတို့ ဘက်သို့လှည့်ကြည့်လိုက်သည်။ ထိုလူ၏မျက်လုံးများက စူးရှလွန်းပြီး နားမလည်နိုင်လောက်အောင် ပါးနပ်ပုံရသည်ဟု စူးချင်းက ခံစားနေရသည်။
စူးချင်း ဘာသိဘာသာ ပုံစံဖြင့် အကြည့်လွှဲလိုက်ပြီး ရေနွေးခွက်ကို ကောက်ကိုင်ကာ အေးအေးဆေးဆေး သောက်နေလိုက်သည်။
ဆိုင်ထဲတွင် အရက်သောက်နေကြသည့် ယောက်ျားကြီး အနည်းငယ်က ထိုနှစ်ယောက်ဝင်လာကတည်းက သူတို့ကို စိုက်ကြည့်နေကြသည်။ သက်တော်စောင့်က ရွှေသစ်ရွက်ကို ထုတ်ယူလိုက်ချိန်တွင် သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး လက်ဟန်ဖြင့် အချက်ပြနေကြသည်။
"အစ်မ၊ ဒီလူတွေက အဆင်မပြေဘူး"
ကျိရှောင်ယင်က ယခင်ကနှင့် မတူတော့ပေ။ ဤအတောအတွင်းတွင် သူမက ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်ရန် သင်ယူနိုင်ခဲ့ပြီး မည်သူက ကောင်းသည် မည်သူက ကြောက်စရာကောင်းသည်ကိုလည်း သိနိုင်နေပြီ ဖြစ်သည်။
“အင်း”
စူးချင်းက ခေါင်းညိတ်လိုက်ပြီး ကျိရှောင်ယင်ကို သတိပေးလိုက်သည်။
"ငါ့ကို အစ်ကိုလို့ ခေါ်"
“ဟုတ်ကဲ့ အစ်ကို”
ကျိရှောင်ယင်က သူမ၏လျှာလေးကို ထုတ်လိုက်ပြီး လျှာပြားလေးကို ကိုက်ထားလိုက်သည်။
သူမက အစ်မလို့ အမြဲခေါ်နေကြ ဆိုတော့ ပြောင်းခေါ်ဖို့ မေ့မေ့သွားခဲ့တယ်။
ယဲ့လွီချွန်းက သူမလျှာထုတ်လိုက်သည်ကို လှမ်းမြင်လိုက်ရသည်။ သူက သူ့၏မျက်ခုံးထူထူကို ပင့်တင်လိုက်ကာ စူးချင်းဆီသို့ အကြည့်ထပ်လွှဲလိုက်သည်။ သူတို့နှစ်ဦးလုံးက ယောက်ျားလေး အဝတ်အစားများကို ၀တ်ဆင်ထားသော်လည်း သူတို့တွင် လည်စိ မရှိဘဲ သူတို့က အမျိုးသမီးများဖြစ်ကြသည်။
သူက အရက်သောက်နေသော ယောကျာ်းကြီးများကို တစ်ချက်ကြည့်လိုက်ပြီး စူးချင်းတို့ ဘေးရှိ စားပွဲကို လှမ်းကြည့်ကာ ထိုနေရာတွင် ထိုင်ရန် ရွေးချယ်လိုက်သည်။
စူးချင်းကလည်း သူ့ကို တစ်ချက်စိုက်ကြည့်လိုက်သည်။ ဒီလူရဲ့ ကိုယ်ရောင်ကိုယ်ဝါက အရမ်းပြင်းထန်လွန်းနေတော့ လျစ်လျူရှုဖို့ ခက်ခဲလွန်းတယ်။
ယဲ့လွီချွန်းက စူးချင်းကို ခေါင်းညိတ်ပြလိုက်သောကြောင့် စူးချင်းက သူ့ကို ဆက်ကြည့်နေလိုက်သည်။ တာ့ထန်လူမျိုးများက အရိုင်းဆန်သော သဘာဝ ရှိပြီး တခြားလူများ၏နှလုံးကို အရှင်လတ်လတ် ထုတ်ယူကာ စားသောက်ကြသည်ဟု သူမ ကြားခဲ့ဖူးသည်။ ထို့အပြင် သူတို့က တာ့ရှားပြည်ထောင်၏ နယ်စပ်ဒေသများကို မကြာခဏ နှောင့်ယှက်တက်ကြောင်းလည်း သူမ သိထားခဲ့သည်။
ဤလူနှစ်ယောက်က တာ့ထန်ပြည်ထောင်မှ သူလျှိုများ ဖြစ်နိုင်ပြီး ဤတိုင်းတပါးသားများက တာ့ရှားပြည်ထောင်အတွင်းမှ ပဋိပက္ခများကို အခွင့်အရေးယူကာ တာ့ရှား၏အစိတ်အပိုင်းများကို လိုချင်နေပုံရသည်။
အင်း.... လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ပြည်သူတွေကတော့ ဒုက္ခရောက်ရဦးမယ်။
မကြာခင် ဟင်းပွဲများ လာချပေးပြီး ပထမဦးဆုံးသယ်ဆောင်လာသည့် အမဲသားပန်းကန်လုံးကြီးတစ်လုံးနှင့် ဘန်းမုန့်နှစ်ပန်ကန်ကို ယဲ့လွီချွန်း၏စားပွဲသို့ အရင် ချပေးလိုက်ပြီး စူးချင်းနှင့် ရှောင်ယင်တို့ကို လျစ်လျူရှုထားခဲ့သည်။
