အခန်း (၂၀၅)
Vol. 14 Ch. 205
"အဲ့တာက ဘာထူးဆန်းလို့လဲ? ကျောက်ယွမ်စီရင်စုမှာ နေ့တိုင်းနေ့တိုင်း လူမသေတဲ့နေဆိုတာ ရှိလို့လား?"
ဆိုင်ရှင်က လုံးဝ စိတ်မဝင်စားပေ။ သူက ကျင့်သားရနေပြီ ဖြစ်သည်။
“အသတ်ခံရတဲ့သူက ကျောင်းဝမ်ရှန့်ရှမာက စားပွဲထိုးတဲ့ ပြီးတော့ ရဲမက်တွေက တခြားနေရာကနေ စပါးဝယ်ဖို့ ရောက်လာတဲ့ လူနှစ်ယောက်ကို ဖမ်းသွားကြတယ်တဲ့”
ဆိုင်ရှင်က စိတ်မဝင်စားသည်ကို မြင်နေရသော်လည်း ဆိုင်အကူက စိတ်လှုပ်ရှားနေပုံဖြင့် မြန်မြန် ထပ်ပြောလိုက်ပြီး သူ့၏တံတွေးများက နေရာအနှံ့သို့ လွင့်ပျံ့လာသည်။
"ကျောင်းဝမ်ရှန့်ရှမာက စားပွဲထိုးလား?"
ဆိုင်ရှင်က ရုတ်တရက် တက်ကြွလာသည်။
အဲ့တည်းခိုဆောင်က တရားမဝင်တဲ့ စီးပွားရေးတွေ လုပ်နေပြီး ဘယ်သူကမှ ရန်သွားမစရဲတဲ့ နေရာ မဟုတ်ဘူးလား? ဒီနေ့ ဘာတွေဖြစ်သွားတာလဲ?
စူးချင်းက ကျောင်းဝမ်ရှန့်ရှမာကို စိတ်မဝင်စားပေ။ သို့သော်လည်း ဆိုင်အကူက ရဲမက်များအကြောင်း ပြောလိုက်ချိန်တွင် စူးချင်းက ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့ကို ချက်ချင်း တွေးမိသွားသည်။ သူမက အထည်ပင် မဝယ်တော့ဘဲ ချက်ချင်း ပြန်လှည့်ထွက်လိုက်သည်။
“သခင်လေး၊ အခုအချိန် လမ်းပေါ်ကို မထွက်ဖို့ အကြံပေးချင်တယ်”
သူမ ထွက်သွားတော့မည်ကို မြင်လိုက်သော ဆိုင်ရှင်က ကြင်နာစွာ အကြံပေးလိုက်သည်။
“လူသတ်မှု တစ်ခုဖြစ်လာရင် တရားခံကို ဖမ်းရမယ်။ မင်းက အပြင်ဘက်ကလူဖြစ်နေရင် အချေအမြစ် မရှိတော့ အဆက်အစပ် မရှိလည်း အဖမ်းခံရနိုင်တယ်၊ အဖမ်းခံလိုက်ရတာနဲ့ ဘာအကြောင်းပြချက်မှ ပေးဖို့ မဖြစ်နိုင်တော့ဘူး”
"ကျေးဇူးတင်ပါတယ်။ ငါ့အတွက် ဝါဂွမ်းအထုတ်ငါးဆယ်နဲ့ အဝတ်ဆယ်လိပ် ထုတ်ပိုးပေးထားပါ။ ငါ အဲ့တာတွေကို ယူဖို့ ပြန်လာခဲ့မယ်!"
ဆိုင်ရှင်က စိတ်ကောင်းရှိသူ ဖြစ်ကြောင်း သိလိုက်ရသောကြောင့် စူးချင်းက ဈေးနှုန်းကိုပင် မမေးတော့ဘဲ ဝါဂွမ်းနှင့်အထည်များကို ပြင်ဆင်ခိုင်းလိုက်သည်။
ဝါဂွမ်းတွေရဲ့အရည်အသွေးက သိပ်မကောင်းပေမယ့် ဒီနေရာမှာ ဒီထက်ပိုကောင်းတာလည်း မရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ် ဖိနပ်ချုပ်ဖို့လောက်တော့ အဆင်ပြေနေသေးတယ်။ သူမကလည်း ချည်ဖိနပ်ကောင်းကောင်းတွေ ဖန်တီးမှာ မဟုတ်တော့ ဒီလိုအကြမ်းထည်စတွေနဲ့ ဝါဂွမ်းမျိုးက လုံလောက်နေပြီ။
“လူငယ်တွေက လူကြီးတွေပေးတဲ့ အကြံဥာဏ်တွေကို နားမထောင်ကြဘူး”
ဆိုင်ရှင်က သူ့ဘာသာသူ ညည်းညူရင်း သက်ပြင်းချနေချိန်တွင် ဆိုင်အကူက အထည်လိပ်နှင့် ဝါဂွမ်းများ ထုပ်ပိုးပေးရမလားဟု မေးလိုက်သည်။
"မလိုပါဘူး၊ သူ ပြန်လာနိုင်မှာ မဟုတ်ဘူး"
ဆိုင်ရှင်က ခေါင်းယမ်းလိုက်သည်။ သူက ကျောက်ယွမ်စီရင်စုမှာ နှစ်ပေါင်းများစွာနေခဲ့ပြီး ဒီနေရာရဲ့ ညစ်ပတ်တဲ့ အရာများစွာကို မြင်ခဲ့ဖူးတယ်။ ဒီလိုအချိန်မှာ လူငယ်တစ်ယောက် အမြန် ထွက်သွားရင် သူ ပြန်လာနိုင်မှာ မဟုတ်တော့ဘူး။ သူက ဘာလို့ အထည်လိပ်တွေထုတ်ပိုးထားရမှာလဲ?
စူးချင်းက အထည်ဆိုင်မှ ထွက်လာပြီး စပါးဆိုင်ဘက်သို့ လျှောက်လာခဲ့သည်။ သူမ ဆေးခန်းမတစ်ခုကို ဖြတ်သွားချိန်တွင် သူမ စားသောက်ဆိုင်တွင် တွေ့ခဲ့ဖူးသော တာ့ထန်လူမျိုးနှစ်ယောက်ကို တွေ့လိုက်ရသောကြောင့် အံ့သြသွားခဲ့ရသည်။
"ကျေးဇူးပြုပြီး ကျုပ်နဲ့ လိုက်ခဲ့ပေးပါ။ ခင်ဗျားက ကျုပ်ရဲ့အမေကို ကုသပေးနိုင်သရွေ့ ခင်ဗျား လိုချင်သလောက် ပိုက်ဆံတောင်းလို့ ရတယ်"
ယဲ့လွီချွန်းက ခန်းမထဲတွင် ထိုင်နေသော သမားတော်ကို တောင်းပန်နေပြီး ထိုသမားတော်က သူ့နောက်သို့ မလိုက်မည်ကို စိုးရိမ်နေပုံဖြင့် ရွှေသစ်ရွက်များကို စားပွဲပေါ်သို့ အရင်တင်လိုက်သည်။
“သခင်လေး ငါ မင်းနဲ့ မလိုက်နိုင်ဘူး၊ ပြီးတော့ မင်းအမေရဲ့ရောဂါကို ငါ ကုသပေးနိုင်မယ်လို့လည်း ငါ့ကိုယ်ငါ မယုံဘူး။ မီးဖွားထတဲ့အချိန်မှာ ကျန်ရစ်နေခဲ့တဲ့ ရောဂါတွေက ကုသဖို့ အခက်ခဲဆုံးပဲ။ ငါ့ရဲ့ဆေးပညာကျွမ်းကျင်မှုက သခင်လေး မိခင်ရဲ့ရောဂါကို ပိုဆိုးသွားစေမှာကို ငါ စိုးရိမ်တယ်”
ထိုဆေးခန်းမ၏ တာဝန်ခံသမားတော်က အသက်ငါးဆယ်ကျော်အရွယ်ဖြစ်ပြီး သူက ရိုးသားပုံရကာ မုတ်ဆိတ်မွှေး အရှည်နှင့်သာမန် လူတစ်ယောက် ဖြစ်သည်။ သူကို ကြည့်ရသည်မှာ သမားတော်ကောင်းတစ်ယောက်နှင့် တူနေသော်လည်း သူက သူ့ဘဝကို ရင်းကာ ငွေရှာချင်ပုံ မရပေ။ သူက စားပွဲပေါ်မှ ရွှေသစ်ရွက်များကို လိုချင်နေသော်လည်း တာ့ထန်သို့ လိုက်ရမည်ကို ကြောက်ရွံ့နေပုံရသည်။ မည်သို့ပင်ဖြစ်စေ တာ့ထန်လူမျိုးများက မျက်တောင်မခတ်ဘဲ လူသတ်နိုင်သူများ ဖြစ်ကြသည်။
"မင်း လိုက်မှာလား မလိုက်ဘူးလား?"