သူမတို့က အရင်ရောက်လာသူများ ဖြစ်သောကြောင့် ကျိရှောင်ယင်က ဝင်ပြောတော့မည် ဖြစ်သော်လည်း စူးချင်းက သူမကို တားရန် လက်မြှောက်ပြလိုက်သည်။
အပြင်ထွက်တဲ့အချိန်မှာ ဒုက္ခရောက်အောင် မလုပ်တာက အကောင်းဆုံးပါပဲ။
နောက်ဆုံးတွင် စူးချင်းနှင့် ကျိရှောင်ယင်တို့က သူမတို့အတွက် လာချပေးသော အမဲသားနှင့် မုန့်ပေါင်းကို မြင်လိုက်ရပြီး စားရန် ခေါင်းငုံ့လိုက် ကြသည်။
စူးချင်းက အသားတစ်ပိုင်းကို ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်ရန် ပြင်လိုက်ပြီးမှ တုံ့ဆိုင်းသွားခဲ့သည်။ သူမ မော့ကြည့်လိုက်ချိန်တွင် ကျိရှောင်ယင်ကလည်း အသားတစ်ပိုင်းကို ကောက်ယူကာ သူမ၏ပါးစပ်ထဲသို့ ထည့်တော့မည်ကို မြင်လိုက်သောကြောင့် စူးချင်းက သူမ၏လက်ချောင်းများကို လှမ်းကိုင်ကာ တားဆီးထားလိုက်သည်။
"ဘာမှားလို့လဲ?"
ကျိရှောင်ယင်က စူးချင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်နေရင်း လှမ်းမေးလိုက်သည်။
"ဒီအသားက တစ်ခုခုမှားနေပြီ"
စူးချင်းက ရိုးရိုးရှင်းရှင်း ပြန်ပြောလိုက်သည်။
ခုန သူမက အသားကို ချက်ချင်း စားရန် ပါးစပ်ထဲထည့်လိုက်သော်လည်း ရှောင်ချီက စိုးရိမ်တကြီး လှမ်းအော်လိုက်သည်။
“သခင်၊ အဲ့ဒါက လူသားနော်”
စူးချင်းက အသားမျိုးစုံကို စားသော်လည်း လူသားကိုတော့ မစားနိုင်ပေ။ ဤသည်မှာ လူသားတစ်ဦးအနေဖြင့် သူမ၏ အောက်ဆုံးစည်းမျဥ်းဖြစ်သည်။
စူးချင်းက အမဲသားပိုင်းကို ပန်းကန်လုံးထဲသို့ ပြန်ထည့်လိုက်ပြီး ကောင်တာနောက်မှ ကြည်နူးနေသော ဆိုင်ရှင်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
စူးချင်းက အသား မစားတော့ဘဲ သူ့ကို ကြည့်မှန်း သိလိုက်သည်နှင့် ဆိုင်ရှင်က အလုပ်ရှုပ်ဟန်ဆောင်ကာ ကောင်တာကို သုတ်ရန် အ၀တ်စုတ်ကို အမြန် လှမ်းယူလိုက်သည်။
"သွားကြရအောင်!"
လူသားဟု ကြားလိုက်ချိန်တွင် ကျိရှောင်ယင်က ထိတ်လန့်သွားပြီး စူးချင်းကို မော့ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ရပါတယ်၊ ဘန်းမုန့်နည်းနည်းတော့ စားလိုက်ပါဦး"
စူးချင်းက စကားပြောနေရင်း ဘန်းမုန့်ကို လှမ်းယူလိုက်သည်။ ထိုဘန်းမုန့်က ကောင်းစွာ ဖုတ်ထားပုံရပြီး အဆီပြန်နေသော အလွှာတစ်ခုပင် ရှိနေကာ ကြွပ်ရွနေသည်။
စူးချင်းက ထိုဘန်းမုန့်ကို စားခါနီးတွင် ရှောင်ချီ၏ဝမ်းနည်းနေသောအသံလေးကို ထပ်ကြားလိုက်ရသည်။
“သခင်၊ ဒါကိုလည်း လူရဲ့အဆီ သုတ်ပြီး ဖုတ်ထားတယ်”
ကျိရှောင်ယင်ကတော့ လုံးဝ မစားရဲသေးဘဲ စူးချင်း၏အမူအရာကို အကဲခတ်နေခဲ့သည်။ ဘန်းမုန့်ကို အနံ့ခံပြီးနောက် စူးချင်း၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်ကို မြင်လိုက်ရသဖြင့် ကျိရှောင်ယင်က အလွန်ကြောက်လန့်သွားပြီး အသံတိုးတိုးဖြင့် အလျင်စလို ထပ်မေးလိုက်သည်။
"ဒါကလည်း လူသားပဲလား?"