သက်တော်စောင့်က စိတ်မရှည်တော့ဘဲ သမားတော်ကို ခြိမ်းခြောက်ရန် သူ့ဓားကို ဆွဲထုတ်လိုက်ပြီး သမားတော်က ကြောက်လွန်းသောကြောင့် စားပွဲခုံအောက်သို့ ဝင်ပုန်းကာ တုန်ယင်နေလေသည်။
"အားလူ အဲ့လို မကြမ်းတမ်းရဘူး"
ယဲ့လွီချွန်းက အားလူကို တားဆီးရန် သူ့လက်ကို ဆန့်တန်းလိုက်သည်။
သူ တံတိုင်းကို ဖြတ်ကျော်ပြီး အလယ်ပိုင်းလွင်ပြင်ထဲကို ဝင်လာတာ ဒါနဲ့ဆို သုံးကြိမ် ရှိပြီ။ အလယ်ပိုင်းလွင်ပြင်မှာ အရည်အချင်းရှိတဲ့သူတွေ အများကြီးရှိပြီး ဒီနေရာက သမားတော်တွေက သူ့မိခင်ရဲ့ရောဂါကို ကုသပေးနိုင်တယ်လို့ သူ ကြားဖူးတယ်။
ဒါပေမယ့် ပြသနာက အဲ့လို အရည်အချင်းရှိတဲ့ သမားတော်တစ်ယောက်ကို ဘယ်နေရာမှာ သူ သွားရှာရမလဲ?
စူးချင်းက သူတို့၏ စကားဝိုင်းကို အကုန်လုံးနီးပါး ကြားနေရသည်။ သူမ ဤအလုပ်ကို လက်ခံချင်နေပြီး ဆုကြေးအဖြစ် ဓားကို လိုချင်နေခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် သူမက ကျိရွှေရှန့်နှင့် အခြားသူများကို စိတ်ပူနေသောကြောင့် သူမ၏ဆေးကုသမှုကို ဂရုစိုက်ရန် အချိန်မရှိသေးပေ။ ထို့ကြောင့် ဤအခွင့်အရေးကို စွန့်လွှတ်ရန်မှတပါး သူမထံတွင် မည်သည့် ရွေးချယ်စရာမှ မရှိတော့ပေ။
သူမ ထိုနေရာမှ ထွက်လာခဲ့ပြီး သိပ်မကြာခင်မှာပင် သူမကို လိုက်ရှာနေသော ကျိရွှေရှန့်နှင့် ဝင်တိုးမိခဲ့သည်။ သူ့ကို မြင်လိုက်မှ စူးချင်းက စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်မိသည်။
"ကိုယ်တို့ ကျောက်ယွမ်စီရင်စုကနေ အမြန်ဆုံး ထွက်သွားရမယ်"
ကျိရွှေရှန့်ကလည်း စူးချင်း ဘေးကင်းနေသည်ကို တွေ့လိုက်မှ စိတ်သက်သာရာရသွားခဲ့သည်။ သူက သူမဆီသို့ လျှောက်လာပြီး တိုးတိုးလေး ပြောလိုက်သည်။
“အင်း၊ ကျွန်မ သိတယ်”
စူးချင်းက စပါးဆိုင်၏အပြင်ဘက်တွင် ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို မမေးတော့ပေ။ ရွှေရှန့် ဘေးဘေးကင်းကင်းနဲ့ ရှိနေရင် ကျန်တာတွေက အရေးမကြီးတော့ဘူး။
“အထည်ဆိုင်မှာ အထည်လိပ်နဲ့ ဝါဂွမ်းတွေ မှာထားခဲ့တယ်။ သွားယူ ရအောင်"
စူးချင်းက ကျိရွှေရှန့်ကို ထပ်ပြောလိူက်သည်။ သူမက သူမ၏စကားကို အလွယ်တကူ ပြောင်းလဲပြောတက်သူတစ်ဦး မဟုတ်ပေ။ ဆိုင်ရှင်ကို သူမအတွက် အထည်လိပ်နှင့် ဝါဂွမ်းများ ထုပ်ပိုးပေးရန် တောင်းဆိုခဲ့သောကြောင့် သူမ ပြန်သွားရမည်ဖြစ်သည်။
"ကောင်းပြီလေ၊ မြန်မြန် သွားကြရအောင်"
အထည်ဝယ်ရန်က အချိန်အကြာကြီး မယူရသည့်အတွက် ကျိရွှေရှန့်က သဘောတူပြီး ခေါင်းညိတ်ပြလိုက်သည်။
သူတို့ ထွက်လာချိန်တွင် ကျိရွှေရှန့်က စူးချင်း၏လက်ကို သဘာဝကျကျ ဆုပ်ကိုင်လိုက်သည်။ သူ့၏လက်ဖဝါးပေါ်ရှိ ပါးလွှာသော အသားမာဖုလေးများက သူမ၏ နူးညံ့ပျော့ပျောင်းသော လက်ဖဝါးကို ပွတ်တိုက်နေသော်လည်း စူးချင်းက သူမ၏လက်ကို ဆုပ်ကိုင်ခံထားသည့် ထိုခံစားချက်ကို သဘောကျနေခဲ့သည်။
စူးချင်းက အမျိုးသားတစ်ဦးကဲ့သို့ ၀တ်ဆင်ထားပြီး အရွယ်ရောက်ပြီးသူ ယောကျာ်းလေးနှစ်ဦး လက်တွဲလက်လျှောက်နေခြင်းက လမ်းသွားလမ်းလာများ၏ တုန်လှုပ်ခြောက်ခြားနေသော အကြည့်များကို ဆွဲဆောင်နိုင်ခဲ့သည်။
သူတိုက စူးချင်းကို ဆောင်ကြာမြိုင်မှကောင်လေးဟုပင် သဘောထားနေကြပုံရသည်။
ယဲ့လွီချွန်းနှင့် သူ၏သက်တော်စောင့်တို့ကလည်း ဆေးခန်းမမှ ပြန်ထွက်လာခဲ့ကြသည်။ ယဲ့လွီချွန်းက သူ့၏မျက်ခုံးများကို စုကျုံထားပြီး သူ၏နက်ရှိုင်းသောမျက်လုံးများတွင် စိုးရိမ်သောကဖြစ်နေသည့် အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။
အရည်အချင်းရှိတဲ့ လူတွေကို ရှာဖို့က အလယ်ပိုင်းလွင်ပြင်ထဲကို နက်နက်နဲနဲ တိုးဝင်သွားရမှာလား?
ထိုအချိန်တွင် စူးချင်း၏အကြည့်က ယဲ့လွီချွန်း၏လက်ထဲမှ ဓားပေါ်သို့ ရောက်လာပြန်သည်။ စူးချင်းက ထိုဓားကို ယူရန် စိတ်ပိုင်းဖြတ်ထားသောကြောင့် ကျိရွှေရှန့်ကို တိုးတိုးလေး ပြောလိုက်သည်။
"ရွှေရှန့်၊ ကျွန်မကို ခန စောင့်ပေးဦး"
“ကိုယ် အသိမိတ်ဆွေတစ်ယောက်ကို တွေ့လိုက်တယ်။ မင်း အထည်ဆိုင်ကို အထည်တွေ သွားယူပြီးမှ ကိုယ်ကို ပြန်လာခေါ်လဲ ရတယ်"
ကျိရွှေရှန့်ကလည်း ယဲ့လွီချွန်းကို မြင်လိုက်သောကြောင့် စူးချင်းကို ပြောလိုက်သည်။
ဘာပဲဖြစ်ဖြစ် ဒီလူက သူ့ရဲ့ညီမငယ်လေးကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးရှင်ဆိုတော့ သူနဲ့တွေ့တုန်း နှုတ်ဆက်ရမှာပေါ့။
"ငါရဲ့ညီမလေးကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်"
ကျိရွှေရှန့်က လက်သီးအုပ်ပြီး ယဲ့လွီချွန်းကို ကျေးဇူးတင်စကား ပြောလိုက်သည်။