"လူအဆီသုတ်ပြီး ဖုတ်ထားတာ"
စူးချင်းက သူမ၏တူများကို စားပွဲပေါ်သို့ ပစ်ချလိုက်သည်။
ဒါတွေကို ဘယ်လို စားရမှာလဲ?
သူမတို့ဘေးတွင် ရှိနေသော ယဲ့လွီချွန်းက စူးချင်းနှင့် ကျိရှောင်ယင်တို့ကို တိတ်တဆိတ် အာရုံစိုက်နေခဲ့သည်။
အလယ်ပိုင်းလွင်ပြင်က အမျိုးသမီးတွေက အရမ်းလှတယ်။ သူမတို့က နုပျိုလှပလွန်းပြီး၊ သူမတို့ရဲ့မျက်လုံးတွေက ရွှန်းစိုတောက်ပလွန်းတာကြောင့် သူ့ဓားပေါ်က ကျောက်မျက်ရတနာတွေထက်တောင် ပိုပြီး တောက်ပနေသေးတယ်။
စူးချင်းက သူမ၏တူများကို ပစ်ချလိုက်သည်ကို မြင်လိုက်ရသဖြင့် ယဲ့လွီချွန်းကလည်း အသားတစ်ပိုင်းကို ကောက်ယူပြီး အနံ့ခံလိုက်ကာ မျက်မှောင်ကြုတ်သွားရသည်။
“သခင်၊ ဒီအသားက ပုံမှန် မမှန်ဘူး။ အရက်ကလည်း ဆေးတွေပါတယ်”
သက်တော်စောင့်က ယဲ့လွီချွန်းအား အသံတိုးတိုးဖြင့် သတင်းပို့လိုက်ပြီး ယဲ့လွီချွန်း၏အမူအရာက ပို၍ အေးစက်လာခဲ့သည်။
သူတို့က ဒီလူတွေ လိုချင်သလောက် ပိုက်ဆံပေးထားပြီးပြီ။ ယခုလို သူတို့အပေါ် အကြံအစည် ပြုရဲမှတော့ သူတို့က ရိုင်းစိုင်းတယ်လို့ အပြစ်မတင်ကြနဲ့တော့။
"မိန်းခလေးတို့၊ မင်းတို့ အရင် ထွက်သွားကြပါ"
ယဲ့လွီချွန်းက တိုက်ခိုက်ရန် အလျင်စလို မလုပ်ဘဲ ထိုအစား သူက ထရပ်လိုက်ပြီး စူးချင်း၏စားပွဲဆီကို လျှောက်လာကာ တိုးတိုးလေး ပြောလိုက်သည်။
သူတို့ တိုက်ခိုက်ရင် သွေးတွေက နေရာအနှံ့ကို ပြန့်ကျဲကုန်လိမ့်မယ်။ ဒီချောမောလှပတဲ့ မိန်းကလေးနှစ်ယောက်က အဲ့လိုမျိုး ကြောက်စရာကောင်းတဲ့ မြင်ကွင်းကို မကြည့်သင့်ဘူး။ ပြီးတော့ အပြစ်ကင်းစင်ပြီး ဖြူစင်ပုံရတဲ့ မိန်းခလေးက သူ လူသတ်နေတာကို မြင်သွားတာမျိုး မဖြစ်စေချင်ဘူး။
ကျိရှောင်ယင်က သူမကို မိန်းခလေးဟု ခေါ်လိုက်သော ယဲ့လွီချွန်းကို အံ့သြတကြီး မော့ကြည့်လိုက်သည်။
သူမနဲ့ အစ်မက ယောက်ျားမလေးတွေလို ဟန်ဆာင်နေတာ ကြာပြီလေ၊ ဒါပေမယ့် သူမတို့ကို ဘယ်သူမှ သတိမထားခဲ့မိဘူးလေ။
"ရှင် ကျွန်မတို့ကို ဘယ်လို သိသွားတာလဲ?"
ကျိရှောင်ယင်က စပ်စုလိုက်သည်။ သူ သူမတို့ကို ဘယ်လို သိသွားလည်းဆိုတာ သူမ သိချင်တယ်....