နှစ်ယောက်သား အတူရှိနေသည်ကို မြင်လိုက်ရချိန်တွင် ယဲ့လွီချွန်းက အနည်းငယ် အံ့ဩသွားပုံရသည်။ နောက်အခိုက်အတန့်တွင် သူက ပြုံးလိုက်ပြီး နှုတ်ဆက်သည့်အနေဖြင့် လက်သီးအုပ်လိုက်သည်။ သို့သော်လည်း သူက စကားသိပ်မပြောချင်သည့်ပုံစံဖြင့် ထွက်သွားရန် ကြံစည်လိုက်သည်။
စူးချင်းက သူမ၏ပုံမှန်မျက်နှာသေဖြင့် ယဲ့လွီချွန်းကို လှမ်းတားလိုက်သည်။
"ကျွန်မ ရှင့်အမေကို ကုသပေးနိုင်တယ်"
ယဲ့လွီချွန်းက မျက်ခုံးပင့်လိုက်ပြီး စူးချင်းကို ကြည့်လိုက်သည်။
ဒီအမျိုးသမီးကို တည်းခိုဆောင်မှာ တွေ့လိုက်ကတည်းက သူမက တခြားသူတွေနဲ့ မတူတာကို သူ သတိထားမိခဲ့တယ်။ သူမက အမျိုးသမီးတစ်ဦးဖြစ်နေပေမယ့် ထူးထူးခြားခြား သတ္တိရှိပုံရတယ်။ ဒါပေမယ့် သူမမှာ သတ္တိရှိတယ်ဆိုရင်တောင် အသက်နှစ်ဆယ်ဝန်းကျင် အမျိုးသမီးတစ်ဦးက သူ့မိခင်ရဲ့နာတာရှည်ရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်မယ်လို့တော့ သူ မယုံကြည်ပေးနိုင်ဘူး။
စူးချင်းက ယဲ့လွီချွန်း သူမကို မယုံကြောင်း မြင်နေရသော်လည်း ထိုသို့မယုံကြည်မှုက သူမအတွက် ပထမအကြိမ်လည်း မဟုတ်သလို ဒုတိယအကြိမ်လည်း မဟုတ်သောကြောင့် သူမက ဂရုမစိုက်တော့ပေ။ သူမက ယဲ့လွီချွန်း၏အမူအရာကို စိုက်ကြည့်နေပြီး ဖြည်းဖြည်းချင်း ထပ်ပြောလိုက်သည်။
"ရှင်က ကျွန်မကို မယုံဘူးလား? ဒါဆို နည်းနည်းလောက် ပြောပါရစေ၊ နှစ်ပေါင်းများစွာ စုစည်းထားတဲ့ ရှင့်ရဲ့ဒေါသနဲ့ နာကြည်းမှုတွေက ရှင့်ရဲ့အသည်းကို ထိခိုက်စေခဲ့တယ်၊ မနက်တိုင်း အိပ်ရာထရင် မျက်လုံးတွေ နီရဲနေတာ၊ ခံတွင်းခြောက်တာတွေကို ရှင် ခံစားနေရတယ်၊ ရှင်က ငယ်ငယ်ကတည်းက သိုင်းပညာ လေ့ကျင့်ခဲ့ပြီး အရိုးနဲ့ ကြွက်သားတွေလည်း ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ဖူးတယ်။ ရှင့်ရဲ့ဘယ်ဘက်ဒူးဆစ်မှာ ဒူလာရောဂါရှိနေတာကြောင့် လေထန်ပြီး မိုးရွာတိုင်း အဲ့နေရာက နာကျင်ကိုက်ခဲနေလိမ့်မယ်။ ရှင့်ရဲ့ညာဘက်ပခုံးကလည်း ဒဏ်ရာရနေပြီး အမြဲတမ်း ခွန်အားမရှိသလို ခံစားနေရတယ်”
စူးချင်းက ယဲ့လွီချွန်း၏သွေးခုန်နှုန်းကို မစမ်းသပ်ဘဲ သူမ၏ပြင်ပသွင်ပြင်လေ့လာမှုအပေါ် အခြေခံပြီး သူ့၏ရောဂါများအကြောင်းကို ပြောပြလိုက်သည်။ သူမ၏ဆေးပညာကျွမ်းကျင်မှု အဆင့်ခုနစ်သို့ ရောက်ရှိပြီးကတည်းက သူမက သာမာန်ရောဂါများကို အပေါ်ယံအမြင်ဖြင့် ဆုံးဖြတ်နိုင်ခဲ့သည်။
ယဲ့လွီချွန်းကတော့ နားထောင်လေလေ တုန်လှုပ်လေလေ ဖြစ်နေခဲ့သည်။ စူးချင်းက ထိုမျှလေးနက်နေမည်ဟု သူ ဘယ်တုန်းကမှ မတွေးခဲ့သလို သူမထံတွင် သူ့အမေကို ကုသပေးနိုင်မည့်ဆေးပညာကျွမ်းကျင်မှု ရှိနိုင်မည်ဟုလည်း သူ မယုံကြည်ခဲ့ပေ။ သိုသော်လည်း သူမ၏သွေးခုန်နှုန်းပင် မစမ်းဘဲ သူ့၏ရောဂါအကြောင်းကို ပြောပြနိုငသောကြောင့် သူမ၏ဆေးပညာစွမ်းရည်က သူ့ကို အံ့အားသင့်စေခဲ့သည်။
ဒီနှစ်တွေ အတွင်းမှာ သူ နာမည်ကြီးသမားတော်တွေ အများကြီးနဲ့ တွေ့ဆုံခဲ့ရတယ်။ ဒါပေမယ့် သူရဲ့သွေးခုန်နှုန်းကို စမ်းသပ်စရာ မလိုအပ်ဘဲ အသေးစိတ်ရှင်းပြနိုင်တဲ့ သမားတော်တစ်ယောက်ကို တွေ့ဖူးတာတော့ ပထမဆုံးအကြိမ်ပဲ။ အလယ်ပိုင်းလွင်ပြင်က သမားတော်တွေက ကြည့်ရှုခြင်း၊ အနံ့ကို စူးစမ်းခြင်း၊ မေးမြန်းခြင်းနဲ့ သွေးခုန်နှုန်းစမ်းသပ်ခြင်းတွေ လုပ်ဖို့ လိုအပ်တယ်လို့ သူ သိထားခဲ့တယ်။ ဒီပုံစံနဲ့ လူတစ်ဦးရဲ့အခြေအနေကို ပြောပြတာက အဲ့လူရဲ့အသားအရေကို ကြည့်ပြီး ဆုံးဖြတ်ချက် ချတာမျိုး ဖြစ်နိုင်တယ်။
"ငါ မင်းကို လေးစားသွားပါပြီ။ သခင်မလေး၊ ငါ့ရဲ့ မလေးမစားပြုမူမှုအတွက် တောင်းပန်ပါတယ်"
ယဲ့လွီချွန်းက စူးချင်းကို မထီမဲ့မြင် မပြုတော့ဘဲ လက်သီးအုပ်ကာ သူမကို လေးလေးနက်နက် တောင်းပန်လိုက်သည်။
“ရပါတယ်။ ကျွန်မက ရှင့်မိခင်ရဲ့ရောဂါ ပျောက်ကင်းအောင် ကုသဖို့ ကူညီပေးနိုင်သလို ရှင့်ရဲ့ခန္ဓာကိုယ်မှာ ရှိနေတဲ့ ရောဂါတွေ အားလုံးကိုလည်း ကုသပေးနိုင်တယ်။ ဒါပေမယ့် ကျွန်မမှာ အခြေအနေတစ်ခု ရှိတယ်။ ကျွန်မ ဆုလာဒ်အဖြစ် ရှင့်ရဲ့ဓားကို လိုချင်တယ်"
စူးချင်းက သူနှင့် ယဥ်ယဉ်ကျေးကျေး ပြောဆိုနေရန် စိတ်မ၀င်စားဘဲ သူမ၏ ကုသမှုအတွက် အခကြေးငွေကိုသာ တိုက်ရိုက် ပြောပြလိုက်သည်။ ယဲ့လွီချွန်းက မည်သည့် စျေးမဆို ပေးနိုင်သည်ဟု ပြောခဲ့ပြီး သူမက ဓားကိုသာ လိုချင်ခြင်း ဖြစ်သည်။
စူးချင်းက သူ့ဓား၏ တန်ဖိုးကို မြင်အောင်ကြည့်နိုင်မည်ဟု ယဲ့လွီချွန်းက မမျှော်လင့်ထားခဲ့ပေ။
"ဒီဓားရဲ့တန်ဖိုးကို မင်း သိလား?" အားလူက စူးချင်းကို ဒေါသတကြီး စိုက်ကြည့်နေကာ လေသံပြင်းပြင်းဖြင့် လှမ်းမေးလိုက်သည်။
စူးချင်းက သူ့ကို စကားပြန် ပြောရန်ပင် စိတ်မ၀င်စားဘဲ ယဲ့လွီချွန်းကိုသာ ကြည့်နေလေသည်။